Wednesday, April 22, 2009

ရောင်ခြည်တော် ဘုရားပင့်


ရောင်ခြည်တော်ဘုရားပင့်


အင်္ဂီရသဿ ဥဏ္ဏာယ၊ ဒါဌာဟိ သေတရံသိယော၊
ဝဇီရာဝ ၀ိရောစန္တိ၊ ဇိနော မေ ဌာတု သီသကေ။


အင်္ဂီရသဿ -
အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစားသည့်
သုံးပါးဆယ်လီ ပါရမီတော် အဟုန်တို့ကြောင့်
ခြောက်ရောင်စုံ ကွန်မြူးလျှက်၊
အင်္ဂီရသ ဆိုတဲ့ ဘွဲ့ထူးကို
အံ့ကြူးခံ့ခိုင် ဘက်မပြိုင်နိုင်အောင်
လက်ကိုင် ရရှိတော်မူသော
ရှင်တော်မြတ်ဘုရားကြီး၏
ဘမုကန္တရေ မျက်ခုံးတော် နှစ်သွယ် အလယ်ဗဟို တည့်တည့်၌
သဉ္ဇာတာယ နုဖြူထွားထွား ကောင်းစွာ ပေါက်ဖွား၍နေသော

ဥဏ္ဏာယ စ -
ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့် ရှည်လျားသဖြင့်
စိန်သားနှစ်အသွင် ငွေနန်းချည် အမျှင်ကဲ့သို့
ဖြူစင်ဝင်းသစ် လက်ျာရစ်ခွေရုံ
စိန်ကြယ်ပွင့် အနေပုံကဲ့သို့
ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓာတ်
လွန်ထူးမြတ်သည့် အရပ်တော်တို့မှ၎င်း

ဒါဌာဟိ စ -
ပတ္တမြားခေါင်ရမ်း နှင်းဆီပန်းကဲ့သို့
နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့်
မပေါ်အောင် ဖုံးပိတ်၍ ထားအပ်သော
သွားတော်မြတ်လေးဆယ်
စွယ်တော်မြတ် လေးဆူ
ဖြူရာရာ ဓာတ်တော်ထူးတို့မှ၎င်း

သေတရံသိယော -
ပုလဲအနှစ် စိန်စစ်နမူ
ဘော်ဖြူငွေရွက် ဖြန့်ကျက်စီချယ်
ငွေကြယ်ရောင်သန်း
ကေလာသ ငွေတောင်ကို
နေအရောင်လွှမ်းဘိသကဲ့သို့
မြတ်လေးပန်း စံပယ်ငုံ
ကြာဖြူပွင့် ၀တ်မှုံလို
ပုံပမာကပ်
စိန်တောင်ကို တိမ်အရောင်ဟပ် သကဲ့သို့
တလျှပ်လျှပ် တဖိတ်ဖိတ်
တရိပ်ရိပ် ထိန်ပြောင်ကြည်တဲ့
စိန်ရောင်ခြည်ဓာတ်
ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်

ဝဇီရာဝ -
စိန်နှစ်စိန်သွေး
ဖြူဖွေး တောက်ပြောင်
စိန်သားတောင်ကြီးကဲ့သို့

ဝိရောစန္တိ -
ဖူးမြင်ရသူတို့၏ စိတ်၌
အထူးဘ၀င် ကြည်နူးလောက်အောင်
ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့်
လှပဆန်းကြယ်
တင့်တယ်တော် မူပါပေကုန်၏။

သော ဇိနော -
ထူးထွေဆန်းလည်
စိန်ရောင်ခြည် ဓာတ်တို့ကြောင့်
အင်္ဂီရသဘွဲ့ထူး ခံသည့်
ငါးမာရ်အောင်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်

မေ -
ခန္ဓာငါးစု ငါဟုသမုတ် အကျွန်ုပ်၏

သီသကေ -
ဦးခေါင်းရတနာ မြတ်အင်္ဂါ၌

ဌာတု -
မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့
ခိုင်ခိုင်မတ်မတ် ရပ်တည်တော်မူလှည့်ပါ့
စိန်ရောင်ခြည်နေ တနှုန်းကဲ့သို့
ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

မူကွဲများ
ဓမ္မဟေ၀န် - စိန်ရောင်ခြည် ဘုရားပင့်

မင်္ဂလာ သတင်းစဉ် - စိန်ရောင်ခြည် ဘုရားပင့်

15 comments:

  1. အမ အသံထွက်၍ ဖတ်သွား၏

    မြတ်နိုးဆိုနေကျလေးနဲ့ နဲနဲ ကွာတယ်သိလား

    အများကြီးတော့ ဟုတ်ပါဘူးးး

    ReplyDelete
  2. အမတို့ ထောင်ထဲမှာ ညဖက် ဘုရားရှိခိုးရင် အဲဒီဘုရားပင့်ရွတ်တယ်။ တခါတလေကျ နောက်တမျိုးနဲ့ ပင့်တာပဲ။ နည်းနည်းတောင်မေ့နေပြီ။ ခု ဒီဘုရားပင့်လေးကို ပြန်ကူးထားလိုက်ပြီ။ အမလဲ ရွတ်ကြည့်နေမိတယ်။

    ReplyDelete
  3. အဖေအမြဲရွတ်နေကျ စိန်ရောင်ခြည်ဘုရားပင့် ဘုရားရှိခိုးကို ပြန်ဖတ်လိုက်ရလို့ အဖေ့ကိုတောင် သတိရသွားတယ်။
    တချို့နေရာလေး နည်းနည်းကွာတာကလွဲရင် တူတူပါပဲ။
    ကျေးဇူးတင်စွာ သာဓုခေါ်လိုက်ပါတယ်။

    ReplyDelete
  4. သာဓုသာဓုသာဓုပါရှင်။ ဖွားဖွားကို လွမ်းမိပါသည်။ ဖွားဖွား ဆိုနေကျမို့ လို့ ပါ။

    ReplyDelete
  5. အမ.. နမောတေဂါထာနဲ့အနက်ကိုဓမ္မဒါန လုပ်ပါပေးပါနော်

    စိမ်း

    ReplyDelete
  6. စိမ်း ရေ sonata.cantata@gmail.com ကို email address လေးပို့ထားပေးပါနော်

    ReplyDelete
  7. သာဓုခေါ်ပါတယ် မမ

    ReplyDelete
  8. သာဓုပါ သီတာ... မွန့်ဆီမှာ နာရင်း သီတာ့စာသားတွေ လိုက်ဖတ်နေတယ်..။ အသံလေးက ကြည်ပြီး စိတ်ချမ်းသာစရာကောင်းလိုက်တာ.. သမီးလေးတောင် လာနားထောင်ရင်း ဘယ်သူလဲဆိုလို့ သမီးကို ခွေးရုပ်လေးပေးလိုက်တဲ့ အန်တီသီတာလေ ဆိုတော့..အန်တီသီတာဘုရားစာရွတ်နေတာလားဆိုပြီး ပြုံးပြုံးလေး လာနာသွားတယ်..။ ဘယ်လို ဒေါင်းလုပ်လုပ်လို့ ရမလဲဟင်..

    ReplyDelete
  9. အလုပ်မှာအဆင်မပြောလို့ နားမထောင်ခဲ့ရဘူး.. အသံထွက်တွေကိုသိချင်တယ်.. ၈တန်း၊ ၉တန်းတုန်းက နှစ်နှစ်ဆက်တိုက် ကျောင်းမှာဓမ္မစင်္ကြာရွတ်တုန်းက စိန်ရောင်ခြည်ဘုရားပင့်တော့ သားရွတ်ရတာ.. အမွှန်းအပါအ၀င်ပဲ.. အသံထွက်ကတော့အကုန်မှန်ချင်မှမှန်လိမ့်မယ်.. ဒီဘုရားစာတွေက အသံနေအသံထားအမျိုးမျိုးပြောင်းဆိုနေကြတော့ တစ်ယောက်နဲ့တစ်ယောက်အဆွဲအငင်၊ အဖြတ်အတောက်တူမှာတော့မဟုတ်ဘူးနော်။
    အခုထိအဲ့ဒီတုန်းကအကြောင်းတွေအကုန်မှတ်မိနေတယ်.. ထပ်ရွတ်ကြည့်သွားတယ်.. ဒီတရားစာတွေမမြင်ရတာအတော်ကြာနေပြီလေဗျာ..

    ReplyDelete
  10. မ ရေ… စာသားလဲ ဖတ်ပြီးပြီ… မှတ်ပြီးပြီ… ကြည်လင်တဲ့ အသံလေးလဲ နားထောင်ပြီးပြီ… ဓမ္မဒါနအတွက် ကျေးဇူးပါ မ ရေ…

    ReplyDelete
  11. Strange... I'm hearing no sound from the playback. I think my computer (an Apple Macbook) should be able to play MP3 files. I'll check try to see what's wrong.

    ReplyDelete
  12. အသံထွက်လေးလိုချင်လို့ပါဗျ ဘယ်မှာရမလဲမသိဘူးး ဒေါင်းချင်လို့ပါ

    ReplyDelete
  13. Alvin... Thanks. I've just realized that the link was broken. Uploaded the new file and it should be working now.

    လောင်းရိပ်... အသံဖိုင်လင့်ကို ပြန်ပြင်ထားပါတယ်။ ကျေးဇူး တင်ပါတယ်။

    ReplyDelete
  14. အဆင်ပြေရင်အသံဖိုင် ပြန်တင်ပေးပါလားရှင်... ယခင်တင်ထားတဲ့လင့်ခ်တွေက ယခု ဒေါင်း လို့ မရတော့လို့ ပါ.. ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete
  15. > Anonymous
    အသံဖိုင်ကို ပြန်တင်ပေးထားပါတယ်...
    အဆင် မပြေ သေးရင် ပြောပါနော်
    ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete