Wednesday, April 14, 2010

ဟောဒီမှာ သင်္ကြန်ကျနေပြီ

ရိုးရာ ဓလေ့ ထုံးစံ ဆိုတာက လက်ဆင့်ကမ်းရတဲ့ သဘောရှိပါတယ်။
ရှေ့ရှေ့လူတွေက နောက်နောက်လူတွေကို ဦးဆောင် လမ်းပြ လက်တွဲခေါ်သွားကြတာမျိုးပါ။
*****
အကျနေ့ဆိုတော့ ကောင်းကောင်းကြီးကို ရေစပက်ပြီပေါ့
အိမ်ရှေ့မှာ ရေတိုင်ကီ ရေစည်ပိုင်း ရေဇလုံ ရေပုံး ရေဖလား ရေခွက် အစုံအလင်နဲ့ ကလေးတွေကတော့ သွေးပူလေ့ကျင့်ခန်းတောင် စနေပါပြီ…
ဟိုသူမလာသေးဘူးလား ဒီသူမရောက်သေးဘူးလားနဲ့ အိမ်ရှေ့တွေ လိုက်ခေါ်သူကခေါ်
တို့များ အတို့ပဲ မခံနိုင်သလိုလို၊ အဆိတ်ပဲ မခံနိုင်သလိုလိုနဲ့ ဟိုလိုလို ဒီလိုလို ပဲများနေပြီ ဆိုမှဖြင့်
အမေက “ဟဲ့ မထွက်သေးဘူးလား.. မကစားသေးဘူးလား” ကျောင်းပေးရပါသေးတယ်။
“အမေကလည်း ဘယ်သူ့ကို ပက်ရမှာလဲလို့ လမ်းထဲမှာ လူမှ မရှိတာ ပျင်းစရာကြီး” မူပါသေးတယ်။
“လူက ဒီလိုပဲ ရောက်လာမှာပေါ့…သွားသွား... ဟိုမှာသွား အိမ်ရှေ့မှာ နင်တို့ ဆရာ ညိုမြ လုပ်နေပြီ” ဆိုရင်
အိမ်ရှေ့အိမ်က အင်္ဂလိပ်စာ ကျူရှင်ဆရာဆီ ရေဖလားနဲ့ အပြေးသွားပြီး သင်္ကြန်ကို ဖွင့်ရလေ့ရှိပါတယ်။
ဆရာလူပျိုကြီးလည်း သင်္ကြန်ရေတွေဆိုသွားတော့မှ ကလေးတွေကို ရေဖြည့်ပေးသလိုလို၊ ကားအသွားအလာတွေ စောင့်ကြပ်ပေးသလိုလိုနဲ့ ဥပုသ်မစောင့်ပဲ နေခွင့်ရသွားပါတော့တယ်။

ရပ်ကွက်လမ်းလေးထဲ ဆိုတော့ လူအသွားအလာ ကျဲပါတယ်။ ဖြတ်လျှောက်တဲ့ တယောက်တလေကိုပဲ ကလေးတသိုက်က ၀ိုင်းဆွမ်းကြီးလောင်းရတာပါ။ ပျင်းတင်းတင်းဖြစ်လာပြီဆိုရင် အမေက သူလုပ်ထားတဲ့ သင်္ကြန်မုန့်တွေ တအိမ်တက်ဆင်း ဝေခိုင်းပါတယ်။ ဒီလိုနည်းနဲ့ ရေပက်ခံ စထွက်ပါတယ်။ အမြဲလိုလို မျက်နှာတည်ကြီးနဲ့ နေတတ်တဲ့ ကိုကြီးက စိတ်ကောင်းဝင်လာဟန်နဲ့ မြို့ထဲတပတ်လိုက်ပို့မယ် ဆိုလိုက်ရင်… “ဟေး” ဆိုပြီး ပေါင်မုန့်ကားကြီးပေါ် တိုးဝှေ့တက်ကြတော့တာပဲ… လူတွေမှ အများကြီးဆန့်တယ်။ ကလေးတွေတင်ဘယ်ဟုတ်ပါ့မလဲ ခေါင်းရင်းအိမ်၊ အိမ်ရှေ့အိမ်၊ မျက်စောင်းထိုးအိမ် က အမတွေ နှုတ်ခမ်းနီတွေ နေကာမျက်မှန်တွေနဲ့ အလျှိုအလျှို ထွက်လာကြတာ။ လမ်းမတော်၊ လသာ၊ မြို့တော်ခန်းမ၊ ပြည်လမ်း၊ အလုံလမ်း တပတ် ဒီလောက်ပါပဲ။

ညနေခင်းဆိုရင်တော့ လမ်းထဲမှာတင် ဘယ်ပက်တော့မလဲ။ လမ်းထိပ်ထွက်ပြီ…ကမ်းနားလမ်းပေါ်…။ ရေပက်ခံကားတွေကို ပက်ရပြီ။ ဟိုတခေတ်ကတော့ ရပ်ကွက်ထဲက လူကြီးတွေက လမ်းထိပ်မှာ ရေပက်မဏ္ဍပ် လုပ်ပေးပါသေးတယ်။ နောက်ပိုင်းမှာ လုပ်မပေးနိုင်တော့လို့ လူကြီးတွေလည်း စိတ်ကောင်းကြဟန်မတူပါဘူး ။ ကြုံတဲ့သူ ၀ယ်လာပေးတဲ့ ရေခဲပေါင်တုံးကြီးတွေ တိုင်ကီထဲ နှစ်ထည့်ထားလိုက်တာ။ ရေပက်ခံကားပေါ်က အပက်ခံချင်သူတွေကလည်း ထွန့်ထွန့်လူး၊ ရေပက်တဲ့သူတွေကလည်း အရိပ်အယောင်မြင်တာနဲ့ ဟော ဟိုမှာလာပြီလာပြီ ဆိုပြီး အင်တိုက်အားတိုက် ပက်ကြတာပဲ…။

ဒီရပ်ကွက်လေးမှာက အလှပြကားဆုပေးမဏ္ဍပ် တခုတည်းရှိတာ။ အောက်ကြည့်မြင်တိုင်လမ်းမပေါ်မှာ… နာမည်လေးက ရွှေစင်ဦးတဲ့။ ဒီလို မဏ္ဍပ်မျိုးဆိုတာ ငွေကြေးစိုက်ထုတ်နိုင်တဲ့သူရှိမှ ဖြစ်တာမလား။ ဘာပဲဖြစ်ဖြစ် သူ့အိမ်ရှေ့မှာ မဏ္ဍပ်ထောင်ပေးတဲ့ ဂိုက်များတဲ့ အန်ကယ်ကြီးကို ကျေးဇူးတင်နေတာ ယနေ့ထက်တိုင်ပဲ။ မဏ္ဍပ်သေးတော့ ကားအလာကျဲတယ်။ ညဘက်ဆိုရင်တော့ ကားတွေ ဆက်တိုက်ဝင်ပါတယ်။ ကလေးပါးစပ်၊ အရူးစကား၊ ယဉ်ကျေးမောင် … တို့ မှတ်မိပါသေးတယ်။

17 comments:

  1. ဖတ်ပြီး ပျော်လိုက်တာ။
    :)

    ReplyDelete
  2. ဒီနှစ်ရော အစ်မတို့မိသားစု ဘယ်မှာ ရေကစားကြလဲဟင် ..
    wild wild wet သွားမလား? :P

    ReplyDelete
  3. မမသီတာရေးသွားတာ..ဇွန်တို့ငယ်ငယ်က သင်္ကြန်ကျခဲ့တဲ့အတိုင်းပါပဲ။ ပျော်စရာကောင်းလို့ အောက်မေ့မိပါတယ်။

    ReplyDelete
  4. လမ်းတွေထဲကို ရှားရှားပါးပါး ဖြစ်သွား ဖြတ်လာ လူတယောက်လောက် ဝင်လာပြီဆိုရင် ရေလောင်းဖို့ အသင့်ပြင်နေတဲ့ ကလေးတွေဆီက
    "ဟေးးးးးး လူ လာ ပြီ............." ဆိုတဲ့ အချက်ပေး အော်သံကို ပြန်ကြားလာတယ်...း))

    ReplyDelete
  5. မသီတာ

    အစ်မရေ..ငယ်ငယ်က ကိုပီတာတို့အိမ်ရှေ့မှာ
    ရေကစားတာတွေကိုပြန်ပြီးအမှတ်ရမိတယ်..
    အောက်ကြည့်မြင်တိုင်လမ်းမှာ မဏ္ဍပ်တွေသွား
    ကြည့်တာကိုလွမ်းမိတယ်.. အစ်မပြောတဲ့ဆရာ
    လူပျိုကြီးဆိုတာ လှဘုန်းတို့ဘကြီးကိုပြောတာ
    လို့ထင်ပါတယ်.. ညီမလည်းသက်ြန်မလည်ရတာ
    21နှစ်တောင်ရှိပြီ..အစ်မပိုစ့်လေးကိုဖတ်တော့မှ
    ငယ်ငယ်ကလမ်းထဲမှာကစားတာတွေကိုပိုသတိ
    ရမိတယ်..အစ်မတူလေးဇော်ဇော်လည်းအပါဝင်
    ပဲ… သက်ြန်နဲ့အတူနွယ်သာကီလမ်းကသူငယ်
    ချင်းတွေအားလုံးကိုလွမ်းတယ် အစ်မရေ…
    ပြန်မရတော့တဲ့ငယ်ဘ၀ကိုလွမ်းရင်း တနေ့နေ့
    မှာနွယ်သာကီမှာပြန်လည်ဆုံဆည်းကြမယ်အစ်မရေ….။

    ReplyDelete
  6. သားတို့ကို ပြောပြ တော့..ဘယ်လို တုန့်ပြန် စိတ်ဝင်စားကြလဲ..း)

    ReplyDelete
  7. အနှောင်အဖွဲ့ကင်းကင်းနဲ့ ပျော်စရာတွေပါ ရီတာ

    ရွှန်းမီရေ သွားမယ်လေ..ကြာသလားလို့

    အမတို့ ငယ်ငယ်နဲ့ ဇွန်တို့ ငယ်ငယ်ဆိုတာ ထိပ်စီးချင်းဆယ်ဂဏန်းကွာတယ်နော်...
    ဒါတောင်ပုံစံမပြောင်းသေးဘူး...
    ထိန်းသိမ်းလာခဲ့တာ...
    နောက်ပိုင်းတော့ဘယ်လိုလက်ဆင့်ကမ်းလိုက်တယ်မသိ...
    လွတ်ကျကွဲသံတွေ...

    "ဟေးးးးးး လူ လာ ပြီ............." သက်ဝေကို လှမ်းမြင်လိုက်တာပါး)

    ခိုင်လေးရေ
    ဆုံမယ် ညီမ
    သိကြားမင်းကြီး ကြားအောင် ဆုတောင်းလိုက်တယ်နော်

    ReplyDelete
  8. ကေရေ
    ကိုဧရာကတော့ သားတို့ကို သင်္ကြန်ကြုံဖူးအောင် ပြန်ပို့ပေးဦးမယ် ပြောနေတာ အယင်နှစ်ကတည်းကပါပဲ...

    သူတို့ ကိုယ်ထဲ သင်္ကြန်ရေတွေ စိမ့်မ၀င်သေးဘူး

    ReplyDelete
  9. မသီတာရေ..အခု မြန်မာပြည်သင်္ကြန်ကို မလည်ရဲဘူး
    အထူးသဖြင့်..ချန်းတို့ကိုခေါ်ပြီး..

    ReplyDelete
  10. သီတာရေ...တို့ငယ်ဘဝ သင်္ကြန်တွေကို လွမ်းသွားပြီဟယ်...မျက်လုံးထဲ ပြန်မြင်လာတယ်....လွမ်းစရာကြီး သီတာရယ် ဘာရေးရမှန်း မသိတော့ဘူး တကယ့်ကို ခေါင်းထဲမှာ ဗလာပဲ...

    ReplyDelete
  11. အဟုတ်ပဲ ပေါက်ရေ

    ချစ်ကြည်ရေ
    တို့ငယ်ဘဝ သင်္ကြန်တွေကတော့
    အချိန်ကျလာတိုင်း
    နားထောင်ချင်သူတွေကို
    ပြောပြရဦးမည့်
    လွမ်းရတဲ့ အဖြစ်တွေ...

    (မောင် ဇတ်ကားမှ ယွန်းမှီမှီ အသံဖြင့် ဖတ်ပါ)

    ReplyDelete
  12. 12 Apr 10, 22:52
    အပြုံးပန်း: မသီတာရေ၊ ချစ်ဖွယ်သော သတင်းစကားလေးတွေ လာလာပြောလို့ စိတ်ချမ်းသာရပါတယ်၊ တစ်ရက်လောက် ထမင်းခေါ်ကျွေးပါလား၊ ဘာမှလည်း မဆိုင်ဘူး။ :P

    12 Apr 10, 23:20
    S-C: အဟုတ်ကို ခေါ်မယ်...တကယ့်ကို လာမှာလား...

    13 Apr 10, 00:03
    phyophyo: ဖတ်တော့မယ်ကွဲ့ သင်္ကြန်အကြောင်း .. :) ခင်မင်လေးစားလျှက်

    13 Apr 10, 00:14
    S-C: phyophyo ကို ရေပက်တော့မယ်တဲ့ လောင်းတော့မယ်... :cool:

    13 Apr 10, 00:41
    အာကာမောင်: ဖတ်လို့ကောင်းတယ်ဗျာ။ဒါပေမယ့် မှတ်ချက်ပေးတာတော့ အတိအကျ ပြောနေသလို ဖြစ်နေလို့ တမျိုးဖြစ်မိပါတယ်။ သူပြောနေတဲ့အကြောင်းတွေကို ပါဠိစာပေကနေ ရတာရော မဖြစ်နိုင်ပေဘူးလားခင်ဗျား။

    13 Apr 10, 09:29
    ဆောင်း: နစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ မိသားစု အားလုံးကို ရေလောင်းသွားတယ်

    13 Apr 10, 14:22
    ရေတမာ: မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျာ...

    13 Apr 10, 16:40
    ဇွန်မိုးစက်: မမသီတာ... ကိုဧရာရယ်လေ... ဟိုတစ်နေ့က မကျေပွဲကို မအပြုံးပန်းရဲ့ comment မှာ ဝင်နွှဲသွားတာထင်တယ်။ အဟိ...သတင်းလာပေးတာ။ ;)

    13 Apr 10, 16:41
    ဇွန်မိုးစက်: အင်္ဂလိပ်လို စပ်သွားတာ ကာရံရော စာသားရော သိပ်မိုက်တာပဲ။

    13 Apr 10, 16:42
    ဇွန်မိုးစက်: မကြည့်ရသေးယင် သွားကြည့်လိုက်ပါအုံး..မမရေ :)

    14 Apr 10, 01:26
    မြတ်မွန်: မမရေ..ရေလာလောင်းပါတယ်..။နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်..။
    14 Apr 10, 01:28
    မြတ်မွန်: အားးးးးးအောက်ကလင့်က မမချစ်ကြည်အေးလင့်နဲ့မှားသွားလို့ပါ မမရေ..ဆော်ရီးနော်..

    14 Apr 10, 05:06
    အိမ့်ချမ်းမြေ့: နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာကြပါစေလို့.. မလေးဆုတောင်းပေးသွားတယ်နော်

    14 Apr 10, 12:47
    shwezinu: မန္တလေးသူ ရွှေစင်ဦးလေး လာလည်ပါတယ်ဗျာ ညိုမြသီချင်းလေး နဲ့ ရေပက်သွားပါတယ်နော် မန္တလေး ကြာဇံချက် ချက်နေလို့ စာတွေမဖတ်အားသေးဘူးနော် ခနနေ လာဖတ်မယ် မင်္ဂလာပါ မသီတာရေ ပျော်ရွှင်ပါစေ

    14 Apr 10, 13:20
    ချစ်ကြည်အေး: မုန့်လုံးရေပေါ် OOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOOစားကြပါအုံးလား :)

    14 Apr 10, 13:51
    ShwunMi: မြန်မာနှစ်သစ် ၁၃၇၂ မှာ မင်္ဂလာရှိစွာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ =)

    14 Apr 10, 14:13
    MN: http://www.chatapytz.com/chat/www/images/smiley1.gif

    14 Apr 10, 15:05
    phyophyo: မသီတာရေ .. သားလေးတွေကိုရေလာလောင်းသွားတယ်၊

    14 Apr 10, 15:06
    phyophyo: မသီတို့မိသားစု နှစ်သစ်မှာ ပိုပြီးတိုးတက်ကြီးပွားအောင်မြင်စေဖို့ ဆုမွန်ကောင်းတောင်းပေးပါတယ် ...

    14 Apr 10, 15:06
    phyophyo: ဗွမ်း ဘွမ်း ဗွမ်း

    ReplyDelete
  13. အမ..မြန်မာပြည်ကသင်္ကြန်က ပျက်ဆီးနေပီဟာကို..
    ဘယ်နေရာကိုသွားခေါ်ပြမှာလဲလို့...

    မြတ်နိုး

    ReplyDelete
  14. ပျော်စရာကြီးနော်....

    ReplyDelete
  15. မသီတာဆီလာဖို့ကြိုးစားရင်း သင်္ကြန်က ပျောက်ဆုံး သွားတယ်။ စကားလုံးတွေလည်း ပျောက်သွားတယ်။
    ဘာပြောရမှန်းမသိတဲ့အတွက် ... စိတ်နဲ့ပဲဖတ်လိုက်ပါတော့
    မနော်

    ReplyDelete
  16. ဆရာ + မမသီတာ မိသားစု မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  17. အဲဒါ တို့အမျိုးနာမည်။

    ReplyDelete