Tuesday, May 25, 2010

မရေးဖြစ်သော ပို့စ်များနှင့် မွေးနေ့ဆုတောင်း

ဒီလထဲမှာ ပို့စ်တပုဒ်မှ မရေးရသေးဘူး။
မရေးချင်လို့ မဟုတ်ပါပဲ မရေးဖြစ်ခဲ့တာ…

မသီတာအတွက် ဘဘော့ဂ်ပေါ်ကနေ သူငယ်ချင်းတွေကို စကားလှမ်းလှမ်းပြောရတာမို့ ပို့စ်မရေးတော့ စကားမပြောပဲ သွေးကြီးနေသလိုလို… မဟုတ်ရပါဘူး။ မသီတာမှာ တိုင်တည်စရာဆိုလို့ ဒီသူငယ်ချင်းတွေပဲ ရှိတာ… ယုန်ရုပ်လေး ရေးမပြတော့ဘူးနော် ယုံပါ။

အမေများနေ့တုန်းကလည်း မရေးလိုက်ရဘူး။
အမေ့ပုံ… မသီတာကို မမွေးခင် ၁၉၆၈ က ရိုက်ထားတဲ့ ပုံလေး (မသီတာရဲ့ အခု အသက်အရွယ်လောက်မှာ ရိုက်ထားတဲ့ပုံပေါ့) တင်ချင်မိခဲ့တယ်။ နောက်မှ အမေ့ပုံမြင်ပြီး သမီးကို အထင်ကြီးသွားမှာစိုးလို့ မတင်တော့ပါဘူး… သက်ပြင်းချ လက်လျော့လိုက်တယ်။ (ပို့စ်ရေးတယ်ဆိုတာ အဲ့လို ပိုပိုသာသာလေးတွေနဲ့မှ ဖတ်ကောင်းမှာပေါ့နော့)

မေလ ၁ရက်နေ့ (မေဒေးနေ့)က မကြီးတို့ရဲ့ နှစ်လေးဆယ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့…
အောင်ဇေယျတု သဗ္ဗမင်္ဂလာ ဘာညာကွိကွ မရေးဖြစ်လိုက်ပါဘူး။

မန္တလေးက အာဂန္တု ကိုယ်တော်တွေ ကြွလာလို့ အိမ်မှာ ဘုန်းကြီး ဆွမ်းကပ်ဖြစ်လိုက်သေးတယ်။ လင်မယားနှစ်ယောက် လှူရေး တန်းရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်လိုက်ကြပုံများ ပို့စ်အဖြစ် မှတ်တမ်းတင်ထားစရာပေါ့။ ဒါလည်း မရေးဖြစ်လိုက်ပြန်ဘူး။


မေလ ၂၁ ရက်နေ့က ကိုလေးရဲ့ ရွှေရတုမွေးနေ့ပါ။ အကိုသုံးယောက်အနက် အကြီးနှစ်ယောက်က မဟာယောကျ်ားသားဝါဒကို ကိုင်ဆွဲပြီး ညီမတွေအပေါ် ဖိနှိပ်ချုပ်ချယ်ခဲ့မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးနောက် ညှာတာထောက်ထား သနားငဲ့ညှာမှုတွေနဲ့ တလျှောက်လုံး ပျော့ပြောင်းတဲ့ သူ့အကြောင်းတွေကလည်း ပို့စ်တခု ရေးလောက်ပါတယ်။ (ချစ်သော ဇနီး၊ သား၊ သမီး တို့နဲ့ အတူ အဖေနဲ့အမေကို ဆတက်ထမ်းပိုး တိုးပြီး ကျေးဇူးဆပ် စောင့်ရှောက်နိုင်ပါစေ။ )

ဒီနေ့ကတော့ သူငယ်ချင်း သိင်္ဂီရဲ့ မွေးနေ့…
သူ့ဘလော့ဂ်မှာ ကျေးဇူးတင်ထိုက်တဲ့သူတွေကို သူကျေးဇူးတင်ထားတယ်။
မသီတာအတွက်တော့ သိင်္ဂီက ကျေးဇူးတင်ထိုက်သူထဲမှာ ပါနေတယ်…။
“စင်္ကာပူမြို့ကြီးကိုတဲ့ ယောင်လည်လည်ရောက်လာခဲ့တယ်” ဆိုတဲ့ ပို့စ်ရဲ့ အဆက်အဖြစ် မျဉ်းကြားမကူးလို့ ရုတ်တရက်ဖမ်းကာ ဒဏ်ရိုက်ခံရတယ် ဆိုတဲ့ ပို့စ် ဆက်ရေးရင် မသီတာကို သိင်္ဂီ ဘယ်လို ကယ်တင်ခဲ့ရပုံတွေ ပါလာမှာပါ။ ဒါလည်း မရေးဖြစ်သေးပါ။ သူငယ်ချင်း သိင်္ဂီကတော့ မသီတာရဲ့ မွေးနေ့မှာ  “ပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေ… သူငယ်ချင်း” လို့ ပို့စ်တစ်ခု ရေးပေးဖူးပါတယ်။ အဲ့ဒီ ပို့စ်ထဲမှာ သူရေးခဲ့သလိုပဲ … သူငယ်ချင်းရဲ့ မွေးနေ့အတွက် ပြန်လည် ဆုတောင်းပေးလိုက်ပါတယ်။

သူငယ်ချင်းရဲ့ မွေးနေ့မှသည်... ချစ်သော မိသားစုနဲ့ အတူ... အေးအတူ ပူအမျှ ပျော်ရွှင်စွာ နေထိုင်ရင်း... နောက်ဆုံး အန္တိမပန်းတိုင်ကို မိတ်ကောင်းဆွေကောင်းနဲ့ အတူ အဆုံးတိုင် လျှောက်လှမ်းနိုင်ပါစေလို့.... ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်....။

*****
သူငယ်ချင်း သိင်္ဂီရဲ့  မသီတာအတွက် မွေးနေ့လက်ဆောင်
“ပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေ… သူငယ်ချင်း”  



ဒီနေ့ ကျမ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့....

ထုံးစံအတိုင်း လုံးလည်ချာလည်တွေနဲ့ ပတ်ချာလည်နေတဲ့ ကျမ အောက်တိုဘာလဦးတုန်းက သတိတရ ရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၄ ဆိုတာ ရင်းနှီးနေခဲ့တဲ့ နေ့တစ်နေ့။ United Nations Day.. ။ 

သူနဲ့ ကျမ.. ရေစက်ဆုံလို့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော စက်မှုတက္ကသိုလ်ကြီးမှာ တစ်နှစ်တည်း တက်ခွင့်ကြုံခဲ့ရတယ်။ 

အဆောင်ကျောင်းသူ ကျမနဲ့ နေ့ကျောင်းသူ ဖြစ်တဲ့ သူမ တို့ အထူး ခင်မင်ရင်းနှီးခွင့် မရှိခဲ့ကြပေမယ့် တစ်နှစ် တစ်နှစ် စက်မှုတက္ကသိုလ် ဝင်ခွင့်ရတဲ့ လက်တစ်ဆုပ်စာ ကျောင်းသူ တွေမို့ အချင်းချင်း မိတ်ဆက်ပေးစရာမလို ပဲ သိကျွမ်းနေခဲ့ရပါတယ်။ အသားဖြူဖြူ..အရပ်ရှည်ရှည်.. ပိန်ပိန်.. ဆံပင်ကောက်ကောက်ပွပွနဲ့ ချိုသာတဲ့ အပြုံးလေးတွေနဲ့ အေးချမ်းတဲ့ သူ.မျက်နှာလေးကို မှတ်မှတ်ရရ.. ရင်ထဲမှာ အသိအမှတ်ပြုခဲ့မိတယ်။ ( ဆံပင်ကောက်တာချင်းတူလို့လဲ ပါမယ်ထင့်)

ဒါပေမယ့် ပထမ တစ်နှစ်ပဲ အတန်းတူ ဖြစ်ခဲ့ပေမယ့် ကျောင်းပြီးတဲ့ အထိ.. မေဂျာလည်း မတူလေတော့ .. အော်.. တစ်နှစ်တည်း ဝင်ခဲ့.. တစ်နှစ်ထဲ ထွက်ခဲ့တဲ့ .. same batch တွေဖြစ်ခဲ့ရုံလောက်ပဲပေါ့..

ကံဆုံချင်ပြန်တော့ ရန်ကုန်မြို.မှာ ပြန်ကြုံ.. အဲလေ.. ကျောင်းပြီးလို့ ကွန်ပျူတာ သင်တန်းတစ်ခုမှာ အတူတူ .. အရင်ကထက် ပို နီးစပ်ခဲ့ရတယ်...။ စကားလုံးတွေကို တစ်လုံးချင်းရဲ. အဓိပ္ပာယ်ကို သိနားလည်သူ၊ အရာရာ လေးနက်တတ်သူ...။ အဲဒီလိုနဲ့....တစ်လှမ်း ချင်း....ပါပဲ။..

အဲဒီလောက်မှာ ရပ်သွားခဲ့ရင်တော့... 

ဒါပေမယ့်.. နောက်ထပ်..တစ်လှမ်း...။

ကျမတစ်ယောက် မရည်ရွယ်ပဲ ယက်ကန် ယက်ကန်နဲ့ ယ ပက်လက်ကို ရောက်လာခဲ့ပါတယ်။ စင်ကာပူလို နေရာမျိုးကိုသာ သူငယ်ချင်းမိန်းကလေးတွေက ဦးတည်နေကြတော့ ကျောင်းက မိန်းကလေး သူငယ်ချင်း အဲဒီမှာ ရှားပါးပါတယ်။ 

ရေစက်ဆိုတာ ပါလာခဲ့လို့သာ.. သူရယ်..ကျမရယ်.. သူရဲ. ငယ်ပေါင်းသူငယ်ချင်းရယ်..( ကျမရဲ.  ကြီးသူငယ်ချင်း) သုံးယောက် ဆုံသော အခါ.....

သူများတွေကိုတော့ ကျမ မသိပါဘူး။ ကျမကတော့ closed type ပါ..။ ကျမမှာ ရင်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း အများကြီး မရှိခဲ့ပါဘူး။ တွေ.ဆုံတိုင်း ခင်မင်ကျွမ်းဝင် ရင်းနှီးလွယ်သူ မဟုတ်သလို ဆိုရှယ်လည်း ညံ့တဲ့ ကျမ ပါ။

ကျမတို့ သုံးယောက် အတူတူ အိပ်ခဲ့ကြတယ်။ ကျမစက်ရုံကပေးထားတဲ့ အခန်းလေးထဲမှာ...

ကျမတို့ သုံးယောက် ပတ္တရာ ကမ်းခြေ အတူတူ လျှောက်လည်ခဲ့ဖူးကြတယ်...အဲဒီမှာ....

ကျမတို့ သုံးယောက် ဘန်ကောက်မြို.ပေါ် ခြေရာတွေ ချန်ထားရစ်ခဲ့ဖူးတယ်.. မောပန်းပျော်ရွှင်စွာနဲ့...

ကျမတို့ သုံးယောက် ထမင်း ဟင်း အတူတူ ချက်စားခဲ့ကြတယ်.. ဘဲဥ၊ ကြက်ဥ မမုန်းတဲ့သူတွေနဲ့...

ကျမတို့ သုံးယောက် အိပ်ရာဝင် ပုံပြင်တွေ ပြောခဲ့ကြဖူးတယ်.. အချင်းချင်းသိနားလည်တဲ့ ရင်းနှီးမှုတွေနဲ့.....။

သိပ်မကြာခင် အချိန်လေးတွေ ကုန်သွားတော့ ကျမတို့တွေ ကိုယ်စီ ကိုယ့်လမ်းကိုယ်လျှောက်ရင်း.. ကိုယ့်ဘ၀ ကိုယ်ပုံဖော်ခဲ့ကြတယ်။ 

ရင်းနှီးခဲ့ကြရတဲ့ အချိန်လေးက တကယ်ဆို.. တိုတောင်းလှပါတယ်။

သူတို့တွေကိုတော့ ကျမ  မသိနိုင်ပါဘူး...။ 

ကျမအတွက်တော့ သူတို့ နှစ်ယောက်ဟာ.. တစ်ခါခင်ပြီးရင် ပြန်ဖြတ်လို့  မရစကောင်းတော့တဲ့ အမြဲတမ်း သူငယ်ချင်းတွေပါပဲ...။

သူငယ်ချင်းရဲ့ မွေးနေ့မှသည်... ချစ်သော မိသားစုနဲ့ အတူ... အေးအတူ ပူအမျှ ပျော်ရွှင်စွာ နေထိုင်ရင်း... နောက်ဆုံး အန္တိမပန်းတိုင်ကို မိတ်ကောင်းဆွေကောင်းနဲ့ အတူ အဆုံးတိုင် လျှောက်လှမ်းနိုင်ပါစေလို့.... ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်....။ 
*****
သူ့ မွေးနေ့ဆုတောင်းပို့စ် အတွက် မသီတာရဲ့ thank you note! 

မွေးရာ ကနေ သေရာ ကို ရွေ့ရွေ့သွားနေရတဲ့ ဘဝခရီး မှာ

tg လို သူငယ်ချင်းနဲ့ ဆုံတွေ့ခွင့်ရသူ အတွက် ပျော်ရွှင်ဖွယ် ဆိုတဲ့ labelတွေ ထပ်ခါ ထပ်ခါ တပ်ရင်း.. သယ်ရင်း...

8 comments:

  1. မသီတာရဲ့ သူငယ်ချင်းကောင်း မသိဂ္ဂီ လေး ရဲ့ မွေးနေ့ အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နော်
    Happy Birthday ပါ

    အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  2. မြတ်နိုးMay 26, 2010 at 6:15 AM

    ခွိ.. ဖေဖေနဲ့မေမေက ၁၉၆၈ နှစ်ကုန်ခါနီးလောက်မှ မင်္ဂလာဆောင်တုန်း..


    အမကလဲ သိပ်အပျင်းမတက်ပါနဲ့အေ့..
    ရေးပါအေ့..အမရေးရင်ပေါ့ပေါ့လေးနဲ့ ဖတ်လို့ကောင်းတယ်အေ့

    အမသိင်္ဂအတွက်ပါ မွေးနေ့ဆုတောင်းသွားပါတယ်..ယနေ့မှစ၍
    မွေးနေ့မှသည်.. စိတ်ချမ်းသာကိုယ်ကျန်းမာ၍ အေးချမ်းသာယာသောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ..။

    ReplyDelete
  3. ယုံ ဆိုတော့လဲ ယုံရမှာပေါ့လေ...
    ဘာတွေ အလုပ်များနေသလဲ သီတာရေ....
    ပျောက်နေတာကြာလို့ သတိရနေတာပါ...

    သိင်္ဂီ မွေးနေ့ မျက်နှာစာအုပ်မှာ သွားဆုတောင်းပေးပြီးပြီ.... ခဏနေရင် နောက်တခေါက်ထပ်သွားပြီး မုန့်ကျွေးခိုင်းရအုံးမယ်... စာတွေရေးပါအုံးသီတာ... ခပ်သွက်သွက် ခပ်မြူးမြူး လက်ရာလေးတွေကို လွမ်းနေတယ်...

    ReplyDelete
  4. အဟဲ.. ဒီမှာလည်း မွေးနေ့ဆုတောင်းတွေ လာသိမ်းသွားပါတယ်..သူငယ်ချင်းသီတာရော.. မရွှေစင်၊ မြတ်နိုးနဲ့ သက်ဝေတို့ရော.. မုန့်ကျွေးပါ့မယ်...နောင်မှပဲ

    မရေးဖြစ်သော ပို့စ်များက နှမြောစရာပါ သီတာရယ်... တို့များလည်း ပို့စ်ရေးရတာ ကြယ်ကြွေကောက်ရသလိုပဲ.. မကောက်မိတဲ့ ကြယ်တွေ အများကြီး...ဒါပေမယ့်..တတ်နိုင်ဘူးလေ..ဘ၀က ဒီလိုပဲ ဖြစ်လာပြီကိုး..ဟဲဟဲ..

    ReplyDelete
  5. မရွှေစင်ရေ
    ခေါ်လိုက်ပုံလေးက မသိင်္ဂီလေးတဲ့
    ဒီကကိုလည်း မသီတာလေးလို့ ခေါ်နော့
    (ဘလော့ဂ်ပေါ်မှာ ကိုယ်ချွဲရမည့်သူက မရှိသလောက်မို့
    တို့ လာလာချွဲရင် ရုပ်တည်ကြီးနဲ့ အချွဲခံနေရတာ...)

    မြတ်နိုးရေ
    ဟုတ်ပါတယ်ရှင့် အပျင်းတက်နေတာပါရှင့်

    သက်ဝေရေ
    စာနဲ့လူ ဘယ်လိုမှ ဟပ်မရတာကို ကြိုက်နေတယ်ပေါ့လေး)
    ဒီလိုမြှောက်ပေးလို့ကတော့ ဘလော့ဂ်ကုန်ကျယ်သရွေ့ ရေးပစ်လိုက်ဦးမှာ...

    ReplyDelete
  6. စာမရေးဖြစ်တုန်း..မသီတာ ကောင်းမူ ကုသိုလ်တွေ ..လူမူရေး တွေ အများကြီးလုပ်နေတာ ဆိုတာ..သိတယ်လေ...။
    သွေးမကြီးမှန်းသိပါတယ်။
    မသိဂီ င်္လေးဆီလဲ ဆုတောင်းခဲ့တယ်။

    ReplyDelete
  7. သင်းနွယ်ဇင်May 26, 2010 at 9:06 PM

    မရေးဖြစ်တဲ့ပိုစ်တွေကိုမျှော်နေအုံးမယ်နော်။ ကိုယ်သာမရးတတ်တာ။ သူမျာရေးတာလေးတွေကိုတော့ ဖတ်ချင်တာအလွန်ပါပဲ။း)

    ReplyDelete
  8. မွေးနေ့ရှင်ကို မသိပါဘူး....ဆုတောင်းလည်း နောက်ကျနေပါပြီ....ဒါပေမယ့် ဆုတောင်းပေးသွားပါသေးတယ် HAPPY BIRTHDAY ပါနော်....

    ဂျင်ဂျင်း

    ReplyDelete