Saturday, June 12, 2010

ပညာရွှေအိုး လူခိုးနိုင်ပါသလား

မြန်မာမှုနယ်မှာ “ပညာရွှေအိုး လူမခိုး” ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ပထမအချက်အနေနဲ့ ပညာကို အဖိုးတန် ပိုင်ဆိုင်မှုအဖြစ် ရွှေအိုးနဲ့ နှိုင်းယှဉ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပညာဟာ အခြားသော ပိုင်ဆိုင်မှုတွေလို ရန်သူမျိုးငါးနဲ့ မဆက်ဆံဘူး။ လူခိုးလို့ ကုန်မသွားဘူး။ ပညာကို ဘယ်လောက်ပဲ မျှဝေမျှဝေ လျော့မသွားဘဲ၊ တိုးလို့သာ လာမယ်လို့ ဆိုလိုပါတယ်။

အကယ်၍ ပထမအချက်ကို နှိုင်းယဉ်မှုလို့ မယူဆဘဲ၊ ပညာကို ငွေကြေးနဲ့ ညီမျှခြင်းချပြီး တိုင်းထွာခဲ့ရင် ဒုတိယအချက်က သိပ်မမှန်နိုင်တော့ပါဘူး။ အလွန်ကျွမ်းကျင်တဲ့ လက်ဖက်ရည်ဖျော်ဆရာတစ်ဦးဟာ သူ့ပညာကို အခြားလူတွေကို ဘယ်လောက်ပဲ သင်ပေးသင်ပေး သူ့ပညာက လျော့မသွားပါဘူး။ ဒါပေမယ့် သူ့လက်ဖက်ရည်ဆိုင်ဘေးမယ့် သူ့တပည့်တစ်ယောက်က လာပြီး လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့မယ် ဆိုရင်တော့ သူ့ဝင်ငွေ လျော့သွားနိုင်ပါတယ်။ ဒါကြောင့်ပဲ အသိပညာပိုင်ဆိုင်မှု Intellectual property (IP) တွေကို အခိုး မခံရအောင် Copyright, Patent, Trademarks စတဲ့ နည်းအမျိုးမျိုးတွေနဲ့ ကာကွယ် ကြရပါတော့တယ်။

ကုမ္ပဏီကြီးတွေ အတော်များများဟာ IP တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီ IP နဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးကို ဖြတ်လာကြတော့ အရင်းရှင်စနစ်ရဲ့ သဘာဝအတိုင်း ဒီ IP တွေကို လက်ဦးမှုယူဖို့, လက်ဝါးကြီးအုပ်ဖို့ ကြိုးစားလာ ကြပါတယ်။ တစ်ချို့စိတ်ကူးလေးတွေဆိုရင် သိပ်ဆန်းဆန်းပြားပြား မဟုတ်ပေမယ့် အရင်လက်ဦးမှုယူပြီး Patent လုပ်တဲ့သူက လုပ်လိုက်ရင် ကျန်တဲ့သူတွေက ဒီစိတ်ကူးမျိုးလေးတွေကို (ခိုးယူတာမဟုတ်ဘဲ) ကိုယ်နည်းကိုယ်ဟန်နဲ့ အကြံတူ စဉ်းစားမိတာမျိုး ဖြစ်စေ အသုံးချခွင့် မရတော့ပါ။ ဟိုးရှေးကတော့ Leibniz နဲ့ Newton က Calculus သင်္ချာကို သူ အရင်ထွင်တယ်, ငါ အရင် ထွင်တယ်ငြင်းခုံခဲ့ ကြဖူးပေမယ့်၊ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ကြပုံ မပေါ်ပါဘူး။ IP တွေကို ဥပဒေအရ အကာအကွယ်ပေးခြင်းဟာ တစ်ဖက်စွန်းရောက်လာရင် မျိုးဆက်သစ်တွေရဲ့ တီထွင်ဖန်တီးမှုကိုတောင် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Patent တွေကို ထာဝရပိုင်ဆိုင်ခွင့် မပေးဘဲ၊ ဘယ်၍ ဘယ်မျှဆိုပြီး အချိန်ကာလတစ်ခု သတ်မှတ်ပေးကြရပါတယ်။ ဒီသတ်မှတ်ကာလ ကျော်သွားရင် ဘယ်သူယူ သုံးသုံးပေါ့။

၂၀၀၇-ခုနှစ်လောက်ကလည်း အမေရိကန်မှာ ယောဂကျင့်စဉ်တစ်ခုကို Patentလုပ်ဖို့တင်တဲ့ အတွက် အတော်လေး ဂယက်ရိုက် သွားခဲ့ ဖူးပါတယ်။ (အကယ်၍ ဘာသာတရား အဆုံးအမတွေကို ငွေကြေးနဲ့ တန်ဖိုးဖြတ် လဲလှယ်လာကြပြီး Patent လုပ်လာကြရင် အခက်)။ လူတစ်ဦးတစ်ယောက်ရဲ့ စဉ်းစားတီထွင်မှုရဲ့ အကျိုးခံစားခွင့်ကို တီထွင်ဖန်တီးသူက ရထိုက်တယ်ဆိုပေမယ့် စည်းဘောင်တစ်ခုတော့ ရှိဖို့ လိုလာပါတယ်။ အသိပညာပုဂ္ဂလိကပိုင်ဆိုင်မှုကို ဆန့်ကျင်ပြီး CopyLeft တို့, OpenSource တို့လို လှုပ်ရှားမှုတွေ ပေါ်လာကြပါတယ်။

အောက်ကဗီဒီယိုလေးနဲ့ http://blog.mises.org/11464/copying-is-not-theft-remixed-song-and-video/ မှာ အချေအတင် ဆွေးနွေးခဲ့ကြဖူးပါတယ်။




ကျွန်တော်ကတော့ (ပြတ်သားတဲ့ အမြင်မရှိသေးတဲ့သူပဲ ဆိုဆို) IP Socialist မဟုတ်သလို၊ IP Protectionist တစ်ယောက်လည်း မဟုတ်ပါဘူး။ ပညာခေတ်နဲ့ အရင်းရှင်စနစ်တို့ ပေါင်းဆုံမှုရဲ့ ပြဿနာတစ်ရပ်ကို ပြန်လည် တင်ပြခြင်း သက်သက်ပါ။

17 comments:

  1. ပညာရွှေအိုး လူခိုးနိုင် မခိုးနိုင်....သိပ်စဉ်းစားစရာကောင်းတဲ့ အချက်ပါ...
    လက်ဖက်ရည်ဖျော် ဆရာတစ်ဦးရဲ့ အထိအခိုက်...အသိပညာပိုင်ဆိုင်မှု ကို ကာကွယ်ခြင်း...
    ကျွန်တော်လဲ အခုတလော အဲဒါတွေ စဉ်းစားနေမိပါတယ်...

    ပြီးတော့ ဒီရက်တွေမှာ လိုက်လို့မမှီအောင် တိုးတက်နေတဲ့ ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက်တွေရဲ့ ကောင်းကျိုး ဆိုးကျိုး... မတော်တဆအမှုတွေနဲ့ အန္တရာယ်ကြီးမားပုံအကြောင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှုတွေ နည်းသထက် နည်းလာတဲ့အကြောင်း... ဘယ်အရာကိုမှ စိတ်ချလက်ချ ယုံကြည်လို့ မရတဲ့အကြောင်း...

    ကိုယ်တိုင်ကလဲ ဘလော့ဂ်ဆိုလဲ ရေးချင်၊ ဖဘ ဆိုလဲ သုံးလိုက်ချင်၊ Twitter ဆိုလဲ Twit ကြည့်လိုက်ချင်နဲ့ နေရာတကာမှာ... အရာရာမှာ စပ်စပ်စပ်စပ်နဲ့ ဝင်ပါကြည့်ချင်သူ...

    သံသယတွေနဲ့ နေနေရတဲ့ လောကကြီးမှာ ပျော်စရာဆိုတာ ဘယ်မှာ ရှာရပါ့...
    ခက်တော့ ခက်နေတယ်....

    ReplyDelete
  2. ရေးထားတာ စိတ်ဝင်စားစရာကောင်းတယ်။ အဲလိုတစ်ခါမှ မတွေးဖူးဘူး..။

    မူရင်း= ၀%ကော်ပီ..
    ၂၀% ကော်ပီ
    ၄၀% ကော်ပီ
    ၆၀% ကော်ပီ
    ၁၀၀% ကော်ပီ
    ထို့နောက်
    ၎င်းရဲ့ ၂၀% ကော်ပီက မူရင်းအသွင်ပြန်ဖြစ်..

    ကော်ပီ အီဗော်လူရှင်းဖြစ်...

    အဲနောက်...
    မသိတော့ဘူး..။
    လသာည ဖြစ်ပါတယ်းD

    ReplyDelete
  3. Thanks for sharing.
    For me, I noted a remarkable word from Myanmar Astrologer Saya Kar Lar San when an interviewer asked how did he felt up on his hand written training manual was copied and sold in market.
    He replied “Let it be”.
    Knowledge is like as an ocean, no one can drink it all.

    ReplyDelete
  4. Copy left တို့ Open source တို့လို နည်းပညာဝေမျှလိုတဲ့ဘက်က လှုပ်ရှားမှုတွေလည်း ရှိလာပါတယ်။ ဒါကတော့ အားလုံးနဲ့ဆိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ တဟုန်ထိုး တိုးတက်လာတဲ့ နည်းပညာနဲ့အညီ ဥပဒေက လိုက်မပြင်နိုင်သေးလို့ ဖြစ်ပါတယ်။ တချို့ တင်းကျပ်တဲ့ ဥပဒေတွေက ဒီခေတ် တိုးတက်လျှင်မြန်နေတဲ့ နည်းပညာခေတ်မှာ သဘာဝမကျတော့ဘူး။ ဒါတွေကိုလည်း ကျောင်းတွေကပညာရှင်တွေ တက်ကြွလှုပ်ရှားသူတွေ ဥပဒေပညာရှင်တွေနဲ့ အစိုးရတွေကြားမှာ ဆွေးနွေးငြင်းခုံနေကြဆဲပါ။

    ဖွံ့ဖြိုးမှု မညီမျှတဲ့ နိုင်ငံတွေကြားမှာ အခွင့်ကောင်းယူတဲ့ ပြဿနာတွေလည်း ရှိလာတတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ အိန္ဒိယက ဘာစမာတီ ဆန် (ဒန်ပေါက်ချက်တဲ့ဆန်) ကို အနောက်နိုင်ငံက တယောက်ယောက်က မူပိုင်ခွင့် လျှောက်လာတယ်။ ဒါကတော့ patent ဆန်ဆန် ဖြစ်တဲ့ plant variety ဆိုတဲ့ အောက်မှာလို့ ထင်ပါတယ်။ အိန္ဒိယက ကန့်ကွက်လိုက်ရတယ် ပြောတယ်။ အဲဒီလို traditional Knowledge တွေ genetic resources တွေကို အိမ်ရှင်နိုင်ငံကသာ ပိုင်ဆိုင်သင့်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ရှိပါတယ်။ တစ်ဦးတစ်ယောက်က အတင်းဦးပြီး သွားမှတ်ပုံတင်လို့ မရပါဘူး။ ဥပမာ သနပ်ခါးရဲ့ ဆေးဘက်ဝင်ပုံတို့ ကချင်ပြည်က ခန်းတောက်မြစ်နဲ့မချစ်ဥ တို့ကို နိုင်ငံခြားသားတစ်ယောက်က သူပိုင်တဲ့နည်းပညာဆိုပြီး မှတ်ပုံသွားတင်လို့မရဘူး။ ခက်တာက အဲလို traditional Knowledge တွေ genetic resources တွေက မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ အများအပြားရှိနေပြီး အဲဒီနိုင်ငံတွေ ကိုယ်တိုင်က သတိမမူမိ မမူအား ကြတာပါ။ သူများက သူပိုင်တယ်ဆိုပြီး မှတ်ပုံတင်သွားတောင် သိလိုက်မှာမဟုတ်ဘူး။ လောလောဆယ်တော့ အဲဒီကိစ္စတွေကို နိုင်ငံတကာမှာ အကြီးအကျယ် ဆွေးနွေးနေကြတုန်းပါ။

    နောက်တချက်ကတော့ ဆင်းရဲတဲ့နိုင်ငံတွေမှာ နည်းပညာ ဗဟုသုတ မတိုးတက်တဲ့အတွက် တိုးတက်ပြီးသားသူတွေဆီက အစစ်တွေ မ၀ယ်နိုင်တဲ့အခါ ခိုးသုံးရတာပါပဲ။ ဆင်းရဲရာကနေ တိုးတက်ရာတိုးတက်ကြောင်းအတွက် ဗဟုသုတ နည်းပညာကို လိုချင်၊ အဲဒါကို တရားဝင်ဈေးနှုန်းတွေနဲ့ ၀ယ်ဖို့အတွက်ကလည်း ဆင်းရဲ ဆိုတော့ သံသရာက ဘယ်လိုလုပ်ပြတ်မှာလဲ။ ဒီတော့ နေရင်ထိုင်ရင်း နေ့စဉ်ဘ၀မှာပဲ မလွှဲသာမရှောင်သာ သူခိုးဖြစ်နေရသူတွေအတွက် စဉ်းစားဖို့လိုပါတယ်။ ဒါကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ အကြီးအကဲတွေက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိယူရမှာပါ။ နိုင်ငံတကာ ပဋိညာဉ်တွေ စာချုပ်တွေမှာ လက်မှတ် လုံးဝမထိုးပဲ ရှောင်နေတာထက် ကိုယ့်ပြည်သူတွေအတွက် အကျိုးမယုတ်စေဖို့ ချွင်းချက်တွေကို ကာလတစ်ခုအထိ တရားဝင် သတ်မှတ်လာအောင် ညှိနှိုင်းဖို့ ဖြစ်နိုင်ခြေတွေရှိပါတယ်။ သို့သော်လည်း ဒါတွေက ကိုယ့်နိုင်ငံအတွက် တာဝန်ရှိသူတွေ ကိုယ်တိုင် သိနားလည်ပြီး နိုင်ငံတကာမှာ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာ တိုက်တွန်း ဆွေးနွေးဖို့ လိုပါတယ်။ ခက်တာက အဲလို မဖွံ့ဖြိုးသေးတဲ့နိုင်ငံမျိုးတွေက ဒီလိုကိစ္စတွေကို ဦးစားပေးအနေနဲ့ ဘယ်တော့မှ စဉ်းစားလေ့မရှိဘူး။ သူတို့မှာ ဒီ့ထက်အရေးကြီးတဲ့ ကိစ္စတွေက ရှိနေတယ် ဆိုတော့ကာ.....။

    (အားရင်တော့ ဒီထဲက ဗွီဒီယိုလေးကြည့်ကြည့်ပါနော်။ http://pandora-and-pandora.blogspot.com/2008/10/blog-post_12.html )

    ReplyDelete
  5. ဖတ်မိမှတ်မိ နားလည်မိသလောက် …..

    ဖန်တီးသူကို မူပိုင်ခွင့် ပိုင်ဆိုင်မှုပေးတဲ့နေရာမှာ အဓိက ရည်ရွယ်ချက်ကတော့ တီထွင်ဖန်တီးမှုတွေကို အားပေးဖို့နဲ့ လူသားတွေကလည်း တီထွင်မှုရဲ့ အကျိုးကို ရစေဖို့ဖြစ်ပါတယ်။ တီထွင်သူက မောင်ပိုင်မှတ်ပုံတင်ခွင့်ရသွားတဲ့အတွက် လူသားတွေရဲ့ အကျိုးခံစားခွင့်ကို ထိုက်တန်တဲ့ အဖိုးအခထက်ပိုပြီး နစ်နာသွားစေတယ်ဆိုရင်လည်း မဟုတ်သေးဘူး။ လူတွေက သုံးချင်တိုင်းသုံးခွင့်ရနေလို့ တီထွင်သူမှာ အကျိုးမရှိပဲ နောက်ထပ် တီထွင်လိုစိတ်တွေကို ဟန့်တားသွားစေတယ်ဆိုရင်လည်း မဟုတ်သေးဘူး။ အဲဒီ အစွန်းနှစ်ခုကြားမှာ မျှတပေးဖို့ ဒီစနစ်က ရည်ရွယ်တယ်။ ထုတ်လုပ်ရောင်းချတဲ့ နေရာမှာ monolply သိပ်ဖြစ်လာတာတွေနဲ့ ပတ်သက်လို့ကတော့ တိုးတက်တဲ့နိုင်ငံတွေမှာ anti-trust law တွေ competition law တွေနဲ့ ပြန်ညှိထားပါတယ်။

    အထူးသဖြင့် patent လို့ခေါ်တဲ့ သိပ္ပံနည်းပညာ တီထွင်မှုတွေမှာဆိုရင် တီထွင်သူ/ မူပိုင်ခွင့်လျှောက်ထားသူ ကို monopoly rights အနေနဲ့ အချိန်ကာလတခု အထိ ပေးလိုက်တယ်။ အပြန်အလှန် လဲလှယ်တဲ့အနေနဲ့ သူကလည်း သူ့ရဲ့တီထွင်မှုအဆင့်ဆင့်ကို လူတွေသိနိုင်အောင် ဖွင့်ထုတ်ပြီး ပြောပြရတယ်။ တစ်ခုရှိတာကတော့ patent ရယူခွင့်လျှောက်တာက ဈေးကြီးပြီး အချိန်ကြာတတ်တဲ့အတွက် ကုမ္ပဏီအသေးတွေ ပုဂလိက တွေအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေတယ်။ ဒါကြောင့်လည်း ကုမ္ပဏီ အကြီးတွေကပဲ patent ပိုင်ဆိုင်မှုတွေ ပိုများနေတတ်တာပါ။
    လူသားတွေအတွက် အကျိုးမယုတ်စေဖို့ သင့်တင့်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ ဥပမာ Scientific formula တွေကို patent လုပ်လို့မရပါဘူး။ နိုင်ငံအလိုက် လိုအပ်ချက်နဲ့အညီ ဥပဒေကို ပြင်ဆင်ကြတာလည်း ရှိပါတယ်။ အိန္ဒိယမှာဆိုရင် ဆေးဝါးနဲ့ပတ်သက်တဲ့ တီထွင်မှုတွေမှာ generic drugs တွေကို ပေးထုတ်ရပါတယ်။

    (ဆက်ရန်)

    ReplyDelete
  6. “ပညာရွှေအိုး လူမခိုး” စကားပုံနဲ့ ဆက်စပ်ပြီး၊ Patent, Copyright, Trademarks တို့အထိ ချဲ့သွားတဲ့ အတွေးအမြင်တွေ ဖတ်ရတာ စိတ်ဝင်စားစရာပါ။

    ဗီဒီယိုလင့်ခ်မှာ ပြောသွားပြသွားတာ လက်ခံသဘောကျစရာ ကောင်းနေပါတယ်။

    “ပညာခေတ်နဲ့ အရင်းရှင်စနစ်တို့ ပေါင်းဆုံမှုရဲ့ ပြဿနာတစ်ရပ်” ဆိုတာကို မှတ်သားသွားပါတယ်။

    ReplyDelete
  7. အမ..ပညာရွှေအိုလူမခိုးပေမဲ့ ခုခေတ်ကြီးမှာ
    ရွှေအိုးမရှိ ရင်ပညာမရှိတော့ဘူး

    အမလား..အကိုဧရာလားထောက်ပြထားတဲ့ ဥပမာက တော့ စဉ်းစားစရာပဲ အမ..။

    နည်းပညာဆိုင်ရာကတော့ ကိုယ်လဲသေချာမသိလို့ နုတ်ပိတ်ပီးပြန်သွားပါတယ်။

    မြတ်နိုး

    ReplyDelete
  8. ကိုဧရာရဲ့ ပို့စ်ရော.... ပန်ဒိုရာမျှဝေတဲ့ အမြင်တွေ နှစ်ခုစလုံးဟာ သိမြင်နှံ့စပ်သူတွေ ဖြစ်တဲ့အလျောက် စိတ်ဝင်စားစရာ မှတ်သားစရာကောင်းတဲ့ အချက်တွေအများကြီးပါပါတယ်။ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  9. ဘာပညာ တွေ ဘယ်လောက် တန်ဘိုးရှိရှိ ရွှေစင်ဦး တို့ ကတော့ အလကား ရတာတွေ ဘဲရှာရှာ သုံးရတော့ နောက်ဆုံး အလကား ရွှေစင်ဦး များဖြစ်သွားပြီလားလို့

    မန္တလေး သားကြီး နှင့် မသီတာ သို့ ခင်မင်စွာဖြင့်

    ရွှေစင်ဦး

    ReplyDelete
  10. Karl Marx သီအိုရီရဲ့ သဘောကို ခုပန်ဒိုရာ့ အရေးမှာ သိပ်ထင်ရှားတယ်။

    ‘တဟုန်ထိုး တိုးတက်လာတဲ့ နည်းပညာနဲ့အညီ ဥပဒေက လိုက်မပြင်နိုင်သေးလို့ ဖြစ်ပါတယ်။ တချို့ တင်းကျပ်တဲ့ ဥပဒေတွေက ဒီခေတ် တိုးတက်လျှင်မြန်နေတဲ့ နည်းပညာခေတ်မှာ သဘာဝမကျတော့ဘူး။’

    Marx ပြောတာ ဒါအတိအကျပဲ၊ ဒိထက်ကောင်းတဲ့ ဥပမာ မရှိတော့ဘူး။ ဥပဒေဆိုတာ (superstructure) ဆိုတာ ရုပ်ဝထ္ထုတိုးတက်မှု (productive power)နဲ့ လိုက်ပြောင်းရတာ။ နည်းပညာ တိုးတက်မှုကို အမှီမလိုက်နိုင်တဲ့ ဥပဒေတွေဟာ တကယ်ကို သဘာဝမကျတော့ဘဲ နောက်ဆုံး အမှိုက်ပုံထဲ ရောက်ကုန်မှာ ကျိန်းသေတယ်။ သမိုင်းကိုပြန်ကြည့်ရင် ဒီလိုဥပမာတွေ ပုံနေတာပဲ။ ဥပမာဗျာ အင်္ဂလန်မှာ အရင်က ဆယ့်ခြောက်ရာစု ဟိုဘက်က property rights ကိုအကာအကွယ်ပေးတဲ့ ဥပဒေ မရှိဘူးဗျ။ လယ်သမားတွေက ပဒေသရာဇ်တွေအတွက် တပတ်မှာ အချိန်တိတိကျကျ အလုပ်လုပ်ပေးရတာ။ ဒါပေမယ့် နည်းပညာတွေ တိုးတက်လာ ဥပမာ လက်ယက္ကန်းနေရာမှာ စက်ယက္ကန်းက အစားဝင်လာတဲ့အခါ ပိုပြီး productive ဖြစ်လာတဲ့ အခါ ပဒေသရာဇ်ပုံစံမှာ မတွေ့နိုင်တဲ့ လုပ်အားကို ရောင်းစားခွင့်ပြုတဲ့ ဥပဒေတွေ ထုတ်လာတာပဲ။ လုပ်အားကို ရောင်းစားပိုင်ခွင့်ဟာ အရင်းရှင်ကုန်ထုတ်လုပ်မှုပုံစံရဲ့ အဓိက သရုပ်သကန်တခုပဲ။
    ကနေ့အချိန်မှာ လုပ်အားကို ပိုက်ဆံယူရောင်းစားတာ မထူးဆန်းပေမယ့် ဟိုးလွန်ခဲ့တဲ့ နှစ် လေးငါးရာဟိုဘက်လောက်က ဒီလိုမျိုးရောင်းစားတာ သဘာဝ မကျဘူး။ ကျင့်ဝတ်နဲ့ မညီဘူးဆိုပြီး ပိတ်ပင်ထားတာ။ ဒါပေမယ့် နည်းပညာက တိုးတက်လာတော့ အဲဒိလုပ်အား ရောင်းပိုင်ခွင့်ကို ပိတ်ထားတဲ့ ဥပဒေတွေ မြောင်းထဲရောက်ကုန်တာပဲ။ ခုဆို လုပ်အားရောင်းပိုင်ခွင့် (right to sell one’s labor) ဆိုတာ သိပ်ကိုအသားကျနေတော့ ထည့်ကိုမပြောကြတော့ဘူး။ ဒါပေမယ့် ဥပဒေဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ဖူး။ နည်းပညာတိုးတက်မှုကို လိုက်ပြီး ပြောင်းလဲလာနေတာ။ တနေ့မှာ Karl Marx ပြောသလို အရင်းအနှီး capital ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ၊ နိုင်ငံရေးပုံစံတွေဟာ မြောင်းထဲ ရောက်အုံးမှာပဲ။ သေချာသိချင်ရင် Karl Marx ကိုစုံအောင်ဖတ်ကြည့်။

    ReplyDelete
  11. မှတ်ချက်လေးတွေ ရေးသွားသူတွေ အားလုံးကို (အထူးသဖြင့် စိတ်ဝင်စားစရာအမြင်တွေကို ရှည်ရှည်လျှားလျှား မျှဝေသွားကြတဲ့ ပန်ဒိုရာနဲ့ ဇီဇ၀ါတို့ကို) ကျေးဇူး တင်ပါတယ်။ ကျွန်တော်က IP နဲ့ပတ်သက်ပြီး ဂဃနဏ သိသူမဟုတ် သလို, (ပို့စ်ထဲမှာ ပြောခဲ့တဲ့အတိုင်း) ပြတ်သားတဲ့ အမြင်တစ်ခုလည်း မရှိသေးပါဘူး။ ရှဥ့်လည်း လျှောက်သာ, ပျားလည်း စွဲသာတဲ့ စည်းဘောင်တွေ လိုအပ်နေပြီ ဆိုတာလောက်ပဲ သိပါတယ်။
    -ဧရာ

    ReplyDelete
  12. ပိုစ်ကော.. ကွန့်မင့်တွေကော အလွန်ကောင်းပါတယ်။

    ReplyDelete
  13. သေချာကြီး အသေးစိတ်မဆွေးနွေးတတ်ပေမယ့် ဆရာဆိုလိုချင်တာကို သဘောပေါက်ပါတယ်...စဉ်းစားစရာပေးတဲ့ ပို့ စ်လေးအတွက်ကျေးဇူးပါဆရာ

    ReplyDelete
  14. အမယ် အမယ် ကိုဧရာ နဲ့ ရွှေစင်ဦး တို့က ဆရာတူ မောင်နှမ တွေဖြစ်သွားပြီနော် ကိုဧရာ က ၈၈ ပြီး မှ တခါ ဦးအုန်း စီစာပြန်သင်တာထင်တယ် ကျနော် ကတော့ ကလေး ကထဲက ဦးအုန်း တို့စီမှာ ဆော့နေကြ စာသင်နေကြ

    ၈၈ပြီးမှ တခါ ဦးအုန်းစီ အင်္ဂလိပ်စာ ပြန်တက်သေးတယ် who's escape ကို ဘာသာပြန် ရသေးတယ် ကိုဧရာ နဲ့တူဘူးလားမသိဘူး

    ခင်မင်စွာဖြင့်
    ရွေစင်ဦး

    ReplyDelete
  15. 25 Jun 10, 19:35
    nyeinsoeoo: messageပညာခေတ်မှာ ပညာက အသုံးချယူနစ်၊၀န်ဆောင်အရောင်းအ၀ယ်အဖြစ်နေရာယူနေပြီမို့ အထူးသတိပြုစဉ်းစားစရာဖြစ်ပါ၏။

    ReplyDelete
  16. ပို့စ်အတွက်ရော..ကွန်မန့်များအတွက်ပါ ကျေးဇူးတင်ပါတယ်...

    ReplyDelete
  17. ကိုယ်ကိုယ်တိုင်က အဲဒီလောက်မြင့်မြင့်ကြီးတွေကို မတွေးတောတတ် ၀င်မဆွေးနွေးတတ်ပေမယ် ဖတ်ရတာတော့ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ပိုစ့်ရော၊ ကွန်မန့်တွေရောပဲ။

    ReplyDelete