Saturday, December 6, 2008

ဘဝ၏ တစ်စိတ်တစ်ဒေသ (၃) ဆရာမ

ဘောင် အကြောင်းရေး ပြီးတော့
အရောင် ကို ရေးပါတယ်။
အခုတော့ ထောင် အကြောင်းလေး ရေးပါရစေ။
ရူးကြောင် မူးကြောင်နဲ့ ဘာတွေရေးတော့မလဲလို့တော့ မတွေးလိုက်ပါနဲ့။
ဘလော့ဂ်လေးက စာရေးဖြစ်အောင် ဒေါင်ဒေါင်နဲ့ သံချောင်းခေါက် လို့ပါ။

လောကီလူ့ဘောင်မှ အမျိုးမျိုးသော ထောင်တွေထဲက Drug Rehabilitation Center လို့ ခေါ်တဲ့ အမျိုးသမီးထောင်မှာ (၂) လတာ အတွေ့အကြုံလေးပါ။

ဒီက Computer School တစ်ခုမှာ trainer လုပ်နေချိန်တုန်းကပေါ့။ ကျောင်းက အဲ့ဒီ အကျဉ်းထောင်မှာ သင်ဖို့ Contract ရထားလေရဲ့။ အယင်သွားသင်နေကျ အိန္ဒိယ ဆရာမလေး တစ်ယောက်တော့ ရှိပါတယ်။ ဘာလို့လည်း မသိ ကိုယ့်အလှည့်ဆိုပြီး ကျလာတယ်။ ကိုယ်ကလည်း မငြင်းပါဘူး။ မငြင်းတတ်တာရယ်။ နောက်တစ်ခုကတော့ အခြား Inhouse Training တွေနဲ့စာရင် ဒီနေရာကို စေတနာ ရှိလို့ပါ။ စေတနာလို့ ဆိုရတာကတော့ ကိုယ့် အတွေ့အကြုံအရပေါ့လေ ကျောင်းမှာ သင်ရတာက ဆရာ၊ တပည့်သဘော ဆက်ဆံရေးမျိုးနဲ့ သူ့စည်း ကိုယ့်စည်း ဘောင်ထဲမယ် ချောမွေ့သေးတယ်။ Inhouse Traing ဆိုတာမျိုး သူတို့ ကုမ္ပဏီတွေမှာများ သွားသင်ရရင်တော့ စည်းလွတ်၊ ဝါးလွတ် ညှင်းချင်တိုင်း ညှင်းကြတော့တာပဲ။ သူတို့ ခုံပေါ်က အလုပ်တွေက စလို့ သူတို့ရုံးချုပ် Server ရှိရာ ချက်ချင်းကြွမြန်းရတော့မဲ့ အခြေအထိပါ။ ပညာစမ်းတာလည်း အလူးအလဲ ခံရပါတယ်။ ဥပမာဆိုပါတော့ “worksheet ကို ဒီလို lock လုပ်လို့ ရတယ်” ဆိုရင်၊ သူတို့က hack လုပ်ပြီး “ဒီလိုဖွင့်လို့ရတယ်” ပြန်လုပ်ကြတာ။ ပညာဆွေးနွေးဖလှယ်တဲ့ ပုံစံမျိုးဆို ပျော်ဖို့တောင်ကောင်းပါတယ်။ လူမျိုးခြားမို့ နှိမ်ချင်သလိုဆိုရင်တော့ “ဟုတ်ကဲ့ Microsoft ကို အကြောင်းကြားပြီး ဆုငွေထုတ်ယူနိုင်ပါတယ်” လို့ပဲ ပြောရပါတော့တယ်။

သင်ရိုးညွှန်းတမ်းကတော့ သိပ်ထွေထွေထူးထူး မဟုတ်ပါဘူး။ Basic Computer Knowledge နဲ့ Microsoft Office Applicaton Softwares တွေပါ။ ကျောင်းမှာ သင်တဲ့ WebPage Design တောင် သင်ရိုးညွှန်းတန်းထဲ မပါပါဘူး။ ပေ့ါပေါ့ပါးပါး ပြင်ဆင်မှု အနေနဲ့ အိမ်ကလူကို “ကိုရေ ထောင်ထဲသွားရမှာဆိုတော့ ကျမတို့ချင်း ဆက်သွယ်ဖို့ ဟန်းဖုန်းလေး တစ်လုံးစီတော့ ရှိထားမှ ထင်တယ်နော်” ဆိုပြီး နှစ်ယောက်သား ဟန်းဖုန်း ဝယ်ကြပါတယ်။ ဒါက ပထမဆုံး ဟန်းဖုန်း ဝယ်ဖြစ်တဲ့ အကြောင်းပါ။ တစ်သွေးထဲ တစ်ရောင်ထဲ။ (နံပါတ်တောင် တစ်ခုတည်းယူလို့ မရလို့… အဟတ်) ကပ်လျက်နံပါတ်ရှာကြသေးတာ မတတ်သာ ခပ်ခွာခွာနဲ့ နံပါတ်တစ်ခုကျော်တာ ယူလိုက်ရတယ်။

သင်တန်း စတဲ့နေ့ ရထားတစ်တန်၊ taxi တစ်တန်နဲ့ ရောက်ပါပြီ ထောင်ဘူး၀ … (ပထမဦးဆုံးသွားရတဲ့ နေရာတွေကို မြေပုံ ကြည့်တာတို့ Street Directory ကြည့်တာတို့က ကိုယ့် အလုပ်မဟုတ်ပါဘူး။ ကိုယ့် Secretary ကိုဧရာ့ အလုပ်ပါ။ သူကတော့ Directory ထဲက သွားမဲ့နေရာမြေပုံကို သူ့နည်းသူဟန်နဲ့ ပြန်ဆွဲပါတယ်။ ပြီးမှ နံပတ်တွေကို မှားကူးတတ်လို့ လမ်းပေါ်မှာ ယောင်လည်လည် မကြာခဏ ဖြစ်ရပါတယ်။ Secretary အသစ်ပြောင်းခန့်ဖို့တော့ အစီအစဉ် မရှိပါဘူး။ Secretary က ကိုယ့်ကို အလုပ်ဖြုတ်မှာ စိုးလို့ပါ။ သူပဲ Boss လေ။ HR head လည်း သူပဲလားလို့တော့ ရွဲ့ မမေးနဲ့တော့။)

အကျဉ်းထောင်ရဲ့ ဧည့်သည်တွေ မှတ်ပုံတင်ရတဲ့ ကောင်တာမှာ register လုပ်တော့ အထဲကို “ဟန်းဖုန်း လုံးဝယူသွားလို့ မရပါဘူး” တဲ့။ ပစ္စည်းတွေကို locker ထဲ ထည့်၊ သော့ တစ်ချောင်းသာ ကိုင်ပြီး ဖွင့်ပေးတဲ့ လူတစ်ကိုယ်ဝင်စာ သံတံခါးကနေ ဝင်လိုက်ပါတယ်။ ကိုယ့်ရဲ့ ဉာဏ်အမြှော်အမြင် ကြီးမားမှုကို စိတ်ထဲက ကျိတ်ချီးကျူးရင်း စင်္ကာပူ တစ်မြို့လုံး ဒီနေရာကျမှ ဘာလို့ ကွက်မှောင်နေတာလဲလို့ တွေးကြည့်နေမိတယ်။ ထောင်ဆိုတာမျိုးဟာ မှောင်ကို မှောင်ရမဲ့ နေရာမျိုးလေလားလို့ ရှိစုမဲ့စုဉာဏ်ကိုလည်း အားကုန် ဖျစ်ညှစ် နေမိတယ်။ အဲ့ဒီနေရာမှာတင် ခန္ဓာကိုယ် ရှာဖွေမှုတွေ လုပ်ပါတယ်။ သွားလို့ရပါပြီ… ဆိုလို့ အထဲကိုဝင်ခဲ့တယ်။ နောက်က သံတံခါးကြီးပြန်ပိတ်လို့ ချိမ်းဆိုတဲ့ အသံကြီးကြားလိုက်တော့ Terminator 2 – Judgement Day ထဲက Sarah Connor ထောင်ထဲက ထွက်ပြေးတဲ့ အခန်းကို သတိရဖြစ်အောင် ရလိုက်သေးတယ်။ ကတ္တရာခင်းကားလမ်းမ တစ်ခုကို ဖြတ်ပြီး အဆောင်တစ်ခုထဲကို ဝင်လိုက်တယ်။ ထပ်ပြီး သတင်းပို့။ ခဏထိုင်စောင့်ပါဆိုလို့ အဲ့ဒီနားမှာ ဖုန်သုတ်၊ ကြမ်းတိုက်လုပ်နေကြတဲ့ ရင်ဘတ်မှာ နံပါတ်တွေရိုက်နှိပ်ထားတဲ့ ဝါကျင်ကျင် ဝတ်စုံတွေနဲ့ inmate တွေကို ငေးနေမိတယ်။ ဘာကိုပဲလုပ်နေလုပ်နေ ဘယ်အချိန်ပဲဖြစ်စေဖြစ်စေ သူတို့စိတ်ဟာ သူတို့ကိုယ်မှာ မရှိဘူးဆိုတာ သူတို့မျက်လုံးတွေက ပြောနေကြတယ်။ ရဲမေတစ်ယောက်က တံခါးတစ်ခုဖွင့်ပေးပြီး ဒီလှေခါးအတိုင်း တက်သွားပါတဲ့။

လှေကားထစ်တွေ ဘယ်နှစ်ထစ်လောက် တက်ခဲ့ပြီးပြီလဲလို့ ပြန်စဉ်းစားမိချိန်မှာ ရှေ့မှာ တက်စရာ လှေကားထစ် မရှိတော့ဘူး။ အင်တာကွန်းကနေ ဟယ်လို ဟယ်လို လုပ်လိုက်တော့ တပ်ကြပ်ရဲမေ တစ်ယောက် တံခါးလာဖွင့် ပေးတယ်။ သူက ဒီအဆောင်က တာဝန်ခံပါ။ ကော်ရစ်ဒါ တစ်လျောက် အချုပ်ခန်း သုံးခုကို ဖြတ်ပြီး သူ့နောက်က လိုက်သွားတော့ တစ်ဖက် အစွန်းမှာ ရုံးခန်းကိုရောက်တယ်။ တာဝန်ခံရဲမေက အကျဉ်းသားတွေနဲ့ ကိုယ်ရေးကိုယ်တာတွေ မဆွေးနွေးဖို့၊ ဘာကြောင့်ကျတာလဲ၊ ဘာအမှုလည်း မမေးဖို့ တင်ကြိုသတိပေးပါတယ်။ နောက် ကျမလက်ထဲကို ကျောင်းသူ စာရင်း list ထည့်ပြီး သင်ရမဲ့ အချုပ်ခန်း (ကော်ရစ်ဒါ အတိုင်းပြန်လျှောက်လာတော့ ဒီဘက်အစွန်း)ကို ပြန်လိုက်ပို့တယ်။ ဒီအဆောင်က အခြားရဲမေ တစ်ယောက်ခွင့်ယူထားလို့ တာဝန်ကျရဲမေကို အလုပ် အများဆုံး ရှုပ်စေတာကတော့ တံခါးသော့ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ရခြင်းပဲလို့ ကျမတွေးနေမိတယ်။

ကြမ်းခင်း တမံသလင်းပေါ်မှာ တန်းစီ ထိုင်နေကြတဲ့ အဲ့ဒီဟာလေးတွေ အယောက်နှစ်ဆယ်လောက်က Good Morning Madam လုပ်ကြတယ်။ ကြောင်အန်းအန်းနဲ့ Good Morning လိုက်ရပြီး သူတို့ကို ကွန်ပြူတာ နဲ့ စားပွဲ ကုလားထိုင်မှာ ထိုင်ခိုင်း၊ Let me introduce myself တွေ ဘာတွေပြီးတော့ Language မကျွမ်းကျင်တဲ့ ကျမ ထုံးစံအတိုင်း White Board ကြီးပေါ် အရောင်စုံ softpen တွေနဲ့ Diagram တွေ အပြည့်ဆွဲပြီး Basic Computer Knowledge စပါတော့တယ်။ ၁၅မိနစ်၊ မိနစ်၂၀ လောက်နေတော့မှ နားလည်ကြရဲ့လား ဆိုပြီး သူတို့ကို ဝေထားတဲ့ စာအုပ်ထဲမှာ သင်ပြီးသလောက်ထိ ပြန်ဖတ်ခိုင်းလိုက်တယ်။ အတန်းလေးက မဆိုးပါဘူး ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့။ တွေးပူထားသလို ကလန်ကဆန် အရိပ်အယောင် မတွေ့ရဘူး။ အလွန်အကျွံ ပျင်းတဲ့သူ အချို့ ထိုင်ခုံနောက်မှီကို ပစ်စလက်ခတ်ကြီး မှီထိုင်ရုံလောက်ပဲ။ ဆယ်ကျော်သက်လေးတွေ။ အကြီးဆုံးကမှ ၂၂-နှစ် Polytechnic ကျောင်းသူ တရုတ်မလေး။ သူနဲ့ မတိမ်းမယိမ်း ကုလားဆင် မလေး ကတော့ တစ်မျိုးပဲ သူ့ပုံစံက ဂျစ်ကန်ကန် မဟုတ်ပါပဲ ဘာဖြစ်လို့ ကော့လန်လန် ဖြစ်နေရပါလိမ့် …သြော် ကိုယ်ဝန်နဲ့ကိုး။ ဒိုင်ယာနာကေနဲ့ အေးတိအေးစက် ပြန်မပြော နားမထောင်ပုံ တရုတ်မလေးကတော့ တစ်မျိုး .. လက်ချောင်း တစ်ချောင်းကို တက်တူး တစ်ရုပ်စီ လက်ဆယ်ချောင်းလုံးမှာ ထိုးထားလေရဲ့။ သူလေးက အတန်းထဲမှာ အချောဆုံး… ။

အခန်းထဲမှာ ဖုန်တွေက ထုတက်နေသလို၊ သတိထားလိုက်မိတော့ ငါအသက်ကို တဝက်ပဲရှူမိနေပါလား… ။ နေဦး... အပြင်ကလေနဲ့ ဒီကလေ ဘာကွာလဲလို့ သေချာရှူကြည့်လိုက်ဦးမယ်။ ကွာတယ်… ကွာတယ် … တကယ့်ကို ကွာတာပဲ… ။

ဒီလိုနဲ့ ထမင်းစားချိန်ရောက်လာတော့ သူတို့ကို ရဲမေက လာခေါ်တယ်။ ကိုယ့်ကို ရုံးခန်းထဲမှာ ခဏထိုင်စောင့်နေပါတဲ့။ ကော်ရစ်ဒါက လျှောက်လာခဲ့တော့ သြော် ကပ်ရပ် အခန်းတွေမှာလည်း စာသင်နေကြတာပါလား။ တစ်ခန်းက English၊ နောက်တစ်ခန်းက Maths သင်နေတယ်။

ကိုယ့်ကို ထမင်း အပြင်မှာ ထွက်စားချင်ရင်လဲ ရတယ်။ ဒီမှာ ဝန်ထမ်းတွေ စားတဲ့ ဆီမှာ ပိုက်ဆံပေးပြီး စားရင်လည်းရတယ်လို့ ဆိုပါတယ်။ အပြင်ထွက်စားရင် နေပူနေတာရယ်၊ တံခါးတွေ အဆင့်ဆင့်ဖြတ်ရတာကို စိတ်ပျက်တာရယ်ကြောင့် ရဲမေနဲ့အတူ ဝန်ထမ်းတွေ စားတဲ့ နေရာမှာပဲ လိုက်စားလိုက်ပါတယ်။ စားသောက်ဆောင်မှာ ချက်ပြုတ်၊ ဝေယျာဝစ္စ လုပ်နေသူများကတော့ လွတ်ရက်နီးပြီ ဖြစ်တဲ့ (အများစုကတော့ အချိုးကျချင်ယောင် ဆောင်ထားတယ်လို့ ကျမစိတ်ထဲကထင်တဲ့) inmate ကြီးတွေပါ။ ထမင်းစားချိန်အဖြစ် ပေးထားတဲ့ အချိန် ကုန်သည်အထိ စားသောက်ဆောင်မှာပဲ အချိန်ဖြုန်းပြီး စာသင်ဆောင်က ရဲမေနဲ့ အတူ အဆောင်ကို ပြန်ပါတယ်။ စားသောက်ဆောင်ကို လာခဲ့တဲ့လမ်းနဲ့ အပြန်လမ်း မတူတာကို လမ်းလျှောက်ရင်း ဘေးဘီတွေကို ကြည့်လို့ သတိထားမိနေတယ်။ အပြန်လမ်းမှာတော့ အထဲမှာ အကျဉ်းသား သုံးလေးယောက်နဲ့ မဟာယာနဘုန်းကြီးတစ်ပါး ရှိနေတဲ့အခန်း၊ ခရစ်ယာန် သီလရှင်တွေ ရှိနေတဲ့အခန်း၊ နောက် ခေါင်းမူးခြုံဆရာမ တွေ ရှိနေတဲ့အခန်း တွေ ဖြတ်ခဲ့ရတယ်။ Counseling လုပ်နေကြတာတဲ့။

နေ့လည် တစ်နာရီမှာ သင်တန်း ပြန်စတယ်။ သင်တန်းသူလေး တစ်ယောက်က ကျမအတွက် ရေအေးတစ်ခွက် ရေနွေးတစ်ခွက် စားပွဲပေါ်လာတင်ပေးတယ်။ ခုတင် သူတို့တွေ ချက်တဲ့ အစာတွေ တနင့်တပိုး စားလာခဲ့ပြီးမှ (အားလုံးဟာ ဆေးမှုနဲ့ ကျသူချည်း မဟုတ်လို့ ကျမအတွက် ရေခပ်ပေးသူလေးဟာ ဆေးသမား ဟုတ်မဟုတ် မသေချာပေမဲ့) သူခပ်ပေးတဲ့ ရေကို ကျမ မသတီနိုင်ခဲ့တာ ဆန်းကြယ်တဲ့ လူ့စိတ်နော် ။ ဒါပေမဲ့ ကျမ မသောက်ဖူး ဆိုတာကိုလည်း သူတို့ မသိအောင် အတတ်နိုင်ဆုံး သိုဝှက်ခဲ့ပါတယ်။ ရေကို မသောက်ခဲ့ပေမဲ့ စာသင်အချုပ်ခန်းလေးထဲမှာပဲရှိတဲ့ တံခါးတဝက်သာ တပ်ထားတဲ့ အိမ်သာကိုတော့ သူတို့နဲ့အတူ သုံးခဲ့ပါတယ်။ ရုံးခန်းထဲက ရဲမေကို “ကျမ အိမ်သာ သွားချင်လို့ လာခေါ်ပါ” လို့ အင်တာကွန်းကနေ အော်ပြီး အခွင့်ထူးခံ ကရိကထ မများချင်ပါဘူး။

နေ့လည်ပိုင်း စာသင်ချိန်တွေမှာတော့ လေးလံ ထိုင်းမှိုင်းတတ်လို့ လေ့ကျင့်ခန်းလေးတွေ ပေးထားပြီး၊ မစပ်စုရ လို့ ဆိုထားပေမဲ့ နေ့လည်စာ ဘာတွေ စားခဲ့ကြလဲ၊ စားလို့ ကောင်းရဲ့လား ဆိုတာမျိုး အလာပ သလာပ လေးတွေ စကားစလိုက်တယ်ဆို လေ့ကျင့်ခန်း ပြီးသူတွေက ကိုယ့်နားဝိုင်းလာကြပြီ။ တစ်ချို့ တစ်ချို့သော မျက်နှာသေလေးတွေ (ဖြစ်နိုင်ချေကတော့ လိမ်လည်မှုနဲ့ ကျနေသူများ)ကတော့ နေမြဲအတိုင်း…။ ရှိပါစေလေ။ ဒီအချိန်မှာ သူတို့တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုတောင် အကြောက်အကန် ကြိုးစား တည်ဆောက်နေရတယ် ဆိုတာ နားလည်ပေးနိုင်ပါတယ်။

ညနေ ငါးနာရီမှာ တစ်နေ့တာ အတွက် စာသင်ချိန် ကုန်ဆုံးလို့ ပြန်ရတော့မယ်။ တစ်ဖက်ခန်းက အင်္ဂလိပ် သင်တဲ့ ဆရာမလဲ ထွက်လာပြီ။ ဖြူဖြူသေးသေး နုနုနယ်နယ် ဆရာမက “ဘယ်လိုပြန်မလဲ။ ရထားနဲ့ဆို ဘူတာထိ သူ့ကားနဲ့ လိုက်ခဲ့ပါ” တဲ့။ သူ့ကား နီနီသေးသေးလေးပေါ် ရောက်တော့ တပ်ထားတဲ့ အမှတ်တံဆိပ်တွေကြောင့် ဆရာမဟာ ခရစ်ယာန် ဘာသာဝင်မှန်း သိရတယ်။ ကျမထက် ဆယ်နှစ်ခန့်ကြီးပြီး အကျဉ်းထောင်မှာ စာပြနေတာ ဆယ်နှစ်လောက်ရှိပြီတဲ့။

တရွေ့ရွေ့နဲ့ စာသင်ရက်တွေကုန်လို့ စာမေးပွဲစစ် အမှတ်စာရင်းအတိုင်း အောင်စာရင်းလေးထုတ်ပေးတယ်။ သင်တန်းဆင်းလက်မှတ်တွေ ပေးအပြီး “တီချယ် တီချယ် Orchard မှာတွေ့ရင် ခေါ်မယ်နော်” လို့ ပြောလိုက်တဲ့ ကောင်မလေး တစ်ယောက်စကားကြောင့် Orchard လမ်းပေါ်ရောက်တိုင်း ဘယ်နေရာကများ ကိုယ့်ကို ခေါ်လိုက်လေမလဲလို့ ယောင်လည်လည်နဲ့နားစွင့်ရင်း...

16 comments:

  1. သီတာရေ.. စိတ်ဝင်စားဖို့ကောင်းလိုက်တာ..သူတို့က ထောင်ထဲမှာ စာတွေသင်ပေးတယ်ပေါ့။ နောက်ထပ်ရောသွားရသေးလားဟင်။

    နံပါတ်တောင် တစ်ခုထဲ ယူလို့မရလို့ဆိုတာကို သဘောတကျ ပြုံးလိုက်မိသေး...မသီတာရဲ့ ပန်းချီကားထဲကလူ အသက်ဝင်လာတာပေါ့..ဟိဟိ

    ReplyDelete
  2. အဲလိုနေရာတွေမှာ သွားသင်ရတာ အတွေ့အကြုံ တစ်မျိုးရတာပေါ့နော်။ စိတ်ဝင်စားစရာကောင်းတယ်။ ဆေးမှုနဲ့ကျတဲ့သူတွေကိုတော့ သိပ်မသနားလှဘူး။ သူတို့ လုပ်ချင်တာ လုပ်ရရင်း ဖြစ်တာမို့ တန်ပါတယ် အစ်မရယ်။ အပြင်မှာနေလဲ မိသားစု စိတ်ဆင်းရဲရတာပဲရှိတယ်။ အဲလိုပြောလို့ ရက်စက်တယ် မထင်စေချင်ဘူး။ ကြုံဖူးမှ
    ဘယ်လောက် စိတ်ညစ်စရာကောင်းမှန်းသိနိုင်တာပါ။

    ReplyDelete
  3. စာသင်ပေးတာကတော့ ထောင်ထဲကနေ GCE 'O' ဖြေလို့ရတယ် tg။
    သင်တန်းက တစ်လကို တစ်ကြိမ်။ သင်တန်းတစ်ခုကာလကတော့ နှစ်ပတ်လား သုံးပတ်လား သေချာမမှတ်မိတော့ဘူး။
    တို့ နှစ်ကြိမ်ပဲ သွားခဲ့တာ။

    ReplyDelete
  4. မသီတာရေ..
    စိတ်ဝင်စားဖို့ကောင်းပါတယ်..
    “သူတို့စိတ်တွေက
    သူတို့ကိုယ်ပေါ်မှာမရှိဘူးဆိုတာ
    သူတို့မျက်လုံးတွေက ဖေါ်ပြနေကြတယ်..“
    ဆိုတဲ့ စာသားလေးနားရောက်တော့..
    မျက်လုံးထဲ မြင်ယောင်လာပါတယ်..
    သူတို့ပေးတဲ့ရေကို ဘာလို့ မသောက်ရဲတာလဲဟင်..
    ဆေးစွဲနေတဲ့သူတစ်ယောက်ဆီမှာ..အိဒ်စ် ရှိနိုင်
    မယ်လို့ ယူဆလို့လား...
    ရှိခဲ့ရင်လည်း ရေသောက်တာနဲ့ ကူးဆက်နိုင်လား
    စိတ်ထဲမှာရှိတာမေးမိတာမို့..
    တမျိုးမထင်စေချင်ပါဘူး..မသီတာရေ့..
    ကျေးဇူးပါ..

    ReplyDelete
  5. တကယ့်ကို စာရေးကောင်းတဲ့သူပါပဲဗျိုး။ အစကနေ အဆုံးအထိ စိတ်ဝင်စားဖွယ်ရေးနိုင်ပါပေတယ်။ ဖတ်နေရင်း ပြုံးလည်း ပြုံးရသေးတယ်။ ကျနော် စဉ်းစားကြည့်မိတယ်။ ပန်းချီကားထဲကလူကတော့ တနေ့တနေ့ ကျိတ်ပြုံးရတဲ့ အကြိမ်အရေအတွက် နည်းမှာ မဟုတ်ဘူးလို့လေ။း-)

    “အချိုးကျချင်ယောင် ဆောင်ထားတဲ့” ဆိုတဲ့ အသုံးအနှုန်းကလေးကလည်း တိုတိုနဲ့ ထိမိပါတယ်။

    ကွန်ပြူတာဆရာမဖြစ်ခဲ့တာကြောင့်လားမသိ။...... ဘလော့ဂါအများစု မှားလေ့ရှိကြတဲ့ လက်ကွက်အမှားမျိုး (ရရစ်၊ ယပင့်၊ ဟထိုး၊ ၀ဆွဲ၊ အောက်မြစ် စသည်...) ကို ကျနော်အသေအချာ ပြန်စစ်ကြည့်တော့ လုံးဝမရှိသလောက်ပါပဲ။

    ReplyDelete
  6. အတွေ့အကြုံဆန်းတစ်ခုကို ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မမရေ။ သူတို့ထောင်ဘ၀ကို ဖတ်ပြီး မြန်မာပြည်က သိပ်ဆိုးရွားတဲ့ ထောင်ဘ၀ကို ပြေးမြင်မိပါတယ်။

    ReplyDelete
  7. အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်

    ReplyDelete
  8. တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အတွေ့အကြုံပါ နောက်ရှိသေးရင်ဝေမျှပါအုံး။

    ReplyDelete
  9. ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ် မသီတာ။
    ပိုက်ဆံနဲ့ ပေးပြီးဝယ်ယူလို့ မရတဲ့ အတွေ့အကြုံတွေကို ခုလို ပြန်ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ ရှိသေးရင်ဖတ်ချင်ပါသေးတယ်

    ReplyDelete
  11. မသီတာ...
    ကျနော့်ဆီကို မသီတာရောက်ပေမယ့်..
    ဒီကိုတော့ ပထမဆုံးအကြိမ်ရောက်လာခြင်းပါ...
    ဒါပေမယ့် စိတ်ဝင်စားသွားတယ်ဗျာ...
    ကျနော်က ကိုယ်မတိုးဝင်ဘူးတဲ့ ဘ၀တွေကို အရမ်းစိတ်ဝင်စားတယ်...ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ...နောက်လဲ အမြဲလာလည်တော့မယ်ဗျာ...။

    ReplyDelete
  12. မသီတာ...
    အတွေ့ အကြုံက အရမ်း စိတ်ဝင်စားဖို့ကောင်းပြီး စာအရေးအသားက တကယ်ကို ဆွဲဆောင်မှုရှိပါတယ်။ ရှိသေးရင် ဆက်ရေးပါအုံးနော်...။

    ReplyDelete
  13. မ ရေ… အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်…
    ဒီလို အတွေ့ အကြုံမျိုးရဖို့  မလွယ်ဘူးနော်…
    ထောင်ကျနေပေမယ့် အခွင့်အရေးတွေ ရနေသေးတဲ့ သူတို့ ဘ၀ကို ဖတ်မိတော့….
    မ ရေ… တဆက်တည်း ဆရာကြီးဦးဂိုအင်ဂါ ထောင်သားတွေ တရားပြတာကို သွားသတိရမိပါတယ်…

    ReplyDelete
  14. ရေကို ဘာလို့ မသောက်တာလဲ ဟင်။ ရေနွေးတော့ သောက်လို့ရမယ်ထင်နေတာ။
    သူတို့ထောင်က မဆိုးဘူးနော်။ စာမေးပွဲတောင် ဖြေလို့ရသေး။
    မွန်ပြောသလို နော်ဝေးဆေးသမားတွေကို အဲလိုပြောတော့ ဆေးသမားတွေကို ပြုစုစောင့်ရှောက်တဲ့ လူတွေထဲက တယောက်က မင်းကို မင်းလိုချင်တဲ့ စည်းစိမ်ဥစ္စာတွေ အားလုံးပေးမယ် မင်းဆေးသုံးပါဆို သုံးမလားတဲ့။ ဟိ
    ဒါနဲ့ ပါးစပ်ပိတ်ပြန်လာဖြစ်တော့တယ်။
    အမ ခင်မင်းဇော်

    ReplyDelete
  15. ထောင်ထဲမှာ ခဏတာ စာသင်ခဲ့ရတဲ့ အတွေ့အကြုံကို ဝေမျှခွင့်ရပြီး စိတ်ဝင်တစား ဆွေးနွေးသွားကြလို့ ကျေးဇူးပါနော်။
    မှတ်မိနေသေးတဲ့ အချက်အလက်အချို့ကို ရေးဖို့ကြိုးစားပါဦးမယ်။
    ရေကို ဘာလို့ မသောက်လဲ ဆိုတာကတော့ ပို့စ်ထဲမှာ ဆန်းကြယ်တဲ့ လူ့စိတ်လို့ ရေးထားတဲ့ အတိုင်း ကိုယ့်ကိုကိုယ် နားမလည်တာကို လုံးချလိုက်ပါရစေတော့နော်။ ဆေးသမားတွေမို့ ရောဂါကူးနိုင်တယ်ဆိုတဲ့ သတိလည်း ထားခဲ့ပါတယ်။
    နှာစေးလို့ ဘာမီတွန်သောက်မိရင်တောင် အိပ်မှန်းမသိအောင် အိပ်ပျော်တာ။ မူးယစ်ဆေးတွေဆို ဘယ်လောက်ထိ အသိဉာဏ်ကင်းမဲ့လေမလဲ...

    ReplyDelete
  16. အထူးအဆန်းလေးကို သိရသလိုပါ၊၊ စိတ်ဝင်စားဖို့လည်း အတော်ကောင်းဗျာ ၊၊

    ReplyDelete