Tuesday, February 24, 2009

မူကွဲ

ပူစီသည် ငါးကြော်ကို အလွန်ကြိုက်၏။ ငယ်ငယ်တုန်းက ဖတ်စာထဲကလို ပြောရမည် ဆိုလျှင်-
ကိုဧရာသည် ဘဒါကြော်ကို အလွန်ကြိုက်၏။

ဒီက ပဆာမလန်း (ကျမတို့ အခေါ် ပွဲဈေးတန်း)မှာ ကုလားကြီးကြော်ရောင်းတာကို အမြဲလိုလိုဝယ်စားတတ်သည်။ စားတိုင်းလည်း “ဘယ်လိုကြော်ထားမှန်းမသိဘူး” “တော်တော်ညံတယ်” “ဒါလေးတောင် မကြော်တတ်ဘူး” ဟု မြည်တွန်တောက်တီးသေး၏။ မန္တလေးမှာဆို ဘယ်လို ကြွပ်ရွနေတာဟု တသသ ပြောရင်းဖြစ်၏။ သို့သော် ၀ယ်စားမြဲကားစား၏။ ဒီက ဘဒါကြော်မှာ ဖောင်းဖောင်းကြွကြွ စားချင်စဖွယ်ကြီး ဖြစ်ပါသည်။ မုန့်သားဖော်စပ်ထားသည်မှာ မန္တလေးမှ ဘဒါကြော်လိုပင် မတ်ပဲလည်းပါပုံရပါသည်။ သို့သော် ဂျုံသားကများသည်။ မန္တလေး ဘဒါကြော်ကတော့ မုန့်နှစ် စပ်ရာတွင် ငှက်ပျောသီးလည်း ထည့်သေးသည်ဟု သိရ၏။ သူ့မေမေက မန္တလေးမှ ဘဒါရယ်ဒီမိတ် (မတ်ပဲ) အမှုန့်ထုတ် ၀ယ်လာပြီး ကြော်ကျွေး၏။ မန္တလေးမှ အကြော်အရွယ်အတိုင်း အခု ၂၀ ကျော်ကို တစ်ထိုင်တည်းစားလေသည်။ “သူ့အရပ်နဲ့သူ စားနေကျပုံစံကို အကြိုက်တွေ့တာ ဖြစ်မှာပါ။ ဒီမှာ မန္တလေးက ပုံစံအတိုင်း ကြော်ရောင်းရင်လည်း ဒီကလူတွေ ကြိုက်ချင်မှ ကြိုက်မှာပေါ့” ဟု မသီတာက လေပြေထိုးရလေသည်။ (ဒါတော့ တတ်တယ်)


*****
မသီတာသည် မုန့်ဟင်းခါးကို အလွန်ကြိုက်၏။

မောင်နှမများသဖြင့် ၀၀လင်လင်စားရအောင် အမေက အိမ်မှာမကြာခဏဆိုသလို ချက်ကျွေးပါသည်။ ငါးခူ၊ ငါးဂျီးနှင့် သာချက်ပြီး ဆန်မှုန့်အကျက်၊ မြေပဲလှော်ကို ထောင်း၊ ကုလားပဲကိုပြုတ် ဇကာတိုက် ၀ိုင်းကူချက်ခဲ့ရပါသည်။ ဘယ်တော့ချက်ချက် တစ်ပုံစံတည်းထွက်တဲ့ အမေ့လက်ရာ မုန့်ဟင်းခါး။ ဒီမှာတော့ ရတဲ့ငါးနှင့် ချက်… ရပြီကွဲ့ ဘိုကလေးမုန့်ဟင်းခါး။ ဆန်မှုန့် မရှိလို့ ရွှေကြည်မှုန့် ထည့်… ခေါ်လိုက်မကွဲ့ ပုသိမ်မုန့်ဟင်းခါး။ ဒီတစ်ခါတော့ မြေပဲလှော်လေးကလည်း အဆင့်သင့်ရှိနေ ကုလားပဲလေးပါ ပြုတ်ပြီး ကျိတ်ထည့်တော့ ဟင်းရည်က မချွဲဘူးပေါ့ ဟဟာဟား… ဖျာပုံမုန့်ဟင်းခါး။ ဆန်မှုန့်လည်း မရှိဘူး ပဲမှုန့်ဘဲ ရှိတယ်တော့ ချကွာ လာလေရောဟဲ့… ကျိုက်လတ်မုန့်ဟင်းခါး။ တစ်ခါတလေတော့လည်း အထုတ်ကလေးဖောက်ချက်… မြောင်းမြမုန့်ဟင်းခါး။ ဒီလိုနဲ့ မသီတာ တစ်ယောက် မုန့်ဟင်းခါးတွေ ချက်လာလိုက်တာ မြစ်ဝကျွန်းပေါ်ကမြို့တွေ ကုန်သလောက်ရှိပြီမို့ အထက်ကို ဆန်လာပါပြီ။ တောင်ငူလောက်ရောက်လာပါပြီ။ မန္တလေးက တပင်တိုင် မုန့်ဟင်းခါးတော့ မစားဖူးသေးပါ။

ဝန်ခံချက်။ ။ အဆိုပါ မုန့်ဟင်းခါးများ မည်သို့ မူကွဲသည်ဆိုတာ သေသေချာချာ မသိပါ။ တစ်ခါချက်လျှင် တစ်မျိုးထွက်နေသော မသီတာ၏မုန့်ဟင်းခါးများကို အလျဉ်းသင့်သလို အမည်တပ်လိုက်ခြင်းဖြစ်ပါသည်။

Vada ပုံများ Google search မှ ယူပါသည်။

21 comments:

  1. ပွင့်ဖြူဖက်က မုန့်ဟင်းခါးကတော့ ငါးလည်းမပါ။ ငှက်ပျောအူလည်းမပါ။ ပဲချည်းသက်သက်နဲ့ ချက်တဲ့မုန့်ဟင်းခါး။ မင်္ဂလာဆောင်တွေမှာလည်း အဲဒါပဲ ကျွေးတာ။ တက္ကသိုလ်ကျောင်းသားဘ၀က အိမ်ကိုအပြန်…. မြို့ထိပ်က ပွဲဈေးတန်းမှာ သွားဝယ်စားကြည့်တော့ မကြိုက်ဘူးခင်ဗျ။ ငယ်ငယ်ကတော့ ကြိုက်ပါတယ်။ ငယ်ငယ်ကတော့ ဘာမဆို ကောင်းတာကိုး။

    ဒါပေမယ့် အညာမှာ မုန့်ဟင်းခါးအပေါ်မှာ ဆီချက်ကလေး၊ ပဲမှုန့်ကလေး ပုံပေးလိုက်ပြီး နယ်ဖတ်စားရတဲ့ မုန့်ဟင်းခါး လက်သုပ် မွှေးမွှေးလေးကိုတော့ ကြိုက်တယ်။ အရည်သောက်ကလည်း ဟင်းခါးရည်နဲ့လေးပေါ့။ မုန့်ဟင်းခါး ဟင်းရည်နဲ့ မတူဘူး။

    အခု အသက်အရွယ်လေးရ၊ သွေးတိုးကလည်းရှိတော့ မုန့်ဟင်းခါးစားပြီးရင် တဖိန်းဖိန်း သွေးတက်တတ်လို့ မုန့်ဟင်းခါးကို သိပ်မစားဖြစ်ဘူး။

    ReplyDelete
  2. ဘဒါကြော် တဲ့လား
    ဘေးဘယာတွေ ဝေးကွာစေမယ့် ဘယာကြော် ဟုတ်ဘူးလားဟင်

    ReplyDelete
  3. ဘရာကျော်နဲ့ မုန့်ဟင်းခါး ငမ်းသွားပါတယ်။ စားပဲ စားတတ် တာပါ။ ကြော်နည်း ချက်နည်းတွေတော့ မသိပါဘူး။ ပျော်ရွှင် အဆင်ပြေပါစေဗျာ။

    ReplyDelete
  4. ဆရာက ဘယာကြော် အခု ၂၀ စားနိုင်တယ်ဆိုလို့
    အံ့ခြိမ်းသွားတယ်။
    မုန့်ဟင်းခါးက တစ်ပွဲ 150 ဝယ်စားရတုံးက မကြိုက်၊ ခု ကိုယ့်ဘာသာ ချက်စားမှ ဖြစ်တော့ စားချင်...။မြောင်းမြ ဒေါ်ချိုထဲကို ကုလားပဲပြုတ်နဲ့ ငါးမွှေနဲ့ ရောချက် လိုက်တာပဲ...။ အဲဒီလို တစ်မျိုးပဲ ချက်တတ်လို့...ဟီးးး။

    ** မသီတာရဲ့ စာရေးပုံက သွက်လက်ပြီး ဖတ်ရတာ ပြုံးနေရတယ်..။ အိမ်မှာစကားပြောလည်း ဟာသညဏ်ရွှင်ပြီး အဲလိုပဲနေမှာပဲနော်...။ ဟိုနေ့က စုချစ်သူ မန့်သွားတာ ဖတ်ပြီးပြောတာပါ။
    "ကိုယ့်မှာ ဟောဒီက သားသားလေးကို ချစ်ရတာကတသွယ်၊ ဟောဒီက ဖေဖေကြီးကို မေတ္တာပိုရတာကတမျိုး၊" ဆိုပြီး ဇာတ်မင်းသား ၂ပါးသွားကနေသလို စတိုင်နဲ့တဲ့... ဟိဟိ...

    sin dan lar

    ReplyDelete
  5. ဘာပဲဖြစ်ဖြစ် မုန်းဟင်းခါးလဲကြိုက်သလို
    ဘရာကြော်လည်းကြိုက်ပါသည်။

    မကောင်းလဲ ပါးစပ်ကပြော၍ စားကားစာပါသည်။
    အိမ်မှာလည်း မည်သို့ချက်ချက် မညှီလျှင်ပီးရော စားပါသည်။
    ယခုတလော အာသီသမှာ မုန်ဟင်းခါးဖြစ်၍ စိတ်ကူးနှင့် အစုံစားသွားပါသည်။

    မြတ်နိုး

    ReplyDelete
  6. ဟာ... မမသီတာရေ... ကြုံတုန်းလေး အတင်းဝင်တုတ်သွားဦးမယ်။ အိမ်က မန်းသားကလည်း အိတ်လိုပဲ တခုခုချက်ကျွေးပြီဆို ... ဟင်... မန်းလေးကလိုလည်းမှုတ်ဖူး။ တူလဲမတူဘူးနဲ့ ပြောတတ်တာ။ မန်းလေးကဆိုဘယ်လို ဘယ်ပုံနဲ့... စိတ်တိုနေတဲ့ အချိန်ဆိုရင်တော့ အဲသာဆိုလည်း ဒါတွေ လာမစားနဲ့ မန်းလေးပြန်ပြီးသွားစား ပြောပစ်လိုက်တယ်... ဟီး။

    စိတ်လိုလက်ရ အချိန်ဆိုရင်တော့ ကဲ... ကဲ မန်းလေးက ဘယ်လိုမျိုးချက်လဲ မေးပြီး သူပြောတဲ့ အတိုင်းလုပ်ပေးလိုက်ရတယ်။ နားညည်းလွန်းလို့...။ ဟိုနေ့ကတောင် ဘယာကြော်ချက် လုပ်ပါဦး တောင်းဆိုနေတာ ကိုယ်က မကြိုက်တော့ မကြားချင်ယောင်ခဏဆောင်နေလိုက်တယ်... အဟိ။

    သူများချက်တဲ့ မုံ့ဟင်းခါးလည်း မမသီတာပြောသလို မြန်မာတပြည်လုံးအနှံ့ နံမည်တတ်ရမလိုပါပဲ... လက်ရာက တခါချက် တမျိုးနဲ့...
း)

    ReplyDelete
  7. ဘယာကြော်ရော..မုန့်ဟင်းခါးရော အလွန်ကြိုက်ပါသည်။
    မုန့်ဟင်းခါးထဲ ဘယာကြော်ထဲ့စားတာတော့ မ ကြိုက်ပါ။း)

    ReplyDelete
  8. မသီတာ..
    ကျနော်က ဗမာဘယာကြော် ပိုကြိုက်တယ်..
    ကုလားဘယာကြော် မကြိုက်ဖူး..
    မုန့်ဟင်းခါးဆို...အသားကုန်ကြိုက်...
    ဘယ်နယ်ကဖြစ်ဖြစ်..

    ReplyDelete
  9. တို့လည်း မတ်ပဲကြော်ကြိုက်တယ်..မောနင်းစတားရောက်တိုင်း စားတယ် ။ ကုလားဘယာကြော်လည်း ကြိုက်တာပဲ..။

    မုန့်ဟင်းခါးလည်း ကြိုက်စ်...။ ဒါပေမယ့် ငရုပ်ကောင်းများတဲ့ မုန့်ဟင်းခါးတော့ မကြိုက်ဘူး။ Feel မှာ မနက်စာ သွားစားတိုင်း (ကလေးပို့ပြီး ကြုံလို့)လပွတ္တာလား..ဟသာင်္တလား မေးရင် ရောလွန်းလို့ ရန်မျိုးအောင်နဲ့ တည့်တယ်လို့ မှတ်ထားရတယ်..ဟဲဟဲ..။ တောင်ငူမုန့်ဟင်းခါးကတော့ တကယ် သီးသန့်ပဲ..။ အရည်ကျဲ...။ တောင်ငူသူကို ပွဲတောင်းလိုက်ပါလား..။ (မြှောက်ပေးလိုက်သည်)

    ReplyDelete
  10. ကုလားပဲနဲ့လုပ်တဲ့ဘယာကြောကြိုက်တယ။
    မုန့်ဟင်းခါးဆို အကုန်ကြိုက်တယ်။

    ReplyDelete
  11. မုန့် ဟင်းခါးဆို အရမ်းကြိုက် ဘယာကြော်ကတော့ သုတ်စားရင်ပိုကြိုက်တယ်

    ReplyDelete
  12. မုန့် ဟင်းခါးဆို အရမ်းကြိုက် ဘယာကြော်ကတော့ သုတ်စားရင်ပိုကြိုက်တယ်

    ReplyDelete
  13. ကျမလည်း တစ်ခါချက်ရင် တစ်မျိုးထွက်တယ်..မသီတာ။ ကျမကတော့ ပစ္စည်းတူပေမယ့် လက်မှန်း မတည့်လို့လေ။ မတူပါလား..ဒါဘာမုန့်ဟင်းခါးလဲ လို့ အမြဲမေးခံရတယ်။ :)

    ReplyDelete
  14. 24 Feb 09, 18:12
    ဆောင်း: ဗယာကြော်ရော မုန့်ဟင်းခါးရော စားသွားပြီနော်
    24 Feb 09, 21:03
    ဆောင်း: မသီတာရေ တခါချက် အရသာ တမျိုးဖြစ်တာ ကောင်းတယ် တော်ကြာ အရသာ တထပ်တည်းဖြစ်ရင် စားရတာ ရိုးသွားရော

    ReplyDelete
  15. မသီတာရေ...
    ဗိုက်ဆာနေတဲ့အချိန်မှာ လာဖတ်မိလို့ တော်တော်လေး ဒုက္ခရောက်သွားရပါတယ်...။
    ဆာဆာနဲ့ ပြုံးနေရတယ်...
    မုန့်ဟင်းခါးဆိုရင် အချိန်မရွေး နေရာမရွေး နာမည်မရွေး ဆိုင်မရွေးပါပဲ...
    မသီတာဆီမှာ လာစားပါဆိုလဲ ရောက်အောင်လာမှာနော်...

    ReplyDelete
  16. မန္တလေး ဘယာကြော် ကောင်းတာ အမှန်ပဲ မရေ… မပဲကြော်လေးကလဲ တကယ်ကို ရွနေတာ… ဒီတခေါက် စားခဲ့သေးတယ်… ဆရာလွမ်းတာလဲ မပြောနဲ့ ….
    မုန့် ဟင်းခါးက မ လက်ရာကမှ နာမည်တပ်လို့ ရသေးတယ်… ကျွန်မလက်ရာကတော့ ဘာမှန်းကိုမသိတာ… တခါတလေ မုန့် ဟင်းခါးနဲ့ တောင် မတူဘူး…
    ခေါင်းတွေ ကိုက်နေလို့ ဒီနေ့ ဆေးခွင့်ယူရတဲ့ မ ရေ… ကွန်ပြူတာ ကြာကြာကြည့်လို့ မရလို့  ပျောက်နေတာပါ…

    ReplyDelete
  17. စားစရာတွေစုံလှ။ မသီတာကြီး ပျော်နေ၏။ ဦးဧရာပြန်ရောက်၍ ဖြစ်မည်။

    ReplyDelete
  18. ပုံရိပ် / Pon YateFebruary 26, 2009 at 10:44 AM

    မူကွဲပေမယ့် ချက်တတ်ရင် တော်သေးတာပေါ့ မသီတာ။ အဲဒီ မူကွဲလေးတောင်မှ မစားရတဲ့လူတွေထက် စာရင် ပြောတာပါ :D။

    ReplyDelete
  19. ကုလားကြီလမ်းဘေးမှာ ထိုင်ရောင်းတဲ့ဘယာကြော်သေးသေး
    လေးတွေလဲကြိုက်တယ။်

    အကြော်ဆိုရင် အကုန်ကြိုက်တယ်။ ကြွပ်နေရင်ကြိုက်တယ်။ စားချင်လိုက်တာနော်။

    မသီတာရေးတာ သေချာ၏

    မုန့်ဟင်းခါးကြိုက်၏။ ညှပ်ခေါက်ဆွဲမကြိုက်.

    ငယ်င်္စဥက ပိုက်ပပိုက်သိတ်မှရိရွေ့ထမင်းလေးနဲ့ တွဲစားခဲ့ရရာ ယခု ပိုက်ပိုက်အသင့်အတင့်ရှိသော်လည်း ထမင်းလေးထည့်. ငံပြာရည်လေးထည့် ငရုတ်သီးမှို့ကိလေးထပ်ထည့်။ (ပြောရင်းနဲ့ ဂလုကနဲဖြစ်သွားအခုထက်ထိ ဘာမှ စားစရာမရှိမစီမ့ရသေး)။

    စီမံ့လညည်းထူးပြီးထွက်လာမည် မဟုတ် .ကျွိန်ုပသည် အတော်ညံ့သောမိန်မတယောက်ဖြစ်သည်။

    အိမ်ထောင်ဖက်ရှိသေးတာ ကံကောင်းသူကတော့ကံမကာင်းပေါ။

    မုန့်ဟင်းခါးထုတ်များကို သူ့မူလ အရသာလုံ့းဝမပျက်စေရ original အတိုင်းပြူတ်လိုက်သည်။

    အိမ်ကပို့တဲ့ငါးကြေ်ကိုတောင် ပြန်ကြော်ခွင့်ကို ကိုမဆာလာ ကခွင့်မပြူ. ပျက်စီးသွားပေါင်းများသောကြေင့်.။

    ReplyDelete
  20. တောင်ငူဟင်းရည်ကျဲချက်လို့ကတော့ ခေါ်ခေါ်မခေါ်ခေါ် လာစားမှာဗျ အမရ။ တောင်ငူပြန်တုန်းက မနက်တိုင်း အဝတီးတာ ဒေါ်ပိုဟင်းရည်ကျဲနဲ့ ရွှေနဂါးဆီချက်။ ဒီမှာ ချက်စားဖို့တော့ ဆန်လှော်မှုန့်သယ်လာတယ်။ အမပြောမှ သတိရတယ်။ ချက်စားဦးမယ်။ ဟီး

    ReplyDelete
  21. လောလောဆယ်တော့ ဘရာကြော်ကိုထမင်းဖြူပူပူလေးနဲ့
    စားချင်နေပါတယ် ။

    ReplyDelete