Friday, March 20, 2009

ချစ်တဲ့ သူငယ်လေ

ခေါင်းကိုက်လို့ ပို့စ်လေးတွေ အတင်ကျဲသွားတယ်။ အခုတော့ သက်သာလာသမို့… သူငယ်ချင်းတွေကို
ချစ်တဲ့ သူငယ်လေ ))) လို့ (စန္ဒယား လှထွဋ်လို အသံသြသြကြီးနဲ့) နှုတ်ဆက်လိုက်ပါတယ်။

ကျန်ခဲ့တဲ့ Sundayက ငယ်ငယ်ကတည်းက တွဲခဲ့တဲ့ အရိပ်အကဲမသိသူ နဲ့အတူ သူငယ်ချင်း တယောက် လေးဆယ်ကျော်မှ ကံပေါ်ဆိုသလို သမီးဦးကလေးမွေးလို့ သွားကြည့်ကြတယ်။ သူငယ်ချင်းတွေကလည်း မတွေ့တာ ကြာပြီဆိုတော့ စကားတွေ တော်တော်ပြောဖြစ်တယ်။ ယောကျ်ားတွေ အကြောင်း၊ မိန်းမတွေ အကြောင်း၊ ကလေးတွေ အကြောင်း။ မီးနေသည် သူငယ်ချင်းကလည်း ကလေးရလာတော့ အရင်တုန်းကနဲ့ နည်းနည်းမှ မတူတော့ကြောင်း တာဝန်တွေ ဝတ္တရားတွေနဲ့ ကိုယ်ရော စိတ်ပါ ပင်ပန်းကြောင်းတွေ ပြောပါတယ်။ ကျမကတော့ ဟုတ်တယ် ဟုတ်တယ်ပေါ့။ နောက်သူငယ်ချင်းကတော့ အမယ် အမယ် ရင်ဖွင့်နေတယ်ပေါ့လေ ဆိုပြီး တဆက်တည်းဆိုသလို ပြောချလိုက်တာ “ငါသာ ကလေးရရင် ငါ့ယောကျ်ားနဲ့ ငါ ကွဲမှာပဲ” တဲ့… ဒီတော့ ဟို မီးနေသည် သူငယ်ချင်းက “ဟဲ့ဟဲ့ နင်ကလည်း ဘယ့်နဲ့ ကလေးရမှ ကွဲမှာတုန်း” ဆိုတော့ သူက “ဟုတ်တယ်လေ သူလည်း မထိန်းချင်၊ ငါလည်းမထိန်းချင်ဆိုတော့ ကွဲမှာပေါ့” တဲ့…အဲ့လိုအဲ့လို နားမခံသာအောင် အရိပ်အကဲမသိ ပြောတတ်တဲ့ သူက…

(ကျမ သားဦးကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ဘယ်အချိန်မှာ ဘာဖြစ်တယ်ဆိုတာ ကျမထက် ပို မှတ်မိတဲ့သူ။ လေးလကျော်ကတည်းက ဆေးရုံမှအပ်ထားတဲ့ ဗိုက်ကို တလ တခါ ပုံမှန် check up တွေမှာလည်း ကြုံသလို အဖော်လိုက်ပေး။ လမစေ့သေးပဲ ကလေးကမွေးမလိုလုပ်လို့ ဆေးရုံတက်ခဲ့ရတုန်းကလည်း အပြင်မှာ တနေကုန်ထိုင်စောင့်။ ကလေးလေးမွေးလာတော့လည်း သူတို့ မင်္ဂလာဆောင်တဲ့နေ့ မွေးတာဆိုပြီး သည်းသည်းလှုပ်။ ကလေး လက်သည်းညှပ်။ နဖာချေးကလော်။ ကလေး ရေစ,ချိုးတော့မယ် ဆိုတော့လည်း အိမ်အောက်ပြေးဆင်း ဒါလား ဒါလား မသိလို့ ငါနှစ်ခု စလုံး ဝယ်လာလိုက်တယ်တဲ့

(ပုံထဲက ဇလုံနှစ်ခုက သားကြီး မွေးစ ၁၉၉၈ကတည်းက သူငယ်ချင်းဝယ်ပေးထားတာမို့ သူတို့ သက်တမ်း ဆယ်နှစ်ကျော်ပါပြီ)
မီးနေသည် ကျမကိုလည်း နို့ကြောင်းမပိတ်အောင် ညှစ်ရ။ ရေနွေးပုလင်းကပ်ရ။ ဗိုက်ကြီးပူကျန်မနေခဲ့အောင် ဗိုက်စီးပေးရ။ အများကြီးကို ကျန်ပါသေးတယ် ဥဿုံပါပဲ...။ မီးနေသည်တယောက်ရဲ့ ဝေယျာဝစ္စတွေကို စိုးရိမ်တကြီး စိတ်ပါလက်ပါ လုပ်ခဲ့သူပါ။)

ပုခက်ကလေးထဲမှာ အိပ်နေတဲ့ မွေးကင်းစ ကလေးလေးကို ဘေးကကြည့်ရင်း သူ မျက်ရည်ဝဲတယ်။ အမှတ်တမဲ့ ဆိုသလို မျက်လုံးဒေါင့်က မျက်ရည်တချို့ကို လက်ချောင်းတွေနဲ့ တောက်ပစ်လိုက်တယ်။
အရိပ်အကဲမသိ အပေါက်ဆိုးသလောက် ဟန်ဆောင်ကလည်း မကောင်းဘူး…

(ကိုယ့်ပတ်ဝန်းကျင်က ချစ်တတ်ပြီးမှ အချစ်ငတ်ရရှာလေသူတို့ အတွက် ~)

7 comments:

  1. လူ့လောကထဲ ရောက်လာတဲ့
    ကိုယ့်ကလေး
    ကိုယ့်ရင်သွေးကို မချစ်တဲ့ အဖေ အမေ ရယ်လို့ မရှိပါဘူး။
    မိဝေး ဖဝေး ဆွေမျိုးဝေးနဲ့ ကလေးမွေးလာရင် (ဦးဧရာလို) အကုန် လုပ်ပေးရမှာ သဘာဝပဲထင်ပ

    တလေးတစားပါပဲ

    ReplyDelete
  2. နားလည် တန်ဖိုးထားတတ်မှုအတွက် ကျေးဇူးပါ ကိုဝင်းဇော်ရေ...ပို့စ်ထဲမှာ အပြာရောင်နဲ့ရေးထားတာတွေကတော့ ကျမသူငယ်ချင်း လုပ်ပေးခဲ့တာတွေပါ။ ဟုတ်ပါတယ် မိဝေး ဘဝေး ဆွေမျိုးဝေးမှာ ခင်ရာဆွေမျိုးတွေ အားကိုးနဲ့ပဲ အခက်အခဲမရှိ ကျော်ဖြတ်ခဲ့တဲ့ အမှတ်တရတွေပါ။ ကျေးဇူးတရားတွေ အကြောင်း ဆက်ပြောရရင်တော့ အမတယောက်ပြောတတ်တဲ့ စကားလေးက "အေးပါအေ သေတ္တာထဲ ထည့်သိမ်းထားလိုက်ပါမယ်" တဲ့ (သူ့ကိုကျေးဇူးတင်တယ် ပြောရင်လေ)။
    မီးဖွားတုန်း စောင့်ရှောက်ဖို့ ကျမ ညီမလေး ရောက်လာခဲ့ပါတယ်။ သူကလည်း အငယ်ဆုံးလေးမို့ ဘာမှ မလုပ်တတ် မကိုင်တတ်ရှာပါဘူး။ မီးနေသည် စောင့်ရှောက်ဖို့ လာခါနီး အမေ့ကို မေးတယ်တဲ့ "အမေ ငါးပိရည် ဘယ်လိုကျိုရသလဲဟင်" လို့။
    အမတွေ မွေးဖွားတိုင်း လူကြီးရော ကလေးကိုပါ စွမ်းအားရှိသလောက် စောင့်ရှောက်တတ်တဲ့ တူတွေ တူမတွေ တပုံတပင်ကြီးနဲ့သူလေးလည်း သားသမီးရတနာ မထွန်းကားရှာပါဘူး...

    ReplyDelete
  3. မမသီတာ...
    သူများလည်း ကေကေဆေးရုံသွားတုန်းက ဗိုက်ထိန်း ၁ရက်လိုက်လုပ်ပေးရသေးတယ်လေ...
    ကိုရေ... ဘာလေးလို့ ထင်သတုန်းလို့ ... မမသီတာ အိတ်နေ့မှ ဖုန်းနဲ့ လှမ်းပြောရပါသကောလား....

    ဟီး... အတင်းကြီးကို ၀င်ပါတာ... ဘယ်ရမလဲ...
း)

    ReplyDelete
  4. အမှတ်တရလေးတွေ ဖြည့်စွက်ပေးတတ်တဲ့ စုချစ်...
    ကျေးဇူးပါနော်...

    ReplyDelete
  5. အပိုမပြောတတ်ပေမဲ့ စေတနာကောင်းလှတဲ့ ချစ်စရာ သူငယ်ချင်းတယောက် ရထားတဲ့ မမသီတာ ကံကောင်းလိုက်တာ။

    ReplyDelete
  6. ဟုတ်... အဲဒီလို အပေါက်ဆိုးတဲ့ သူတွေကလေ... နှလုံးသားလေး ဖြူစင်ကြတယ် ခင်ဗျ။ အဲဒီလို အရိပ်အကဲ မသိတဲ့ သူတွေကလေ... တကယ်တမ်းကျတော့ ဂရုစိုက်တတ်ပါတယ် ခင်ဗျ။

    ယုံတယ် မဟုတ်လား ခင်ဗျာ...

    ReplyDelete
  7. မမသီတာ ဘယ်လောက်တောင် သူ့ အပြောတွေခံခဲ့ရတယ် ဆိုတာ သူများတွေ သိမယ် မထင်ဘူး။
    သူက အားလုံးကောင်းပါတယ်....ဒါလေးဘဲဆိုးနေတာ၊ ပါရမီထင်ပါ့။
    သူက တော့ သူမှန်တယ်ထင် ရင် ပြောချလိုက်၊ လုပ်ချလိုက် တာ ဘဲ၊ မြန်မာ ပြည် မှာ ဆို …ဒန် ဒန့် ဒန်...
    ဒါပေမဲ့ သူက ကြင်နာတတ်တယ် ၊ သနားတတ် တယ်၊ တွယ်တာတတ်တယ်၊ အမှန်ပါ ။
    ပေါင်းလက်စနဲ့  သည်း ညည်းခံ လက်စနဲ့ ၊ သည်း ညည်းခံ ပြီးပေါင်းလိုက်ပါ မမသီတာ ရယ်။

    ReplyDelete