မသီတာ ပို့စ်မရေးနိုင်တာ … စိတ်နောက်သွားလို့ပါ။ ညကအိပ်မက်ထဲမှာ Blog Roll က လင့်တွေ နှိပ်လိုက်ရင် blank page တွေချည်း ထွက်ကျလာလို့ “ဟဲ့ ဟဲ့ ဘယ်လိုဖြစ်တာလဲ? ထားခဲ့ရင်တောင် အနည်းဆုံးတော့ ဒီလိုလေး
ကျန်ခဲ့ပါသေးတယ်” လို့ အိပ်မက်ထဲမယ် မျက်နှာငယ်လေးနဲ့ လိုက်မေးနေရှာတာ သနားစရာလေးပါ။
မေအောင် ကိုလည်း လွမ်းပါသည်။
ဗေဒါရီ လည်း လွမ်းပါသည်။
ဇနိမောင်နှံ ရာသက်ပန်ရယ်လို့
အလင်းညီရေ
အမယ်မင်း မုဒိတာ ရယ်
မိုး ရယ် ဆောင်း ရယ်
ဒီမနက်တော့ ဒီလိုတွေ ပါးစပ်ကတတွတ်တွတ်ရွတ်ပြီး ဘလော့ရွာထဲ လျှောက်သွားနေလေရဲ့…
မေအောင် ကိုလည်း လွမ်းပါသည်။
ဗေဒါရီ လည်း လွမ်းပါသည်။
(အစပိုင်းတော့ တိုးတိုးလေး ထပ်ကာထပ်ကာရွတ်နေတာ…)
တမ်းတရ လွမ်းသမျှ အပူတွေ
(နောက်တော့ ဆွေးမြေ့သံစွတ်လာတယ်…)အလင်းညီရေ
အသည်းအူတွေ ပြတ်ကြွေပြုန်း
(ရင်ခေါင်းသံကြီး ပါလာပြီ …)
သူယောင်မယ်လို ရှောင်ပုန်း
(ငိုငြီးသံလေးလိုလို…)
ကိုယ် ဘယ်ဝယ်လိုက်ရှာရ ရ ရ
Welcome ေရ အမြဲတမ်း ဆို.. ဆို ဆို(ရှိုက်…နေတယ်)
မိုး ရယ် ဆောင်း ရယ်
ကိုယ့်ချစ်သူတွေ အတူတူပါပဲကွယ်
(ထွက်ပေါက်ရှာသွားတာပါ…)
ဒီလိုပဲပေ့ါလေ…သူငယ်ချင်း အဟောင်းတွေက ခွဲခွါသွားကြတော့၊ အသစ် အသစ်တွေနား မရဲတရဲလေး တိုးသွားပြီး “မင်္ဂလာဆောင်ပါ” လို့ မျက်နှာချိုလေးသွေး
ခက်ဆစ်-
မင်္ဂလာဆောင်= မင်္ဂလာတရားကို ကိုယ်၊ နှုတ်၊ နှလုံးတို့၌ ဆောင်ထားခြင်း။
တောင်းပန်ခြင်း
အမှားပါရင် ခွင့်လွှတ်ပါ။ ဒီရက်အတွင်း အမှားတွေလုပ်မိသလိုပဲ…။ ကွန်မန့်တွေမှာ အူကြောင်ကြောင်တွေ ရေးမိလို့ တရက် နှစ်ရက်လောက် ကွန်မန့်တောင် မရေးပဲ နေလိုက်ပါတယ်။ ပို့စ်လည်းမရေး၊ ကွန်မန့်လည်းမရေး၊ CBox မှာလည်း အကြောင်းမပြန်ဆိုတော့ မသီတာ အခြေအနေ မကောင်းတော့ဘူးဆိုပြီး စိတ်မအေးရတဲ့ သူများကို လွန်တာရှိရင် ဝန္ဒာမိပါလို့ တောင်းပန်လိုက်ပါတယ်။
“လူသားအားလုံးပျော်ရွှင်ကြပါစေ”
(S-Cမှ တောင်းဆုမေတ္တာဝေ)
လူရွှင်တော်တွေ အသုံးနဲ့ ပြောရရင်တော့ ပျော်စေ၊ ပျက်စေ၊ ကလက်စေ ပေါ့လေ…(လွမ်းတာတော့ တကယ်ပါ။) ရေးဖြစ်တဲ့စာက…
*****
ဝါဝင်သွားပါပြီ…
ဝါထွက်လျှင် ဘ၀ စ,ပြီမို့ လိမ္မာချင်သည်မှာ ထွန့်ထွန့်လူးနေသည်။
ထမင်းစားလိုက်၊ ရေသောက်လိုက်၊ အိပ်ယာပေါ် လှဲလိုက်ဖြင့် ပြောင်ယောင်မလာမှန်း အတတ်သိပါသည်။
အာရုံများကို ကြိုးစားစုစည်းလေလေ၊ ဖွာလန်ကျဲ၍ ထွက်လေလေဖြစ်နေသည်။
လှိုင်လှိုင်ပေါကြွယ်နေသော အမုန်းတရားများအလယ်၌ ချိုသာသော အပြုံး၊ ယဉ်ကျေးသော စကားတို့ကို လေ့ကျင့် သင်ကြားပေးခဲ့သော အမိအဖတို့ကို ရန်လိုနေသည်။ ယဲ့ယဲ့သာကျန်တော့သော ကမ္မနိယာမတရားကို ယုံကြည်မှုမှ ရှိန်ရှိန်ညီးသော ငရဲမီးတို့ကိုလည်းကောင်း၊ လွင်ထီးခေါင်၌ ကောင်းကင်ကို ဖီလာတိုက်ကာ တွားသွားသော သတ္တဝါအဖြစ်ကိုလည်းကောင်း ဖန်တီးရှင်သည် မိမိကိုယ်တိုင်ပင်ဖြစ်ကြောင်း ပိုင်ပိုင် သိလိုက်ရပါ၏။
သို့သော် ကြုံလာသမျှသော အာရုံတွေက ရှေးထုံးမပယ် နိုင်မြဲတိုင်း နိုင်နေကြသောအခါ သူတို့ ကြိုးဆွဲရာ ဖတ်ဖတ်မောအောင် က,ရပါတော့သည်။ အာရုံတို့ကို မကြည့်ချင်၊ မမြင်ချင်၊ မကြုံချင် မဆုံချင်လောက်အောင်၊ မုန်းတီးလာသည်။ အမုန်းသံသရာမှ ရုန်းထွက်မရအောင် မွန်းကြပ်လှပါ၏။
ရွေ့လျားနေသည်များကို တုံ့ကနဲရပ်တန့်ရန်၊ ငြိမ်သက်နေသည်များကို သွားတော့လို့ တွန်းလွှတ်ရန် အားတို့လိုပါသည်။ ထိုအားတို့ကို တခါတရံမူလည်း နှလုံးသားကို ဆွဲလိမ်ညှစ်ခြင်းဖြင့် ဖြစ်စေရာ၏။ နာကျဉ်၏။ ခံခက်၏။ တခါတရံသော်လည်း လေအလာတွင် ရွက်လွှင့်ခြင်းမျိုးဖြင့် ဖြစ်စေနိုင်ပြန်၏။
လည်ချောင်းဝ၌ တစ်စို့လာသည်တို့ကို မြိုချရခြင်း၊ လှိုင်းလုံးများလို တလိမ့်လိမ့်လာနေသည့် ဒေါသတို့ကို မှီရာအရပ်က တားဆီးပြီး အခိုးအငွေ့အဖြစ် လွှင့်ထုတ်ရခြင်း၊ နားထဲသို့ တိုးဝင်လာနေသည်များကို မကြားချင်ယောင်ဆောင်ရခြင်း၊ …စသည်..စသည်တို့သည် အဘယ်သို့သော အားမျိုးတွေပါနည်း။ အားလုံးကို လူဖြစ်ရသည့် ဒုက္ခဆိုသည့် အိတ်ထဲ ထိုးကြိတ်ထည့်ရခြင်းဖြင့် ထိုအိတ်လည်း ချုပ်ရိုးတွေပင် ပြဲ၍ ကွဲထွက်ကုန်ပြီ…။ ဘဝဆိုတာ… ပို့စ်မှာ ရေးခဲ့သည့် တတ်နိုင်သမျှ နည်းအောင် ကြိုးစားမည်ဆိုသောအရာများသည် အညှိုးအတေး အလုံးအရင်းနှင့် အင်အားသုံးလာကြသည်။
(စိတ်ညစ်စရာတွေမို့ ပို့စ်အဖြစ် မတင်လိုပါ…တခါတလေ မသီတာ စာတွေမှာ ထွက်ပေါက်မရှိတာ သိပါတယ်။)
ဟောဒီမှာ…
EXIT
