ဤ အဝိရောဓေန၊ တရားကို မကျင့်ဆောင်၊ ပြည်သူတို့နှင့် ဆန့်ကျင်ဘက်ပြုလျှင် ပြည်သူတို့မုန်း၍ အလိုရှိရာ သခင်ရှာပြီးလျှင် မင်းကို ဖျက်ဆီးသည်။ မင်းအားကြီး၍ ပြည်သူတို့က မဖျက်ဆီးနိုင်လျှင်လည်း အခြားနိုင်ငံသို့ သွား၍ ပြည်ပျက်သည်။ ဤကဲ့သို့ ပြည်သူနှင့် ဆန့်ကျင်ဘက်ပြု၍ ပျက်စီးသည်ကား မရေတွက်နိုင်။ ငါးရာငါးဆယ်ဇာတ်၊ ရာဇဝင်တို့၌ အများပင် ဖြစ်လေသည်။ မျက်မြင်ကိုယ်တွေ့ဖြစ်ရသည်လည်း များလှလေပြီ။
[ရာဇဓမ္မသင်္ဂဟကျမ်း - ယောမင်းကြီးဦးဘိုးလှိုင်]
ဘုရားအလောင်းတော် ဝေဿန္တရာမင်းသည် သဗ္ဗညုတဉာဏ်ကိုရည်သန်၍ ဒါနပါရမီကို ဖြည့်တင်းတော်မူခဲ့ရာ၊ ဝတ္ထုပစ္စည်းတို့ကို မဆိုထားလင့် မိမိနှလုံးသားကိုပင် အလှူခံယူသူရှိက လှူအံ့ဟု ငယ်စဉ်ကပင် အဓိဋ္ဌာန်ထားခဲ့သည်။ သို့အားလျော်စွာ အခါတစ်ပါးတွင် မိုးခေါင်ရေရှား၍ ဒုဗ္ဘိကန္တရကပ်ဆိုက်ရောက်နေသော ကလိင်္ဂတိုင်းအား များစွာသော ကရုဏာသက်၍ ပစ္စယဆင်ဖြူတော်အား လှူဒါန်းခဲ့သည်။ ဤသည်ကို မိမိ၏ စေတုတ္တရာတိုင်းသာပြည်သူတို့က သဘောမကျ။ အမျက်ပြင်းစွာထွက်ကြ၍၊ ဝေဿန္တရာမင်းအား တိုင်းပြည်မှ နှင်ထုတ်ပါရန် ခမည်းတော် သိဉ္စည်းမင်းအား တောင်းဆိုကြ၏။ သက်ဦးဆံပိုင်မင်းဖြစ်သော သိဉ္စည်းမင်းက ဝေဿန္တရာသည်လည်း မိမိ၏သားဖြစ်၏။ စေတုတ္တရာတိုင်းသားတို့လည်း မိမိ၏သားသမီးများဖြစ်၏။ သားသမီးများ အချင်းများရာတွင် တစ်ယောက်နှင့် အများဖြစ်ပါက အများကိုအနိုင်ပေးရမည်။ ထို့ကြောင့် မင်းကြီးသည် သားတော် ဝေဿန္တရာအား ချစ်လျက်နှင့် နိုင်ငံမှထွက်ခွာရန် အမိန့်ထုတ်ခဲ့သည်။
ပစ္စယဆင်ဖြူတော်သည် ဝေဿန္တရာမင်း၏ ဘုန်းကံကြောင့် ပေါ်သော ဆင်ဖြူတော်ဖြစ်သည်။ အလှူသည် ငတ်မွတ်ခေါင်းပါးဘေးဆိုက်နေသည့် လူအပေါင်းအား ကယ်တင်လိုသော စေတနာဖြစ်သည်။ သဗ္ဗညုတဉာဏ်တော်ကို ရည်စူး၍ပြုသော မြတ်သောအမှုဖြစ်သည်။ မိမိ၏အမှုအပေါ်တွင် စိုးစိမျှ အပြစ်မြင်ဖွယ် မရှိသော်လည်း၊ ပြည်သူ၏ ဆန္ဒကိုလေးစားသောအားဖြင့် မင်းစည်းစိမ်ကိုစွန့်၍ ပြည်နှင်ဒဏ်ကို ကြည်ဖြူစွာ ခံယူခဲ့သည်။
မဟာသုတသောမဇာတ်တွင် ဘုရားအလောင်းတော် သုတသောမမင်း၏ ပညာသင်ဘက် ဗြဟ္မဒတ်မင်းသည် သားစားကြူးသူဖြစ်သည်။ စားတော်ဆက်သည် ‘ရသက’ ဖြစ်သည်။ ရသကသည် ပွဲတော်ဆက်တိုင်း အသားဟင်းကို ထည့်၍ ဆက်ရသည်။ အသားမရသော တစ်နေ့တွင် လူသားကိုချက်၍ ဆက်မိသည်မှစ၍ နောက်ဆုံးတွင် လူသားကို မစားရမနေနိုင်အောင် တပ်မက်သွားသော မင်းဖြစ်သည်။ ထို့ကြောင့်ပင် ပေါရိသာရ (လူသားစားသူ) ဟု အမည်ရသည်။ ရသကနှင့် ပေါင်းကာ ကောက်ကျစ်သောနည်းလမ်းများဖြင့် လူသားရအောင် ဖန်တီးကာ လူသားကို ပွဲတော်တည်သော မင်းဖြစ်သည်။ အကြောင်းစုံကို ပြည်သူတို့သိသောအခါ တိုင်းပြည်မှနှင်ထုတ်ခဲ့သည်။ လူကြမ်းပေါရိသာရမင်းသည် ပြည်သူ၏ ဆန္ဒကို မပယ်ရှားပဲ၊ မင်းအာဏာကို စွန့်ကာ ရသကကိုသာ ခေါ်၍ တိုင်းပြည်မှ ထွက်ခဲ့သည်။ “မရ, ရသက ချိုင်” ဟုဆိုစမှတ်ပြုရလောက်အောင် စားစရာလူသားရှားလာသောအခါ မိမိ၏ စားတော်ဆက်အဖော် ရသကကိုပင် သတ်၍ စားသော မင်းဖြစ်သည်။
နောင်တွင် မိမိဖမ်းမိထားသော သုတသောမမင်းနှင့် ‘သတာရဟ’ ဂါထာလေးဂါထာအား ဟောကြားပါက လိုရာဆုလေးဆုပြန်ပေးမည်ဟု ပေါရိသာရက ကတိစကားပြုသည်။ သုတသောမမင်းက ‘သတာရဟ’ ဂါထာလေးဂါထာ အား ဟောကြားကာ တောင်းဆု လေးဆု တောင်းသည်။ နောက်ဆုံး တောင်းဆုဖြစ်သော ‘လူသားမစားရန်’ အချက်ကို ပေါရိသာရက အလွယ်တကူ လက်မခံလို။ ထိုအခါ သုတသောမမင်းက “ခန္ဓာကိုယ်နှင့် စည်းစိမ်ဥစ္စာယှဉ်လာလျှင် ခန္ဓာကိုယ်အတွက် စည်းစိမ်ဥစ္စာကို စွန့်ရသည်။ အသက်နှင့် ခန္ဓာကိုယ်ယှဉ်လာလျှင် အသက်အတွက် ခန္ဓာကိုယ်ကို စွန့်ရသည်။ အသက်နှင့် ကတိသစ္စာယှဉ်လာလျှင် ကတိသစ္စာအတွက် အသက်ကိုပင်စွန့်ရ၏” ဟုဟောရာ ပေါရိသာရက မိမိပေးထားသော ကတိကို မပယ်ဖျက်ပဲ မင်းအာဏာနှင့်ပင် လဲခဲ့သော လူသားစားခြင်းကို စွန့်ကာ ငါးပါးသီလမြဲသွား ခဲ့သည်။ ထို့ကြောင့်ပင် ပေါရိသာရသည် ဂေါတမဘုရားလက်ထက်တော်၌် အင်္ဂုလိမာလမထေရ် အဖြစ် ကျွတ်တမ်းဝင်သွားခဲ့လေသည်။
နှလုံးသားနုသော ဝေဿန္တရာမင်းသည် မိမိကမှန်သည့်တိုင် ပြည်သူ့ဆန္ဒကို လေးစားသဖြင့် မင်းစည်းစိမ်ကို ကြည်ဖြူစွာ စွန့်ခဲ့ဖူးသည်။ လူသားစားသော လူ့ဘီလူး လူကြမ်းကြီးပေါရိသာရသည်လည်း ပြည်သူ့ဆန္ဒကို မလွန်ဆန်ပဲ မင်းအာဏာကို စွန့်ခဲ့သော ထုံးရှိ၏။ ပြည်သူကို ဆန့်ကျင်သော မင်းတို့သည် ပျက်စီးရသည်။ မင်းတို့အားကြီး၍ ပြည်သူက မတော်လှန်နိုင်လျှင်လည်း၊ အသိပညာရှိသော ရဟန်းရှင်လူတို့ ပြည်ရွာကို စွန့်ခွာကာ တစ်ပါးသောတိုင်းပြည်သို့ ခိုလှုံကြ၍ တိုင်းပြည် ပျက်တတ်ကြောင်း ယောမင်းကြီးဦးဘိုးလှိုင်က သတိပေးခဲ့ဖူးသည်။
[မောင်ထင်၏ “ယောမင်းကြီးဦးဘိုးလှိုင်– အထ္ထုပ္ပတ္တိ နှင့် ရာဇဓမ္မသင်္ဂဟကျမ်း”၊ ဦးရွှေအောင်၏ “ဗုဒ္ဓ– လောကသားတို၏ အနှိုင်းမဲ့ကျေးဇူးရှင်– ကိုယ်တွေ့ဗုဒ္ဓဝင်” တို့မှ ကောက်နှုတ်ဖော်ပြပါသည်။]
ဧရာ (မန္တလေး)
2 comments:
အမြဲတမ်းဘာသာရေးနဲ့ယှဉ်တွေးပြီးရေးတဲ့ဦးဧရာရဲ့အရေးအသားတွေကမှတ်သားစရာတွေတိုးပွားစေပါတယ်..သူတို့တွေကိုလည်းတွေးတတ်စေချင်လိုက်တာ...
ယောမင်းကြီးဦးဘိုးလှိုင်သတိပေးစကားနဲ့  ပြန်သတိပေးထားတာ အရမ်းကောင်းပါတယ်ဆရာ….။
Post a Comment