Sunday, August 29, 2010

လောကဇတ်ခုံ


ပြာသောကောင်းကင်
ဖြူသော တိမ်တိုက်
စိမ်းသော ရေပြင်
တိုးသော လေညှင်း

ချစ်သူ
မချစ်သူ
ချစ်သလိုလို မချစ်သလိုလို

ချစ်သည်တခါ မချစ်သည်မလှည့်
 
အားလုံးအတွက်

Tuesday, August 24, 2010

My Model

S-C မှာ ပို့စ်တွေ ကျဲပြန်ပြီ… ဆိုတော့ကာ
ပို့စ်အနည်းအများက နိုင်ငံရေး ဒီရေ အတတ်အကျနဲ့များ ဆက်စပ်နေလေသလား
ဘလော့ဂ်အပေါ် ပြတ်သားတဲ့ သဘောထား မရှိသူလို့ မိတ်ဆွေတို့ သံသယ၀င်လေပြီလား

အင်ထရိုဝင်နေတာနဲ့ပဲ နာတော့ လက်ကောက်နံ့ မွှေးလာပြီ...
တလွဲမတွေးကြပါနဲ့ ပေါက်တို့ သက်ဝေတို့ ဆီက လက်ကောက်ပါ။

တရံရောအခါက မသီတာ အပ်ချုပ်သင်ပါတယ်။ ဆရာမကတော့ ကိုယ့်အတိုင်းနဲ့ကိုယ် ပုံစံချပြီး သင်ပေးတာပါ။ ဒါကို မသီတာ ရှည်တေတေက ပိတ်စချွေတာပြီး miniature လုပ်ချုပ်ပါတယ်။ ဒီမှာတင် သားငယ်ရေစင် model ဖြစ်ရတော့တာပေါ့။


ဒီပို့စ်တော့ အပိုင်ဆုံးပဲ (Eညှစ်နေတာ)
mouse walk
model မောပြီ

အဲ့ဒီစကတ်လေးကို အတူတက်တဲ့ သင်တန်းသူတယောက်က သူ့သမီးလေးကိုချုပ်ပေးချင်လို့ ဆိုပြီး ငှားသွားလိုက်တာ... ပြန်မရတော့ဘူး။ 


ဆိုင်ရှေ့က ဆိုင်းဘုတ်ကိုလည်း သေချာဖတ်သွားဦး

ယနေ့ အပ်ထည် လက်မခံပါ။
ပုံ/စွယ်စုံရ ဘလော့ဂ်ပညာရှင်

Sunday, August 15, 2010

ပြောပြရဦးမည့် အဖြစ်တွေ…(၃)

တချို့များ သိပ်ချစ်တတ်ကြတယ်။ တိရစ္ဆာန်လေးတွေကိုတောင် ဘယ်လို ချစ်ခင် ကြင်နာ ယုယတယ် ဆိုတဲ့ အကြောင်းလေးတွေ ဖတ်ရတော့ ဒီက မိန်းမကြမ်းကြီး မသီတာ သတိသံဝေဂ ဖြစ်မိပါတယ်။ ဒီက အဖို့မှာတော့ ဘယ်ခွေးတကောင်၊ ကြောင်တမြီးကိုမျှ မချစ်ခဲ့ဖူးပါဘူး။ တိရစ္ဆာန်မပြောပါနဲ့၊ ကိုယ်မွေးထားတဲ့ လူလေးနှစ်ကောင် ရေချမ်းနဲ့ ရေစင်ကိုတောင် မနည်း ကြိုးစားချစ်နေရသူပါ။ အကြင်နာတရား ခေါင်းပါးလိုက်ပုံများတော့ …
*****
ပြောပြရဦးမည့် အဖြစ်တွေ…

လျှော်ထားတဲ့ အ၀တ်တွေ လှန်းနေတုန်း၊ ရေချမ်း ကျောင်းက ပြန်လာစေ
မအေ။ ။ကြည့်စမ်းဟယ်… ချွေးတွေ သံတွေနဲ့ ညစ်ပတ် နံစော်နေတာပဲ… သွား သွား … ရေချိုး။ အင်္ကျီချွတ်… လျှော်မည့်ထဲ ထည့် … ရေချိုးခန်းထဲ တခါထဲဝင်… ရေစွတ် ချေးနှူးထား… ငါ လာခဲ့မယ်
သား။ ။ (အင်္ကျီကို လေးတွဲစွာ ချွတ်ရင်း ဟိုလျှောက် ဒီလျှောက် လုပ်နေရာမှ ရယ်ကျဲကျဲဖြင့် ပြော)
ဂျာမန် စခန်းကို ရောက်သွားပြီ… ပိုလန်တွေ ဂျူးတွေကို နှိပ်စက်တော့မယ်
*****
မအေ။ ။ဟယ် ခေါင်းတွေလည်း စိုလို့… ခေါင်းက လျှော်မှာလား …
သား။ ။အင်း
Shampoo တွေ လက်ထဲထည့်ပြီး ရေချမ်းခေါင်းကို တဗျင်းဗျင်းကုတ်
ရေပန်းကို ဂိတ်ဆုံးဖွင့်
ကြမ်းပြင်ပေါ် ဖင်ချထိုင်ခိုင်းထားလို့ ထိုင်နေသူအပေါ် ရေတွေ ဖျန်းတော့
သား။ ။ဒါက ဂျပန်… မေးခွန်းတွေ မေး၊ မဖြေလို့ ရေပိုက်ကြီးနဲ့ ထိုးနေတာ
*****
နည်းနည်းတော့ ရယ်ချင်သွားတယ်… မအေကို ကင်ပေတိုင် လို့ ဆိုလိုတာပေါ့လေ … မရယ်အားဘူး
ကိုယ့်ဖာသာကိုယ် ဆက်ချိုး ဆို ထားခဲ့ပြီး
*****
ကျောက်ပြင်ချ သနပ်ခါးသွေးနေတုန်း
သား။ ။မေမေကလည်း သနပ်ခါး မလိမ်းချင်ပါဘူးဆို
မအေ။ ။ဘာပြောတယ်
သား။ ။ကိုယ်လုံးပဲ လိမ်းမှာမဟုတ်လား မျက်နှာ မလိမ်းဘူးနော်…
မအေ။ ။စကားမရှည်နဲ့ ငါ မျက်နှာပါ လိမ်းထည့်လိုက်ရ
သား။ ။ဒါက မြန်မာစတိုင်
... ... ...

... ... ...
... ... ... 
*****
ရေစင်က မအေရဲ့ စိတ်နှလုံးကို ကြည်မွေ့စေသလောက်
ရေချမ်းကတော့ အဲ့သလို...
ကျမ သိပ်သဘောကျတယ်...
*****
တချို့ အမျိုးသမီးလေးများ အမူအယာက ညင်သာ၊ အပြောအဆိုက ချိုသာ… တို့များဖြင့်…
သာယာ ညှင်းပျောင်းကို မရှိဘူး...
ပိသာလေးနဲ့ နံဘေးပစ်...
*****
ဒီအရောင် နဲ့ ရေးထားတာလေးတွေက မသီတာ အမေ ပြောတတ်တဲ့ အသုံးအနှုန်းလေးတွေ...
(အမေက သမီးကို ချစ်သလို သမီးကလည်း သားတို့ကို ချစ်လိုပါ၏။)

Friday, August 13, 2010

အိပ်မက်ထဲတောင်...

“သီတာ အိပ်မက် မက်တယ်လေ~~ တွေးတွေးပြီးရှက်လိုက်တာ EEရာ~~”
မသီတာ အိပ်မက်ကို စီကာပတ်ကုံး မက်တတ်ပါတယ်။
*****
စာသင်ခန်းတခုထဲရောက်နေတယ်။ စာသင်မည့် ဆရာက ငယ်ငယ်ချောချော။ အတန်းမစခင်မို့ စာသင်ခန်းအပြင်ဘက် ကော်ရစ်ဒါမှာ ခပ်ငယ်ငယ် ဆရာမတယောက်နဲ့ စကားအချေအတင်ပြောနေတယ်။ တိုးသဲ့သဲ့ကြားလိုက်တာက မသီတာကို ဒီအတန်းမှာ ပညာသင်ကြားခွင့်ပြုဖို့ သင့်၊ မသင့်။ ဆရာမက “နောက် သူ မလိုက်နိုင်တော့လည်း အလိုလို ကျန်ခဲ့ပါစေလေ… အခုတော့ တတ်ပါစေ” တဲ့။ ဒီလိုနဲ့ ဆရာအတန်းထဲ ၀င်လာတယ်။ လက်ချာတွေ ပေးတယ်ပေါ့။ အမယ် ကျောင်းသားတွေ ထဲမယ် အိမ်ကလူကြီး ကိုဧရာပါလား။ 

အင်္ဂလိပ်လို သင်နေတာဖြစ်မယ် ကိုယ်ကတော့ မြန်မာလိုပဲ နားလည်နေတယ်။ ဆရာက စာသင်ရင်းနဲ့ ကိုယ့်နား လျှောက် လျှောက်လာတယ်။ ကိုယ်လိုက်ရေးနေတာတွေ မှန် မမှန် စစ်တဲ့သဘော။ ဆရာက စာလုံးတလုံးအတွက် Spelling စာလုံးပေါင်းခေါ်ပေးတော့ “ဆရာရယ် ဒီလောက်တော့ ကျမ ပေါင်းတတ်ပါတယ် ဒီမှာကြည့် ဆရာပြောတာတွေထက်တောင် ပိုပြီး မှတ်ထားပါသေး” လို့ ပြောလိုက်လို့၊ ဆရာက “ဒါဆိုလည်း ware တွေ အကြောင်းသိသလောက် ပြောစမ်းကွာ” တဲ့။ ပြောပြောဆိုဆိုနဲ့ stageစင်ဘက်ပြန်လျှောက်သွားပြီး စင်ပေါ်ကနေ “ကဲ ပြောလေ…” လုပ်နေတော့… သိသလောက် မှတ်သလောက် ဖြစ်ညှစ် စဉ်းစားရတော့တာပေါ့။ ware တွေ… Hardware, Software, firmware… အဲ တခုချင်းစီ ဘယ်လိုရှင်းပြရပါ့။ Hardware ကလွယ်တယ်.. Hardware က အရင်ပြောမယ် လို့ စဉ်းစားရင်း စိတ်ထဲက တွေးလိုက်တာတော့ Hardware ဆိုတာ ကွန်ပြူတာရဲ့… ဆိုပြီး ဆက်ပေါ်လာတာက ကုန်မာဆိုင်က အိုးတွေ.. ခွက်တွေ.. ပလတ်စတစ်ပုံးတွေ…

*****
အိပ်မက်ကို ဆက်ရရင်…
*****
ကိုဧရာက ဇတ်ကလေးပုပြီး အဖြေကို လေသံ ခပ်အုပ်အုပ်နဲ့ လှမ်းပြောပြနေရှာတယ်။ သူဘယ်လောက် ပြောပြော ဒီက ကျောင်းအမကတော့ မိန့်မိန့်ကြီး ခွေးအ လည်နင်နေပါပြီ… ဂလုဂလုနဲ့ တံတွေးတွေသာ မြိုချနေရပါတော့တယ်။ နောက်တော့ ဆရာ စာတွေ ဆက်သင်တယ်။ ဆရာက “မနက်ဖန် ရှစ်နာရီ အတန်း စမယ် စောစောလာကြပါ” လို့ မှာရင်း သင်ခန်းစာကို အဆုံးသတ်လိုက်ပါတယ်။ ကျောင်းသားတွေ အတန်းထဲက ထွက်ကြပြီး၊ ကိုယ့်ကိုကိုယ် မသင်္ကာတဲ့ မသီတာ ဆရာကို သွားမေးပါတယ်။ “မနက်ဖန်အတန်း ကျမ လာရပါမလား” လို့ပါ။ ဆရာလည်း ခေါင်းကုတ်စဉ်းစားပြီး၊ အဖြေရှာရဟန် မတူတဲ့အဆုံး “လာ ငါ့နောက်လိုက်ခဲ့” လို့ ဆိုပါတယ်။ မသီတာ စိတ်ထဲက သိလိုက်ပါတယ်၊ ငါ့ကိုတော့ ၀င်ခွင့်ရွေးချယ်ရေးကောင်စီ အဖွဲ့ဝင်တွေဆီ ခေါ်သွားပြီလို့…။ ထင်တဲ့အတိုင်းပါပဲ လှေခါးထစ်တွေ တက်၊ ထောင့်ချိုးတခုကွေ့လိုက်ပြီး ၀င်လိုက်တဲ့ အခန်းထဲမှာ ဆရာကြီးတွေလို့ ထင်ရတဲ့ သူ သုံးလေးယောက်ရှိနေပါတယ်။ ဆရာတယောက်ရဲ့ စားပွဲမှာ Singaporean ကျောင်းသူနှစ်ယောက်က သူတို့လုပ်နေတဲ့ Project ကို ဆရာနဲ့ ဆွေးနွေးနေကြပါတယ်။ မှန်တွေ ကွဲကြေနေတဲ့ နေကာမျက်မှန်တလက်က စားပွဲပေါ်မှာ။ အဲ့ဒီ ကွဲကြေနေတဲ့ အစတွေရဲ့ အလွှာအလွှာတွေကို လက်သည်းနဲ့ ကုတ်ခြစ်ထုတ်ရင်း ကျောင်းသူတွေက သူတို့ သိချင်တာတွေ ဆရာကို မေး၊ ဆရာကြီးက ဒါကဘာကြောင့်…၊ ဒါကဘာလေ ရှင်းပြတာကို ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ပါးစပ်ကပြော၊ ခေါင်းက ငြိမ့်၊ လက်က လိုက်ရေးလုပ်နေကြပါတယ်။ ဆရာကြီး နောက်က နံရံမှာ ချိတ်ထားတဲ့ name tag ကို လှမ်းဖတ်လိုက်တော့ Professor Dr. Tin Myint (Ph. D) တဲ့။ ထင်တဲ့ အတိုင်းပဲ ဆရာကြီးက မြန်မာပါလို့…
*****
မက်လိုက်တဲ့ အိပ်မက်ရဲ့ တပိုင်းတစပါ
*****
(ခင်မင်ရသော မမKTM ရဲ့ တူ၊ NUS မှ Electronic Major ဖြင့် ကျောင်းပြီး၍ စင်္ကာပူနိုင်ငံမှ ပေးသော စကော်လာဖြင့် Ph. D ဆက်လက် ဆည်းပူးခွင့်ရကြောင်း သိရသည့်အတွက် ဂုဏ်ယူ ၀မ်းမြောက်စွာဖြင့်)