Saturday, April 27, 2013

မုန့်လုံးရေပေါ်

နှစ်ကူးကာလက ကျော်သွားခဲ့လေပြီ
အိမ်ကလူ၏ သင်္ကြန်ပိုးကတော့ မကုန်သေး
TP Myanmar 2005 သင်္ကြန်ပွဲကို Online မှ သားကြီးနှင့်အတူ ကြည့်နေကြ၏။
မြန်မာပြည် သင်္ကြန်ပွဲ မကြုံဖူးလေသော သားကြီးက မေးလာ၏။
(ရန်ကုန်အိမ်ကို ရည်ရွယ်ပြီး) “မေမေ သားတို့ လမ်းထိပ်မှာ မဏ္ဍပ်ရှိလား။ သားက မဏ္ဍပ်မှာ ရေပက်ချင်တာ”
“အရင်ကတော့ ရှိခဲ့ဖူးတယ်…သားပက်ချင်တယ်ဆိုရင် မေမေမဏ္ဍပ်ဆောက်ပေးမှာပေါ့” ဟု ပြောလိုက်သောအခါ ဘ၀င်ကျလို့ ပြုံးစစ ဖြစ်သွားသော သားမျက်နှာကို ကြည့်ရင်း၊ ကျမ အခုလို အလျင်အမြန် (တမင်တကာ ကြံရွယ်ပြီး) ဖြေဖြစ်ခဲ့ခြင်း၏ အကြောင်းရင်းကို တွေးမိရင်း မလုံမလဲ ဖြစ်မိပါတော့တယ်။
*****
ဒီနှစ် အတာ သင်္ကြန် အကြိုနေ့ဟာ ရုံးပိတ်၊ ကျောင်းပိတ် စနေနေ့နဲ့ တိုက်ဆိုင်လို့နေပါတယ်။ ပွဲတော်နဲ့ အလှမ်းဝေးရာမှာ ရောက်ရှိနေရသူများအဖို့မှာတော့ Online ကနေသာ ပွဲတော်၌ စီးပျော်ရပါတယ်။ နေ့လည် ရောက်လာချိန်မှာတော့ Online ပေါ် ပလုံစီပြီးတက်လာတဲ့ မုန်လုံးရေပေါ်ပုံများကြောင့် “မေမေ မုန့်လုံးရေပေါ် စားမယ် လုပ်ပေးလို့” ဆိုလာပါတော့တယ်။

ရတယ်လေ… ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ထန်းလျက် အကုန် အိမ်မှာ အရံသင့်ရှိသမို့…
“အေးအေး” ဆိုပြီး မုန့်သားနှပ်ထားလိုက်ပါတယ်။ အချိုးကတော့ နှစ်အချိုးတစ်လို့ မှတ်ထားတာပဲ…။ ဘာက နှစ်…ဘာက တစ် လည်းတော့မသိ…။ အိမ်မှာ ရှိနေတဲ့ ကောက်ညှင်းမှုန့်ထုတ်က နည်းနေပြီး၊ ဆန်မှုန့်ထုတ်က များနေတော့… ကောက်ညှင်းက တစ်၊ ဆန်က နှစ်… အဲ့လိုပဲ ဖြစ်မှာပါလေ ဆိုပြီး ပြီးစလွယ် မုန့်နှစ် ရေဖျော် နှပ်ထားလိုက်တယ်…။ မေမေ မုန့်နယ်နေပုံကို သားတော်မောင်က ကင်မရာကြီးချိန်ပြီး မှတ်တမ်းတင် ဓာတ်ပုံ ရယူပါသေးတယ်။

မုန့်သားမနပ်ခင်လေးမှာ သားတို့နဲ့ မုန့်လုံးရေပေါ် ပတ်သက်ပုံအကြောင်းလေး ဖတ်ထားပါဦး။ အထဲမှာ ဌာပနာ တခုခုပါတဲ့ မုန့်လုံးကို လူသားတွေ ဘယ်အချိန်ကတည်းက စတင်စားသုံးကြသလဲတော့ မသိပါဘူး။ တရုတ်ပြည်ကြီးမှာတော့ ဆောင်းတွင်းလို အေးချမ်းတဲ့ရာသီမှာ မီးဖိုကြီးဖို၊ ရေနွေးအိုး အကြီးကြီးတည်၊ မိသားစုတွေ မီးဖိုကြီးနား ပတ်လည်ဝိုင်းပြီး ရေနွေးအိုးထဲ မုန့်လုံးတွေ ပစ်ပေါက်ထည့်လို့ ပူပူနွေးနွေး စားသောက်ကြတဲ့ ဓလေ့ရှိတယ်လို့ ဖတ်မှတ်ဖူးပါတယ်။ စည်းလုံးခြင်းရဲ့ အင်အားကြောင့်ပဲလား၊ မုန့်လုံးရဲ့ အရသာ ကြောင့်ပဲလား၊ သူတို့ အမေက ကောင်းကောင်းမွန်မွန် လုပ်မကျွေးတတ်ပေမဲ့ သားနှစ်ယောက်ကတော့ ရေပေါ်သောမုန့်လုံးကို အလွန်ကြိုက်ကြပါတယ်။ ဒီမှာ ရနိုင်တဲ့
Tang Yuan (မုန့်လုံးရေပေါ် Chinese Version)

ondeh ondeh (မုန့်လုံးရေပေါ် Malay Version) တို့ကို မြိန်ရည်ယှက်ရည် စားလေ့ရှိပါတယ်။

မုန့်သား နပ်လောက်ချိန်၊ စိတ်ထားပြီးသား ထန်းလျက်တွေကို ပဲဆီလေးဆမ်း… လုံးတော့မယ်ဆိုတော့ မုန့်နှစ်တွေက လုံးမရအောင် ပျော့ဖတ်နေပါတော့တယ်။ ဒီတော့ ဆန်မှုန့်တွေ ထပ်ထည့်ပြီး လုံးပလိုက်ပါတယ်။ ရေနွေးအိုးကြီးထဲ ပစ်ပစ်ထည့်။ အဲ…မုန့်လုံးတွေက ပေါ်ချိန်တန်လို့လည်း ပေါ်မလာကြဘူးတော့…။ ပစ်ထည့်တဲ့ အရှိန်များပြီး အိုးဖင်ကပ်နေကြသလားဆိုပြီး ယောင်းမနဲ့ ထိုးမွှေ… မလုံတလုံ မုန့်လုံးတွေ ပေါက်ထွက်ကုန်မှာလည်း စိုးရိမ်ရသေး…။ အဲ့သလို ဓာတ်ကြမ်းတွေ တိုက်လိုက်တော့ မုန့်လုံးလေးတွေက မတက်ချင်တက်ချင်နဲ့ ဟိုတလုံး ဒီတလုံးတက်လာသား…။ ရေအေးထဲစိမ် အအေးခံတုန်းရှိသေး…သားကြီးက “ဘယ်လိုနေလဲ စားကြည့်မယ်” ဆို… တလုံးကောက်ဝါး…။ “ဟင်..မေမေ့ဟာတွေက အထဲက မကျက်သေးဘူး… သေချာ မတက်သေးပဲနဲ့ မေမေက ဆယ်တာကိုး” ဆိုပြီး… အညူဆူကလည်း ခံရသေး။ ဒါဆို “ပြန်ထည့် ပြန်ထည့် ရေနွေးအိုးထဲ ပြန်ထည့်…” သူတို့ဟာ သူတို့ ပေါ်ချင်တဲ့ အချိန်ကြမှသာ ပေါ်ကြတော့ အေ… ဆိုပြီး… မုန့်လုံးရေပေါ် တပန်းကန် ရလိုက်လေသတည်းပေါ့။ အပေါ်က ဖြူးစားစရာ အုန်းသီးမှုန့်ကို သားကြီး သွားဝယ်တာ မရခဲ့လို့၊ မအေကိုယ်တိုင် တခေါက်သွားဝယ်ရသေးတယ်။

အတာကူးတဲ့ တန်ခူးလ သင်္ကြန်အကြိုနေ့မှာ ဘာကိုမှန်းမသိ ကြိုလိုက်တဲ့ မုန့်လုံးရေပေါ် မာတောက်တောက်ကို သားနှစ်ယောက် မစားချင် စားချင် စားနေတာကို မကြည့်ရက်လေလို့… အခန်းထဲ ၀င်နေလိုက်ပါတယ်။ နောက်တနေ့ မှာတော့ Bengawan Solo က ondeh ondeh ကို ဘုရားဆွမ်းတော်ကပ်ရန်တဗူး၊ သားနှစ်ယောက်အတွက် တဗူးစီ စုစုပါင်း သုံးဗူးကို စင်္ကာပူဒေါ်လာငွေ ရှစ်ဒေါ်လာကျော် အကုန်အကျခံ၍ ၀ယ်လာပါတယ်။ တဗူးသာ ဘုရားဆွမ်းတော်ကပ်လိုက်ရပြီး၊ သားနှစ်ယောက်မှာမူ သူတို့အလွန် နှစ်သက်ဖူးသော Malay Version မုန့်လုံးရေပေါ်ကို အဖက်မလုပ်ကြတော့ပါ။ ဆွမ်းတော်စွန့်ထားသည့် ပန်းကန်ထဲမှ တလုံးယူစားရင်း သားကြီးက “သူတို့က ဘယ်လို လုပ်ထားတာလဲ မသိဘူးနော်… မုန့်သားလေးက ပါးပါးလေးနဲ့ အထဲက အချိုတွေက အရည်ပျော်ပြီး အပြင်ကိုလည်း ပေါက်မထွက်ဘူးလို့”…ရိုးရိုးလေး သူမြင်တာ ပြောနေသည်ကို… ဖအေလုပ်သူက “သူတို့က သေသေချာချာ အချိုးအစားနဲ့ လုပ်တာ…ဒါကြောင့် ဘယ်တော့မဆို တသမတ်ထဲ ဖြစ်နေတာ… မြန်မာတွေက ထင်သလိုလုပ်တာ…တခါလာ တမျိုးနဲ့ အချိုးအစားမရှိဘူး… စနစ်တကျ မရှိဘူး” ဟူ၍ အမျိုးသားထုကြီး တခုလုံး လိုက်နာရန် မှတ်ချက်များ တသီတတန်းကြီး ပေးနေလေတော့သည်။
ဒီတော့ ရင်ထဲကကြိတ်ပြီး… သင်္ကြန်မိုး ရုပ်ရှင်ကားထဲက “ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ဆရာရယ်…” လို့ လာပြောလေတဲ့ မမထားလို ငါ့မှာ မဏ္ဍပ်ဆောက်ပေးဖို့ မပြောနဲ့ ရေပေါ်တဲ့ မုန့်လုံးလေးတောင် စားကောင်းအောင် လုပ်မကျွေးနိုင်တဲ့ ဘ၀ ပါလားရယ်လို့…။
*****
(ကျမ၏ ပစ်စလက်ခတ် လုပ်တတ်သော အကျင့်ကြောင့် အခြားသူများ လက်လွတ်ရသော အခွင့်အရေးများအတွက်)

Sunday, April 21, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၈) - ကပိလဝတ္ထု



နဝမမြောက်နေ့ နံနက်စောစောမှာ သာဝတ္ထိကနေ နီပေါနိုင်ငံ လုမ္ဗိနီကို ခရီးဆက်ခဲ့ပါတယ်။ မနက် ၁၁ နာရီခွဲလောက်မှာ အိန္ဒိယ-နီပေါနယ်စပ်က ဆိုနောလီမြို့ (Sonauli) မြန်မာကျောင်းကို ရောက်ပါတယ်။ ကျောင်းက ဆောက်လက်စပဲ ရှိပါသေးတယ်။ အရင်က နီပေါနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်ဖြစ်လို့ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားရင် ဘုရားဖူးတွေ အတော်လေး ဒုက္ခရောက်တဲ့ အတွက်၊ ဘုရားဖူးတွေ တည်းခိုလို့ရအောင် ဒီကျောင်းကို ထူထောင်ခဲ့တယ်လို့ သိရပါတယ်။ အများအားဖြင့် ဒီကျောင်းမှာ တစ်ထောက်နားပြီး နေ့လည်စာ စားလေ့ရှိကြပါတယ်။
 
သာဝတ္ထိမှ လုမ္ဗိနီနှင့် ကပိလဝတ္ထုသို့




ဆိုနောလီကနေ နယ်စပ်ဂိတ်ကို ဖြတ်ရင် နီပေါနိုင်ငံဖက်ခြမ်းက ဘိုင်ရဟဝါ (Bhairahawa) မြို့ကို ရောက်ပါတယ်။ အခုအခါမှာတော့ ဒီမြို့ကို သိဒ္ဓတ္ထနာဂရ (Siddharthanagar) လို့ အမည် ပြောင်းထားပါတယ်။ သိဒ္ဓတ္ထနာဂရကနေ အနောက်ဖက်ကို ၁၄-မိုင်လောက်သွားရင် လုမ္ဗိနီဥယျာဉ်ကို ရောက်ပါတယ်။ လုမ္ဗိနီဥယျာဉ်ရဲ့ အနောက်ဖက် ၁၄-မိုင်မှာရှိတဲ့ တောလိဟဝါမြို့ (Taulihawa) ကနေ မြောက်ဖက် ၂-မိုင်လောက် ဆက်သွားရင် ဒေသခံတွေက တိလောရကွတ် (Tilaurakot) လို့ခေါ်တဲ့ ကပိလဝတ် (ကပိလဝတ္ထု) မြို့ဟောင်းကို ရောက်ပါတယ်။ ဘုရားဖူးအဖွဲ့က လုမ္ဗိနီကို မဝင်သေးဘဲ ကပိလဝတ်မြို့ဟောင်းကို အရင် သွားကြပါတယ်။

ကပိလဝတ်မြို့နဲ့ သကျ (သာကိယ၊ သက္က) မျိုးနွယ်စုရဲ့ သမိုင်းကြောင်းကို ဒီဃနိကာယ် အမ္ဗဋ္ဌသုတ်နဲ့ သုတ္တနိပါတ် သမ္မာပဗ္ဗဇနီယသုတ် အဖွင့် အဋ္ဌကထာတွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘာဦးအစ မဟာသမ္မတမင်းက ဆင်းသက်လာတဲ့ ဥက္ကာကမင်းကြီးရဲ့ သားသမီးတွေကနေ သကျမျိုးနွယ်စုကို ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဥက္ကာကမင်းကြီးဆိုတာက ရာမာယန၊ မဟာဘာရတစတဲ့ ရှေးဟောင်း ပူရဏ်ကျမ်းတွေမှာပါတဲ့ ဣက္ခာကု(Ikṣvāku) မင်းနဲ့ အတူတူပဲလို့ သိရပါတယ်။ ပူရဏ်ကျမ်းတွေအရ ဇမ္ဗုဒိတ်ကျွန်းလို့ခေါ်တဲ့ အိန္ဒိယကို လွှမ်းမိုးခဲ့တဲ့ မျိုးနွယ်စုကြီး နှစ်ခု ရှိခဲ့ပါတယ်။ လနတ်သားက ဆင်းသက်လာတဲ့ လမင်းမျိုးနွယ်နဲ့ နေနတ်သားက ဆင်းသက်လာတဲ့ နေမင်းမျိုးနွယ်တို့ပါ။ ဥက္ကာကမင်းက နေမင်းမျိုးနွယ်စုက ဆင်းသက်လာတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကျမ်းစာတွေမှာလည်း သကျမျိုးတွေကို နေမင်းမျိုးနွယ် (သူရိယဝံသ၊ အာဒိစ္စဝံသ) စသဖြင့် ခေါ်လေ့ရှိပါတယ်။ ကတိကဝတ်အရ မိဖုရားငယ်တစ်ပါးက ဖွားမြင်တဲ့ သားကို ထီးနန်တင်ဖို့အတွက် ဥက္ကာကမင်းက သားတော်ကြီးတွေကို တိုင်းပြည်ကနေ နှင်ထုတ်ရပါတယ်။ အဲဒီအခါမှာ မိဖုရားအကြီးတွေက ဖွားမြင်တဲ့ သားတော် သမီးတော်တွေက တိုင်းပြည်ကနေခွာပြီး ဟိမဝန္တာတောင်ခြေ အနီးက ကျွန်းတောအတွင်းက မြို့သစ်ထူထောင် နေကြပါတယ်။ ကပိလရသေ့ရဲ့ ကျောင်းသင်္ခမ်းရှိရာ အောင်မြေအရပ်မှာ မြို့တည်ခဲ့တဲ့ အတွက် ကပိလဝတ္ထု လို့အမည်တွင်ပါတယ်။ ဥက္ကာကမင်းရဲ့ သားတော်တွေက မျိုးနွယ်ဆက်မပျက်အောင် နှမတော်တွေနဲ့ အိမ်ထောင်ပြုပြီး မင်းဆက် ထူထောင်ခဲ့ကြပါတယ်။ ဒီအကြောင်းကို ကြားသိတဲ့ ခမည်းတော် ဥက္ကာကမင်းက “သကျာ ဝတ ဘော ကုမာရာ - အချင်းတို့ သားတော်တို့သည် စွမ်းနိုင်ကြပေ၏ (သကျာ)” လို့ ချီးမွန်းပါတယ်။ ဒါကို အကြောင်းပြုပြီး သကျမျိုး၊ သာကီဝင်မျိုးလို့ အမည်တွင်ခဲ့ပါတယ်။ (မဟာသာကဝန) ကျွန်းတောကြီးမှာ မြို့သစ်ထူထောင်ခဲ့တဲ့အတွက် သာကိယလို့ အမည်တွင်တယ်လို့လည်း ဆိုကြပါသေးတယ်။

ကပိလဝတ်မြို့နေရာနဲ့ ပတ်သက်ပြီး ရှေးဟောင်း သုတေသနပညာရှင်တွေကြားမှာ ဝိဝါဒကွဲနေပါတယ်။ အုပ်စုတစ်ခုက နီပေါနိုင်ငံဖက်ခြမ်းက တိလောရကွတ် (Tilaurakot) အရပ်လို့ ယူဆကြပြီး၊ အခြားအုပ်စုကတော့ လုမ္ဗိနီဥယျာဉ်ရဲ့ အနောက်တောင်ဖက် ၉-မိုင်လောက်မှာရှိတဲ့ အိန္ဒိယနိုင်ငံဖက်ခြမ်းက ပိပရဟဝါ (Piprahawa) အရပ်လို့ ယူဆကြပါတယ်။ ဗြိတိသျှသုတေသီ ကန်နင်ဟန်က တရုတ် ရဟန်းတော်တွေရဲ့ မှတ်တမ်းကို ခြေရာခံပြီး ကပိလဝတ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂျာမာန်သုတေသီ ဒေါက်တာ အန်တွန် ဖျူးရာ (Anton Führer) က ၁၈၉၆-ခုနှစ်မှာ ဂေါတမ မြတ်စွာဘုရား၊ ကောဏာဂုံနှင့် ကကုသန် မြတ်စွာဘုရား အလောင်းတော်တို့ ဖွားမြင်တော်မူ နေရာ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီး စိုက်ထူထားခဲ့တဲ့ ကျောက်စာတိုင်တွေကို ရုမ္မိန်ဒေး (Rummindei လုမ္ဗိနီ)၊ နိဂလိဟ၀ (Niglihawa)နဲ့ ဂေါတိဟ၀ (Gotihawa) စတဲ့ နေရာအသီးသီးမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အသောကကျောက်တိုင်တွေကို မျက်မြင်တွေ့ခဲ့ဖူးတဲ့ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းကို မူတည်ပြီး တိလောရကွတ်အရပ်ကို အလောင်းတော် သိဒ္ဓတ္ထမင်းသား ၂၉-နှစ်တာ နေထိုင်ကြီးပြင်းခဲ့ရာ ကပိလဝတ်မြို့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဒေသတဝိုက်ကို ထပ်မံ ရှာဖွေတူးဖော်ခဲ့တဲ့ အိန္ဒိယသုတေသီ မူခါဂျီး (P.C. Mukhaji) က တိလောရကွတ်ဟာ ကပိလဝတ်မြို့ဟောင်း ဖြစ်ကြောင်း ၁၈၉၉-ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။

ကပိလ၀တ်နှင့် လုမ္ဗိနီ အနီးတ၀ိုက်


၁၈၉၈-ခုနှစ်မှာ အင်္ဂလိပ်မြေပိုင်ရှင် ဝီလျံပက်ပ် (W.C. Peppé) က အိန္ဒိယနိုင်ငံ ပိပရဟဝါ (Piprahawa) အရပ်မှာရှိတဲ့ စေတီဟောင်း တစ်ဆူကနေ အရိုးအိုးတွေပါတဲ့ ကျောက်သေတ္တာ တစ်လုံးကို တူးဖော်ရခဲ့ပါတယ်။ အဲဒီအထဲမှာ “… ဣယံ သလိလာနိဓနေ ဗုဒ္ဓဿ ဘဂဝတေ သာကိယာနံ” လို့ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းကို တွေ့ရပါတယ်။ ဒါကြောင့် ဒီအရိုးအိုးဟာ မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်တဲ့ သာကီဝင်မျိုးတွေရဲ့ အရိုးအိုးဖြစ်နိုင်ပါတယ်။ ဒီအပြင် တရုတ်ရဟန်းတော် ဖာရှန်ရဲ့ မှတ်တမ်းမှာပါတဲ့ တည်နေရာနဲ့ ပိုပြီးနီးစပ်နေတဲ့အတွက် ပိပရဟဝါအရပ်က ကပိလဝတ်နေရာ ဖြစ်နိုင်ကြောင်း တင်ပြလာကြပါတယ်။ သမိုင်းပညာရှင် ဗင်းဆင့်စမစ် (Vincient A. Smith) က တိလောရကွတ်က ရဟန်းတော် ရွှန်ကျန်ရောက်ခဲ့တဲ့ ကပိလဝတ် ဖြစ်ပြီး၊ ပိပရဟဝါက ရဟန်းတော် ဖာရှန် ရောက်ခဲ့တဲ့ ကပိလဝတ်လို့ ၁၉၀၀-ခုနှစ်မှာ သူ့ရဲ့အယူအဆကို တင်ပြခဲ့ပါတယ်။ ၁၉၇၂-ခုနှစ်ရောက်တော့ သီရိဝသ်တ၀ (KM Srivastava) က ပိပရဟဝါမှာ ထပ်ပြီး တူးဖော်တဲ့အခါ “ဥုံ ဒေဝပုတြ ဝိဟာရေ ကပိလဝတ္ထုဿ ဘိက္ခုသံဃဿ”လို့ ကုသျှန်အက္ခရာနဲ့ ရေးထိုးထားတဲ့ ကမ္ပည်းစာကို တွေ့ပြန်ပါတယ်။ ဒီတွေ့ရှိချက်ကြောင့် ပိပရဟဝါသာလျှင် ကပိလဝတ္ထု မြို့ဟောင်း အစစ်လို့ အိန္ဒိယနိုင်ငံသား သုတေသီ်တွေက အခိုင်အမာ ကောက်ချက် ဆွဲကြပါတယ်။ နီပေါနိုင်ငံသား သုတေသီတွေကလည်း အနီးဝန်းကျင်က အသောကကျောက်စာတိုင် သုံးခုနေရာနဲ့ ကြီးကျယ်တဲ့ မြို့ရိုးဟောင်းတွေကို ထောက်ပြီး တိလောရကွတ်သာလျှင် ကပိလဝတ္ထုမြို့ဟောင်း အစစ်လို့ ငြင်းဆိုကြပါတယ်။ ပါဠိပညာရှင် ရီးစ် ဒေဗစ် (T.W. Rhys Davids) ရဲ့ အယူအဆကတော့ သိဒ္ဓတ္ထမင်းသား ကြီးပြင်းခဲ့တဲ့ ကပိလဝတ်မြို့ဟောင်းက တိလောရကွတ်မှာရှိပြီး၊  ဝိဋဋူဘမင်းက သာကီဝင်တွေကို သတ်ဖြတ် မြို့ကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်းမှ ပိပရဟဝါမှာ ကပိလဝတ် မြို့သစ် ပြန်တည်ခဲ့တာ လို့ဆိုပါတယ်။

ဝိဋဋူဘက သာကီဝင်တွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့အကြောင်းကို ဘဒ္ဒသာလဇာတ် (အမှတ် ၄၆၅) အဋ္ဌကထာနဲ့ ဓမ္မပဒအဋ္ဌကထာတွေမှာ ဖော်ပြထားပါတယ်။ သကျမျိုးနွယ် မြတ်စွာဘုရားကို အလွန်ကြည်ညိုတဲ့ ကောသလမင်းက မိမိနဲ့ လက်ဆက်ဖို့အတွက် ကပိလဝတ်က သကျ အမျိုးသမီးတစ်ဦးကို တောင်းခဲ့ရာက ဇာတ်လမ်းစပါတယ်။ သက္ကတိုင်းက ကောသလမင်းရဲ့ သြဇာအာဏာ အရိပ်အောက်မှာ ရှိတဲ့ တိုင်းနိုင်ငံတစ်ခု ဖြစ်တဲ့အတွက် ကောသလမင်းရဲ့ တောင်းဆိုမှုကို မလွန်ဆန်ဝံ့ပါဘူး။ သာကီဝင်မင်းသမီးတွေကို အမျိုးဇာတ်မတူသူတွေနဲ့ လက်ဆက်မပေးလို့တဲ့အတွက် သာကီဝင် မဟာနာမ်မင်းနဲ့ ကျွန်မတစ်ဦးကနေ မွေးတဲ့ သမီး ဝသဘခတ္တိယာကို ပေးလိုက်ပါတယ်။ ဝိဋဋူဘက ပသေနဒီကောသလမင်းနဲ့ ဝသဘခတ္တိယာတို့က ရတဲ့သားပါ။ ဝိဋဋူဘမင်းသား အရွယ်ရောက်တော့ မိမိရဲ့ ဆွေတော်မျိုးတော်တွေ ရှိတဲ့ ကပိလဝတ်ကို သွားလည်ပါတယ်။ မိမိကို ကောင်းကောင်း ဧည့်ဝတ် မပြုကြရုံသာမက မိမိထိုင်သွားတဲ့နေရာကို “ကျွန်မရဲ့သား ထိုင်သွားတဲ့ နေရာ” ဆိုပြီး နို့ရည်တွေနဲ့ လောင်း ဆေးကြတယ်ဆိုတာကို သိသွားသွားတော့ ဝိဋဋူဘက သာကီဝင်တွေ အပေါ်မှာ ရန်ငြိုးထားခဲ့ပါတယ်။ နောင်မှာ ဝိဋဋူဘက ခမည်းတော် ပသေနဒီကို ထံက အာဏာသိမ်းပြီး နန်းတက်လာတဲ့အခါ ကပိလဝတ်ကို စစ်ချီပါတယ်။ ဗုဒ္ဓမြတ်စွာကလည်း ကပိလဝတ်ကို သုံးကြိမ်တိုင်တိုင် ကြွပြီး ဆွေတော်မျိုးတော်တွေကို ဝိဋဋူဘရဲ့ ရန်ဘေးကနေ ကာကွယ်ပေးတော်မူပါတယ်။ ဒါပေမယ့် ရှောင်လွှဲလို့ မရနိုင်တော့ဘူးဆိုတာကို သိတဲ့အတွက် စတုတ္ထအကြိမ် သွားရောက် တိုက်ခိုက်တဲ့အခါမှာတော့ ဗုဒ္ဓက ကပိလဝတ်ကို မကြွတော့ပါဘူး။ ဝိဋဋူဘက သကျမျိုးနွယ်တွေကို အစုလိုက် အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်ပြီး ကပိလဝတ်ကို ဖျက်ဆီးခဲ့ပါတယ်။ ကပိလဝတ်မြို့ရဲ့ မြောက်ဖက် သဂါဟ၀ (Sagarhawa) အရပ်က Lambu Sagar ( ရေကန်ရှည် ) လို့ခေါ်တဲ့ ရေကန်ကို သကျမျိုးတွေကို လူမျိုးတုန်းသတ်ခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။ မဟာနာမ်မင်းကြီး ရေထဲကို ဆင်းပြီး မိမိကိုယ် မိမိ အဆုံးစီရင်ခဲ့တယ်ဆိုတဲ့ ရေကန်ကလည်း ဒီရေကန်ပဲ ဖြစ်နိုင်ပါတယ်။


View Kapilavastu and Lumbini in a larger map
 
ဒီစိတ်မကောင်းစရာ အဖြစ်အပျက်ရဲ့ ဝေးသောအကြောင်းအဖြစ် ကံကြမ္မာကို ရိုးမယ်ဖွဲ့ကောင်း ဖွဲ့နိုင်ပေမယ့်၊ နီးသောအကြောင်းအနေနဲ့ သကျတို့ရဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေး မာန်မာနက သူတို့ လူမျိုး၊ သူတို့ တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ သားသမင်တွေကို ကျားခြင်္သေ့တွေကတောင် ပြန်ပြီး ကြောက်ရတယ်ဆိုတဲ့ ကပိလရသေ့ရဲ့ အောင်မြေလည်း ဝိဋဋူဘ ရန်ကနေ အကာအကွယ် မပေးနိုင်တော့တာကို သတိပြုနိုင်ပါလိမ့်မယ်။ သတ်ဖြတ်မှုကနေ လွတ်မြောက်သွားတဲ့ သကျမျိုးနွယ်တွေက ပိပ္ပလိဝန (ပိတ်ချင်းတော) ထဲမှာ မောရိယ (ဒေါင်း) အမည်နဲ့ မျိုးနွယ်စု အသစ် ထူထောင်ခဲ့ကြတယ်လို့ သီဟိုဠ်ကျွန်းမှာရေးတဲ့ မဟာဝံသကျမ်းမှာ ဖော်ပြကြပါတယ်။ အချို့က အိန္ဒိယဖက်ခြမ်းမှာရှိတဲ့ ပိပရဟဝါ ဆိုတာ ပိပ္ပလိဝနကနေ အခေါ်ရွေ့လျောပြီး လာတာလို့ ယူဆကြပါသေးတယ်။ မောရိယမျိုးနွယ်စုက ဘိုးတော် စန္ဒဂုတ်မင်း လက်ထက် (340 BC – 298 BC) မှာ မောရိယမင်းဆက်ကို ထူထောင်ခဲ့ပြီး မြေး အသောကမင်း လက်ထက် (304–232 BCE) မှာ မောရိယအင်ပါယာက အဲဒီခေတ်အခါရဲ့ကမ္ဘာမှာ အကြီးဆုံး အင်ပါယာနိုင်ငံကြီး ဖြစ်သွားခဲ့ပါတယ်။ အသောကမင်းရဲ့ ကျေးဇူးနဲ့ ဗုဒ္ဓသာသနာက ကမ္ဘာ အရပ်အရပ် ပြန်နှံ့ခဲ့ပေမယ့်၊ ယခုအချိန်မှာတော့ သာသနာစတင် မြစ်ဖျားခံရာ အိန္ဒိယနိုင်ငံမှာ သာသနာ တိမ်ကော ကွယ်ပျောက်ခဲ့ရပြန်ပါတယ်။ အသောကမင်းကြီးရဲ့ရေးထိုးခဲ့တဲ့ ကျောက်စာတိုင်တွေ၊ တည်ထားခဲ့တဲ့ စေတီပျက်တွေကနေပဲ တချိန်က ထွန်းကားခဲ့တဲ့ ဗုဒ္ဓသာသနာကို ပြန်လည်မှန်းဆ ကြည်ညိုရပါတော့တယ်။ ဖြစ်ချည်တလှဲ့ ပျက်ချည်တခါ လောကဓမ္မတာကို သံဝေဂယူနိုင်ပါတယ်။

နိဂလိဟ၀ (ကောဏာဂုံဘုရား အလောင်းဖွားရာ)၊ ဂေါတိဟ၀ (ကကုသန်ဘုရား အလောင်းဖွားရာ)၊ သဂါဟ၀ (သာကီဝင်တွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ ရေကန်)၊ ပိပရဟဝါ စတဲ့နေရာတွေကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ မြန်မာဘုရားဖူး ဝန်ဆောင်အဖွဲ့တွေက ကပိလဝတ္ထု (တိလောရကွတ်) ကိုပဲ ပို့ပေးလေ့ရှိပါတယ်။ မြို့ရိုးဟောင်းက ၂၂-ပေကျယ်တဲ့ ကျုံး၊ ၁၀-ပေ ကျယ်တဲ့ မြို့ရိုးနဲ့ ဝန်းရံထားပါတယ်။ အရှေ့ဖက်နဲ့ အနောက်ဖက်က မြို့တံခါးကြီးတွေကို ရှေးဟောင်းသုတေသနက တူးဖော်ထားပါတယ်။ မြို့ရိုးဟောင်းတွေ၊ တံခါးမကြီးတွေကို ကြည့်ပြီး တချိန်က ကပိလဝတ်ဟာ ကြီးကျယ်ခမ်းနားခဲ့မယ် ဆိုတာမှန်းဆနိုင်ပါတယ်။ ကပိလဝတ်ဟာ ချမ်းသာကြွယ်ဝပြီး လူနေ ထူထပ်ကြောင်း၊ လမ်းတွေမှာ ဆင်တွေ မြင်းတွေ လှည်းတွေ ရထားတွေနဲ့ ပြည့်ကျပ်စည်ကားကြောင်း မဟာဝဂ္ဂသံယုတ် မဟာနာမသုတ်မှာ တွေ့ရပါတယ်။ တရုတ်ရဟန်းတော် ဖာရှန် ရောက်ခဲ့တဲ့ အချိန်မှာတော့ ကပိလဝတ်မှာ အိမ်ခြေ ဆယ်စုလောက်ပဲ ရှိပါတော့တယ်။ ကပိလဝတ်ကနေ လုမ္ဗိနီကို သွားတဲ့လမ်းမှာလည်း လူသူကင်းဆိတ်နေပြီး ဆင်ဖြူတွေ၊ ခြင်္သေ့တွေရဲ့ ရန်ကြောင့် အထူးသတိထားပြီး သွားရတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။




ကပိလဝတ္ထု နန်းတော်ရာ

ကပိလဝတ်မြို့ဟောင်းအတွင်းကို အနောက်ဖက် တံခါးအနီးကနေ ဝင်ရပါတယ်။ လူသွားလမ်းလေးအတိုင်း မီတာ-၂၀၀ လောက် လျှောက်လိုက်ရင် နန်းတော်ရာ အုတ်မြစ်ခုံကို တွေ့ရပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းသား စိုးစံဖို့အတွက် နွေမိုးဆောင်း ဥတုသုံးပါးနဲ့ လျော်ညီအောင် ဆောက်လုပ်ထားတဲ့ ရမ္မ၊ သုဘ၊ သုရမ္မဆိုတဲ့ နန်းပြသာဒ်ကြီး သုံးဆောင်ရဲ့ အုတ်မြစ်ခုံတွေလည်း ဖြစ်နိုင်ပါတယ်။ နန်းတော်ရာရဲ့ မြောက်ဖက်နားမှာ နတ်ကွန်းတစ်ခုရှိပါတယ်။ ဒီနတ်ကွန်းမှာ ဒေသခံတွေက အတီးအမှုတ်တွေနဲ့ ပူဇော်ပသပြီး သားဆု တောင်းလေ့ရှိကြောင်း သိရပါတယ်။

သားဆုတောင်းရာ နတ်ကွန်း

ကပိလဝတ္ထု အရှေ့တံခါးဆီသို့



ကပိလဝတ္ထု အရှေ့တံခါးနှင့် မြို့ရိုး
ကပိလဝတ္ထု အရှေ့တံခါး
ကပိလဝတ္ထု အရှေ့တံခါး
ကပိလဝတ္ထု မြို့ရိုး

နန်းတော်ရာနေရာကနေ အရှေ့ဖက်ကို မီတာ-၂၀၀ လောက်ဆက်ပြီး သွားရင် အရှေ့ဖက် မြို့တံခါးကို ရောက်ပါတယ်။ သိဒ္ဓတ္ထမင်းသားက ဒီအရှေ့ဖက်တံခါးကနေ တောထွက်တော်မူခဲ့တာ ဖြစ်လို့ “မဟာဘိနိက္ခမနဒွါရ” လို့လည်း ခေါ်ပါတယ်။ မြို့တံခါးကနေ အရှေ့ဖက်ကို လှမ်းမျှော်ကြည့်လိုက်ရင် မလှမ်းမကမ်းမှာ စေတီပျက်ကုန်းလေး တစ်ခုကို တွေ့ရပါတယ်။ ဧည့်လမ်းညွှန်တွေကတော့ ကဏ္ဍကမြင်း ရင်ကွဲနာကျပြီး နတ်ရွာလားတဲ့ နေရာအထိမ်းအမှတ် လွမ်းစေတီလို့ ဆိုပါတယ်။ ဒါပေမယ့် ကျမ်းစာတွေ အရဆိုရင်တော့ ကဏ္ဍကမြင်း ရင်ကွဲနာကျတဲ့နေရာဟာ အနောမာမြစ်ကမ်း နံဘေးမှာ ရှိရမှာ ဖြစ်လို့ ဟုတ်ဟန် မတူပါဘူး။ အလောင်းတော်မင်းသား တောထွက်မယ်လို့ ဆုံးဖြတ်ပြီး မြို့တံခါးက ထွက်တဲ့အခါ ကပိလဝတ်ကို ပြန်ပြီး ကြည့်လိုတဲ့ စိတ်ဖြစ်ပါတယ်။ ဒီလိုစိတ်ဖြစ်တာနဲ့ မဟာပထဝီမြေကြီးက အိုးထိန်းစက်လို လည်ပြီး မြို့တော်ကို ပြတယ်၊ နောင် ဒီနေရာမှာ ကဏ္ဍကအနိဝတ္တနစေတီ တည်ခဲ့ကြကြောင်း ဗုဒ္ဓဝင်အဋ္ဌကထာမှာ တွေ့ရပါတယ်။ အခုလှမ်းမြင်နေရတဲ့ ကုန်းမို့မို့လေးက ဒီစေတီ ဖြစ်နိုင်ပါတယ်။ ကပိလဝတ်ရဲ့ အရှေ့ဖက်တကျောက လယ်ကွင်းတွေမှာ ခမည်းတော် သုဒ္ဓေါဒနမင်း လယ်ထွန်မင်္ဂလာ ကျင်းပခဲ့ဖူးပါလိမ့်မယ်။ အလောင်းတော် မင်းသားလေးဟာ ခမည်းတော်ကို စောင့်ဆိုင်းရင်း မိမိရဲ့ ဝင်သက်ထွက်ကို အာရုံပြုနေတဲ့အခါ ပထမဈာန်အဆင့်ရှိတဲ့ သမာဓိကို ရတော်မူခဲ့တယ်ဆိုတဲ့ သပြေပင်ရိပ်နေရာသည်လည်း ဒီလယ်ကွင်းပြင်တွေရဲ့ အလယ်တနေရာရာမှာ ဖြစ်လိမ့်မယ်လို့ မှန်းဆ ကြည့်ရပါတယ်။ သပြေပင်ရင်းမှာ ကလေးဘဝက ရခဲ့ဖူးတဲ့ အာနာပါန ဈာန်သမာဓိဟာ နောင် မဟာဗောဓိပင်ရင်းမှာ ရရှိမယ့် သမ္မာသမ္ဗောဓိ ဉာဏ်တော်အတွက် အလွန် ကျေးဇူးများတယ်ဆိုတာကို စဉ်းစားမိခဲ့ပါတယ်။
ကပိလဝတ္ထု (@ Tilaurakot)

ကပိလဝတ်မြို့ရိုးဟောင်းရဲ့ မြောက်ဖက်မှာ မယ်တော်မာယာရဲ့ အရိုးအိုးစေတီနဲ့ ဖမည်းတော် သုဒ္ဓေါဒနမင်းကြီးရဲ့ ဓာတ်တော်စေတီလို့ ယူဆရတဲ့ စေတီပျက်နှစ်ဆူ ရှိပါတယ်။ ဒီစေတီ နှစ်ဆူကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ အဲဒီကနေ မြောက်ဖက်ကို ဆက်သွားရင် ဟိမဝန္တာတောင်ခြေထိ တိုင်အောင် ကျွန်းပင်၊ အင်ကြင်းပင်တွေ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ မဟာဝုန်တောကြီး ရှိခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးတော်မူတဲ့ အခါတွေမှာ ဆွမ်းစားပြီးရင် မဟာဝုန်တောကို ဝင်ပြီး နေ့သန့်စဉ် (တစ်ပါးတည်း သမာပတ်ဝင်စား) တော်မူလေ့ရှိပါတယ်။ နိဂြောဓာရုံက ကပိလဝတ်မြို့ တောင်ဖက် ၃-မိုင်ခွဲ (တောလိဟဝါမြို့ကနေ ၁-မိုင်ခွဲ) လောက်က ကူဒန်ရွာ (Kudan) အနီးမှာ ရှိပါတယ်။ ကပိလဝတ်မြို့ဟောင်းကို လေ့လာပြီးတဲ့နောက ဘုရားဖူးအဖွဲ့က နိဂြောဓာရုံကို သွားကြပါတယ်။

 



သားတော် သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ရောက်ပြီလို့ သတင်းကြားတဲ့အခါ သုဒ္ဓေါဒနမင်းက အမတ်တွေကို စေလွှတ်ပြီး ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားကို ပင့်ဖိတ်စေခဲ့ပါတယ်။ ဘုရားပင့်ဖို့ ရောက်လာတဲ့ အမတ်တွေက တရားတော်ကို နာကြားရပြီးတဲ့နောက် ရဟန်းပြုသွားကြပြီး သုဒ္ဓေါဒနမင်းရဲ့ အမှာစကားကို လစ်လျူရှုထားကြပါတယ်။ အကြိမ်ကြိမ် စေလွှတ်ပေမယ့် မရတဲ့အဆုံး ဗုဒ္ဓနဲ့ ဖွားဖက်တော်ဖြစ်တဲ့ ကာဠုဒါရီအမတ်ကို စေလွှတ်လိုက်ပါတယ်။ ကာဠုဒါရီအမတ်လည်း ရဟန်းပြုသွားပေမယ့် သုဒ္ဓေါဒနမင်းရဲ့ အမှာစကားကို မမေ့လျော့ပဲ နွေဦးရာသီရဲ့ သာယာလှပပုံတွေကို ဖော်ကြူးပြီး မွေးရပ်မြေဖြစ်တဲ့ ကပိလဝတ်ပြည်ကို ကြွတော်မူဖို့ ဂါထာတော် ခြောက်ဆယ် (အတိအကျအားဖြင့် ၆၄-ဂါထာ) နဲ့ ပင့်လျှောက်တော်မူပါတယ်။ ဗုဒ္ဓမြတ်စွာက ရဟန်းသံဃာတော်တွေ ခြံရံပြီး တစ်နေ့ တစ်ယူဇနာခရီးနဲ့ နှစ်လကြာ ရာဇဂြိုဟ်ကနေ ကပိလဝတ္ထုကို ဒေသစာရီကြွ ချီခဲ့ပါတယ်။ ကပိလဝတ်ကို ရောက်တဲ့အခါ ဗုဒ္ဓမြတ်စွာနဲ့ ရဟန်းတော်တွေ သီတင်းသုံးဖို့အတွက် နိဂြောဓ အမည်ရတဲ့ သာကီဝင်မင်းသားရဲ့ ဥယျာဉ်အရံကို လှူဒါန်းခဲ့ပါတယ်။ သာကီဝင်မင်းတွေက အလွန် မာန်မာနကြီးသူတွေ ဖြစ်တဲ့အလျောက် ဗုဒ္ဓမြတ်စွာထက် အသက်ရွယ် ငယ်ရွယ်သူတွေကသာ လက်အုပ်ချီမိုးပြီး ရှိခိုးကြပါတယ်။ ဗုဒ္ဓမြတ်စွာထက် အသက်အရွယ် ကြီးသူ သာကီဝင်မင်းများကတော့ ရှိခိုးခြင်း မပြုဘဲ နောက်ကနေသာ ခရီးဦး ကြိုဆိုကြပါတယ်။ မာန်မာနထောင်လွှားတဲ့ ဆွေတော်မျိုးတော်များကို ချေချွတ်ဖို့အတွက် ကောင်းကင်ယံထက်မှာ ယမိုက်ပြာဋိဟာ တန်ခိုးတော်ကို ပြတော်မူပါတယ်။ အဲဒီနောက် စိုစေလိုသူကိုသာ စိုစွတ်စေပြီး မစိုစေလိုသူတွေကို မစိုစွတ်စေတဲ့ ပေါက္ခရဝဿမိုးကြီး ရွာသွန်းတယ်လို့ ဗုဒ္ဓဝင်များမှာ ဖော်ပြထားပါတယ်။
နိဂြောဓာရုံကျောင်းတော်ရာ(@ Kudan)
နိဂြောဓာရုံ ကျောင်းဝင်းအတွင်းရှိ ပေါက္ခရဏီကန်
နိဂြောဓာရုံ ကျောင်းဆောင် (၁)

နိဂြောဓာရုံ ကျောင်းဆောင် ၂
စေတီပျက် ကုန်းမြင့် အမှတ် (၃)

ရှေးဟောင်းသုတေသနဌာနက ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ နိဂြောဓာရုံဝင်းအတွင်းကို ဝင်လိုက်တာနဲ့ ပေါက္ခရဝဿမိုး ရွာသွန်းဖြိုးစဉ်က ဖြစ်ပေါ်လာခဲ့တယ်လို့ ယူဆရတဲ့ ပေါက္ခရဏီ ကြာကန်ကို တွေ့ရပါတယ်။ ကြာကန်ရဲ့ အနောက်ဖက် ကပ်လျှက်မှာတော့ ပင်မကျောင်းဆောင် (အမှတ် ၁) ရှိပါတယ်။ ကျောင်းဆောင်ထက်ကို သံလှေကားကနေ တက်လို့ ရပါတယ်။ အပေါ်မှာ ဟိန္ဒူဘာသာဝင်တွေ စိုက်ထူထားတဲ့ သီဝလိင်ကို တွေ့ခဲ့ရပါတယ်။ ဒီကျောင်းရဲ့ မြောက်မှာ ရေတွင်း တတွင်းနဲ့ ကျောင်းဆောင် အမှတ် (၂) တို့ ရှိပါတယ်။ ရေကန်ရဲ့ တောင်ဖက်မှာ ရှိတဲ့ စေတီကုန်းမြင့်လေးကိုတော့ ရှေးဟောင်းသုတေသနဌာနက တူးဖော်ခြင်း မပြုရသေးပါဘူး။ ဒီကုန်းရဲ့ အထက်မှာ အစ္စလာန် အဆောက်အအုံတစ်ခု ဆောက်ထားတာကို တွေ့ခဲ့ရပါတယ်။ ဧည့်လမ်းညွှန်တွေက ဒီစေတီကုန်းလေးဟာ သားတော်ရာဟုလာကို သာသနာ့အမွေ ပေးတဲ့အနေနဲ့ ရှင်သာမဏေပြုပေးတဲ့ နေရာ အထိမ်းအမှတ် စေတီလို့ ရှင်းပြပါတယ်။ “ရှင်သာမဏေအစ နိဂြောဓာရုံက” လို့ အဆို ရှိခဲ့ပါတယ်။ ထို့အတူ မိထွေးတော် ဂေါတမီ ဦးဆောင်တဲ့ အမျိုးသမီးများက ဘိက္ခုနီအဖြစ် သာသနာဘောင် ဝင်ခွင့် ပြုဖို့ လျှောက်ထားခဲ့တာလည်း နိဂြောဓာရုံမှာပဲ ဖြစ်ပါတယ်။ လျှောက်ထားစဉ်ကတော့ ခွင့်မပြုခဲ့ပါဘူး (ဘိက္ခုနီသာသနာကို ဝေသာလီပြည်မှာ စတင်ခွင့်ပြု ခဲ့တာဖြစ်ပါတယ်)။ အမျိုးသမီးတွေကို ပိုင်ဆိုင်စရာ ပစ္စည်းအဖြစ် သဘောထား ဆက်ဆံလေ့ရှိတဲ့ အိန္ဒိယ လူ့မှုအသိုင်းအဝိုင်းထဲမှာ ယောက်ျားသားများနဲ့ တန်းတူ ရဟန်းခံခွင့်ကို တောင်းဆိုခဲ့တဲ့ မိထွေးတော် ဂေါတမီကို ဗုဒ္ဓခေတ်ရဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတစ်ဦး အဖြစ် တင်စားနိုင်မယ် ထင်ပါတယ်။

Sunday, April 14, 2013

နှစ်သစ်မင်္ဂလာ - မန်းတောင်ရိပ်ခို

သူတို့ရဲ့ စန္ဒယားဆရာ စီစဉ်ပေးတဲ့ note ကို ရေစင်က www.noteflight.com မှာ ရိုက်သွင်းပေးထားပါတယ်။

Monday, April 8, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၇) - ဇေတဝန်ကျောင်းတော်ရာ

မင်္ဂလသုတ် အစရှိတဲ့ သုတ္တန်ဒေသနာ အတော်များများကို “အခါတစ်ပါးတွင် မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏ (ဧကံ သမယံ ဘဝဂါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ)” ဆိုတဲ့ နိဒါန်းနဲ့ အစချီလေ့ရှိပါတယ်။ ဇေတဝန်ကျောင်းတော်မှာ ဟောကြားတော်မူခဲ့တဲ့ သုတ္တန်ဒေသနာတွေက အလွန်များပြားတဲ့အတွက် ဇေတဝန်ဟာ အလွန်အရေးပါတဲ့ ဗုဒ္ဓသာသနိက ဌာနတစ်ခုဖြစ်တယ်ဆိုတာ အထူးပြောစရာ မလိုလှပါဖူး။

ပသေနဒီကောသလမင်းရဲ့ သားတော် ဇေတမင်းသား ပိုင်ခဲ့တဲ့ ဥယျာဉ် ဖြစ်တဲ့အတွက် ဇေတဝန် (ဇေတဝန) လို့ အမည်ရပါတယ်။ အနာထပိဏ်သူဌေးက ဥယျာဉ်မြေကို ရွှေဒင်္ဂါးပြားချင်း အစွန်းချင်းထိစပ်အောင် အပြည့်ခင်းပြီး ဇေတမင်းသားထံက ဝယ်ယူကာ ဘုရားရှင်ကို လှူဒါန်းခဲ့တာပါ။ အနာထပိဏ်သူဌေးရဲ့ သဒ္ဓါတရားကို အားကျပြီး ဇေတမင်းသားက မြေနေရာတကွက်ကို မရောင်းတော့ပဲ ကျောင်းမုခ်ဦး ဆောက်လုပ်လှူဒါန်းပြီး ကုသိုလ် ပါဝင်ခဲ့ပါတယ်။ အနာထပိဏ်သူဌေးက ဇေတဝန်ဥယျာဉ်အတွင်းမှာ ကျောင်းဆောင်၊ တရားဟော ခန်းမဆောင်၊ စင်္ကြံလမ်း၊ အိမ်သာ၊ မီးဖိုဆောင်၊ ရေတွင်း၊ ရေကန်၊ ဇရုံးအိမ် (ရေနွေးငွေ့နဲ့ ချွေးပေါင်းတဲ့ အခန်း) စတာတွေ ထည့်သွင်းပြီး ခမ်းခမ်းနားနား ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ကျောင်းဆောင်တွေကို မဆိုထားနဲ့ ကျောင်းတိုက်မုခ်ဦးကတောင် အလွန် ခမ်းနားကြီးကျယ်တယ်လို့ အဆိုရှိပါတယ်။ တခါက ဘုရားရှင်နဲ့ ဝါဒပြိုင်မယ်ဆိုပြီး လာတဲ့ တိတ္ထိတစ်ဦးဟာ ကျောင်းတိုက်မုခ်ဦးရဲ့ ခမ်းနားမှုကို မြင်တာနဲ့ မဝင်ရဲတော့ဘဲ ကြောက်ရွံ့တုန်လှုပ်ပြီး ထွက်ပြေးဖူးကြောင်း ပလာယိတဇာတ်မှာ ဖော်ပြဖူးပါတယ်။

အသောမင်းက ဇေတဝန် ကျောင်းတိုက်မုခ်ဦးရဲ့ တဖက်တချက်မှာ အမြင့်ပေ-၇၀ လောက်ရှိတဲ့ ကျောက်တိုင် တတိုင်စီ စိုက်ထူထားခဲ့ပါတယ်။ ဘယ်ဖက် ကျောက်တိုင်ထိပ်မှာ ဓမ္မစကြာဘီး၊ ညာဖက် ကျောက်တိုင်ထိပ်မှာ နွားလားဥသဘရုပ်ထုတွေ ထုလုပ်ထားကြောင်း တရုတ်ရဟန်းတော် ဖာရှန်နဲ့ ရွှန်ကျန်တို့ရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ကျောင်းတိုက်မုခ်ဦးနေရာက ဒီနေ့ခေတ် သာဝတ္ထိ မြန်မာကျောင်းဟောင်းနေရာလောက်မှာ ရှိတယ်လို့ ယူဆကြပါတယ်။ ဒီကျောက်တိုင် နှစ်ခုရဲ့ အခြေကို ကြိုးစား ရှာဖွေတူးဖော်ခဲ့ပေမယ့် မတွေ့ရတော့ပါဘူး။

အေဒီ ၄၀၇-ခုနှစ် ရဟန်းတော် ဖာရှန် ရောက်ခဲ့စဉ်က ဇေတဝန်ဥယျာဉ် ကျောင်းတိုက် အတွင်းမှာ အရံကျောင်းဆောင် ၉၈ ကျောင်းလောက် ရှိခဲ့ပြီး၊ တစ်ကျောင်းမှအပ ကျောင်းဆောင် အားလုံးမှာ သံဃာတော်တွေ သီတင်းသုံး နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အေဒီ ၆၃၇-ခုနှစ် ရဟန်းတော် ရွှန်ကျန်ရောက်ချိန်မှာတော့ ဇေတဝန်ကျောင်းတိုက်ကြီးက ပျက်စီးယိုယွင်းနေပြီး ရဟန်းတော်အချို့ပဲ ကျန်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း နောင်မှာ ရဟန်းသံဃာများနဲ့ ပြန်လည် စည်ကားခဲ့ဟန်ရှိပါတယ်။ ၁၃-ရာစု နောက်ပိုင်းမှာတော့ လုံး၀ ပျက်စီးတိမ် ကောသွားတဲ့အတွက် ယခုအခါမှာ အုတ်မြစ်ပဲ ကျန်ပါတော့တယ်။



ကျောင်းဆောင် အမှတ် ၁၁ နှင့် ၁၂

ဇေတဝန်ဥယျာဉ် အတွင်းမှာ ပြန်လည်တူးဖော်ထားတဲ့ ကျောင်းဆောင် အုတ်မြစ်နေရာတွေကို ရှေးဟောင်းသုတေသနဌာနက အမှတ်စဉ်တွေ ထိုးထားပါတယ်။ သီရိလင်္ကာကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဇေတဝန်ဥယျာဉ် ဂိတ်ပေါက်ကနေ ဝင်ပြီး လူသွားလမ်း အတိုင်းသွားရင် ကျောင်းဆောင်အမှတ် (၁၁) နဲ့ (၁၂) ကို တွေ့ရပါမယ်။ ဆက်ပြီးသွားရင် ကျောင်းဆောင်အမှတ် (၁၉) ကို ရောက်ပါတယ်။ ဒီကျောင်းဆောင်က ပသေနဒီကောသလမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ သာလာလဂါရကုဋိ (အင်ကြင်းပင် ကျောင်းဆောင်) လို့ မြန်မာဆရာတော်များက ယူဆကြပါတယ်။ သာလာလဂါရကုဋိ ဆိုတာက ဇေတဝန်ဥယျာဉ်ထဲမှာ ပင်မကျောင်းဆောင်ကြီး (မဟာဂေဟာနိ) လေးဆောင် ရှိတဲ့အနက်က တစ်ဆောင်ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသန တူးဖော်မှုအရကတော့ အစောဆုံး ခရစ်နှစ် ၆-ရာစုလောက်ကမှ တည်ထားခဲ့တာလို့ ဆိုပါတယ်။ သုံးကြိမ်တိုင်တိုင် ပြန်လည်ပြုပြင် မွမ်းမံခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒီကျောင်းဆောင်ရဲ့ အခန်းတခန်းကနေ ခရစ်နှစ် ၁၁၃၀-ခုနှစ်က ရေးထိုးခဲ့တဲ့ ကဏ္ဏကုဇ္ဇဘုရင် ဂေါဝိန္ဒစန္ဒြရဲ့ ကြေးပြားကမ္ပည်းစာတန်းကို တူးဖော်ရရှိခဲ့ပါတယ်။ ဂေါဝိန္ဒစန္ဒြဆိုတာက မိဂဒါဝုန်က ဓမ္မစကြဇိနကျောင်းဆောင်ကို လှူဒါန်းခဲ့တဲ့ ကုမာရဒေဝီရဲ့ ခင်ပွန်းပါ။ သာဝတ္ထိအနီးတဝိုက်က ရွာပေါင်း ၆-ရွာကို ဇေတဝန်ကျောင်း သံဃာကို လှူဒါန်းခဲ့တယ်လို့ ရေထိုးထားပါတယ်။ ဒီကမ္ပည်းစာမှာ ပါတဲ့ ရွာအမည်အချို့က ယနေ့ထက်ရှိနေသေးတဲ့အတွက် ဒီနေရာဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ရာ နေရာအစစ်အမှန် ဖြစ်ကြောင်း အတည်ပြုဖို့အတွက် အရေးပါတဲ့ အထောက်အထားတခု ဖြစ်တယ်လို့ ရှေးဟောင်းသုတေသန မှတ်တမ်းတွေက ဆိုပါတယ်။

ကျောင်းဆောင်အမှတ် ၁၉ (သာလာလဂါရကုဋိ)



ကျောင်းဆောင် အမှတ် (၁၁) နဲ့ (၁၂) ရဲ့ မြောက်ဖက်မှာ ရဟန္တာမထေရ်တွေရဲ့ ဓာတ်တော်စေတီ ၈-ဆူ ရှိပါတယ်။ လမ်းအတိုင်း ဆက်သွားရင် မြန်မာဆရာတော်တွေက ရှင်သီဝလိကျောင်းဆောင်လို့ သတ်မှတ်ထားတဲ့ ကျောင်းဆောင် အမှတ် (၇) ကို ရောက်ပါတယ်။ ကျောင်းဆောင် အဝင်ဝမှာ ကုလားဘုန်းကြီးတွေက စာရွတ်ပြီး အလှူခံနေကြပါတယ်။ ဘုရားခန်းဆောင် တခုပါဝင်ပြီး အုတ်နဲ့ လုပ်ထားတဲ့ ခပ်နိမ့်နိမ့် ပန်းတင်ခုံလေး ရှိပါတယ်။ ဘုရားဖူးတွေက အဲဒီပန်းတင်ခုံပေါ်မှာ အမွှေးတိုင် ဆီမီးတိုင်တွေ ထွန်းညှိ ပူဇော်ကြပါတယ်။ ဇေတဝန်ဥယျာဉ်အတွင်းမှာ ကျောင်းဆောင်နေရာ အတော်များများရှိပေမယ့် ဂန္ဓကုဋိကျောင်း၊ အာနန္ဒာဗောဓိပင်နဲ့ ရှင်သီဝလိကျောင်းဆောင် နေရာသုံးခုလောက်မှာပဲ ဘုရားဖူးတွေ စည်စည်ကားကား ဝတ်ပြုဆုတောင်းလေ့ရှိပါတယ်။ “လာဘ်လာဘပေါများရာမှာ ဧတဒဂ်ရတဲ့ ရှင်သီဝလိရဲ့ ကျောင်းတော်ရာဖြစ်တဲ့အတွက် ဘုရားဖူးတွေက တခုပ်တရ ဆုတောင်းပူဇော်မှု ပြုကြတယ်” လို့ ယူဆနိုင်သလို၊ “သက်တော်ထင်ရှား မရှိတော့ပေမယ့် ရှင်သီဝလိမထေရ်ရဲ့ အမည်နာမနဲ့ ဆက်စပ်နေတဲ့ နေရာဌာနတွေကတောင် ပူဇော်သက္ကာရ အထူးကို ခံတော်မူရသေးတယ်” လို့လည်း တွေးယူနိုင်ပါတယ်။

ကျောင်းဆောင် အမှတ် ၇ (ရှင်သီဝလိကျောင်းဆောင်)


အရှင်သီဝလိကျောင်းဆောင်ကနေ အရှေ့ဖက်ကို သွားရင် လမ်းရဲ့ ညာဖက်မှာ စေတီ အမှတ် (၁၇) နဲ့ (၁၈) တို့ ရှိပါတယ်။ ခရစ်နှစ် ၁-ရာစု ကုသျှန်မင်းဆက်ခေတ်က တည်ထားခဲ့တာဖြစ်ပြီး ဓာတ်တော်ကြုတ်၊ ဓာတ်တော်သပိတ်တို့ကို တူးဖော်ရရှိခဲ့တယ်လို့ ရေးထားပါတယ်။ အဲဒီ စေတီနှစ်ဆူရဲ့ တောင်ဖက်မှာ စေတီအမှတ် (၅) ရှိပါတယ်။ ဒီစေတီကလည်း ကုသျှန်မင်းဆက်ခေတ်က တည်ထားခဲ့တာပါ။ မြန်မာဆရာတော်တွေက ပူတိဂတ္တ တိဿမထေရ်ရဲ့ ဓာတ်တော်တွေကို ဌာပနာထားတဲ့ စေတီလို့ ယူဆကြပါတယ်။ တိဿမထေရ်က သွေးစုနာလို အနာဖုတွေ ပေါက်ပြီး တကိုယ်လုံး ပြည်ပုတ်သွေးပုတ်တွေ လိမ်းကျံနေပြီး ပြုစုမယ့်သူ မရှိဘဲ တပါးတည်း ဖြစ်နေခဲ့ပါတယ်။ အဲဒီအခါမှာ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ကြွရောက်ပြီး ရေနွေးကြိုကာ အနာတွေကို ဆေးကြော သုတ်သင်ပေးခဲ့ပါတယ်။ ပြည်သွေးတွေပေနေတဲ့ သင်္ကန်းတွေကိုလည်း ရေနွေးနဲ့ ဖွတ်လျှော်ပေးခဲ့ပါတယ်။ တရားဓမ္မဟောကြားပေးပြီးတဲ့ အဆုံးမှာ တိဿမထေရ် ရဟန္တာဖြစ်ပါတယ်။ ဒီမထေရ် ပရိနိဗ္ဗာန်ပြုတဲ့အခါမှာ ဓာတ်တော်တွေကို စေတီတည်ခဲ့ကြတယ်လို့ ဓမ္မပဒအဋ္ဌကထာမှာ ဖော်ပြထားပါတယ်။ ဒီစေတီအကြောင်းကို တရုတ်ရဟန်းတော် ရွှန်ကျန်ကလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါပေမယ့် ဇေတဝန်ကျောင်းတော်ရဲ့ အရှေ့မြောက်ဖက်မယ် ရှိတယ်လို့ ဖော်ပြထားတဲ့အတွက် ယခုတွေ့ဖူးမြော်ရတဲ့ စေတီအမှတ် (၅) နေရာနဲ့ ကွဲလွဲနေပါတယ်။ ဗြိတိသျှသုတေသီ ကန်နင်ဟန်က တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းကို မူတည်ပြီး ဇေတန်ကျောင်းတော်ရဲ့ အရှေ့မြောက်ဖက် ပေ-၅၅၀ အကွာမှာရှိတဲ့ အုတ်ပုံကုန်းမြင့်လေးကို ဂိလာနရဟန်းတော်ကို ဗုဒ္ဓမြတ်စွာ သူနာပြုခဲ့တဲ့ အထိမ်းမှတ်တည်ခဲ့တဲ့ စေတီလို့ သတ်မှတ်ထားပါတယ်။

စေတီအမှတ် ၅ (ဂိလာနရဟန်းအား သူနာပြုရာ အထိမ်းအမှတ်စေတီ)
 
စေတီငယ်ရှစ်ဆူနှင့် အနောက်မှ စေတီအမှတ် (၅)

ကောသမ္ဗကုဋိနှင့် စင်္ကမစေတီ

လမ်းအတိုင်း အရှေ့ဖက်ကို ဆက်သွားရင် အာနန္ဒာဗောဓိပင်ကို ရောက်ပါတယ်။ မဝင်သေးဘဲ လမ်းအတိုင်း မြောက်ဖက်ကို သွားတဲ့အခါ လမ်းရဲ့ ညာဖက်မှာ ဗုဒ္ဓမြတ်စွာ စင်္ကြံကြွတော်မူရာ အထိမ်းအမှတ် စင်္ကမစေတီ အုတ်ခုံရှိပါတယ်။ ဘယ်ဖက်မှာတော့ ကျောင်းဆောင် အမှတ် (၃) ရှိပါတယ်။ “ဗလ အမည်သော ရဟန်းတော်က ကောသမ္ဗကျောင်းရှိ ရဟန်းတော်များအတွက် ပေးလှူသည်” လို့ ကမ္ပည်းစာပါတဲ့ မထုရာလက်ရာ ကျောက်ဆင်းတုတစ်ဆူကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနေရာဟာ အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကောသမ္ဗကုဋိ (ကြို့ပင် ကျောင်းဆောင်) ဖြစ်တယ်လို့ ယူဆကြပါတယ်။

ကျောင်းဆောင် အမှတ် ၃ (ကောသမ္ဗကုဋိ)
 


စင်္ကမစေတီ

လမ်းအတိုင်း မြောက်ဖက်ကို ဆက်သွားတော့ ကျောင်းဆောင် အမှတ် (၂) ကို ရောက်ပါတယ်။ ဒီကျောင်းဆောင်ကို အကြိမ်ကြိမ် ပြုပြင်မွမ်းထားခဲ့ကြတယ်လို့ သိရပါတယ်။ အပြင်ဖက်ဆုံး အုတ်မြစ်က ၈-ပေလောက်ထူပြီး၊ အရှေ့အနောက် ၁၁၅-ပေ၊ တောင်မြောက် ၈၉-ပေ ရှိပါတယ်။ ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူလေ့ရှိတဲ့ ဂန္ဓကုဋိ (နံ့သာ ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ရောက်လာကြတဲ့ ဘုရားဖူးတွေက ပန်း၊ စန္ဒကူး နံ့သာတွေ ယူဆောင်လာပြီး ပူဇော်လေ့ရှိကြတဲ့တွက် ဂန္ဓကုဋိဆိုတဲ့ အမည်ရပါတယ်။ ဂန္ဓကုဋိကျောင်းမှာ မြတ်စွာဘုရား မကြာခဏ သီတင်းသုံးတော်မူလေ့ရှိတဲ့ အတွက် ဂန္ဓကုဋိဆိုရင် မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းဆောင်လို့ အသိများကြသလို၊ နောင်မှာ ဘုရားဆင်းတုတော်တွေ ထားတဲ့ကျောင်းဆောင်တိုင်းကို ဂန္ဓကုဋိလို့ဘဲ ခေါ်ဝေါ် သုံးစွဲလေ့ရှိကြပါတယ်။ ရှေ့ဝင်ပေါက် အနီးက ပန်းတင်ခုံပေါ်မှာ စေတီပုံ ဖော်ထားပြီး၊ ဘုရားဖူးတွေက ရွှေချပူဇော်ထားကြတာကို တွေ့ရပါတယ်။ ကျောင်းဆောင်က ကြက်ခြေခတ်ပုံစံရှိပြီး ဘုရားခန်းက ၉-ပေ ပတ်လည်လောက် ကျယ်ပါတယ်။ အုတ်ဘောင်ပေါ်မှာ ပန်းအနီ ပန်းအဝါတွေ ဖြန့်ခင်းပြီး ပူဇော်ထားတဲ့အတွက် ပန်းရနံ့တွေ ထုံသင်းနေပါတယ်။ ဂန္ဓကုဋိတိုက်အတွင်း ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူတဲ့ ကုတင်ခြေထောက်တို့ ချရာနေရာကို ဘုရားရှင်တိုင်း မစွန့်တဲ့ အဝိဇဟိတ လေးဌာနမှာ ထည့်သွင်းဖော်ပြထားတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ မြေမြတ်မဟာ နေရာလို့ ဆိုနိုင်ပါတယ်။


ဂန္ဓကုဋိကျောင်းတိုက်ရှေ့ ပန်းတင်ခုံထက်မှ စေတီငယ်


ပန်းနံသာတို့ဖြင့် ပူဇော်ထားသည့် ဂန္ဓကုဋိ

မူလဂန္ဓကုဋိကျောင်းဆောင်က သစ်သားနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဘုံစဉ် ၇-ဆင့်ရှိခဲ့ကြောင်း၊ ကြွက်တစ်ကောင် ကိုက်ချီသွားတဲ့ မီးစကနေ ပိတာန်မျက်နှာကျက်ကို မီးစွဲလောင်ပြီး ကျောင်းဆောင်တခုလုံး ပြာကျသွားခဲ့အတွက် အုတ်နဲ့ နှစ်ထပ်ကျောင်းဆောင် ပြန်လည်ဆောက်လုပ်ခဲ့တာ ဖြစ်ကြောင်း ခရစ်နှစ် ၄၀၀မှာ ရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ခရစ်နှစ် ၆၄၃-ခုနှစ် တရုတ်ရဟန်းတော် ရွှန်ကျန်ရောက်ခဲ့စဉ်ကတော့ ဂန္ဓကုဋိကျောင်းဆောင်အပါအဝင် ဇေတဝန်တိုက်အတွင်းက ကျောင်းဆောင် အတော်များများ လုံးဝပျက်စီးနေပြီလို့ ဆိုပါတယ်။

ဒီနေရာမှာ စပ်လို့ တရုတ်ရဟန်းတော် ဖာရှန်ရဲ့ ခရီးသွားမှတ်တမ်းမှာပါတဲ့ စန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို ပြောချင်ပါတယ်။ မြတ်စွာဘုရားရှင် ဝါတွင်းသုံးလ တာဝတိံသာ နတ်ပြည် ကြွနေစဉ်မှာ ဘုရားရှင်ကို ဖူးမြင်လိုတဲ့ ဆန္ဒကြောင့် စန္ဒကူးသားနဲ့ ရုပ်ပွားဆင်းတုတော် ထုလုပ်ပြီး မြတ်စွာဘုရား သီတင်းသုံးတော်မူလေ့ရှိတဲ့ နေရာမှာ သီတင်းသုံးစေပြီး ကိုးကွယ် ခဲ့ပါတယ်။ မြတ်စွာဘုရား ပြန်ကြွလာတဲ့အခါ ရုပ်ပွားတော်က နေရာကနေထပြီး ဘုရားရှင်ကို ခရီးဦးကြိုဆိုတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက “သင်၏ နေမြဲနေရာ၌သာ စံနေလော့။ ငါဘုရား ပရိနိဗ္ဗာန် စံဝင်သောအခါတွင် သင်သည် ပရိသတ်လေးပါးတို့အတွက် ငါ၏ ကိုယ်စားဖြစ်ပေလိမ်မည်” လို့ ဗျာဒိတ်ပေးတော်မူပါတယ်။ ဒီဆင်းတုတော်ဟာ ပထမဆုံး ရုပ်ပွားဆင်းတုတော်ဖြစ်ပြီး နောင်လာနောင်သားတွေက ဒီဆင်းတုတော်ရဲ့ ပုံတူကို ကူးယူပြီး ထုလုပ်ခဲ့ကြတယ်လို့ ရဟန်းတော် ဖာရှန်က မှတ်တမ်းတင်ခဲ့ပါတယ်။ ဂန္ဓကုဋိကျောင်းဆောင် မီးစွဲလောင်တဲ့အချိန်က ဒီရုပ်ပွားဆင်းတုတော်က မီးထဲပါမသွားဘဲ ထူးထူးဆန်းဆန်း အနီးနားက ကျောင်းဆောင်တခုမှာ ပြောင်းပြီးစံနေတာကို ပြန်တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ထေရဝါဒ ပါဠိ အဋ္ဌကထာ ကျမ်းစာတွေမှာတော့ ဘုရားရှင်လက်ထက်က ထုလုပ်ကိုးကွယ်ခဲ့တယ်ဆိုတဲ့ ဒီစန္ဒကူးရုပ်ပွားဆင်းတုတော် အကြောင်းကို မတွေ့ရပါဖူး။ ထို့အတူ ရှေးဟောင်းသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ အသောကမင်း ခေတ်လောက်အထိ မြတ်စွာဘုရားရှင်ရဲ့ ပုံတော်ကို ထုလုပ်ကိုးကွယ်ခြင်း မရှိခဲ့ကြဘဲ၊ ဇာတ်နိပါတ်ပုံတွေ ထုလုပ်ရာမှာတောင် ဘုရားရှင်ကိုယ်စား ဗောဓိပင်၊ ဓမ္မစကြာဘီးစတဲ့ သင်္ကေတတွေကိုပဲ အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂန္ဓာရဒေသကို ဂရိဘုရင် အလက်ဇန်းဒါး (Alexander the Great) ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းကာလမှာမှ ဂရိယဉ်ကျေးမှုတွေ ကူးလူးဝင်ရောက်လာပြီး မြတ်စွာဘုရားရှင်ရဲ့ ရုပ်ပွားဆင်းတုတော်ကို ထုလုပ်တဲ့ အလေ့အထ ထွန်းကားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ တရုတ်ရဟန်းတော် ဖာရှန် ဂန္ဓာကုဋိတိုက်ထဲမှာ ဖူးမြော်ခဲ့ရတဲ့ စန္ဒကူးရုပ်ဆင်းတုတော်ရဲ့ သမိုင်းကြောင်းက တဆင့်စကား ပါးစပ်ရာဇဝင်ပဲ ဖြစ်ပါလိမ့်မယ်။

ဂန္ဓကုဋိတိုက်ရဲ့ အရှေ့မြောက်ဖက်မှာ ကျောင်းဆောင်အမှတ် G နဲ့ F ရှိပါတယ်။ ကျောင်းဆောင်အမှတ် G က စတုဂံပုံရှိပြီး အလယ်တွင် ခန်းမကို ဘေးပတ်လည်က အခန်းပေါင်း ၂၆ ခန်း ဝန်းရံထားပါတယ်။ အလယ်ခန်းမထဲမှာ ၅-ပေခန့် မြင့်တဲ့ အုတ်ပလ္လင်ကြီး ရှိပါတယ်။ အုတ်ပလ္လင်ရဲ့ မျက်နှာစာနံရံကို ဘုရားဖူးတွေက ရွှေချထားပါတယ်။ အောက်ခြေမှာတော့ အမွေးတိုင်၊ဆီးမီပူဇော်ထားတဲ့အတွက် မှိုင်းစွဲနေပါတယ်။ ဒီအုတ်ပလ္လင်ကြီးပေါ်မှာ ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူ သီးတင်းသုံးခဲ့ဟန် ရှိပါတယ်။ အချို့ကလည်း ဒီနေရာဟာ ဘုရားရှင် လက်ထက်က တရားဟော ဓမ္မာရုံကျောင်းခန်းမလို့ ယူဆကြရပါတယ်။ ဒီဓမ္မာရုံကျောင်း ခန်းမနေရာမှာပဲ ဘုရားဖူးတွေ စုပေါင်းပြီး ဝတ်ပြုကြ၊ မင်္ဂလသုတ်စတဲ့ ပရိတ်တွေ ရွတ်ဖတ် ပူဇော်ခဲ့ကြပါတယ်။

တရားဟောခန်းမဆောင်

တရားဟော ခန်းမဆောင် အုတ်ပလ္လင်

ဂန္ဓကုဋိကျောင်းတော်ရာနဲ့ ဓမ္မာရုံ ကျောင်းတော်ရာတို့ရဲ့ ရှေ့ မနီးမဝေးမှာ ရေတွင်း တတွင်း ရှိပါသည်။ မြတ်စွာဘုရားရှင် ဆွမ်းခံရာမှ ပြန်လာတဲ့အခါ ခြေဆေးလေ့ရှိတဲ့ ရေတွင်းလို့ ဆိုပါတယ်။အခု အခါမှာတော့ တွင်းကို အဖုံး ဖုံးထားပါတယ်။ တွင်းက ရေကို လက်လှုပ်ရေတိုင်ကနေ ဆွဲတင်ယူနိုင်ပါတယ်။ အဲဒီတွင်းကရေကို အဓိဋ္ဌာန်ပြုပြီး မျက်နှာ၊ ဒူးခေါင်းစသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို လိမ်းသပ်ပေးရင် ရောဂါဘယ ပျောက်ကင်းစေနိုင်တယ်လို့ မြန်မာဘုရားဖူးတွေက ယုံကြည်ကြပါတယ်။ အစောင့် ကုလားတဦးက ရေတိုင်ကို လှုပ်ကာ ဘုရားဖူးများအတွက် ရေတင်ပေးပြီး “ရူပီး တဆယ် ရူပီး တဆယ်” လို့ တောင်းနေပါတယ်။ အဖွဲ့ထဲက ဘယ်သူမှတော့ ပိုက်ဆံပေးဟန် မတူပါဘူး။
ဂန္ဓကုဋိတိုက်အနီးမှ ရေတွင်း


လူသွားလမ်းအတိုင်း ဂန္ဓကုဋိတိုက်ရဲ့ မြောက်ဖက်ကို ဆက်သွားရင် ကျောင်းဆောင် အမှတ် (၁) ကို ရောက်ပါတယ်။ ဇေတဝန်ဥယျာဉ်ရဲ့ မြောက်ဖက်ဆုံးမှာ တည်ရှိပြီး တွေ့ရသမျှ ကျောင်းတော်ရာတွေထဲမှာ အကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ အတွေ့များတဲ့ ပုံစံအတိုင်း အလယ်မှာ ခန်းမဆောင်ရှိပြီး ဘေးပတ်လည်မှာ အခန်းငယ် ၃၄-ခန်း ဝန်းရံထားပါတယ်။ ဒီကျောင်းဆောင်က မြတ်စွာဘုရားရှင် လက်ထက်တော်က ကရေရိကုဋိ (ခံတက်ပင် ကျောင်းဆောင်) လို့ ယူဆကြပါတယ်။ ဂန္ဓကုဋိနဲ့ သိပ်အလှမ်း မဝေးလှပေမယ့် ဒီကျောင်းတော်ရာကို ဘုရားဖူးတွေ လာရောက် လေ့လာဖူးမြော်ကြတာ သိပ်မတွေ့ရပါဘူး။

ကျောင်းဆောင် ၁ (ကရေရိကုဋိ)



အဲဒီနောက် ဘုရားဖူးအဖွဲ့က လမ်းအတိုင်း တောင်ဖက်ကို ပြန်လှည့်ပြီး အာနန္ဒာဗောဓိပင် ရှိရာကို သွားကြပါတယ်။ အာနန္ဒာဗောဓိပင် အကြောင်းကို ဇာတကအမှတ် ၄၇၉ ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာမှာ တွေ့ရပါတယ်။ မြတ်စွာဘုရား ဒေသစာရီ လှည့်လည်နေတဲ့အခါတွေမှာ ဘုရားဖူးလာတဲ့ မြို့သူမြို့သားတွေက အခြားပူဇော်စရာမရှိတဲ့အတွက် မိမိတို့ ယူဆောင်လာတဲ့ ပန်းနံ့သာတွေကို ဂန္ဓကုဋိ တံခါးဝမှာသာ ချပြီးသွားရပါတယ်။ ဘုရားရှင် ဖူးမြော်စဉ်ကလို ဝမ်းမြောက်ပီတိ မဖြစ်ကြရပါဘူး။ အဲဒီအကြောင်းကို အရှင်အာနန္ဒာကလျှောက်တဲ့အခါ သရီရစေတီ၊ ပရိဘောဂစေတီ၊ ဥဒိဿစေတီလို့ ခေါ်တဲ့ စေတီသုံးမျိုးအနက် ပရိဘောဂစေတီထိုက်တဲ့ (ဗုဒ္ဓဂယာက) မဟာဗောဓိပင်ရဲ့ မျိုးကို ယူပြီး ဇေတဝန်ကျောင်း တံခါးဝအနီးမှာ စိုက်ဖို့အတွက် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါတယ်။ ဗောဓိမျိုးစေ့ကို ရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ယူဆောင်ပေးပြီး အနာထပိဏ်သူဌေးက စိုက်ပျိုးခဲ့ပါတယ်။ အရှင်အာနန္ဒက တောင်းပန်တဲ့အတွက်ပဲ မြတ်စွာဘုရားရှင်က ဗောဓိပင်ရင်းမှာ တစ်ညတာ သမာပတ် ဝင်စားတော်မူခဲ့ပါတယ်။ အရှင်အာနန္ဒာရဲ့ အစီအမံနဲ့ စိုက်ပျိုးခဲ့တဲ့ အတွက် အာနန္ဒာဗောဓိလို့ အမည်တွင်ပါတယ်။ ဘုရားရှင် လက်ထက်ကတည်းက နယ်ကနေ ဘုရားဖူး ရောက်လာတဲ့ ရဟန်းတော်တို့က အာနန္ဒဗောဓိကို ပန်းတွေနဲ့ ပူဇော်လေ့ ရှိကြတယ်လို့ ဇာတကအမှတ်၂၆၁ ပဒုမဇာတ် အဋ္ဌကထာမှာ တွေ့ရပါတယ်။ ဘုရားဖူးတွေက အာနန္ဒာဗောဓိပင်ကို လက်ယာရစ်ပတ်ပြီး ပူဇော်ကြပါတယ်။ အိမ်မှာ ကိုးကွယ်ဖို့အတွက် ကျနေတဲ့ ဗောဓိညောင်ရွက်တွေကို ကောက်ယူကြပါတယ်။ ဗောဓိညောင်ရွက်ကို ဥယျာဉ်စောင့် ကုလားတွေကလည်း ကောက်ပြီး ရောင်းနေပါတယ်။
 
အရှင်အာနန္ဒာ အစီအမံဖြင့် အနာထပိဏ်သူဌေး ဗောဓိပင်စိုက်ပျိုးပုံ (သီရိလင်္ကာကျောင်းနံရံပန်းချီ)
အာနန္ဒာဗောဓိပင်

အာနန္ဒာဗောဓိပင်




Saturday, April 6, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၆) - သာဝတ္ထိ

Miracle of Sravasti (from the Paitava monsatry, Kapisa School 3-4th century - Afganistan)

နယူးဒေလီကို လှည့်လည် လေ့လာပြီးတဲ့နောက် အဲ့ဒီညမှာပဲ သာဝတ္ထိကို ခရီးဆက်ခဲ့ကြပါတယ်။ ယမုံနာအမြန်လမ်းမအတိုင်း အာဂရာမြို့ကို ဖြတ်မောင်းပြီး နံနက်ဝေလီဝေလင်းမှာ ကန်ပူရ်ကို ရောက်ပါတယ်။ ကန်ပူရ်ကနေ လက္ခနောင်းကို သွားတဲ့လမ်းတလျှောက်မှာတော့ မြူနှင်းတွေက အတော်လေး ဖုံးပိတ်နေပါတယ်။ ရှေ့ နှစ်ကိုက်သုံးကိုက်ထက်ပိုပြီး ကောင်းကောင်း မမြင်ရတော့ပါဘူး။ ကားဟွန်းသံကို အားကိုးပြီး ခပ်ဖြေးဖြေး မောင်းပါတယ်။ လမ်းတလျှောက်မှာ မှောက်နေတဲ့ ကားတွေ၊ တိုက်ထားတဲ့ ကားတွေ တွေ့ခဲ့ရပါတယ်။ လက္ခနောင်းကအထွက် လမ်းမှာ ကားဘရိတ် ပေါက်သွားတဲ့အတွက် ခရီး ကြန့်ကြာနေပြန်တယ်။ သာဝတ္ထိ မြန်မာကျောင်းကို ညပိုင်းမှ ရောက်ပါတယ်။



မြတ်စွာဘုရားရှင်က ဘုရားအဖြစ် ရောက်တော်မူပြီးတဲ့နောက် ပထမပိုင်း အနှစ်-၂၀ ကာလပတ်လုံး နေရာ အတည်တကျ မထားဘဲ သင့်တော်တဲ့ မြို့ရွာတွေမှာ လှည့်လည် ဝါဆိုတော်မူခဲ့ပါတယ်။ နောက်ပိုင်း ကာလမှာတော့ သာဝတ္ထိမှာပဲ အတည်တကျ ဝါဆိုတော်မူပါတယ်။ အစောပိုင်းကာလကလည်း ၁၄-ကြိမ်မြောက် ဝါကို သာဝတ္ထိမှာ ဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် သာဝတ္ထိဟာ ဗုဒ္ဓမြတ်စွာ ၂၅-နှစ်တိုင်တိုင် သီတင်းသုံး ဝါဆိုတော်မူခဲ့တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း သာဝတ္ထိပြည်မှာ ဟောကြားခဲ့တဲ့ သုတ္တန်ဒေသနာတွေ၊ ပညတ်တော်မူခဲ့တဲ့ ဝိနည်း သိက္ခာပုဒ်တွေ မနည်းလှပါဘူး။ အထူးသဖြင့် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် ဆိုတာက ဗုဒ္ဓသာသနာအတွက် အလွန်ထင်ရှား အရေးပါတဲ့ သာသနိကနယ်မြေတခုလို့ ဆိုနိုင်ပါတယ်။


သာဝတ္ထိမြန်မာကျောင်း

သာဝတ္ထိမြန်မာကျောင်း


ဘုရားရှင် လက်ထက်တော်အခါက သာဝတ္ထိဟာ ပသေနဒီ ကောသမင်းကြီး အုပ်ချုပ်စိုးစံခဲ့တဲ့ ကောသလတိုင်းရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ “သာဝတ္ထ” ရသေ့ နေခဲ့ဖူးတဲ့ မြို့ဖြစ်လို့ သာဝတ္ထိဆိုတဲ့ အမည်ရပါတယ်။ ရှေးအဋ္ဌကထာ ဆရာတွေကတော့ လူ့အသုံးအဆောင် ပစ္စည်းအားလုံးရှိတဲ့အတွက် (သဗ္ဗံ = အားလုံး + အတ္ထိ = ရှိသည်) သာဝတ္ထိလို့ ခေါ်ကြောင်း ဖွင့်ဆိုပါတယ်။ လိုချင်စရာ မျိုးစုံ၊ အသံ မျိုးစုံ၊ အစားအသောက် မျိုးစုံ ပြည့်စုံပြီး အလွန်စည်ကားတဲ့ မြို့ကြီး တစ်မြို့ ဖြစ်ခဲ့ပါတယ်။ နောင်တော့ ကောသလတိုင်းက မာဂဓတိုင်း လက်အောက်ရောက်သွားခဲ့ပြီး သာဝတ္ထိကလည်း တဖြည်းဖြည်း တိမ်ကောသွားခဲ့ပါတယ်။ မဇ္ဈိမဒေသကို ဗုဒ္ဓဘာသာမင်းတွေ အုပ်စိုးတဲ့ ခေတ်ကာလတွေမှာတော့ ဇေတဝန်က ဘုရားကျောင်းကန်တွေကို ပြန်လှည်ပြုပြင် စောင့်ရှောက်လေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၂-ရာစု နောက်ပိုင်းမှာတော့ သာဝတ္ထိနဲ့ ဇေတဝန်ကျောင်းတော်ရာက လုံး၀ ပျက်သုံး တိမ်မြုတ် သွားခဲ့ပါတယ်။ ၁၈၆၃-ခုနှစ်မှာ ဗြိတိသျှကျောက်စာဝန် အလက်ဇန်ဒါး ကန်နင်ဟန်က သာဝတ္ထိမြို့ဟောင်းကို ပြန်လည် တူးဖော်ပြီးနောက်ပိုင်းမှ နိုင်ငံတကာက ဗုဒ္ဓဘာသာကျောင်းတွေ၊ ဘုရားဖူးတွေနဲ့ ပြန်လည် အသက်ဝင်လာခဲ့တာပါ။ ဇေတဝန် ကျောင်းတော်ရာဟောင်းကို ဆာဟေ့ထ် (Sarheth)၊ သာဝတ္ထိမြို့ဟောင်းနေရာကို မဟေ့ထ် (Maheth) လို့ ဒေသခံတွေက ခေါ်ပါတယ်။ ဗာဟ်ရိုက်ချ်မြို့ (Bahraich) ကနေ ဗာလ်ရမ်ပူရ်မြို့ (Balrampur) ကို သွားတဲ့ လမ်းမှာ ရှိပါတယ်။



သရက်ဖြူကုန်း

အဋ္ဌမမြောက်နေ့မှာ နံနက် ဘုရားဖူးထွက်တော့ ခရီးစဉ်ကို သရက်ဖြူကုန်းက စပါတယ်။ သရက်ဖြူကုန်းက သာဝတ္ထိမြန်မာကျောင်းကနေ ဗာလ်ရမ်ပူရ်မြို့ကို သွားတဲ့လမ်းပေါ်မှာ ရှိပြီး မိုင်ဝက်လောက်ပဲ ဝေးပါတယ်။ ဒေသခံတွေက ဒီနေရာကို သြရဂျာရ် (Ora Jhār) လို့ခေါ်ပြီး၊ မြန်မာဘုရားဖူးများကတော့ သရက်ဖြူကုန်းလို့ ခေါ်ပါတယ်။

သရက်ဖြူကုန်းဆိုတာက ၆-ဝါမြောက် ဝါဆိုလပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာ ယမိုက်ပြာဋိဟာပြခဲ့တဲ့ နေရာပါ။ တတ္ထိတွေကို နှိမ်နင်းဖို့အတွက် သာဝတ္ထိမြို့က သရက်ဖြူပင်ရင်းမှာ တန်ခိုးပြတော်မူမယ်လို့ လေးလလောက် ကတည်းက ကြိုတင်ပြီး ကျေညာခဲ့ပါတယ်။ ဒီတော့ တတ္ထိတွေကနေ ပွဲပျက်အောင် ကြံရွယ်ပြီး သာဝတ္ထိမြို့ အနီးတဝိုက်က သရက်ပင်တွေကို အပင်ပေါက်ပါ မကျန် ခုတ်လှဲထားခဲ့ကြတယ်။ ဝါဆိုလပြည့် ရောက်တော့ ကဏ္ဍလို့အမည်ရတဲ့ ဥယျာဉ်မှူး ကပ်လှူတဲ့ သရက်သီးရဲ့ အစေ့ကို စိုက်ပျိုးစေပြီး ဗုဒ္ဓမြတ်စွာက လက်ဆေးရေနဲ့ သွန်းလောင်းတော်မူပါတယ်။ သရက်စေ့က အညောင့်ပေါက်ကာ တရိပ်ရိပ်ကြီးထွားလာပြီး ခက်မာငါးဖြာနှင့် ပြည့်စုံသော သရက်ပင်ကြီး ဖြစ်လာပါတယ်။ ကောင်းကင်ယံမှာ ရတနာစင်္ကြံတော်ကို ဖန်ဆင်းတော်မူပြီး ကိုယ်တော် အစိတ်အပိုင်း အသီးသီးက ရေမီးအစုံ ထွက်စေတဲ့ ယမိုက်ပြာဋိဟာ၊ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး အမေးအဖြေပြုခြင်း စတဲ့ တန်ခိုးပြာဋိဟာတွေကို ပြတော်မူပါတယ်။ အဲ့ဒီနောက် တာဝတိံသာ နတ်ပြည်ကို ခြေလှမ်း နှစ်လှမ်း (=သုံးဖဝါး) နဲ့ ကြွတော်မူပြီး မယ်တော်မိနတ်သား အမှူးထားတဲ့ နတ်ဗြဟ္မာတွေကို အဘိဓမ္မာတရား ဟောကြားတော်မူပါတယ်။ ဒီအကြောင်းအရာကို ဓမ္မပဒအဋ္ဌကထာ ဒေဝဝေါရောဟဏဝတ္ထုမှာ အကျယ်တဝင့် ဖော်ပြထားပြီး၊ သရဘမိဂဇာတ်အဋ္ဌကထာစတဲ့ အခြား အဋ္ဌကထာတွေမှာလည်း အကျဉ်းအားဖြင့် တွေ့ရပါတယ်။ သက္ကတဘာသာရေး ဒိဗျာဝဒါနမှာလည်း သာဝတ္ထိပြည် ယမိုက်ပြာဋိဟာ အကြောင်း ရေးသားထားပါတယ်။ ဒီဝတ္ထုက အတော်လေး လူကြိုက်များ ကြော်ကြားခဲ့ပုံရပြီး ယမိုက်ပြာဋိဟာပြတော်မူခန်းကို ဘာရ်ဟူတ် (Bhārhūt)၊ ဆန်ချီ (Sānchī) နဲ့ ဂန္ဓာရဒေသတွေက အနုပညာလက်ရာတွေမှာ မကြာခဏတွေ့ရပါတယ်။

သရက်ဖြူကုန်း

သရက်ဖြူကုန်းထက်မှ အဆောက်အအုံဟောင်း

ယခုတွေ့နေရတဲ့ သြရဂျာရ် ကုန်းမြင့်လေးဟာ ဗုဒ္ဓမြတ်စွာ ယမိုက်ပြဋိဟာ ပြတော်မူခဲ့တဲ့ သရက်ဖြူပင်ရင်းမှာ အသောကမင်း တည်ထားခဲ့တဲ့ စေတီပျက်ကုန်းမြေလို့ မြန်မာဆရာတော်များက လက်ခံ ယုံကြည်ကြပါတယ်။ စေတီပျက်ကုန်းက မြေပြင်ကနေ အမြင့် ပေ-၇၀ လောက်ရှိပြီး၊ ကုန်းထက်မှာ အုတ်ကျောင်းတခု ရှိပါတယ်။ သုံးထားတဲ့ အုတ်အမျိုးအစားတွေက ဗုဒ္ဓဂယာနဲ့ နာလန္ဒာမှာတွေ့ရတဲ့ အုတ်အမျိုးအစားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုဗ္ဗာရုံကျောင်း

သြရဂျာရ် နေရာကို တူးဖော်ခဲ့တဲ့ အလက်ဇန်ဒါး ကန်နင်ဟန်ကတော့ ဒီနေရာကို ကျောင်းအမကြီး ဝိသာခါ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ပုဗ္ဗာရုံကျောင်းနေရာလို့ ဆိုပါတယ်။ တရုတ်ရဟန်းတော် ဖာရှန် (ဖာဟီယန်) မှတ်တမ်းမှာ ဇေတဝန်ကျောင်းတော်ရာကနေ “အရှေ့မြောက်ဖက်” ၆-လိ ၇-လိ အကွာမှာ ပုဗ္ဗာရုံကျောင်းရှိတယ်လို့ ပြထားပေမယ့် အဲဒီအတိုင်း သွားရင် သာဝတ္ထိကို ပြန်ရောက်သွားတဲ့အတွက် မဖြစ်နိုင်ဘူး၊ “အရှေ့တောင်ဖက်” အရပ်မျက်နှာသာ ဖြစ်ရမယ်လို့ ကန်နင်ဟန်က ယူဆပါတယ်။ ဒါကြောင့် ရှေးဟောင်းသုတေသနဌာနက စာစောင်တွေ၊ စာတမ်းတွေမှာ သြရဂျာရ်နေရာကို ပုဗ္ဗာရုံကျောင်းတော်ရာလို့ ဖော်ပြတာကို တွေ့ကြရမှာပါ။ ဒါပေမယ့် ဗုဒ္ဓစာပေတွေအရ ပုဗ္ဗာရုံကျောင်းက သာဝတ္ထိမြို့ရဲ့ အရှေ့ဖက်တံခါးအနီးမှာ ရှိရမှာဖြစ်တဲ့ အတွက် မြန်မာဆရာတော်တွေ သတ်မှတ်ထားတဲ့အတိုင်း ယမိုက်ပြာဋိဟာပြရာ သရက်ဖြူကုန်းနေရာ ဖြစ်ဖို့က ပိုပြီး နီးစပ်မယ်ထင်ပါတယ်။ ဒီစေတီကုန်းရဲ့ အဝင်ပေါက်အနီးမှာ “ပုဗ္ဗာရုံကျောင်းသို့” လို့ မြှားပြထားတဲ့ ဆိုင်းဘုတ်တခုကို တွေ့ခဲ့ရပါတယ်။ သီရိလင်္ကာနိုင်ငံကနေလာပြီး ပုဗ္ဗာရုံ မဟာဒေ၀ ကုဋီ (Puvaram Mahadeva Kuti) ဆိုတဲ့အမည်နဲ့ ဘုန်းတော်ကြီးကျောင်း တည်ထောင်ထားပါတယ်။ ယခုနေရာကနေ မြောက်ဖက် ၁ ကီလိုမီတာလောက်မှာ ရှိပါတယ်။ သာဝတ္ထိမြို့ဟောင်းရဲ့ အရှေ့ဖက်တံခါးနားက ကန္ဓဘာရီရွာ (Kandhabhari) မှာ ရှိတဲ့အတွက် ပုဗ္ဗာရုံကျောင်းတော်ရာ နေရာ အစစ်လည်း ဖြစ်နိုင်ကောင်းပါတယ်။ ဆိုင်းဘုတ်ကိုသာ ဓာတ်ပုံရိုက်ခဲ့ရပြီး အဲဒီကျောင်းနေရာကို မရောက်ဖြစ်ခဲ့ပါဘူး။

ပုဗ္ဗာရုံကျောင်းသို့

သာဝတ္ထိမြို့ဟောင်း

သရက်ဖြူကုန်းမှာ လေ့လာဖူးမြော်ပြီးတဲ့နောက် ဇေတဝန်ကျောင်းကို မဝင်သေးဘဲ သာဝတ္ထိမြို့ဟောင်းကို အရင် သွားကြပါတယ်။ ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ သာဝတ္ထိ မြို့ရိုးဟောင်းကို လခြမ်းသဏ္ဍာန် မြင်ရပါတယ်။ မြို့ရိုးရဲ့ မြောက်ဖက်မှာ အစိရဝတီ မြစ်ရိုးဟောင်း ရှိပါတယ်။ ယခုအခါမှာတော့ အစိရဝတီမြစ်က ယခင်မြစ်ရိုးဟောင်းကနေ မြောက်ဖက် တစ်မိုင်လောက် အကွာကနေ ပြောင်းပြီး စီးနေတာကို တွေ့နိုင်ပါတယ်။ အစိရဝတီမြစ်ကို ယနေ့ခေတ်မှာ ရပတိမြစ် (Rapti) လို့ခေါ်ပါတယ်။
သာဝတ္ထိမြို့ဟောင်းအတွင်း လမ်းတနေရာ

ကားက မြို့ရဲ့ တောင်ဖက်တံခါးက ဝင်လိုက်တာနဲ့ လမ်းရဲ့ ညာဖက်မှာ ဂျိန်းဘုရားကျောင်းကို လှမ်းတွေ့နေရပါတယ်။ မိနစ်ပိုင်း အတွင်းမှာဘဲ သုဒတ္တစေတီဟောင်းနဲ့ အင်္ဂုလိမာလစေတီဟောင်းတို့ ရှိရာနေရာကို ရောက်ပါတယ်။ သုဒတ္တ ဆိုတာက အနာထပိဏ်သူဌေးရဲ့ ငယ်နာမည်ပါ။ ခိုကိုးရာမဲ့သူတွေကို ထမင်းကြွေး လှူဒါန်းလေ့ရှိတဲ့အတွက် လူအများစုက အနာထပဏ္ဍိက (အနာထပိဏ်) လို့ပဲ ခေါ်ကြပါတယ်။ တရုတ်ဘုရားဖူးရဟန်းတော်များရဲ့ မှတ်တမ်းအရ ယခုရောက်တဲ့ နေရာက အနာထပိဏ်သူဌေးရဲ့ အိမ်နေရာဟောင်းအထိမ်းအမှတ် တည်ထားခဲ့တဲ့ စေတီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရှေးဟောင်းသုတေသန တူးဖော်မှုတွေအရ အစောဆုံး ကုသျှနမင်းဆက် အုပ်စိုးခဲ့တဲ့ (ခရစ်နှစ် ၂-ရာစု) လောက်က တည်ထားခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်း ဒီစေတီနေရာဟောင်းပေါ်မှာ ကာချိကုဋီ (Kachchi Kuti) ဆိုတဲ့ အမည်နဲ့ ဟိန္ဒူ ဘုရားကျောင်း ဆောက်ထားခဲ့ကြပါတယ်။ ဗုဒ္ဓသာသနာ ၂၅၀၀-ပြည့် ဗုဒ္ဓဇယန္တိပွဲ ကျင်းပကာနီးမှ အစိုးရ အစီအမံနဲ့ ဟိန္ဒူ ဘုရားကျောင်းနဲ့ သာဝတ္ထိမြို့ဟောင်းအတွင်းက ရွာတွေကို မြို့ရိုးအပြင်ကို ထုတ်ခဲ့ပါတယ်။ ဒီစေတီပျက်ပေါ်ကနေ မြောက်ဖက်ကို လှမ်းမြော်ကြည့်ရင် ဟိမဝန္တာတောင်တန်းကို မြင်ရတယ်လို့ ဆိုပေမယ့် မြူနှင်းတွေ ထူထပ်နေလို့ ရေးရေးမှ မမြင်ခဲ့ရပါဘူး။ လှေကားဘောင်ပေါ်မှာ ကုလားဘုန်းကြီးတွေက ဓမ္မစကြာသုတ်ကို ရွတ်ဖတ်ပူဇော်ပြီး အလှူခံနေတာကို တွေ့ရပါတယ်။ နံနက်ပိုင်းမှာ ဘုန်းကြီးဝတ် အလှူခံကြပြီး ညပိုင်းရောက်ရင်တော့ လူဝတ်နဲ့ ပြန်နေကြတယ်လို့ အချို့က ဆိုပါတယ်။ ဒီစကားက မှန်ကောင်း မှန်နိုင်ပါတယ်။ ရဟန်းတော်တွေ ငွေကြေး အလှူခံတယ်ဆိုတာကိုက ဝိနည်းတော်နဲ့ မအပ်စပ်ပါဘူး။ ဒါပေမယ့်လည်း “ဗုဒ္ဓသာသနာ တိမ်ကော ပျောက်ကွယ်သွားပြီဖြစ်တဲ့ ဒီလိုနေရာမျိုးမှာ ဓမ္မစကြာဒေသနာ ရွတ်ဖတ်ဖော်ရသေးတယ်” လို့ နှလုံးသွင်းမိတဲ့အတွက် အလှူငွေ အနည်းငယ် ထည့်ခဲ့ပါတယ်။ စေတီဝင်းအထွက်မှာ ဗုံရှည်နဲ့ လက်ဆွဲဘာဂျာ တီးပြီး ပိုက်ဆံတောင်းနေသူတွေကို တွေ့ခဲ့ရပါတယ်။

သုဒတ္တစေတီ



သုဒတ္တစေတီရဲ့ အရှေ့မြောက်ဖက် ပေ-၃၀၀ လောက်မှာ အင်္ဂုလိမာလစေတီ ရှိပါတယ်။ အင်္ဂုလိမာလ မထေရ်ရဲ့ ဓာတ်တော်စေတီလို့ ယူဆကြပါတယ်။ အချို့ကလည်း မီးမဖွားနိုင်တဲ့ မိခင်နဲ့ ဝမ်းထဲက ကလေးငယ်တို့ အန္တရာယ်ကင်းစေဖို့ အင်္ဂုလိမာလမထေရ်က သစ္စာအဓိဋ္ဌာန် ပြုခဲ့တဲ့ နေရာမှာ တည်ထားတဲ့ စေတီလို့ ဆိုပါတယ်။ အချို့ကလည်း ပသေနဒိကောသလမင်း ဆောက်လုပ်လှူဒါန်းခဲ့တဲ့ တရားဟော ဓမ္မခန်းမဆောင် (သဓမ္မမဟာသာလ) လို့ ဆိုပါတယ်။ ဒီစေတီဟောင်းပေါ်မှာလည်း ပက္ကိကုဋီ (Pakki Kuti) ဆိုတဲ့ အမည်နဲ့ မွတ်စလင်ဘုရားဝတ်ပြုကျောင်းတခု ရှိခဲ့ပါတယ်။ သာသနာ ၂၅၀၀ ပွဲ မတိုင်မီလေးကမှ ဖယ်ရှားထားခဲ့တာပါ။

အင်္ဂုလိမာလစေတီ
 

သာဝတ္ထိမြို့ဟောင်းအတွင်းက သုဒတ္တစေတီနဲ့ အင်္ဂုလိမာစေတီတို့ကို ဖူးမြော်လေ့လာပြီးတဲ့နောက် သာဝတ္ထိမြို့တောင်ဖက် တံခါးက ပြန်ထွက်ပြီး ဇေတဝန်ကျောင်းတော်ဆီကို ခရီးဆက်ခဲ့ပါတယ်။ သာဝတ္ထိနဲ့ ဇေတဝန်ကျောင်းတော်ရာက မိုင်ဝက်လောက်ပဲ ဝေးပါတယ်။