Friday, February 27, 2009

လှိုင်းနှင့် အတူ…

၂၀၀၀-ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်သည်။ တရုတ်နိုင်ငံ တုန်းကွမ် (Dongguan) မြို့သို့ ပထမဦးဆုံး အကြိမ်ရောက်စဉ်က လုပ်ဖော်ကိုင်ဖက်များက နံနက်စာစားရန် ဟော်တယ်တစ်ခု၏ စားသောက်ဆိုင်သို့ ခေါ်သွားသည်။ အထဲသို့ဝင်လိုက်သည်နှင့် ရောင်စုံမီးလုံး, လက်ဆောင်ထုတ်, ကြယ်ပွင့်များဖြင့် အလှဆင်ထားသော ခရစ္စမတ် ထင်းရှုးပင်လေးဘေးတွင် တရုတ်ရိုးရာဝတ်စုံ ၀တ်ဆင်ထားသော ဧည့်ကြိုမယ်လေးများက ဆီးကြိုနေသည်။ ဆိုင်အထဲတွင် စက္ကူအလံငယ်လေးများကို ကြိုးတွင်တန်းစီ၍ ချိတ်ဆွဲထားသည်။ ဘာသာတရား မယုံကြည်သူတို့၏ တိုင်းပြည်တွင် ခရစ္စမတ် ထင်းရှုးပင် အလှဆင်ထာသည်ကို တွေ့ရကတည်းက စိတ်ဝင်စားမိနေရာ၊ တရုတ်အလံနှင့် မြန်မာအလံငယ်လေးများကို တခုကျော်စီ ချိတ်ဆွဲထားသည်ကို မြင်ရတော့ ပို၍ အံ့အားသင့်မိသည်။ ကိုယ်မျက်စိကို မယုံ၍ အသေအခြာပြန် ကြည့်တော့ မြန်မာအလံမှ တကယ့် မြန်မာအလံ။

အနီရောင်နောက်ခံ၊ လက်ဝဲဖက်အပေါ်ထောင့် အပြာကွက်ထဲတွင် အဖြူရောင် ကြယ်ပွင့်လေးများရှိသည်။ အလယ်မှ ခွေးသွားစိတ်နှင့် စပါးနှံကတော့ ခပ်ဝါးဝါးသာ မြင်ရသည်။ အစ မသိခင်က ဂုဏ်ယူရမလိုလို ထင်မိသော်လည်း မိမိနှင့်တွေ့သည့် တရုတ်လူမျိုး အများစုကတော့ (မြန်မာပြည်သည် တရုတ်ပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်သည့်တိုင်) မြန်မာပြည်ကို မသိကြ။ (ယူနန်ပြည်နယ်နှင့် ကပ်လျှက်ဟု ပြောလျှင်တောင် ခပ်ဝါးဝါး၊ အချို့က ယူနန်လူမျိုးများသည် တရုတ်လူမျိုးမဟုတ်ဟု ပြောသူပင် ရှိသေးသည်။) နောက်မှ တိုင်ဝမ်အလံကို တရားဝင်ချိတ်ဆွဲခွင့် မရ၍ တိုင်ဝမ်အလံနှင့် ဆင်သော မြန်မာအလံကို ချိတ်ဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ထဲတွင် အနောက်နိုင်ငံသား အနည်းငယ်ရှိသော်လည်း အများစုမှာ တရုတ်လူမျိုးများဖြစ်သည်။ တရုတ်ဟု ဆိုသော်လည်း အ၀တ်အစားကို သပ်သပ်ရပ်ရပ်နှင့် formal ဖြစ်အောင် ၀တ်ဆင်ပြီး ကွမ်းတုန်ဘာသာစကား (Cantonese) ပြောဆိုသော ဟောင်ကောင်တရုတ်၊ တီရှပ်, ဂျင်းဘောင်းဘီနှင့် casual ၀တ်လေ့ရှိပြီး တရုတ်စကားကို အင်္ဂလိပ်, Cantonese, Hokkien များဖြင့် ညှပ်၍ပြောလေ့ရှိသော စင်္ကာပူနှင့် မလေးရှားတရုတ်၊ မြန်မာပြည်မှ ကျောက်သဌေးဂိုက်မျိုးဖြင့် စကားကို ဟောင်ဖွာဖွာပြောတတ်သော တိုင်ဝမ်တရုတ် စသဖြင့် နိုင်ငံခြားသားတရုတ်များ ဖြစ်ကြသည်။ မိမိတို့၏ လယ်မြေများအား စက်ရုံများသို့ရောင်း၍ ဖြစ်စေ, အလုပ်သမား တိုက်တန်းလျားများ ဆောက်၍ အခန်းငှားစား၍ဖြစ်စေ သဌေးဖြစ်လာကြသော ဒေသခံတရုတ်မိသားစုများ အနည်းငယ်ရှိသည်။ ပြည်တွင်းမှပင် ဤမြို့သို့ လာရောက်အလုပ် လုပ်ကိုင်ကြသော အလုပ်သမားများ, အင်ဂျင်နီယာများကတော့ ဤဆိုင်မျိုးသို့ မကပ်နိုင်ကြ။

၁၉၇၇-ခုနှစ်တွင် တိန်းရှောင်ပင်း(Deng Xiaoping) က စီးပွားရေးတံခါးဖွင့်လိုက်စဉ်က တရုတ်ပြည်ကို မဟာဈေးကွက်တစ်ခုအဖြစ် ရှုမြင်ကာ ကုန်ပစ္စည်းများ တင်သွင်းရောင်းချရန် ကြိုးပမ်းကြသည်။ ထင်သလိုကား ဖြစ် မလာခဲ့။ ၁၉၈၀-ခုနှစ် နောက်ပိုင်းတွင် တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့်အစား တရုတ်ပြည်မှ လုပ်ခဈေး သက်သာသော လူသားရင်းမြစ်ကို အသုံးချကာ ကုန်ပစ္စည်းများထုတ်ကာ နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချရန် ကြိုးပမ်းကြသည်။ တရုတ် ကမ်းရိုးတန်းမြို့များသည် စက်မှုဇုံကြီးများ ဖြစ်လာကြသည်။

အစောပိုင်းရင်း နှီးမြုတ်နှံကြသူများမှာ တရုတ်ယဉ်ကျေးမှုနှင့် မစိမ်းသော တိုင်ဝမ်, ဟောင်ကောင်နှင့် စင်္ကာပူတို့မှ တရုတ် စီးပွားရေးသမားများ ဖြစ်ကြသည်။ စင်္ကာပူ၊ မလေးရှားမှ MNC (Multi-National Companies) များတွင် လုပ်ဖူးသည့် တရုတ်အင်ဂျင်နီယာများအတွက်လည်း အလုပ်အကိုင် အခွင့်လမ်းများပေါ်လာသည်။ စင်္ကာပူ၊ မလေးရှားတွင်ရသည့် လစာ၏ တစ်ဆခွဲ၊ နှစ်ဆကျော်ပေး၍ တရုတ်ကမ်းရိုးတန်း စက်မှုဇုံကြီးများတွင် ဌာနေတရုတ်များကို ဦးဆောင်၍ လုပ်ကိုင်စေသည်။ အိမ်ခန်းနှင့် ခရီးသွားလာရေးကို ကုမ္ပဏီက စီစဉ်ပေး၍ ၀င်ငွေအသားတင်ကျန်ရုံမျှမက ခေါင်းဆောင်ပိုင်း, စီမံခန့်ခွဲမှုပိုင်းနေရာတွင် လုပ်ကိုင်ခွင့်ရကြ၍ အခွင့်လမ်းကောင်းဟု ဆိုနိုင်ပါသည်။ တုန်းကွမ်ကဲ့သို့ ကမ်းရိုးတန်းမြို့များသို့ စီးပွားရေးသမားများ, ပညာရှင်များ, အလုပ်သမားများ လှိုင်းသဖွယ် အလုံးအရင်း ရောက်ရှိလာသောအခါ မတူညီသော ယဉ်ကျေးမှုများလည်း သူတို့နှင့်အတူ ရောက်ရှိလာသည်။ မတူညီမှုများ ရိုက်ခပ်မိသောအခါ ဂယက်များဖြစ်စေသည်။

ဘာ့ကူတေး (ဆေးမြစ်နှင့် ပြုတ်ထားသော ၀က်နံရိုးစွတ်ပြုတ်), လာဆာ (အုန်းနို့ခေါက်ဆွဲ), ပလာတာစသော မလေးရှား၊ စင်္ကာပူအစားအစာများ ရသည့် စားသောက်ဆိုင်များ ပေါ်လာသည်။ တိုင်ဝမ်, ကိုရီးယား, ဂျပန်ဆိုင်များ အလုပ်ဖြစ်လာကြသည်။ တရုတ်ပြည်တွင် တရုတ်တန်းဟုခေါ်ရမည့် ရပ်ကွက်များ ပေါ်လာသည်။ တရုတ်တန်းများသည် ပြောင်းရွေ့လာသော ယဉ်ကျေးမှု၏ သင်္ကေတဖြစ်သည်။ ယုတ်စွအဆုံး တိုင်ဝမ်မှ ပင်းလန် (binlang) ယဉ်ကျေးမှု လည်းရောက်လာသည်။ ပင်းလန်ဆိုသည်က တိုင်ဝမ် ကွမ်းယာတမျိုးဖြစ်သည်။ ကွမ်းယာထက် ကွမ်းယာသည်မလေးများက ထူးခြားသည်။ ကွမ်းယာမယ်လေးများက ပန်းနီရောင် မီးထွန်းထားသည့် မှန်ခန်းအတွင်းတွင် ခွေးခြေခုံအမြင့်ပေါ်တွင် ထိုင်၍ ရောင်းချလေ့ရှိသည်။ စကပ်တိုတိုဝတ်ထားပြီး မိတ်ကပ်ရောင်စုံအလှပြင်, လက်သည်းဆိုးရင်း, နှုတ်ခမ်းနီဆိုးရင်း ဈေးဝယ်သူကို ထိုင်စောင့်လေသည်။ တိုင်ဝမ်တွင်တော့ အဝေးပြေးလမ်းမကြီးများ အနီးတွင် ရောင်းလေ့ရှိသည်။ အဝေးပြေးလမ်းပေါ်မှ ကားသမားများ ခေတ္တခဏ အညောင်းပြေ, အိပ်ချင်ပြေရပ်နား၍ ကွမ်းယာစားကြသည်။ တုန်းကွမ်တွင်တော့ အဝေးပြေးကားသမားများအတွက် မဟုတ်။ တိုင်ဝမ် အလွမ်းပြေ သို့မဟုတ် ဖျော်ဖြေရေး သက်သက်ဟုပဲဆိုရမည်။

ကွမ်းယာယဉ်ကျေးမှု (http://ah-pauk.blogspot.com/2008/11/blog-post_09.html)
http://www.culture.tw/index.php?option=com_content&task=view&id=1032&Itemid=157
http://en.wikipedia.org/wiki/Betel_nut_beauty


“တုန်းကွမ်က တရုတ်တန်း” ဆိုသည်က ကျွန်တော်ခေါ်သော အမည်သာဖြစ်သည်။ သူတို့ကတော့ “ဒုတိယအိမ်” ဟု ခေါ်ကြသည် (တရုတ်အမည်ကို မမှတ်မိတော့)။ တိုင်ဝမ်တရုတ် စီးပွားရေးသမားအများစုက ပြည်ကြီး တရုတ်မလေးများအား တိုက်ခန်းတစ်လုံးဝယ်ပေးထားပြီး၊ အလုပ်အားရက်တွင် သွား၍ မိမိအိမ်သဖွယ် အပန်းဖြေ နေကြသည်။ စားသောက်ဆိုင်များ၊ အရက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ အနှိပ်ခန်း၊ နိုက်ကလပ်များက မြို့လူဦးရေနှင် မမျှအောင် ပေါများလာသည်။ တုန်းကွမ်သို့ အလုပ်လုပ်ရန်ဆင်းလာကြသော အမျိုးသမီးငယ်များသည် အလုပ်လွယ်လွယ်နှင့် မရလျှင် ဆံပင်ညှပ်ဆိုင်၊ ကာရာအိုကေ၊ အနှိပ်ခန်းများသို့ ရောက်သွားကြသည်။ နောက်တော့ ၀င်ငွေလွယ်လွယ်ရသော ထိုလုပ်ငန်းများမှ ရုန်းမထွက်နိုင်တော့။ ရည်မှန်းချက်များကလည်း “ဒုတိယအိမ်ရှင်မ” များအဖြစ် ပြောင်းသွားကြသည်။ အချို့စေတနာပိုသော သဌေးများနှင့် တွေ့လျှင်တော့ သူတို့အတွက် စားသောက်ဆိုင်လေး၊ ဆံပင်ညှပ်ဆိုင်လေး ဖွင့်ပေးပေလိမ့်မည်။ သူတို့လည်း လောပန်ညန့် (lady boss) များ ဖြစ်လာနိုင်သည်။

ယင်းတို့ကို ခေတ်မီတိုးတက်မှုဟု မဆိုနိုင်။ Globalization လှိုင်းနှင့်အတူပါလာသော ဂယက်များ, အမှိုက်သရိုက်များသာဖြစ်သည်။ Globalization ကြောင့် ယဉ်ကျေးမှုတို့ ကူးစက် ပျက်စီးရသည်ဟု ဆိုကောင်း ဆိုကြမည်။ ယဉ်ကျေးမှုတို့ ကူးစက်ခြင်းသည် သဘာဝပင်ဖြစ်သော်လည်း၊ အသားကို စားသုံး၍ အရိုးကိုပစ်ပယ်ရန် တာဝန်မှာ ယဉ်ကျေးမှုစားသုံးသူများ၏ တာဝန်သာဖြစ်မည်။ ရှေးခေတ်က မြန်မာတို့သည် အိန္ဒိယယဉ်ကျေးမှုကို စားသုံးခဲ့ကြသည်။ မွန်ယဉ်ကျေးမှုကို စားသုံးခဲ့ကြသည်။ ယိုးဒယားယဉ်ကျေးမှုကို စားသုံးခဲ့ကြသည်။ ယိုးဒယားအကကြောင့် မြန်မာ့ယဉ်ကျေးမှု ပျက်မသွားသည့်အပြင် ပို၍ပင် မြင့်မားစေခဲ့သည်။ Globalization လှိုင်းနှင့်အတူပါလာသော ယဉ်ကျေးမှုများကြောင့် မိမိတို့၏ ယဉ်ကျေးမှု ဆုတ်ယုတ်မည်ကို စိုးရိမ်ပူပန်ခြင်း, Globalization ဖြစ်ပေါ်စေရန် တွန်းအားပေးသည့် နည်းပညာများအား ဆန့်ကျင်ခြင်းတို့သည် မယောင်ရာ ဆီလူးခြင်းသာ ဖြစ်သည်။ ယဉ်ကျေးမှုဆုတ်ယုတ်ခြင်းသည် အလုပ်လက်မဲ့ပေါများမှု, ၀င်ငွေကွာဟမှု, လူတန်းစားကွာဟမှု, ယဉ်ကျေးမှုစားသုံးမှု အတတ်ပညာနည်းပါးမှုတို့က ဖန်တီးလိုက်သော ဂယက်များသာဖြစ်သည်။

ဧရာ (မန္တလေး)

7 comments:

khin oo may said...

နောက်ဆုံး conclusion သဘောကျတယ် ကိုဧ့ရာ.

Ma Ma said...

ကိုဧရာ
ြ့မန်တဲင့် လို့ပြောရင်တော့ သိမယ်ထင်တယ်နော်။
စလုံးက တရုတ်တွေလဲ မြန်မာပြောလဲမသိ၊ burma ပြောလဲမသိ။ မြန်တဲင့် ဆိုရင်တော့ နားလည်ကြတယ်။
ဟုတ်တယ် တိုင်ဝမ်အလံနဲ့ မြန်မာအလံ အတော်တူတာ။ ကျွန်တော် မှားဘူးတယ်။

Kay said...

ယဉ်ကျေးမူ စားသုံးခြင်း-
အင်း..ဟုတ်တယ်..ဒီဝေါဟာရက..တော်တော်လှတယ်။ ယဉ်ကျေးမူ ၀ါးမြိုခံရခြင်း ဆိုတာကို ဒီဂရီ နဲနဲ လျှော့ထားတာလား။ အကောင်းဖက်က..တွေးကြည့်ထားတာလား။

ဘယ်သူမှ တားဆီးလို့ မရတဲ့..တကယ့်လှိုင်းတွေပါပဲ။ မကောင်းသူထိပ် ကောင်းသူထိပ် ပေါ့။

PAUK said...

ကိုဧရာ..
``ကျောက်သူဌေးဂိုက်မျိုးဖြင့် စကားကို
ဟောင်ဖွာဟောင်ဖွာ ပြောတတ်သော ´´
ဆိုတာ ဖတ်မိတော့..ပြုံးနေရင်းနဲ့
အသံထွက်ရီမိတယ်..
ပင်းလန် ဆိုတာကို..ကွမ်းယာယဉ်ကျေးမှု
ဆိုပြီး ကျနော် ပို့စ်တင်ဖူးတယ်..(ပုံတွေပါရှူစားနိုင်ပါတယ်)
တရုတ်ပြည်မကြီးမှာအငယ်အနှောင်းထားတာကို
ပေါင်း အဲ့ နိုင် =包二奶
လို့ ခေါ်ပါတယ်...ဒုတိယ မယားပေါ့
လောပန်ညန့် လောင်းလျာလေးတွေပေါ့..
http://ah-pauk.blogspot.com/2008/11/blog-post_09.html
ကွမ်းယာပို့စ် လင့်ခ်ကိုထည့်ပေးလိုက်ပါတယ်..

Nu Thwe said...

နောက်ဆုံးစာပိုဒ်ကို အကြိုက်ဆုံးပဲ ကိုဧရာရေ။ အနှစ်ပဲ။ မြန်မာပြည်က မြို့ပြလူတန်းစားရဲ့ အခြေအနေကိုရော ဘယ်လို ကောက်ချက် ချကြမလဲ။ တစ်ခေါက်ပြန်တိုင်း မြင်ရတဲ့ (ပိုပိုဆိုးလာတဲ့) အရှိတွေဟာ မြိုချရ ခက်ခဲတဲ့ ခါးသီးမှုကြီးပါ။

sonata-cantata said...

မKOM နဲ့ မနုသွဲ့- နောက်ဆုံးစာပိုဒ်က ကျွန်တော် အဓိကပြောချင်တဲ့ စကားပါ။

မြန်မာပြည်က အခြေအနေတွေကိုလည်း ကြားသိနေရပါတယ်။ ဖွံဖြိုးတိုးတက်မှုတွေ ရောက်မလာပဲ အမှိုက်သရိုက်တွေပဲ ရွေးရောက် လာသလားတွေးမိပါတယ်။ လူငယ်တွေက ဒါတွေကို ခေတ်မီမှုလို့ ထင်မြင်သွားမှာ စိုးရိမ်မိပါတယ်။ ဖျော်ဖြေရေးဆိုတာ ရှိဖို့လိုပေမယ့် exploitation အဆင့် ရောက်သွားတာတော့ မကောင်းပါဘူး

မမ - ဟုတ်ကဲ့။ မြန်တဲန့်လို့ ပြောရင်တော့ နည်းနည်းပိုသိ သလိုပါပဲ။ သူတို့ကိုက ပထ၀ီ, သမိုင်း ညံ့လို့နေမှာပါ။

ပေါက်- တုန်းကွမ်မှာ တွေတဲ့ ထိုင်ဝမ်တရုတ်တွေကို ပြောတာပါ။ ထိုင်ဝမ်သားအားလုံး ဒီလိုတော့ ဟုတ်မယ်မထင်ပါဘူး။ လောပန်ညန့်ကို စာလုံးပေါင်း ပြင်လိုက်ပြီး၊ ကွမ်းယာယဉ်ကျေးမှု link ကိုထည့်ပေးလိုက်ပါတယ်။

ကေ - “ယဉ်ကျေးမှုစားသုံးခြင်း”ဆိုတာ အကောင်းမြင်သဘောထက် တာဝန်ယူစိတ်ကြရှိစေချင်လို့ပါ။ မိမိအနေနဲ့ ဘာမှမတတ်နိုင် လက်မှိုင်ချရလောက်အောင် အရှိန်အဟုန်ကြီးစွာ ၀င်ရောက် နေရာယူသွားတဲ့ “ယဉ်ကျေးမှုဝါးမြိုခံရခြင်း” အပြင် မိမိတို့ကိုယ်၌က သတိပညာနဲ့ရွေးချယ် ယူကြစေချင်လို့ပါ။ ကောင်းဆိုး ခွဲခြားဝေဖန်မှုမရှိပဲ တိုးတက်ခေတ်မီတယ်ထင်ပြီး အားလုံးကို လက်ခံယူလိုက်ကြမယ့်အစား ရွေးချယ်ယူကြဖို့၊ စီးပွားရေးပြဿနာတွေ, အလုပ်လက်မဲ့ပြဿနာတွေကို အပြစ်မမြင်ပဲ, အင်တာနက်တွေ, ဂြိုဟ်တုစလောင်းတွေကိုပဲ မဲနေကြမှာ စိုးလို့ပါ။

tg.nwai said...

မှတ်သားရင်း တွေးတောသွားပါတယ် ဆရာ..။