Thursday, April 17, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၁၀

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
...

၁၀။ အဎ္ဍဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊ အနန္တဘဝ၊ ဖြစ်ဖြစ်သမျှတို့၌၊ ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂတည်းဟူသော စွန့်ခြင်းကြီးငါးအင်ကို၊ မဂ္ဂင်ဖောင်ပျံ၊ စံလိုသူအပေါင်းတို့ထက်၊ ကဲဆောင်းလွန်မောက်၍၊ အထောက်မတန် ပြုခဲ့သော၊ ဟေတုသမ္ပဒါ၊ မြတ်သမ္ဘာကြောင့်၊ အနိမာ၊ လင်္ဃိမာ၊ မဟိမာ၊ ပတ္တိမာ၊ ပါကမ္မ၊ ဤသိတာ၊ ဝသိတာ၊ ယတ္ထကာမာဝသယိတာ ဟူသော ဘာသာမဂဓို၊ ရာဇဂြိုလ် ဥဒါန်းနှင့် အညီ၊ ရံသီနေပြောက်၊ ပြတင်းပေါက်၌၊ မြင်လောက်ရုံသော၊ အဏုမြူပမာ၊ သိမ်မွေ့စွာသော ကိုယ်တော်ကို၊ ငယ်အောင်ဖန်ဆင်းတော်မူနိုင်ခြင်း၊ ရေပြင်မြေမိုး၊ ပျံလျှိုးငုပ်လွှား၊ သွားတော်မူနိုင်ခြင်း၊ ကြီးစေလိုက၊ မြင်းမိုရ်ပြန်ရာ၊ ထို့ထက်သာ၍၊ စကြဝဠာတိုက်လုံး၊ အုပ်ဖုံးပတ်လှည့်၊ ကိုယ်တော်ပြည့်အောင်၊ တရှိထိုင်တော်မူနိုင်ခြင်း။ မြေထုရေထု၊ မေရုပဗ္ဗတာ သီလာတောင်ထပ်၊ အတွင်းရပ်ကို၊ ကျဉ်းကျပ် ပိတ်ဆီးခြင်းမရှိ၊ ပကတိကောင်းကင်၊ ဟင်းလင်းပြင်ကဲ့သို့၊ လျှိုးဝင်ထွင်းဖေါက်၊ ကြွရောက်တော်မူနိုင်ခြင်း။ မနောဓိဋ္ဌာန်၊ စိတ်တော်ကြံတိုင်း၊ ကမ္မာကမ္မ၊ ဟူသမျှကို၊ ကုံငပြီးမြောက်တော်မူနိုင်ခြင်း။ သုံးဆယ့်တစ်ဘုံ၊ အလုံးစုံကို၊ ဥဿုံစိုးပိုင်တော်နိုင်ခြင်း။ လောကီစျာန်ရပ်၊ သမာပတ်ကို၊ မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း။ သက်မရှိသည့်၊ ဂီရိဗဟို၊ တောင်မြင့်မိုရ်မှလည်း၊ လိုတော်လိုက်ကာ၊ ညွှတ်ငိုက်လာရခြင်းတည်းဟူသော တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်၊ မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက်သော စကြာဝဠာတိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊ အာဏာလွှမ်း၍၊ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ၊ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံး တန်ဆောင်၊ မင်းခေါင် မင်းဖျား၊ မင်းတရားအစစ်လည်း ဖြစ်တော်မူထသော-

အဎ္ဍဆက္ကသတ=ခြောက်ရာမှာ ငါးဆယ်လျော့ ဟူသည့်သဘော၊ ငါးရာ့ ငါးဆယ် ဇတ်တော်များကို ဆိုသည်။ (အဎ္ဍ = အခွဲနှင့်တကွ၊ ဆက္ကသတ = ခြောက်ရာ)။
အနန္တဘဝ=အဆုံးအရှိသော ဘဝ။
ဓနပရိစ္စာဂ =ပစ္စည်းဥစ္စာကို စွန့်ခြင်း။
ပုတ္တပရိစ္စာဂ=သားသမီးကို စွန့်ခြင်း။
ဘရိယပရိစ္စာဂ=မယားကို စွန့်ခြင်း။
အင်္ဂပရိစ္စာဂ=မျက်စိစသော အင်္ဂါကိုစွန့်ခြင်း။
ဇီဝိတပရိစ္စာဂ=အသက်ကို စွန့်ခြင်း။
ဟေတုသမ္ပဒါ=အကြောင်းပြည့်စုံခြင်း။
ရံသီနေပြောက်=နေရောင် နေပြောက်။
မေရုပဗ္ဗတာ=မြင်းမိုရ်တောင်။
သီလာတောင်ထပ်=ကျောက်တောင်။
တစ်ပြိုင်တည်လျက် တစ်ပြိုင်ပျက်=အတူဖြစ်၊ အတူပျက်သော စကြာဝဠာတစ်သိန်း။

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၉

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
...

၉။ လေးအသချေင်္၊ လွန်လေတစ်သိန်း၊ တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း၊ ဖြည့်စွမ်းဆည်းပူးတော်မူခဲ့သော ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ်လီသုံးစုံ ကုသိလ်ဟုန်ကြောင့်၊ လူ့ဘုံစံပျော်၊ အလောင်းတော် ဖြစ်ခါစပင်၊ ကာဠာဝက၊ ဂင်္ဂေယျနှင့်၊ ပဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏ ဆယ်ဆတက် ဆယ်ဆတက် စီသော အားကို ဆောင်နိုင်သည်ဖြစ်၍၊ ယောကျ်ားဗိုလ်ခြေ၊ ကုဋေတစ်သောင်းတို့၏၊ ကာယဗလ၊ ဌာနာဌာန ကောသလ္လဉာဏ်၊ ၀ိပါကဉာဏ်၊ သဗ္ဗတ္ထဂါမိနီဉာဏ်၊ နာနာဓာတုဉာဏ်၊ အဓိမုတ္တိဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ စျာနာဒိသံကိလေသဉာဏ်၊ ပုဗ္ဗေနိ၀ါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်တည်းဟူသော ဆယ်ပါးသော ဉာဏဗလကို ရတော်မူသည်ဖြစ်၍၊ လူ့ပြည် နတ်ရပ်၊ ခေတ်သုံးထပ်ကို၊ အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣဿရိယဘုန်းတော်။ လောကုတ္ထရာတရား၊ မြတ်ကိုးပါးသို့၊ ထင်ရှားစွာရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်။ နရတ်ဘဝဂ်၊ အောက်ထက်ပျံလှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စောတော်မူခြင်းတည်းဟူသော ယသဘုန်းတော်။ သုံးဆယ့်နှစ်ပါး၊ သမိုက်ထားသော၊ ယောက်ျားမြတ်တို့၏ လက္ခဏာ၊ ရောင်ဝါမြုတေ၊ ကျက်သရေအပေါင်းနှင့် ပြည့်စုံတော်မူခြင်းတည်းဟူသော သီရိဘုန်းတော်။ အလိုတော်ရှိသမျှ၊ တစ်ခဏခြင်းဖြင့်သာ၊ ပြည့်စုံလာခြင်းတည်းဟူသော ကာမဘုန်းတော်။ နိဗ္ဗာန်ရောက်ရာ၊ ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့ကို၊ ကြည်ဖြူစွာလှ၊ သင်ဆုံးမ, သောကြောင့်၊ လောကလုံးကိုးကွယ်ရာ၊ ဆရာအဖြစ်သို့ ရောက်တော်မူခြင်းတည်းဟူသော ပယတ္တဘုန်းတော်။ ဤခြောက်ဖော်သော၊ ဘုန်းတော်အမြတ်၊ ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး၊ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါဟူသော ဘွဲ့ပုံတော်အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပ, အပ်သည်လည်းဖြစ်ထသော-

ဌာနာဌာန ကောသလ္လဉာဏ်=အရာဟုတ်သည် မဟုတ်သည်ကို သိတတ်သောဉာဏ်။
ဝိပါကဉာဏ် (ကမ္မဝိပါကန္တရဉာဏ်)=ကံအထူးကို သိတတ်သောဉာဏ်။
သဗ္ဗတ္ထဂါမိနီဉာဏ်=ကံ၏ အပိုင်းအခြားကို သိတတ်သောဉာဏ်။
နာနာဓာတုဉာဏ်=ဓာတ်တို့၏ အထူးအပြားကို သိတတ်သောဉာဏ်။
အဓိမုတ္တိဉာဏ်=သတ္တဝါတို့၏ အလို နှလုံးသွင်းကို သိတတ်သောဉာဏ်။
ဣန္ဒြိယပရောပရိယတ္တိဉာဏ်=ဣန္ဒြေရင့်မရင့်ကို သိတတ်သောဉာဏ်။
စျာနာဒိသံကိလေသဉာဏ်=စျာန်စသည်တို့၏ ညစ်ညူးခြင်းကို သိတတ်သောဉာဏ်။
ခေတ်သုံးထပ်=ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ် သုံးပါး။
လောကုတ္ထရာတရား မြတ်ကိုးပါး=မဂ် ၄ပါး+ ဖိုလ် ၄ပါး +နိဗ္ဗာန် ၁။(အချို့ မူ၌ ၈-ပါးဟုဆိုသည်။)
နရတ်=ငရဲဘုံ။
သုံးခရိုင်=ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ ၃ ပါး။
ဂုဏ်အရဟတ်=မြတ်သောဂုဏ်။

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၈

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
...

၈။ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ် ဤငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တည်းဟူသော သတိပဋ္ဌာန်လေးပါး၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ်ကံကို တစ်ဖန်အသစ် မဖြစ်စေခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင် လုံ့လပြုခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွားစည်ပင်စိမ့်သောငှာ၊ လွန်စွာလုံလ ပြုခြင်းတည်းဟူသော သမ္မပ္ပဓာန် လေးပါး။ ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ်တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး။ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတည်းဟူသော ဣန္ဒြေငါးပါး။ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်တည်းဟူသော ဗိုလ်ငါးပါး။ သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်ခုနစ်ပါး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး။ ဤသို့အားဖြင့် ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မအကျော်၊ ရဲမက်တော်တို့ကို၊ ကိုယ်ရံတော်ကြီး၊ ဦးစီးဗိုလ်ချုပ်တင်လျက်၊ အသချေင်္ချေ၊ တွက်ရေမဆုံး၊ ပတ်ကုံးကိလေသာ၊ မာရ်ဗိုလ်ပါတို့ကို၊ ဆံလွှာမကြွင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်းအောင်မြင်တော်မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင်စွင့်စွင့်၊ ဖွင့်တော်မူပြီးထသော-

ဒေဝပုတ္တမာရ် =မာရ်နတ်။
ကိလေသမာရ်=ကိလေသာဆယ်ပါး။
ခန္ဓမာရ်=ခန္ဓာငါးပါး။
မစ္စုမာရ်=သေခြင်းတရား။
အဘိသင်္ခါရမာရ်=ပြုပြင်စီရင်မှု။
သတိပဋ္ဌာန်၊=သတိတည်ဆောက်မှု။
သမ္မပ္ပဓာန်=ကောင်းစွာအားထုတ်မှု။
ဣဒ္ဓိပါဒ်=မဟဂ္ဂုတ် လောကုတ္တရာ တရားထူးတို့ ဖြစ်ပေါ်ပြီးစီးခြင်း၏ အခြေပါဒဖြစ်သော တရား။
ဣန္ဒြေ=မိမိတို့ဆိုင်ရာ ကိစ္စ၌ အစိုးရမှုရှိသော တရား။
ဗိုလ်=ဆန့်ကျင်ဘက် တရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ ခိုင်ခံအားကောင်းသောတရား။
ဗောဇ္ဈင်=မဂ်ဉာဏ်ဟူသော ဗောဓိ၏ အစိတ်အင်္ဂါဖြစ်သော တရား။
မဂ္ဂင်=မဂ်၏ အစိတ်အင်္ဂါဖြစ်သော တရား။
ဗောဓိပက္ခိယ=မဂ်ဉာဏ်၏ အသင်းအပင်း၌ ဖြစ်ကြသောတရား၊ သတိပဋ္ဌာန်-၄၊ သမ္မပ္ပဓာန်-၄၊ ဣဒ္ဓိပါဒ်-၄၊ ဣန္ဒြေ-၅၊ ဗိုလ်-၅၊ ဗောဇ္ဈင်-၇၊ မဂ္ဂင်-၈ ပါးအားဖြင့် (၃၇)ပါး ရှိသည်။
မာရ်ဗိုလ်ပါ=မာရ်နတ်၏ စစ်သည်တပ်သား။
အသင်္ခတ=အကြောင်းတရား မပြုအပ်သော။
ခေမ=ဘေးကင်းရာနိဗ္ဗာန်။
ဓမ္မာရုံ =မဂ်တရား၏ အာရုံနိဗ္ဗာန်။

Wednesday, April 16, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၇

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
...
၇။ ဂင်္ဂါ၀ါဠု၊ သဲစုမြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန် ယူကုန်သော၊ ဆူဆူမြတ်စွာ၊ စောသတ္ထာတို့၏၊ သွားရာလမ်းကြောင်း၊ စရိုက်ကောင်းမူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယသံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယာနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟီရိ၊ သြတ္တပ္ပ၊ ဗာဟုဿစ္စ၊ ဝီရိယ၊ ပညာ၊ လေးဖြာစျာန်တည်းဟူသော စရဏတရား တစ်ဆယ့်ငါးပါးတို့ကို၊ အားသစ် ကျင့်ဆောင်တော်မူသဖြင့်၊ သယမ္ဘူတကာ၊ ပြည့်စုံရာသား၊ နာနာကုလတို့၏၊ ဝေါဟာရ သဒ္ဒါအနက်ကို၊ အချက်ကျသိနိုင်သော အတ္ထပဋိသမ္ဘဒါ၊ ၀ါစာဂီရတ်၊ နှုတ်သံလွှတ်က၊ ဇတ်တူတူ မတူတူ၊ ဘာသာဟူသမျှတို့က၊ ဧကန္တသိနိုင်သော ဓမ္မပဋိသမ္ဘိဒါ၊ တစ်ခုတစ်ခုသော ပုဒ်အက္ခရာကို၊ သဒ္ဒါ၏အလို၊ ၀ိဂြိုလ်, ဝစနတ်, ဓါတ်, ပစ္စည်း, လိင်အန်ဖြင့်၊ ဝေဖန်၍ သိနိုင်သော နိရုတ္တိပဋိသမ္ဘိဒါ၊ ကိုယ်တိုင်သိသမျှ တရားတို့ကို၊ သူတပါးသိစိမ့်သောငှာ၊ သဒ္ဒါပညတ်သို့တင်၍၊ စုံလင်စွာမြွတ်ဆိုတတ်သော ပဋိဘာနပဋိသန္ဘိဒါတည်းဟူသော သမ္ဘိဒါလေးပါး။ ဣဒ္ဓိ၀ိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗေနိ၀ါဿနုဿတိ၊ ယထာကမ္မုပဂ၊ အနာဂတံသတည်းဟူသော အဘိညာဉ်ခုနစ်ပါး။ ရူပစျာန်လေးရပ်၊ အရူပစျာန်လေးရပ်အားဖြင့်၊ သမာပတ်ရှစ်ပါး။ ကျေးဇူးတော်တစ်ဆယ့်ရှစ်ပါး၊ ထူးပြားဆန်းကြယ်၊ အံ့ဖွယ်တော်တစ်ဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို၊ ဥဿုံ စိုးပိုင်တော်မူပြီးထသော-

ဂင်္ဂါ၀ါဠု=ဂင်္ဂါမြစ်တွင်းရှိသဲများ။
အနန္တဂူ=အဆုံးမရှိသော နိဗ္ဗာန်သို့ ရောက်တော်မူသော။
သီလသံဝရ=သီလစောင့်ခြင်း။
ဣန္ဒြိယသံဝရ=ဣန္ဒြေခြောက်ပါး စောင့်စည်းခြင်း။
ဘောဇနမတ္တညုတာ၊=ဘောဇဉ်၌ အတိုင်းအရှည်သိခြင်း။
ဇာဂရိယာနုယောဂ=နိုးကြားခြင်းနှင့် ယှဉ်ခြင်း။
သဒ္ဓါ=ရတနာသုံးပါး၊ ကံနှင့်အကျိုးကို ယုံကြည်ခြင်း။
သတိ=တရားမမေ့ခြင်း။
ဟီရိ=မကောင်းမှုကို ရှက်ခြင်း။
သြတ္တပ္ပ=မကောင်းမှုကို ကြောက်ခြင်း။
ဗာဟုဿစ္စ=အကြားအမြင် များခြင်း။
ဝီရိယ=လုံ့လရှိခြင်း။
ပညာ=အသိဉာဏ်ရှိခြင်း။
လေးဖြာစျာန်=ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်ဟူသော စျာန်လေးပါး။
စရဏတရား=အကျင့်တရား။
နာနာကုလ=လူမျိုးအသီးသီး။
ဝေါဟာရ သဒ္ဒါ=ဘာသာစကား။
အတ္ထပဋိသမ္ဘဒါ=အနက်ကိုခွဲခြမ်း၍ သိသောဉာဏ်။
၀ါစာဂီရတ်=နှုတ်ထွက်စကား။
ဓမ္မပဋိသမ္ဘိဒါ=ဓမ္မကို ခွဲခြမ်း၍ သိသောဉာဏ်။
၀ိဂြိုဟ်ဝစနတ်=ပုဒ်၏ အနက်ရင်း။
ဓာတ်=ပုဒ်၏ရင်းမြစ်။
ပစ္စည်း=ပုဒ်၏ နောက်ဆက်စကား။
လိင်=ပုဒ်၏ ဣတ္ထိလိင်၊ ပုလ္လိင်။
အန်=ပုဒ်၏အဆုံး။
နိရုတ္တိပဋိသမ္ဘိဒါ=သဒ္ဒါနည်းကို ခွဲခြမ်း၍ သိသောဉာဏ်။
သဒ္ဒါပညတ်=ဝေါဟာရစကား အဖြစ်။
ပဋိဘာနပဋိသန္ဘိဒါ=ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်။
ဣဒ္ဓိ၀ိဓ=တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း။
စေတောပရိယ=သူတစ်ပါး၏ စိတ်ကို သိသောဉာဏ်။
ယထာကမ္မုပဂ=ကံအတိုင်းဖြစ်နေကြသော (သတ္တဝါတို့ကို မြင်သောဉာဏ်)။
အနာဂတံသ=နောင်ဖြစ်လတ္တံ့ကို မြင်သောဉာဏ်။
ရူပစျာန်လေးရပ်=ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစျာန်။
အရူပစျာန်လေးရပ်=
(၁) အာကာသာန ဉ္စာယတန၊
(၂) ၀ိညာဏ ဉ္စာယတန၊
(၃) အာကိ ဉ္စညာယတန၊
(၄) နေဝသညာနာသညာယတန။
ကျေးဇူးတော်တစ်ဆယ့်ရှစ်ပါး=အတိတ်၊ အနာဂတ်၊ပစ္စုပ္ပန်တိူ့၌ မပိတ်မပင်သော ဉာဏ်ရှိတော်မူသည့် သုံးပါး၊
ကာယကံ၊ ဝစီကံ၊ မနောကံတို့သည် ဉာဏ်တော်လျှင် ပြဋ္ဌာန်း၏။ ဉာဏ်တော်လျှင် အစဉ်လိုက်၏။ သုံးပါး ပေါင်းသော် ခြောက်ပါး၊
ဆန္ဒ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိတို့၏ ယုတ်လျော့ခြင်းမရှိ။ ပေါင်းသော် တစ်ဆယ့်နှစ်ပါး၊
မြူးထူးခြင်းမရှိ၊ မြူးထူးလိုသော စကားမရှိ၊ ချွတ်ယွင်းသည်မရှိ၊ အဆောတလျင်ပြုသော အမှုမရှိ၊ မစုံစမ်း မဆင်ခြင်မှုပြုခြင်းမရှိ၊ ပေါင်းသော် တစ်ဆယ့်ရှစ်ပါး။
အံ့ဖွယ်တော်တစ်ဆယ့်ရှစ်စုံ=
(၁) သင်္ကန်းတော်သည် ဖွပ်ရ၊ ဆိုးရခြင်းမရှိ၊ နွမ်းရိခြင်းမရှိ။
(၂) ဆံတော်သည် တောထွက်စက ဖြတ်သည့်အတိုင်း အသက်တော်ပတ်လုံး လက်နှစ်သစ်မျှသာရှိခြင်း။
(၃) ပရိက္ခရာ ရှစ်ပါးကိုဆောင်ယူတော်မူသော်လည်း ကိုယ်နှိင့် မထိခြင်း။
(၄) သပိတ်တော် ဆေးလျှင် လက်တော်စင်နှင့်၍၊ လက်တော်ဆေးလျှင် သပိတ်တော်စင်နှင့်ခြင်း။
(၅) မုံညင်းသီးခွံတည်းဟူသော ကြုတ်ထဲသို့ ဝင်တော်မူနိုင်ခြင်း။
(၆) ရောင်ခြည်တော်လွှတ်လျှင် အရပ်ဆယ်မျက်နှာတိုင်အောင် နှံ့ခြင်း။
(၇) ကိုယ်တော်ကို အသိန်းအသန်း ဖန်ဆင်း၍ သတ္တဝါကို ချွတ်နိုင်ခြင်း။
(၈) ဇာတိခေတ်၊ အာဏာခေတ်၊ ဝီရိယခေတ်သုံးပါး၌ အမိုက်ကို၎င်း၊ အလင်းကို၎င်း ဖန်ဆင်းနိုင်ခြင်း။
(၉) ကိုယ်တော်ကို အထက်ကောင်းကင်သို့ ရောက်အောင် လဝန်းပေါ်သကဲ့သို့ မြှင့်နိုင်ခြင်း။
(၁၀) သန့်ရှင်းသော၊ သာယာသော၊ သိလွယ်သော၊ နာချင်ဖွယ်သော၊ ပျံ့သော၊ လုံးသော၊ နက်နဲသော၊ ပဲ့တင်ထပ်သော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဖြင့် ဟောတော်မူသည့် တရားတော်သည် ပရိသတ်ရှိလေရာရာကြားနိုင်ခြင်း။
(၁၁) လူနတ်တို့၏ စိတ်ကိုသိနိုင်သော အာသယာနုသယဉာဏ်။
(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို သိတော်မူနိုင်သော မဟာကရုဏာသမာပတ္တိဉာဏ်။
(၁၃) ဤသူကား နက်ဖြန်ကျွတ်လတ္တံ့၊ ဤသူကား သန်ဘက် ကျွတ်လတ္တံ့ စသည်ဖြင့် သိနိုင်သော ဣန္ဒြိယပရောပရိယတ္တိဉာဏ်။
(၁၄-၁၈) ဉေယျဓံတရား ငါးပါး။

Tuesday, April 15, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၆

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး

...

၆။ ပရဗိုဇ်တက္ကတွန်း၊ ရဟန်းရသေ့၊ မုနေ့အရည်း၊ ဦးပြည်းတပသီ၊ ဗေရာဂီတို့၏၊ ၀ါဒီအလိုက်၊ စရိုက်ဘာဝ၊ ကျင့်ဆောင်ကြသော၊ သာသနာ့ဗာဟီ၊ လောကီသီလတို့ထက်၊ ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလဟု သမုတ်အပ်သော၊ အာပတ်ခုနစ်ပုံကို၊ လုံခြုံစွာ စောင့်ကြောင်းဖြစ်သော ပါတိမောက္ခသံဝရသီလ၊ ဣန္ဒြေခြောက်ပါးကို၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော ဣန္ဒြိယသံဝရသီလ၊ မိစ္ဆာဇီဝမှ ကြဉ်ခွာလျက် စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စည်းလေးဖြာကို၊ ပစ္စဝေက္ခဏာတင်၍၊ ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော ပစ္စယသန္နိဿိတသီလ၊ ဤလေးဝသော စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန်ဖြူစင်၊ မြူမတင်ခြင်း တည်းဟူသော သီလဝိသုဒ္ဓိ၊ မဟဂ္ဂုတ်လောကုတ္တရာစျာန်၊ မြဲမြံစွာ လေ့လာခြင်းတည်းဟူသော စိတ္တဝိသုဒ္ဓိ၊ ခြောက်ဆယ့်နှစ်ဖြာသော၊ မိစ္ဆာဝါဒီ၊ ၀ိတဏ္ဍီညစ်ကြေးမှ၊ ကင်းဝေးဖြူစင်လျက် အယူ၏စင်ကြယ်ခြင်းတည်းဟူသော ဒိဋ္ဌိ၀ိသုဒ္ဓိ။ တစ်ဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာကို၊ ဖြတ်ခွာလွန်မြောက်နိုင်သော၊ ဉာဏ်၏စင်ကြယ်ခြင်းတည်းဟူသော ကင်္ခါ၀ိတရစဝိသုဒ္ဓိ။ မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင်သော၊ ဉာဏ်၏စင်ကြယ်ခြင်းတည်းဟူသော မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ။ မဂ်သို့ရောက်ကြောင်း၊ အကျင့်ကောင်းကို မြင်နိုင်သော၊ ဉာဏ်၏စင်ကြယ်ခြင်းတည်းဟူသော ပဋိပဒါဉာဏဒဿန ၀ိသုဒ္ဓိ။ မဂ်လေးရပ်နှင့်၊ သဟဇတ် သမ္ပယုတ်ဖြစ်၍၊ သစ္စာလေးတန်ကို၊ ဆယ့်ခြောက်နက်ဝေဖန်၍၊ ဧကန်သိမြင်နိုင်သော ဉာဏဒဿနဝိသုဒ္ဓိတည်းဟူသော ၀ိသုဒ္ဓိ ခုနစ်ပါး၊ တရားဘွဲ့ဖြူ၊ သရဖူမကိုဋ်၊ ဦးစိုက်မင်္ဂလာ၊ မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်၊ တဒင်္ဂဝိမုတ္တိ၊ ၀ိက္ခ မ္ဘနဝိမုတ္တိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိပဿမ္ဘန ၀ိမုတ္တိ၊ နိဿရဏဝိမုတ္တိ တည်းဟူသော ၀ိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓါတ်အလုံး၊ ညွှတ်ကျုံးပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိတို့ထက်၊ ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ၊ အတုလမုနိလည်း ဖြစ်တော်မူထသော-


ပရဗိုဇ်=သာသနာ့ပြင်ဘက် ရဟန်းတစ်မျိုး။
တက္ကတွန်း=သာသနာ့ပြင်ဘက် ရဟန်းတစ်မျိုး။
မုနေ့=သူမြတ်။
အရည်း=ရသေ့ရဟန်း။
ဦးပြည်း=ခေါင်းတုံးရိတ်ထားသော ရသေ့ရဟန်း။
တပသီ=ရသေ့တစ်မျိုး။
ဗေရာဂီ=သာသနာပ ရသေ့တစ်မျိုး။
၀ါဒီ=အယူဝါဒရှိသူ။
စရိုက်ဘာဝ=အပြုအမူ အလေ့အကျင့်။
သာသန့ာဗာဟီ=သာသနာတော်ပြင်ဘက်။
အဓိသီလ=လွန်ကဲသော သီလ။
အာပတ်ခုနစ်ပုံ=
(၁) ပါရာဇိက၊
(၂) သံဃာ ဒိသိသ်။
(၃) ထုလ္လစ္စဉ်း၊
(၄) ပါစိတ်။
(၅) ပါဋိဒေသနီ။
(၆) ဒုက္ကဋ်။
(၇) ဒုဗ္ဘာသီ။
ပါတိမောက္ခသံဝရ=ရဟန်းကျင့်ဝတ် ပါတိမောက် သိက္ခာပုဒ်ကို စောင့်စည်းခြင်း။
ဣန္ဒြေခြောက်ပါး=မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်။
ဣန္ဒြိယသံဝရ=ဣန္ဒြေခြောက်ပါးကို စောင့်စည်းခြင်း။
မိစ္ဆာဇီဝ=တရားနှင့်မညီသော အသက်မွေးခြင်း။
အာဇီဝပါရိသုဒ္ဓိသီလ=သက်မွေးဝမ်းကြောင်း စင်ကြယ်မှု။
ပစ္စဝေက္ခဏာ=ဆင်ခြင်သုံးသပ်ခြင်း။
ပစ္စယသန္နိဿိတသီလ=ပစ္စည်းလေးပါးကို ဆင်ခြင်၍ မှီဝဲခြင်း။
စတုပါရိသုဒ္ဓိသီလ=အလွန်စင်ကြယ်သော သီလလေးပါး။
(၁) ပါတိမောက္ခသံဝရသီလ၊
(၂) ဣန္ဒြိယသံဝရသီလ၊
(၃) အာဇီဝပါရိသုဒ္ဓိသီလ၊
(၄) ပစ္စယသန္နိဿိတသီလ၊
သီလဝိသုဒ္ဓိ=သီလစင်ကြယ်မှု။
မဟဂ္ဂုတ်=ရူပ၊ အရူပ။
စိတ္တဝိသုဒ္ဓိ=စိတ်စင်ကြယ်မှု။
မိစ္ဆာဝါဒီ=ဖောက်ပြန်သော အယူရှိသူ။
၀ိတဏ္ဍီ=ဆန့်ကျင်သော အယူရှိသူ။
ဒိဋ္ဌိ၀ိသုဒ္ဓိ=အယူအမြင် စင်ကြယ်မှု။


ကင်္ခါ၀ိတရဏဝိသုဒ္ဓိ=တစ်ဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာကို လွန်မြောက်သော ဉာဏ်၏ စင်ကြယ်မှု။
တစ်ဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာ=ယုံမှားခြင်း တစ်ဆယ့်ခြောက်ပါး။
(၁) ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့သလော။
(၂) ငါသည် အတိတ်ကာလ၌ မဖြစ်ခဲ့သလော။
(၃) ငါသည် အတိတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်ခဲ့သနည်း။
(၄) ငါသည် အတိတ်ကာလ၌ အဘယ်သို့ ဖြစ်ခဲ့သနည်း။
(၅) ငါသည် အတိတ်ကာလ၌ အဘယ်သူဖြစ်ပြီးနောက် အဘယ်သူ ဖြစ်ခဲ့သနည်း။
(၆) ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံလော။
(၇) ငါသည် အနာဂတ်ကာလ၌ မဖြစ်လတ္တံလော။
(၈) ငါသည် အနာဂတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်လတ္တံနည်း။
(၉) ငါသည် အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံနည်း။
(၁၀) ငါသည် အနာဂတ်ကာလ၌ အဘယ်သူဖြစ်ပြီးနောက် အဘယ်သူ ဖြစ်လတ္တံနည်း။
(၁၁) ငါသည် ဟုတ်ပါလေ၏လော။
(၁၂) ငါသည် မဟုတ်လေသလော။
(၁၃) ငါသည် ဘယ်သူဖြစ်သနည်း။
(၁၄) ငါသည် အဘယ်သို့ဖြစ်သနည်း။
(၁၅) ငါသည် အဘယ်မှ လာသနည်း။
(၁၆) ငါသည် အဘယ်သို့ သွားလတ္တံနည်း။


မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ=မဂ်ဟုတ်မဟုတ် သိမြင်နိုင်သော ဉာဏ်အမြင် စင်ကြယ်မှု။
ပဋိပဒါဉာဏ ဒဿနဝိသုဒ္ဓိ=မဂ်ရောက်ကြောင်း ကျင့်စဉ်ကို သိမြင်သော ဉာဏ်စင်ကြယ်မှု။
သဟဇတ်=တကွဖြစ်သော။
သမ္ပယုတ်=အတူယှဉ်သော။
သစ္စာလေးတန်ကို ဆယ့်ခြောက်နက်ဝေဖန်၍=သစ္စာအနက် ဆယ့်ခြောက်ချက်။
ဉာဏဒဿနဝိသုဒ္ဓိ=သစ္စာလေးပါး အမှန်တရားကို သိမြင်သော ဉာဏ်အမြင် စင်ကြယ်မှု။


တဒင်္ဂဝိမုတ္တိ=ကာမ ကုသိုလ်ဖြင့် ကိလေသာမှ အခိုက်အတန့်မျှ လွတ်မြောက်မှု။
ဝိက္ခမ္ဘနဝိမုတ္တိ=မဟဂ္ဂုတ်ကုသိုလ်ဖြင့် ကိလေသာကို ပယ်ခွာ လွတ်မြောက်မှု။
သမုစ္ဆေဒဝိမုတ္တိ=မဂ်ဖြင့် ကိလေသာမှ အကြွင်းမဲ့ လွတ်မြောက်မှု။
ပဋိပဿမ္ဘနဝိမုတ္တိ=ဖိုလ်ဖြင့် ကိလေသာမှ ထပ်မံ လွတ်မြောက်မှု။
နိဿရဏဝိမုတ္တိ=ကိလေသာမှ လုံးဝလွတ်မြောက်မှု။


အာဂါရမုနိ=လူဝတ်ကြောင်သူမြတ်။
အနာဂါရမုနိ=ရဟန်းသူမြတ်။
သေက္ခမုနိ=အရိယာပုဂ္ဂိုလ် ခုနစ်ယောက်။
အသေက္ခမုနိ=ရဟန္တာပုဂ္ဂိုလ်။
ပစ္စေကမုနိ=ပစ္စေကဗုဒ္ဓါ။
မုနိန္ဒာဘိပရဝ=မုနိငါးပါးတို့ထက်မြတ်သော။
အတုလမုနိ=အတုမရှိသော မြတ်စွာဘုရား။

Sunday, April 13, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၅

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
...

၅။ ပလ္လင်အနိမိသ၊ စင်္ကမမှသည်၊ စတုတ္ထသတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်နှိုက်၊ မွေ့သိမ်စံပယ်တော်မူကာ၊ အဘိဓမ္မာ ခုနစ်ကျမ်းတွင်၊ ပဋ္ဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူသော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော်အသားတော်၊ အရိုးတော်စု၊ ဝတ္ထုပဿဒိန္ဒြေအလုံးမှ၊ ပြိုးပြုံးပြိုးပြက်၊ ရိုးရိုးရက်တောက်ပလျက်၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဥ္ဇိဋ္ဌ၊ ပဘာသရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသောရောင်ခြည်တော်၊ ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊ ရွှေသော ရောင်ခြည်တော်၊ ကသစ်ခေါင်ရန်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ၊ နီသောရောင်ခြည်တော်၊ သာခွာဘော်ကြူ၊ ဖွေးဖွေးလူသကဲ့သို့၊ ဖြူသောရောင်ခြည်တော်၊ ပြာလျှံညိုလျှံ၊ ခိုလျှံစုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်၊ ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့၊ ပြိုးပြိုးပြက်သော ရောင်ခြည်တော်တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို၊ တစ်ပြိုင်တည်းကွန့်မြူးစေလျက်၊ လ-နေ အတိ၊ လျှံငြိပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင်စကြဝဠာ၊ ထွန်းလင်းဖြာသော ဗြဟ္မာကြီးတို့၏ ကိုယ်ရောင်ကိုလျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော ကိုယ်တော်ရောင်တို့ဖြင့်၊ အထောင်အသောင်းသော လောကဓါတ်ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသော-

ပလ္လင်=ဘုရားဖြစ်ရာ အပရာဇိတပလ္လင်။
အနိမိသ=ပလ္လင်တော်ကို မမှတ်သောမျက်စိဖြင့် ခုနစ်တိုင်တိုင် ရပ်၍ ရှုစားတော်မူရာဌာန။
စင်္ကမ=ခုနစ်ရက်ပတ်လုံး စင်္ကြံကြွရာဌာန (စင်္ကမ သတ္တာဟ)။
စတုတ္ထသတ္တာဟ=လေးပတ်မြောက် ရက်သတ္တပတ်။
ရတနာရွှေအိမ်=ရတနာဃရ သတ္တာဟ။
အဘိဓမ္မာခုနစ်ကျမ်း=
(၁) ဓမ္မသင်္ဂဏီ
(၂) ဝိဘင်း
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ်
(၅) ကထာဝတ္တု
(၆) ယမိုက်
(၇) ပဋ္ဌာန်း။

ဝတ္ထုပသာဒိန္ဒြေ=အထည်ကိုယ်ဒြဗ် ဖြစ်သည့် တစ်ကိုယ်လုံး။
နီလ=အညို။
ပီတ=အဝါ၊ အရွှေ။
လောဟိတ=အနီ။
သြဒါတ=အဖြူ။
မ ဉ္ဇိဋ္ဌ=အနီနု။
ပဘာသရ=ပြိုးပြိုးပြက်။
ဂီဝါ=ရွှေ။
သာခွာ=ဘော်ငွေ။

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၄

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး

၄။ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဟူသမျှတို့၊ ရခြင်းငှာမထိုက်၊ သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျ ပုဂ္ဂိုလ်တို့၏၊ အလိုဆန္ဒ၊ အာသယကိန်းဟန်ကို၊ ဧကန်သိမြင်နိုင်သော၊ အာသယာနုသယဉာဏ်၊ ဣန္ဒြေရင့်မရင့်ကို၊ ထောက်ချင့်သိစွမ်းနိုင်သော၊ ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်၊ ပရမတ်ပညတ်၊ အရပ်ရပ်လုံးစုံကို၊ အကုန်အစင်၊ သိမြင်နိုင်သော သဗ္ဗညုတဉာဏ်၊ သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တည်းဟူသော ဉေယျဓံ ငါးအင်ကို၊ သိမြင်တော်မူရာ၌၊ ဆီးကာပိတ်ပင်ခြင်း မရှိသော အနာဝရဏဉာဏ်၊ ယမိုက်ပြာဋိဟာ၊ လွှတ်ခြင်းအရာ၌၊ လေ့လာတော်မူနိုင်သော ယမကပါဋိဟာရိယဉာဏ်၊ သနားထိုက်လှစွာသော၊ ဝေနေယျသတ္တဝါကို၊ လွန်စွာသနားတော်မူသော မဟာဂရုဏာသမာပတ္တိဉာဏ်၊ ဤခြောက်တန်သော ဆအသာဓာရဏ၊ ဉာဏလျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော်မူသည်ဖြစ်၍၊ ဝေးနီးစကြဝဠာ၊ သမန္တာရပ်၊ လောကဓါတ်တို့ကို၊ ထုတ်ခတ်ထင်ထင်၊ ရှုမြင်တော်မူနိုင်သော ပသာဒစက္ခု၊ ဉာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တ စက္ခုတည်းဟူသော မျက်စိတော်ငါးလုံးဖြင့်၊ အဆုံးမဲ့မြင်တော်မူပြီးထသော-

အာသယကိန်းဟန်=ကိန်းအောင်းနေသော အလို။
အာသယာနုသယဉာဏ်=သတ္တဝါတို့၏ အလိုကို သိသောဉာဏ်။
ဣန္ဒြေရင့်မရင့်=ပါရမီဓာတ်ခံရင့် မရင့်။
ဣန္ဒြိယပရောပရိယတ္တိဉာဏ်=ကျွတ်ထိုက်သော သတ္တဝါတို့၏ ပါရမီဓာတ်ခံ ရင့်မရင့်ကို သိသောဉာဏ်။
သဗ္ဗညုတဉာဏ်=အလုံးစုံကို အကုန်အစင်သိသောဉာဏ်။
သင်္ခါရ=အကြောင်းတရားတို့ ပြုပြင်အပ်သည့် ရုပ်နာမ်တရား။
ဝိကာရ=ရုပ်နာမ်တရားတို့၏ အခြင်းအရာ။
လက္ခဏ=ရုပ်နာမ်တရားတို့၏ လက္ခဏာ။
နိဗ္ဗာန်=ဝဋ်ဆင်းရဲ ငြိမ်းအေးမှု။
ပညတ်=ခေါ်ဝေါ်သမုတ်သည့် အမည်အမျိုးမျိုး။
ဉေယျဓံ=သဗ္ဗညုတဉာဏ်ဖြင့် သိအပ်သော တရားငါးပါး၊
၁။  သင်္ခါရ
၂။  ဝိကာရ
၃။  လက္ခဏ
၄။  နိဗ္ဗာန်
၅။  ပညတ်
အနာဝရဏဉာဏ်=အပိတ်အပင် အဆီးအတားမရှိ မြင်သိသောဉာဏ်။
ယမိုက်ပြာဋိဟာ=ရေ၊ မီးအစုံ အစုံ ထွက်စေသောတန်ခိုး။
ယမကပါဋိဟာရိယဉာဏ်=ရေ၊ မီးအစုံ အစုံ ထွက်စေသည့် တန်ခိုးပြာဋိဟာကို ဖြစ်စေတတ်သောဉာဏ်။
မဟာကရုဏာသမာပတ္တိဉာဏ်=လွန်စွာကြီးမားသည့် ကရုဏာတော်ကို ဝင်စားသည့် ဉာဏ်။
ဆအသာဓာရဏဉာဏ်=အခြားပုဂ္ဂိုလ်များနှင့် မဆက်ဆံသော မြတ်စွာဘုရား၌သာ ရှိသည့် ဉာဏ်တော်ခြောက်ပါး၊
၁။ အာသယာနုသယဉာဏ်၊
၂။  ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊
၃။  သဗ္ဗညုတဉာဏ်၊
၄။ အနာဝရဏဉာဏ်၊
၅။  ယမကပါဋိဟာရိယဉာဏ်
၆။  မဟာကရုဏာသမာပတ္တိဉာဏ်
စကြဝဠာ=ကမ္ဘာလောကဓာတ်။
သမန္တာရပ်=ထက်ဝန်းကျင်ရပ်။
ပသာဒစက္ခု=ပကတိမျက်စိ၊ ဓမ္မစက္ခုဟုလည်း ဆိုသည်။ အောက်မဂ်ဉာဏ်။
ဉာဏစက္ခု= ဉာဏ်မျက်စိ၊ အရဟတ္တမဂ်ဉာဏ်။
ဒိဗ္ဗစက္ခု= နတ်မျက်စိကဲ့သို့မြင်သော ဉာဏ်မျက်စိ။
ဗုဒ္ဓစက္ခု= အာသယာနုသယဉာဏ်နှင့် ဣန္ဒြိယပရောပရိယတ္တိဉာဏ်
သမန္တစက္ခုဉာဏ်= သဗ္ဗညုတဉာဏ်

Saturday, April 12, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး-၃

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး

၃။ ဇမ္ဗူ့ကျက်သရေ၊ ချက်ဗွေဘူမိ၊ အပရာဇိခရိုင်၊ ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလနှိုက်၊ ကာမလောကဓာတ်၊ ခုနစ်ရပ်လုံး၊ ဆတ်ဆတ်လှိုက်ခုန်၊ တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော၊ မေခလာဂီရိ၊ တောင်တရှိမျှ၊ ပြောင်ကြီးသေဌ်နင်း၊ မာရ်နတ်မင်းကို၊ ဖြည့်တင်းတော်မူခဲ့သော ပါရမီဉာဏ်၊ ကံသမ္ဘာရှိန်၊ ဝရဇိန်လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊ သုံးထောင်ဝက်ကို၊ ဖြိုဖျက် တိုက်လှန်ခြင်းငှာ၊ အာနာပါန ဘာဝနာဖြင့်၊ ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထ သမာပတ်တို့ကို၊ အာဝဇ္ဇနဝသီ၊ သမာပဇ္ဇနဝသီ၊ ပစ္စဝေက္ခဏဝသီ၊ အဓိဋ္ဌာနဝသီ၊ ဝုဋ္ဌာနဝသီတည်းဟူသော၊ ဝသီဘော်ငါးတန်ဖြင့်၊ အဖန်ဖန်လေ့လာတော်မူပြီးလျှင်၊ ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဖူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည်အမျိုးစသော၊ ပရမတ် ပညတ်တို့ကို၊ တပ်အပ်သိနိုင်စွမ်းသော ပုဗ္ဗေနိဝါသဉာဏ်၊ သုံးတန်ဘုံသား၊ အများသတ္တ၊ ဝေနေယျတို့၏၊ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန်ဌာနနှင့်တကွ၊ ဒူရပဋိစ္ဆန္န၊ သဏှသုခုမ ဖြစ်သော ရူပါရုံကို၊ အကုန်မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်၊ လေးတန်သြဃ၊ အာသဝနှင့်၊ ယောဂဂန္ထာ၊ လေးဖြာဥပါဒါန်၊ ခြောက်တန်နီဝရဏ၊ အနုသယ ခုနစ်အင်၊ သံယောဇဉ်ဆယ်တန်၊ ခြံရံလျက်သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ ထောင့်ငါးရာတို့ကို၊ စင်စွာပယ်ဖြတ်၊ အလွန်မြတ်သောကြောင့်၊ အရဟတ္တမဂ္ဂ၊ အမည်ရသော၊ အာသဝက္ခယဉာဏ်၊ ဤသုံးတန်သော ၀ိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့်၊ ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူအထွတ်၊ လူတမွတ်ဟု၊ မချွတ်သမိုက်အပ်ထသော-

ဇမ္ဗူ = ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း။
ချက်ဗွေဘူမိ = ဇမ္ဗူဒိပ်ကျွန်း၏ အလယ်ဗဟို။
အပရာဇိခရိုင် = အပ္ပရာဇိတပလ္လင်၊ ရန်သူတို့ မအောင်မြင်နိုင်သည့် နေရာထူး။
 င်မဏ္ဍိုင် = သဗ္ဗညုတ ဉာဏ်တော်၏ တည်ရာဖြစ်သော မဟာဗောဓိ ညောင်ပင်။
ကာမလောကဓာတ် = လူ့ဘုံ၊ နတ်ဘုံခြောက်ထပ် ဟူသော ကာမသုဂတိ ခုနစ်ဘုံ။
 ကြည်းဟည်း = အသံကျယ်စွာ မြည်သည်။
မေခလာဂီရိ = မာရ်နတ်၏ ဂီရိမေခလာ မည်သောဆင်။
မာရ်နတ် = နှောင့်ယှက်ဖျက်ဆီးသည့်နတ်။
ပါရမီဉာဏ် = ပါရမီဆယ်ပါး ဉာဏ်တော်ကုသိုလ်။
ကံသမ္ဘာရှိန် = ကံအဆောက်အဦး အဟုန်။
ဝရဇိန် = မိုးကြိုးစက်။
ကိလေသာစက် = တစ်ထောင့်ငါးရာ ကိလေသာ။
သုံးထောင်ဝက် = သုံးထောင်၏ တစ်ဝက်။
အာနာပါနဘာဝနာ = ထွက်သက် ဝင်သက်ကို စီးဖြန်းသော ကမ္မဋ္ဌာန်း။
ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထသမာပတ် = ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန် ဟူသော ဝင်စားသည့် စျာန်လေးပါး။


 ဝသီဘော်ငါးတန် = စျာန်ကို အထူးသဖြင့် နိုင်နင်းစေရန် အလေ့အကျင့်ပြုမှု ငါးမျိုး။
၁။ အာဝဇ္ဇနဝသီ = ထပ်ကာထပ်ကာ ဆင်ခြင်ခြင်း အလေ့အကျင့်၊
၂။ သမာပဇ္ဇနဝသီ = ထပ်ကာထပ်ကာ ဝင်စားခြင်း အလေ့အကျင့်၊
၃။ ပစ္စဝေက္ခဏာဝသီ = အဖန်ဖန် သုံးသပ်ခြင်း အလေ့အကျင့်၊
၄။ အဓိဋ္ဌာနဝသီ = စျာန်မှထရန် ဆောက်တည်ခြင်း အလေ့အကျင့်။
၅။ဝုဋ္ဌာနဝသီ = သတ်မှတ်ချိန် အတိုင်း စျာန်မှထခြင်း အလေ့အကျင့်။

 ရှေးတီးကာလ = ရှေးလွန်လေပြီးသောအခါ။
 ပရမတ် = ရုပ်နာမ်တရား။
 ပညတ် = အမည်။
 ပုဗ္ဗေနိဝါသဉာဏ် = ရှေးကနေခဲ့ဖူးသည်ကို ပြန်သိသောဉာဏ်။
ဝေနေယျ = ကျွတ်ထိုက်သော သတ္တဝါ။
ကမ္မ = ကုသိုလ်ကံ၊ အကုသိုလ်ကံ။
ဂတိ = လားရာလမ်း။
စုတိ = သေခြင်း။
ပဋိသန် = မွေးဖွားခြင်း။
ဒူရ = ဝေးသော။
ပဋိစ္ဆန္န = တစ်စုံတစ်ခုဖြင့် ဖုံးအုပ်ထားသော။
သဏှ = သိမ့်မွေ့သော။
သုခုမ = အနုစိတ်ဖြစ်သော။
ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။


သြဃ = ရေအလျဉ်နှင့်တူသော တရား၊ ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဖောဃဟု လေးမျိုးရှိသည်။
အာသဝ = ကြာမြင့်စွာ ထုံအပ်သည့် အရက်နှင့် တူသောတရား။ သြဃကဲ့သို့ ကာမ၊ ဘဝ၊ ဒိဋ္ဌိ၊ အဝိဇ္ဇာဟု လေးမျိုးရှိသည်။
ယောဂ = သံသရာဝဋ်ဒုက္ခနှင့် တွဲယှဉ်စေတတ်သော တရား၊ အထက်ပါအတိုင်း လေးမျိုးရှိသည်။
ဂန္ထ = သံသရာဝဋ်ဒုက္ခ၌ ထုံးဖွဲ့တတ်သော တရား။ အဝိဇ္ဇာ၊ ဗျာပါဒ၊ သီလဗ္ဗတပရာမာသ၊ ဣဒံ သစ္စာဘိနိဝေသ ဟူ၍ လေးမျိုးရှိသည်။

ဥပါဒါန် = ပြင်းထန်ခိုင်မြဲစွာ စွဲလမ်းတတ်သော တရား။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဟူ၍ လေးမျိုးရှိသည်။


ခြောက်တန်နီဝရဏ = ကုသိုလ်တရားတို့ မဖြစ်ပေါ်ရအောင် ပိတ်ဆီး တားမြစ်တတ်သော တရားခြောက်ပါး။
၁။ကာမစ္ဆန္ဒ
၂။ ဗျာပါဒ
၃။ ထိနမိဒ္ဓ
၄။ ဥဒ္ဓစ္စကုက္ကုစ္စ
၅။ ဝိစိကိစ္ဆာ
၆။ အဝိဇ္ဇာ ဤခြောက်မျိုး ဖြစ်သည်။


အနုသယခုနစ်အင် = မဖြစ်ပေါ်သေးဘဲ စိတ်သန္တာန်၌ ကိန်းနေသော တရား ခုနစ်မျိုး။
၁။ ကာမရာဂ
၂။ ဘဝရာဂ
၃။ ပဋိဃ
၄။ မာန
၅။ဒိဋ္ဌိ
၆။ ဝိစိကိစ္ဆာ
၇။ အဝိဇ္ဇာ ဤခုနစ်မျိုး ဖြစ်သည်။


သံယောဇဉ်ဆယ်တန် = သတ္တဝါတို့ကို သံသရာစက်မှ မထွက်နိုင်အောင် ဖွဲ့နှောင်ဆွဲတွယ်တတ်သော တရားဆယ်ပါး။
၁။ ကာမရာဂ
၂။ ရူပရာဂ
၃။ အရူပရာဂ
၄။ပဋိဃ
၅။ မာန၊
၆။ ဒိဋ္ဌိ
၇။ သီလဗ္ဗတပရာမာသ
၈။ ဝိစိကိစ္ဆာ
၉။ ဥဒ္ဓစ္စ
၁၀။ အဝိဇ္ဇာ ဤဆယ်မျိုး ဖြစ်သည်။


ကိလေသာ = စိတ်ကို ညစ်နွမ်းစေတတ် ပူလောင်စေတတ်သော တရား။
၁။ လောဘ
၂။ ဒေါသ
၃။ မောဟ
၄။ မာန
၅။ ဒိဋ္ဌိ
၆။ ဝိစိကိစ္ဆာ
၇။ ထိန
၈။ ဥဒ္ဓစ္စ
၉။ အဟိရိက
၁၀။ အနောတ္တပ္ပ ဟူ၍ ကိလေသာဆယ်ပါး။

ထောင့်ငါးရာကိလေသာ =
လောကီစိတ်- ၁ + စေတသိက်- ၅၂ = ပေါင်း နာမ်တရား- ၅၃၊
နိပ္ဖန္နရုပ်- ၁၈ + လက္ခဏရုပ်- ၄ = ပေါင်း ရုပ်တရား- ၂၂။
နာမ်ရုပ်နှစ်ရပ်ပေါင်း- ၇၅၊
ယင်းကို အဇ္ဈတ္တဗဟိဒ္ဓ သန္တာန်နှစ်ပါးနှင့် မြှောက်- ၁၅၀၊ ယင်း ၁၅၀-သည် အားလုံးကိလေသာ ဆယ်ပါး၏ အာရုံဖြစ်နိုင်သောကြောင့် ကိလေသာ ၁၀-ပါးနှင့် မြှောက်၊ ၁၅၀ x ၁၀ = ၁၅၀၀ ဖြစ်၏။


အရဟတ္တမဂ္ဂ = မဂ်လေးပါးတွင် အထွတ်အထိပ်ဖြစ်သော မဂ်။
အာသဝက္ခယဉာဏ် = အာသဝေါတရားကုန်ရာဖြစ်သော ဉာဏ်။


ဝိဇ္ဇာသုံးပါး = ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်၊

ဝိဇ္ဇာရှစ်ပါး =
၁။ ပုဗ္ဗေနိဝါသဉာဏ်
၂။ ဒိဗ္ဗစက္ခုဉာဏ်
၃။ အာသဝက္ခယဉာဏ်၊
၄။ နတ်၏ နားကဲ့သို့ကြားနိုင်သော ဒိဗ္ဗသောတ အဘိညာဉ်၊
၅။ သူတစ်ပါးစိတ်ကို သိနိုင်သော ပရစိတ္တဝိဇာနန အဘိညာဉ်၊
၆။ တန်ခိုးအမျိုးမျိုးဖန်ဆင်းနိုင်သော ဣဒ္ဓိဝိဓ အဘိညာဉ်၊
၇။ စိတ်အလိုအတိုင်း ပြီးနိုင်သော မနောမယိဒ္ဓိ၊
၈။ ဝိပဿနာဉာဏ်။

လူတမွတ် = လူတွင်အမြတ်။

Friday, April 11, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး-၂



ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
 
[...]
၂။ အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့့်မြတ်သောသူတို့သည်၊ မာန်မူဖက်ပြိုင်ခြင်းငှာမထိုက်၊ မကိုဋ်မင်္ဂလာ၊ ဤကမ္ဘာနှိုက်၊ ပထမာဒိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြုပြည်ပြု၊ သမ္မုတိဒေဝရာဇ်၊ နေနွယ်ဖြစ်၍၊ စင်စစ်အမျိုးတော်အားဖြင့် မြတ်သော ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွှတ်ရုံးကော်ရော်၊ ပူဇော်ဦးညွှတ်ရာဖြစ်၍၊ စင်စစ်ဘုန်းတော်အားဖြင့် လွန်မြတ်သော ပုညမဟတ္တဂုဏ်၊ ဝသုန်သေလာ၊အဏ္ဏဝါကို၊ မြူလွှာပြုလျက်၊ နှိုင်းတုစက်လည်း၊ ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည်ဖြစ်၍၊ စင်စစ်ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တဂုဏ်၊ ဤသုံးစုံကြောင့်၊ လူ့ဘုံနတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ၊ တစ်ဆူတည်းသော အပ္ပဋိပုဂ္ဂိုလ်ဖြစ်တော်မူထသော-

မကိုဋ်မင်္ဂလာ=ထူးခြားမွန်မြတ်သည့် မကိုဋ်သရဖူ။
ပထမာထိက=အစဦးဆုံး။
ဘူမိပါလ=မင်း။ (ဤ၌ သမ္မတမင်းကို ဆိုလိုသည်။)
အာဒိစ္စဂိုဏ်း=နေမျိုးမှ ဆင်းသက်ပေါက်ဖွားလာသော။
သမ္မုတိဒေဝရာဇ်=မင်း။ မင်းကို သမ္မုတိနတ်ခေါ်သည်။
ဇာတိမဟတ္တဂုဏ်=အမျိုးဇတ်အားဖြင့် ကြီးမြတ်သောဂုဏ်။
ပုညမဟတ္တဂုဏ်=ဘုန်းတော်အားဖြင့် ကြီးမြတ်သောဂုဏ်။
ဝသုန်=မြေ။
သေလာ=ကျောက်တောင်။
အဏ္ဏဝါ=သမုဒ္ဒရာ။
ဂုဏမဟတ္တဂုဏ်=ဂုဏ်အားဖြင့်ကြီးမြတ်သောဂုဏ်။
အပ္ပဋိပုဂ္ဂိုလ်=ယှဉ်ဘက်မရှိသော ပုဂ္ဂိုလ်။

Thursday, April 10, 2008

ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - ၁

ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ အစိန္တေယျ၊ အပ္ပမေယျ၊ သေဋ္ဌဇေဋ္ဌ၊ အတုလပရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓ၊ အနုတ္တရမာရဇိ၊ တိလောကန္တဂူ၊ သယမ္ဘူဘဝိဿရ၊ ဤသို့စသား၊ အသချေင်္ယျ၊ နာမတံဆိပ်၊ ဂုဏ်ဝိသိဌ်ဖြင့်၊ ဇမ္ဗူဒိပ်မှတက်၍၊ ဘဝဂ်တိုင်ကြေညာလျက်၊ ကာမရူပ၊ အရူပဟု၊ သြကာသ သုံးရပ်၊ လောကဓာတ်နှိုက်၊ အမြတ်ထက်အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ၊ မဟာကဝိန်၊ သုခမိန်တို့သည်၊ ပညိန္ဒြေရှိတိုင်းဖြင့်၊ ခြားပိုင်းတွက်ကျုံး၍၊ မဆုံးမကုန်နိုင်၊ မကြံစည်နိုင်၊ မအံသြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြားကျယ်ဝန်းသော၊ ကျေးဇူးတော်အပုံ၊ ဂုဏ်တော် အပေါင်းနှင့်၊ ပြည့်စုံတော်မူထသော-

အစိန္တေယျ=မကြံစည်နိုင်၊ ကြံတွေးမရနိုင်သော။
အပ္ပမေယျ=မနှိုင်းယှဉ်နိုင်သော။
သေဋ္ဌ=လောကထက်မြတ်သော။
ဇေဋ္ဌ=လောကထက်ကြီးသော။
အတုလ=တုဖက်ကင်းသော။
ပရမံ=မြတ်သော။
အရဟံ=ပူဇော်အထူးကို ခံထိုက်သော။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။
သမ္မာသမ္ဗုဒ္ဓ=အလုံးစုံသောတရားကို မဖောက်မပြန် မှန်ကန်စွာ ကိုယ်တိုင် ထိုးထွင်း၍သိသော။
အနုတ္တရ=မိမိထက်လွန်မြတ်သူ မရှိသော။
မာရဇိ=မာရ်ငါးပါးကို အောင်မြင်တော်မူသော။
တိလောကန္တဂူ=လောကသုံးပါး၏ အဆုံးသို့ ရောက်တော်မူသော။
သယမ္ဘူ=တရားကို ကိုယ်တိုင်သိတော်မူသော။
ဘဝိဿရ=ဘဝကို စိုးမိုးတော်မူသော။
အသချေင်္ယျနာမတံဆိပ်=မရေမတွက်နိုင်သော အမည်တော် ဘွဲ့တံဆိပ်။
ဂုဏ်ဝိသိဌ်=ဂုဏ်ထူး။
ဇမ္ဗူဒိပ်=ကျွန်းကြီးလေးကျွန်းအနက် ဇမ္ဗူဒီပါတောင်ကျွန်း။
ဘဝဂ်=သုံးဆယ့်တစ်ဘုံတွင် အထက်ဆုံးဘုံ။
ကာမရူပ၊ အရူပဟုသြကာသသုံးရပ်=ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟူသော သတ္တဝါတို့ တည်နေရာ ဘုံကြီးသုံးရပ်။
လောကဓာတ်=စကြဝဠာလောကကြီး
သမိုက်အပ်သော=သမုတ်အပ်သော။
မဟာကဝိန်=ပညာရှိကြီး။
သုခမိန်=ပညာရှိ။
ပညိန္ဒြေ=ဉာဏ်ပညာ။
ကျေးဇူးတော်အပုံ=ကျေးဇူးတော် အများအပြား။

Tuesday, April 1, 2008

Thursday, March 6, 2008

ဆရာ့ စကား


စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကို ပြန်ပြောင်း စဉ်းစားမိသည်။ ကျွန်တော်က Lecture ကောင်းကောင်းလိုက်တတ်သူ မဟုတ်။ ကျွန်တော့် Lecture စာအုပ်များက သိမ်းဆည်းထားစရာ မကောင်းလှ။ ဆရာတို့၏ ပို့ချချက်များထက၊် စိတ်ကူးပေါက်ရာ ရေးခြစ်ထားသော စာသားများ၊ ရုပ်ပုံများ၊ သင်ကြားသော သင်ခန်းစာအပေါ် မိမိထင်မြင်ချက်များနှင့်သာ ပြည့်နှက်နေတတ်သည်။ စာသင်နှစ် တစ်နှစ်စာ ကုန်ဆုံးသောအခါ မိမိ၏ Lecture စာအုပ်ဟောင်းများကို ပိသာချိန်ဖြင့် ရောင်းချပစ်လေ့ ရှိသော်လည်း၊ ထိုစာအုပ် တစ်အုပ်ကိုမူ မရောင်းရက်ပဲ သိမ်းထားခဲ့သည်။ ထိုစာအုပ်လေးသည် ယခုချိန်တွင် ကျွန်တော်နှင့်အတူ ရှိမနေခဲ့ပါ။ သို့တိုင် ထို Lecture စာအုပ်၏ နောက်ဆုံးစာမျက်နှာပေါ်မှ မင်သားထူထူ စာလုံးကြီးကြီးဖြင့် ရေးချထားဖြစ်ခဲ့သော ဆရာ၏ စကားတစ်ခွန်းကို စိတ်မျက်စိဖြင့် ပြန်လည် မြင်ယောင်နေဆဲပင်...။

ဆရာတို့သည် အတတ်ပညာဆိုင်ရာ စာပေများကို သင်ကြားပို့ချခဲ့သည် မှန်သော်လည်း၊ ထိုမျှမက စောင့်ထိန်းခြင်း၊ တည်ကြည်ခြင်းနှင့် အသိပညာဟူသော လူ့ဘ၀၏ ကောင်းမြတ်သော တရား (၃)ပါးကို သွန်သင် ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ တဖြေးဖြေးနှင့် ပို၍ သဘောပေါက်လာခဲ့ပါသည်။

တခါက ဆရာကန်တော့ပွဲ တစ်ခုတွင် လျှပ်စစ်ဌာနမှ ဆရာ ဦးစိန်ဝင်းက ဤသို့ဆို၏။ ကျောင်းသား တစ်ယောက်က ပြောတယ်။ “ဆရာရယ်.. ဆရာကတော့ ကျောင်းမှာ Circuit တွေကို ဟိုကလှည့်တွက်လိုက်၊ ဒီကလှည့်တွက်လိုက် Laplace transform တွေသုံးလိုက်၊ Fourier transform တွေသုံးလိုက်နဲ့၊ ကျွန်တော်ဖြင့် ခေါင်းကိုချာချာလည်လို့၊ ဒါပေမဲ့ အလုပ်ထဲလည်းရောက်ရော V=IR လောက်ကလွဲလို့၊ ပိုပြီး အသုံးချစရာ သိပ်မရှိပါဘူး” တဲ့။ ဒီတော့ဆရာက ပြန်ဖြေလိုက်တယ်။ “အေးဟုတ်တယ်။ မင်းတို့ကို အဘက်ဘက်က ကြည့်တတ်အောင်၊ IQ ကောင်းအောင် သင်ပေးလိုက်တာ။ သမိုင်းဆရာတွေကလည်း သမိုင်းတွေ လျှောက်ပြောပြီး၊ ကျောင်းသားတွေ IQ ကောင်းအောင် လုပ်ပေးတာ။ ငါကလည်း Circuit တွေ တွက်ပြပြီး IQ ကောင်းအောင် လုပ်ပေးတာ။”

အတွေးအခေါ် ရင့်ကျက်ဖို့၊ လှေနံဓါးထစ် တရားသေ၀ါဒ မဖြစ်ဖို့၊ ပတ်ဝန်းကျင် အခြေအနေနှင့်အညီ အရာရာကို ရှုမြင်သုံးသပ်တတ်ဖို့၊ လေ့ကျင့်သင်ကြားပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း အဓိပ္ပါယ် ကောက်ယူနိုင်မည် ထင်ပါသည်။

မိမိနားနှင့် ကိုယ်တိုင် နာယူခွင့် မရခဲ့သည့်တိုင်၊ အလွန်နှစ်သက်ခဲ့မိသည့် စကားလက်ဆောင် ပုံပြင်လေး တစ်ပုဒ်ကိုလည်း သတိရနေဆဲပင်။ မိမိနဲ့ ဘာသာရပ် မတူတဲ့ အတန်းတစ်ခု၏ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ် နောက်ဆုံး Lecture တစ်ခုမှာ ဆရာကကျောင်းသားတွေကို ဤပုံပြင်လေး ပြောခဲ့ခြင်းဖြစ်၏။

ရှေးခေတ်က ပြင်သစ်ပြည်မှာ သေဒဏ်ကျခံရမဲ့ ရာဇ၀တ်သားတွေကို ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်လေ့ရှိသတဲ့။ အဲ့ဒီမှာ အခွင့်အရေး တစ်ရပ်အနေနဲ့ ရာဇ၀တ်သားတွေကို နောက်ဆုံးဆန္ဒတစ်ခု ဖေါ်ထုတ်ခွင့်ပေးပါတယ်။ အကယ်၍ တစ်ချက်တည်းနှင့် မသေခဲ့ရင်လည်း အပြစ်က လွတ်ကင်းခွင့်ရပါတယ်။ တစ်ရက်မှာတော့ ဘုန်းတော်ကြီး တစ်ပါးရယ်၊ အင်ဂျင်နီယာ တစ်ဦးရယ်ဟာ ရာဇ၀တ်သားအဖြစ်ရှိနေခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ အလှည့်မှာတော့ နောက်ဆုံးဆန္ဒအဖြစ် ဘုရားသခင်ထံမှာ ၀တ်ပြုဆုတောင်းခွင့်ကို ယူပြီး၊ ရဲရင့် တည်ငြိမ်စွာနဲ့ပဲ ခေါင်းဖြတ်စက်အောက်မှာ သေမင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်း ထောက်မလို့ပဲလား။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲလား မသိ။ ခေါင်းဖြတ်စက်ဟာ jammed ဖြစ်နေပြီး၊ ဘုန်းတော်ကြီးလည်း သေဒဏ်က လွတ်ငြိမ်းခွင့် ရသွားပါတယ်။ အင်ဂျင်နီယာ အလှည့်ရောက်တော့ သက်ဆိုင်ရာတွေက သူရဲ့ နောက်ဆုံးဆန္ဒကို မေးပြန်ပါတယ်။ အင်ဂျင်နီယာဟာ ခေါင်းဖြတ်စက်ကို လေးနက်ငြိမ်သက်စွာ ကြည့်ပြီး၊ ‘ဒီစက်မှာ ချို့ယွင်းချက် ရှိနေပါတယ်။ သူ ပြင်ပါရစေ။’ လို့ ခွင့်တောင်းခဲ့တယ်။ သူဟာ စက်ကို အောင်မြင်စွာ ပြင်နိုင်ခဲ့ပြီး၊ အဲ့ဒီ စက်အောက်မှာ ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီး သေပွဲဝင်ခဲ့ရပါတယ်။

ဆရာဟာ ကျောင်းသားတွေကို မိမိယုံကြည်ချက် အတွက်၊ မိမိတန်ဖိုးထားတဲ့ အရာအတွက်၊ အသက်ကိုပင် စွန့်ရဲတဲ့သူတွေ ဖြစ်စေလိုဟန်တူပါသည်။ မိမိတို့မှာ ပြတ်သားသည့် Clear-cut value ရှိပြီလားဟုလည်း ဆန်းစစ်စေလိုဟန် တူပါသည်။ နောက် ဆရာက ဆက်၍ ပြောပါသေးသည်။ Theory သင်ပြီး၍ Assignment ပေးခြင်းလားတော့မသိ။ ‘သူ့ကို နိုင်ငံခြား ကုမဏီတစ်ခုက ဆက်သွယ်တယ်။ ကျောင်းသားတွေထဲက သူတို့ ကုမဏီမှာ အလုပ်လုပ်ချင်တဲ့သူ ရှာပေးဖို့ပါ။ လခက အစိမ်း တစ်ထောင်ပေးမယ်။ အဲ ဒါပေမဲ့ interview မဲ့နေ့ကတော့ စာမေးပွဲဖြေမဲ့နေ့နဲ့ တိုက်နေပါတယ်။ စိတ်ဝင်စားတဲ့သူ ဆရာ့ဆီမှာ စာရင်းပေးနိုင်ပါတယ်။’ ဟု...။

ဘ၀မှာ ဆုံးဖြတ်ရ၊ ရွေးချယ်ရ တာတွေ ကြုံတိုင်း ဆရာ့ရဲ့ ပုံပြင်လေးကို သတိရမိပါသည်။ “လူတွေဟာ လွတ်လပ်တဲ့ လူသားတွေဖြစ်တယ်။ လွတ်လပ်စွာ ရွေးချယ်၊ ဆုံးဖြတ်နိုင်ခွင့် ရှိတယ်။ ထို့အတူ အဲဒီ ရွေးချယ်မှုက ရလာတဲ့ ရလဒ်ကိုလည်း တာဝန်ယူရမယ်” ဟုလည်း တွေးယူမိပါသည်။

ဆရာတို့သည် စက်မှုအတတ်၊ ပညာရပ် သက်သက်မျှကို သင်ကြားပေးခဲ့ကြခြင်း မဟုတ်ပါ။ ထို့အတွက်လည်း၊ ဆရာတို့ အပေါ် အထူးကျေးဇူးတင်မိပါသည်။ ကျောင်းပြီး၍ ဆယ်စုနှစ် တစ်ခုကို ဖြတ်သန်းပြီးသော အချိန် ဆရာ ကန်တော့ပွဲ တစ်ခုတွင် ရူပဗေဒဌာနမှ ဆရာဦးသာလှိုင်ကို ပြန်လည်တွေ့သောအခါ မိမိ မစွန့်ပစ်ရက်ပဲ၊ သိမ်းဆည်းထားဖြစ်ခဲ့သော Lecture စာအုပ်လေး အကြောင်းကို ပြန်လည် ပြောပြလိုစိတ် အလွန်ဖြစ်ခဲ့သည်။ သို့သော် အကြောင်းမသင့်၍ မပြောခဲ့ရ။

ဒုတိယနှစ် စာသင်နှစ်၏ နောက်ဆုံး ရူပဗေဒ စာသင်ချိန်ဖြစ်သည်။ ဆရာက ဤသို့ ဆိုခဲ့၏။
“...သက်ကယ်တဲလေး တစ်လုံးရှိတယ်ကွာ။ အဲဒါ လူတစ်ယောက်ကနေ လာပြီး၊ သက်ကယ်တစ်မျှင်ထဲပါ ဆိုပြီး နှုတ်ယူလိုက်တယ်။ နောက်တစ်ယောက်ကလည်း၊ သူလည်းတစ်မျှင်ထဲပါဆိုပြီး ယူပြန်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်သာ၊ ယူလိုက်ကြရင်...။” ဆရာက သူ့ထုံးစံအတိုင်း အသံကို ခပ်လေးလေး ခပ်တိုးတိုးပြောရင်း နားထား၏။
နောက်မှ “...မြန်မာပြည်ဟာ သက်ကယ် တဲလေး တစ်လုံးပါကွာ။ အဲဒါကို မင်းတို့က တစ်မျှင်ထဲပါဆိုပြီး မနှုတ်လိုက်ကြပါနဲ့...။”
ဆရာက ဤသို့ပင် နောက်ဆုံး သြ၀ါဒကို ချွေပြီး၊ ‘ L’ ဆောင် Stage ပေါ်က ဆင်း၍သွားသည်။ ကျွန်တော်၏ ရူပဗေဒ Lecture စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် "သက်ကယ်တစ်မျှင်တည်း..." ဟု မင်သားထူထူ စာလုံးကြီးကြီးဖြင့် ရေးခြစ်မိခဲ့ပါသည်။ ထိုစာအုပ်ဟောင်းလေးကို ယနေ့တိုင် မစွန့်ပစ်ရက်ခဲ့ပါ။

မိမိကိုယ်မိမိ ဆရာ့စကားကို လိုက်နာသူဖြစ်ပါ၏လော ဟုဆန်းစစ်မိတိုင်းလည်း၊ စဥ့်ကူဆောင် အဆောင်မှုး နိုင်ငံရေးသိပ္ပံဆရာ ဦးသာဒင်၏ “စောင့်ထိန်းနိုင်သည်၊ ဆိုစေကာမူ။ အခွင့်သာက၊ ရှောင်နိုင်ခဲ၏။” ဟူသော၊ အာစရိယ ပူဇော်ပွဲ လက်ကမ်းစာစောင် တစ်ခုမှ သြ၀ါဒကိုသာ သတိရမိနေပါတော့သည်။

ဧရာ (မန္တလေး)
၀၈-၀၄-၂၀၀၃



Thursday, February 21, 2008

ဘ၀ထဲက ကဗျာ

ဝါ၀ါရေ အခုတလော မကြာခဏ ဖတ်ရတဲ့ မင်းစာတွေထဲက ဘ၀အမောလေးတွေ
အားတင်းထားသူငယ်ချင်း မင်းအဆင့်က မွန်းကြပ်မှုကို မရောက်သေးဘူး။
...............
ကိုယ်တို့ အသက်တွေ ပြန်ငယ်ကြည့်လိုက်ကြရအောင်၊ ဆိုပါစို့ ပညာသင်တဲ့အရွယ်။
စာကလွဲပြီး အခြားစိတ်ဝင်စားစရာဆိုလို့ သိပ်ထွေထွေထူးထူးမရှိခဲ့ကြပါဘူးလေနော်။ ကာတွန်းဖတ်မယ်။ ၀တ္ထုဖတ်မယ်။ ရုပ်ရှင်ကြည့်မယ်။ သီချင်းနားထောင်မယ်။
အချိန်ပိုရတဲ့အခါ မင်းကတော့ ဂစ်တာတီးမယ်။ ကိုယ်ကတော့ သိမ်သွားတဲ့ ကိုယ့်ရဲ့ ဘယ်ဖက်လက်ကို လေ့ကျင့်ခန်းပေးဖို့ ကြက်တောင်ရိုက်ရမယ်။ သတ္တိနည်းနည်းပိုရှိတဲ့လူက ရည်းစားထားမယ်။ ကိုယ်တို့ ဘာမှမမှားခဲ့ကြဘူးကွ။ အဲနေဦး နေဦး။ မင်းတို့အိမ်မှာ Carlsberg beer တစ်ဘူးကို တို့လေးယောက် ၀ိုင်းသောက်ကြတုံးကတော့ မင်းက ရေခဲနဲ့မှသောက်ချင်ပါတယ်ဆိုလို့ မင်းမေမေ စီစီရယ် ရေခဲတွေ ချိုင့်ကြီးနဲ့တစ်လုံး ထွက်ဝယ်ပေးခဲ့ရသေးတယ် မဟုတ်လား။ ဒါပေမဲ့ တို့သူငယ်ချင်းတွေထဲ တစ်ယောက်မှ အရက်သမား မဖြစ်ခဲ့ပါဘူးကွာ။ မှားခဲ့ကြမယ်ဆိုရင်တောင် ကိုယ်တို့မှာ ပြင်စရာ အားကိုးလောက်တဲ့အချိန်တွေရှိတယ်။
...............
အေး..အခုအချိန်မှာဆိုရင်တော့ အားသွားရင် မင်းမမူးဘဲ ရစ်တော့မယ်။ မင်းပတ်ဝန်းကျင်ကလူတွေ သေဖို့သာပြင်တော့။ ကြောက်စရာကောင်းလောက်အောင် မင်းကိုမင်း အပြစ်တွေတင်တော့မယ်။ နောက်ဆက်တွဲ တန်းစီလာမဲ့ အမှားတွေ အမှားတွေ။ ဘယ်မှာလဲ အမှားတွေကို ပြင်ဖို့ မင်းမှာ အချိန်...
...............
တကယ်တော့..အရာရာမှာ သေချာချင်၊ ရေရာချင်၊ ‘၁’ နဲ့ ‘၁’ ပေါင်းရင် ‘၂’ ရကိုရ ရမယ်ဆိုတဲ့ ကိုယ်တို့ရဲ့ဥာဉ် ကလေးတွေကြောင့်ပါကွာ။
ကိုယ့်အတွက်တော့လေ ဘ၀ဆိုတာ ဘယ်တော့မှ ကဗျာ မဟုတ်ဘူး။

“သူငယ်ချင်းတွေထဲမှာလူကြီး အဆန်ဆုံးလို သတ်မှတ်ထားတာ၊ တစ်ခါတစ်ခါ လိုက်မမှီအောင် ထ, ထကြောင်တာ ဘယ်လို ပြောရမှန်း မသိဘူး” ဆိုရင် အခုရော ဘာပြောဦးမလဲ မရွှေဝါ...

Wednesday, February 20, 2008

ဆုတ်စေ၊ နစ်စေ၊ မြုပ်စေ တာ

ဒီစာအုပ်ကို ကိုယ် အရှိန်အဟုန်နဲ့ ဖတ်နေတာ၊ လိုင်းတွေလည်း တားတယ်၊ စတားတွေလည်းပြတယ်။
ကိုယ်က ခရီးသွားရင်း ရထားပေါ်မှာ စာဖတ်လေ့ရှိတယ်။
အခုစာအုပ်တ၀က်လောက်ရောက်မှ စာကရှေ့မသွားတော့ဘူး။ ဖတ်သာဖတ်နေတယ်။ ခေါင်းထဲကို တစ်လုံးမှ မရောက်ဘူး၊ ကိုယ်သိတယ်။ နောက်တော့ လက်ရှော့ပြီး စိတ်ကို နှာသီးဝကို ပို့ထားလိုက်တယ်။
*****
မျက်နှာပြင်ပေါ်မှာ ရေညှိရေမှော်တွေ တက်နေတဲ့ ကန်တွေကို သင်တို့မြင်ဖူးကြပါသလား။ ကိုယ်ကတော့လေ အဲ့ဒီကန်မျိုးတွေကို သိပ်မုန်းတယ်။ သင်တို့ ကြားဖူးကြမှာပါ။ ကိုယ်တို့လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားငယ် ‘အောင်ဆန်းလင်း’ ဟာ ကစားရင်း အိမ်နားက ရေကန်မှာ နစ်လို့သေဆုံးခဲ့ရတယ်ဆိုတာ။ ဗိုလ်ချုပ် အိမ်က ရေကန်ကို ကိုယ်မမြင်ဖူးပေမဲ့၊ ဘောလုံးနောက်ကိုလိုက်ရင်း မသိရှာတဲ့ ကလေးဟာ၊ ဒီစိမ်းပြန့်ပြန့်တွေကို နင်းလို့ရတဲ့မြေပြင်လို့ ထင်မိရှာလို့ သူ့အသက်ဆုံးရှုံးခဲ့ရတာ။ ဒေါ်ခင်ကြည်ရဲ့ ဆုံးရှုံးမှု၊ ဦးအောင်ဆန်းရဲ့ ဆုံးရှုံးမှု၊ သူ့အစ်ကိုရဲ့ ဆုံးရှုံးမှု၊ သူ့ညီမရဲ့ ဆုံးရှုံးမှု၊ နိုင်ငံတစ်နိုင်ငံရဲ့ ဆုံးရှုံးမှု...
ဒီလိုကန်မျိုးပဲနေမှာ...
ငယ်ငယ်ကတည်းက အဲ့ဒီကန်မျိုး သွားရင်းလာရင်းတွေ့ရရင်တောင် ကိုယ် မကြည့်ချင်ဘူး။ မကြည့်ရဲဘူး။
နောက်နည်းနည်းကြီးလာတော့ အဲ့ဒီကန်မျိုးတွေ့ရင် အနီးအနားမှာ “ဖြတ်သန်းမသွားရ” ဆိုတဲ့ ဆိုင်းဘုတ်မျိုးမှ တပ်ထားရဲ့လား။ ကန်ကိုရော ခြံစည်းရိုးခတ်ထားရဲ့လား။ စူးစမ်းတတ်လာတယ်။
*****
အခုတော့ ကိုယ်သိတယ်။ ဆုတ်စေ၊ နစ်စေ၊ မြုပ်စေ တာ ကန်ရေပြင်ပေါ်မှာဖုံးအုပ်နေတဲ့ ရေညှိ၊ ရေမှော်တွေနဲ့ တူတဲ့ “နိဝရဏတရား” တွေ။
*****
အပြန်ခရီးမှာတော့ မဆိုးဘူး။ စာတွေခေါင်းထဲ ၀င်သင့်သလောက်ဝင်တယ်။

သြော် ကိုယ်ဖတ်နေတဲ့စာအုပ်က Dr. Walpola Rahula အရှင်သူမြတ် ရေးသားပြုစုသော WHAT THE BUDDHA TAUGHT ကို ဦးကိုလေး (ဇေယျာမောင်) မြန်မာဘာသာပြန်ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ

Tuesday, February 19, 2008

အမှတ်တရ

ကိုယ် ဆယ်ကျော်သက် အရွယ်လောက်တုန်းကပေါ့ ကိုယ့် အစ်မ၀မ်းကွဲ မနှင်းက
‘ဒီစာအုပ်လေး ကောင်းတယ် ဖတ်ကြည’့် ဆိုပြီးပေးလာခဲ့တယ်။
ဂျူး ရဲ့ “အမှတ်တရ” ဆိုတဲ့ စာအုပ်လေးပေါ့..
မနှင်းကပြောလိုက်သေးတယ် ‘သူများ ဒိုင်ယာယီလေး ခိုးဖတ်ရသလိုပဲ’ တဲ့။
စာအုပ်ကိုဖတ်အပြီးမှာတော့ သူ့အပြောကို ကိုယ်ထောက်ခံခဲ့ပါတယ်..
...............
သူများ ဒိုင်ယာယီဆိုတော့လည်း ကိုယ့် ဒိုင်ယာယီမှ မဟုတ်ပဲ.. အကြောင်းအရာတွေကိုတော့ ကောင်းကောင်းမမှတ်မိတော့ပါဘူး.. ကိုယ် မှတ်မိနေတာလေး တစ်ခုက..ဂျူးက စာအုပ်ထဲမှာပြောထားတယ်.. ‘ဆေးကျောင်းသားတွေမှာ (၃)မျိုး (၃)စားရှိပါတယ်တဲ့.. ပထမတစ်မျိုးက ဆေးကျောင်းသားဘ၀ကတည်းက ဆရာဝန်ရုပ်ပေါက်နေတဲ့လူ..ဒုတိယတစ်မျိုးက ဆေးကျောင်းသားဘ၀မှာ ဆရာဝန်ရုပ်မပေါက်သေးပေမဲ့.. ဆရာဝန်ဖြစ်တော့ ဆရာဝန်ရုပ်ပေါက်သွားတဲ့လူ နဲ့.. တတိယတစ်မျိုးကတော့.. ဆေးကျောင်းသားဘ၀မှာရော ဆရာဝန်ဘ၀မှာပါ ဆရာဝန်ရုပ်မပေါက်ကြတဲ့လူများပါတဲ့..မောင်ကတော့ ဒုတိယအမျိုးအစားထဲကပါ’ တဲ့။
ဆရာမဂျူးရဲ့ သရုပ်ခွဲပညာ အရေးအသားကို လေးစားမိသလို..
သြော်မိန်းမ..မိန်းမ..အငွေ့လေးဖြင့်ပင် ချစ်မိပြီဆိုရင်ဖြင့်..
ချစ်ရပါသည်။
မြတ်နိုးရပါသည်။
လေးစားရပါသည်။
တွယ်တာရပါသည်။
...............
ကိုယ် ဒိုင်ယာယီ ဘယ်တော့မှမရေးချင်တော့ပါဘူးကွာ..
ခိုးဖတ်ခံထိမှာ စိုးလှပါတယ်...

(blog တွေမှ ခိုး၍ဖတ်စရာမလိုသော ဒိုင်ယာယီများကို ဖတ်ယင်း ပွားများမိရသော မေတ္တာ၊ ကရုဏာ၊ မုဒိတာဖြင့်...)

Thursday, February 14, 2008

သိင်္ဂါလောဝါဒသုတ်တော်

“လှည်းဘီးပြင်က၊ နားစောင့်ချသို့
မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်
ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊
ဆရာတပည့်၊ တည့်တည့်မချွတ်
ကျင့်ဝတ်စုံလင်၊ ဖြူ သန့်စင်မှု
ရှင်လည်းမကွေ၊ သေလည်းမကွာ
နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ စံစားမူ၍
နိဗ္ဗူ ရွှေပြည်၊ ၀င်အံ့သည်တည့်။”...

Thursday, February 7, 2008

မင်္ဂလသုတ် (ပါဠိ၊ မြန်မာပြန် နှင့် ဒဂုန်ဦးထွန်းမြင့်၏ မင်္ဂလာကဗျာ)

...
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့၊
ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့၊
လူနှင့်လူခြင်း သတ်ကာနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့၊
စွမ်းနိုင်ရာက ကူညီသလေ။
သုံးဆယ့်ရှစ်ပါး ... မင်္ဂလာတရား ... ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ “ဗုဒ္ဓ၀ါဒ” ကမ္ဘာက သိပါစေ။

ဒဂုန်ဦးထွန်းမြင့်

http://www.scribd.com/doc/2055749/Mangala-Sutta-for-Children

Wednesday, February 6, 2008

ပန်းတွေ ပွင့်ပါစေ...

ပန်းပင်တွေမစိုက်ချင်ခြင်းသည်... ပန်းပင်တွေစိုက်ချင်ခြင်းမှ အစပျိုးခဲ့လေသည်....။

ငယ်ငယ်က စာတော်သော ကျွန်မကို အောင်စာရင်းထွက်ပြီးပြီဆိုရင်ဖြင့် ဥစ္စာဓန မကြွယ်ဝလေသော အဖွားသည် အိုးနှင့်အသင့်ထည့်ပြီးပန်းပင်လေးတွေကို ဆုအဖြစ် နယ်မှပို့ပေးတတ်လေ၏။

ကျွန်မ ပထမဆုံးရသော ပန်းအိုးမှာ အဖြူရောင်နှင့် ၀တ်ဆံမှာ အ၀ါရောင် ပန်းပွင့်လေးတွေပွင့်သော သစ်ခွပန်းပင် တစ်ပင်ဖြစ်ပါသည်။

ကျွန်မ၏ ပထမဦးဆုံးသော ကိုယ်ပိုင်အပင်လေးကို ကျွန်မ ချစ်ပါသည်...။
နောက်ပြီး ဒါက.. ကျိုးစားမှုရဲ့ ရလဒ်ဖြစ်သလို..အလိုလို တော်နေခြင်းရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်သည်။
ထိုအပင်လေးကို မည်သူမှ မထိရ... မကိုင်ရ။ ကြည့်ချင်လျှင်တောင် ခပ်လှမ်းလှမ်းမှ ကြည့်ရမည်။

ရေလောင်းပါသည်....တနေ့ကို ၂ကြိမ်..၃ကြိမ်လောင်းသည်။ တခါတရံ မရေမတွက်နိုင်အောင်လည်း လောင်းသည်။
အစပိုင်းတော့ အိုးထဲမှာပါလာသည့် မီးသွေးခဲတွေကို ဟိုချဲဒီချဲလုပ်သည်။ နောက်တော့ အိမ်က မီးသွေးတွေထပ်ထည့်သည်။
အပင်လေး နေရောင်ခြည်ရအောင်လည်း ခေါင်းရင်းရွှေ့၊ ခြေရင်းရွှေ့၊ ဟိုရွှေ့၊ ဒီရွှေ့လုပ်ပါသည်။

သို့ပါသော်လည်း... အဖွားပို့ပေးလိုက်စဉ်က တစ်ပါတည်းပါလာသည့် ပန်းပွင့်လေးတွေကို တစိမ့်စိမ့်ကြည့်ရင်း ကျွန်မလက်ထက်မှာ ပန်းတွေ ထပ်ပွင့်လား၊ မပွင့်ဘူးလားဆိုတာကို မမှတ်မိနိုင်စဉ်မှာပင် ပန်းပင်လေး သေသွားခဲ့ပါသည်။

‘သြော်.. သူ့အပွင့်လေးတွေနုသလို၊...တော်တော်နုတဲ့အပင်အမျိုးအစားပါလား..။’ လို့သာ ကျွန်မမှတ်ချက်ချခဲ့ပါသည်။
*****
နောက်တစ်နှစ် ရောက်လာသော အပင်မှာ “စပိုင်ဒါ” ဟုခေါ်သော သစ်ခွပန်းပင် တစ်ပင် ဖြစ်ပါသည်။

‘မနှစ်က အပင်က နာမည်တောင် ဘယ်လိုခေါ်မှန်း မသိတော့ သူ့ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ငါဘယ်လိုလုပ်သိပါ့မလဲ’... ( ဆိုင်လားမဆိုင်လားတော့ မသိ။ ကျွန်မ အမှန်ပင် ထိုကဲ့သို့ တွေးခဲ့ပါသည်။)
‘အခုအပင်ကတော့ နာမည်လည်းငါ သိတယ်... အရိုးတွေကလည်း ပိုတောင့်တယ်...သူ့ အပွင့်လေးတွေ ကိုယ်တိုင်ကိုက အ၀ါရောင်ပေါ်မှာ အစင်းတွေ အပျောက်တွေနဲ့...။ သူ့ကိုကြည့်ရတာ ကျားတွေလိုပဲ ငါ့မှာ အားတွေရှိတယ်လို့ ပြောနေသလိုပဲ...။ ငါအကိုင်အတွယ် မတတ်တောင်..သူ့ဟာနဲ့သူ အဆင်ပြေနေမဲ့ပုံ...။’
‘နောက်ပြီး အဖွားက မှာလိုက်သေးတယ်လေ...။ သမီး ဒီအပင်မျိုးတွေက သိပ်ပွားတယ်တဲ့။ အင်း... ငါတော့ သူတို့မှီတက်ဖို့ တိုင်တွေအများကြီး ရှာထားရဦးမယ်...။’

ထင်ခဲ့သည်...။ ထင်ခဲ့ပါသည်လေ...။

သို့သော် ကာလတခုကျော်လွန်ပြီးချိန်တွင် တစ်တိုင်ထဲသော ထိုတိုင်လေးမှာ သူကိုခြောက်ကပ်စွာတွယ်ကပ်နေသည့် ပင်စည်ရိုးတွေကို..ရင်နာစွာဖယ်ရှားရင်း...နှုတ်ပယ်ခဲ့ရပါလေသည်။
*****
ကျွန်မ အပင်က ပန်းတွေ မပွင့်ကြောင်းသိသွား၍ ပေလားမသိ...။
ဖွားဖွားဆီမှ နောက်တစ်နှစ်ရောက်လာသော ပန်းပင်မှာ ဇော်မွှားဟုခေါ်သော ရွက်လှပန်းအိုးဖြစ်လာ၏။

ပထမတော့ ပန်းအိုးလေးကို ကြည့်ရင်း ကျွန်မ ၀မ်းနည်းသလို ဖြစ်မိသေးသည်။ ဤအပင်မှ ပန်းမပွင့်ကြောင်း ကျွန်မသိသည်။ ဤအပင် ပွားမပွားကိုတော့ ကျွန်မသေချာမသိပါ။
ပန်းအိုးဝိုင်းဝိုင်းလေးမှ ကြက်လည်ဆံမွှေးလို ပတ်ပတ်လည် ဖြာကျနေသည့် ရွက်လှလေးတွေကို ကြည့်ရင်း.. ‘ငါအဖွားဆီက ဆုတွေ ရနေသေးသားပဲ...။ ဒီအပင်ကမှ..သဘာဝနဲ့ ပိုနီးစပ်သေး...’ လို့ ကျွန်မကိုကျွန်မ အားပေးခဲ့ပါသည်။

မကြာပါ.. သိပ်ကိုမကြာလိုက်ပါ...အထဲမှာ မြေကြီးသာကျန်တော့သော ပန်းအိုးဝိုင်းဝိုင်းလေးကို ကြည့်ပြီး..ကျွန်မ အမေ့ကို ကြေညာလိုက်တာက..
‘အမေ... ဒီတခါဖွားဖွားဆီက.. ပန်းပင်တွေရောက်လာခဲ့ရင်.. သမီးမကိုင်ချင်တော့ဘူး...။ အမေပဲ ရေလောင်းတော့...။ အမေပဲ ဂရုစိုက်လိုက်ပါတော့....။’ ဟူ၍သာ...။

နောက်တော့ ကျွန်မ လက်နှစ်ဖက်ကို ဖြန့်မကြည့်မိအောင် သတိထားရင်း...။
‘ငါ့လက်တွေ... ငါ့လက်တွေ...’ ဟု... စိတ်ထဲက.. မကြာခဏ အကြိမ်ကြိမ် ပြောနေမိပါသည်။
*****
ဒီနှစ်တော့ ကျွန်မ ဆယ်တန်းအောင်သောနှစ် ဖြစ်ပါသည်။

ဖွားဖွားဆီက ရလိုက်သောဆုမှာ အဖြူရောင်အစ ပေါ်တွင် အခက် အရွက်နှင့် ရောင်စုံပန်းပွင့်လေးတွေ ထိုးထားသော အဖုံးနှင့် စွတ်ထားသည့်၊ အနီရောင်ပေါ်တွင် စွင့်စွင့်ကားကား ပွင့်နေကြသည့် ရောင်စုံပန်းပွင့်ကြီးတွေ ရိုက်ထားသောပိတ်စ ထူထူနှင့်ချုပ်ထားသည့်၊ ခေါင်းအုံးသေးသေးလေး တစ်လုံး ဖြစ်ပါသည်။ ထိုခေါင်းအုံးလေးကို ကျွန်မ အုံးလည်းမအုံးပါ...။ ပွေ့လည်း မပွေ့..ဖက်လည်းမဖက်ပါ...။

ကျွန်မအိပ်ယာ ခေါင်းရင်းထောင့်မှာသာ အသာလေးချထားခဲ့ပါသည်။
*****
ကျွန်မ စက်မှုတက္ကသိုလ်ကို စက်ရုပ်တစ်ရုပ်လိုတက်ခဲ့သော ကာလများတွင် ဆုဆိုသောအရာသည် ကျွန်မနှင့် မထိုက်တန်သော အရာဖြစ်၍ ပန်းပင်တွေ ဘယ်လိုစိုက်ရမယ်ဆိုတာလည်း အတွေးထဲတောင် ရောက်မလာခဲ့တာ အလွန်သေချာပါသည်။

ထိုခေါင်းအုံးကလေးသည် ဖွားဖွားဆီက ဆုအဖြစ် ကျွန်မနောက်ဆုံးရလိုက်သော လက်ဆောင်ပင် ဖြစ်ပါသည်။
*****
ကျွန်မ မွေးရပ်မြေမှ ခွဲခွါ၍ နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်ကိုင်မည်ဆိုသောအခါ မသွားမီတနေ့ ဖွားဖွားရောက်လာပြီး ကျွန်မတို့ မောင်နှမ (၇)ယောက် (အားလုံးဘွဲ့ဝတ်စုံနှင့်)၊ အဖေ၊ အမေ နှင့် ဖွားဖွား မိသားစု ဓါတ်ပုံရိုက်ကြပါသည်။ (ဓါတ်ပုံထဲတွင် ဖွားဖွားသည် အင်္ကျီအဖြူရောင်၊ လုံချည်မှာ အနက်ခံပေါ်တွင် အ၀ါရောင် ပန်းပွင့်လေးများ ပြန့်ကျဲနေသော အဆင်နှင့်၊ အ၀ါရောင် ပုဝါပါးလေးကို ပုခုံးမှာ အသာချထားပါသည်။)
နိုင်ငံခြားသွားမည့် ကျွန်မကို ဖွားဖွားက လက်ဆောင် အသစ်ထပ်မပေးခဲ့ပါ။

နောက်ဆုံးရထားသော လက်ဆောင်ခေါင်းအုံးလေးကိုသာ ကျွန်မနှင့် တစ်ပါတည်း ယူလာခဲ့ပါသည်။
*****
ဖွားဖွားမရှိတော့ပါ...။
ဖွားဖွားဆုံးပါးသွားချိန်ထိ.. ဖွားဖွားစိုက်စေချင်သော .. သစ်ပင်တွေ ကျွန်မ မစိုက်နိုင်ခဲ့ပါ။ ပန်းတွေ မပွင့်စေနိုင်ခဲ့ပါ။ မျိုးတွေ မပွားစေနိုင်ခဲ့ပါ။

အခုတော့ ကွန်ပြူတာရှေ့တွင် နေကုန် နေခန်းထိုင်၍ အလုပ်လုပ်နေရသော ကျွန်မနှင့် ဖွားဖွား၏နောက်ဆုံးလက်ဆောင် “မှီအုံး”ကလေးသည် မကွဲမကွာ အမြဲသာ အတူရှိနေရပါသည်ဟု ဆိုလျှင် .. ဖွားဖွားပြုံး၍ ကျေနပ်နေပါလိမ့်မည်ဟု...

(စီးကရက်သောက်တတ်သော၊ သတင်းစာဖတ်သော၊ အိမ်ကိုဧည့်သာလာလျှင် ‘ထိုင်ပါ’ ဟု မပြောမီ နံရံ၌ချိပ်ထားသော မိသားစု ဓါတ်ပုံကို ပြ၍ ‘မြေးတွေလေ’ ဟု အယင်ပြောတတ်သော၊ ကျွန်မမှတ်မိသလောက် အဖြူရောင် အင်္ကျီကိုသာ အမြဲဝတ်တတ်သော၊ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ခဲ့သော...ဖွားဖွားအား ရင်ထဲ၌ သိမ်းထားလျက်)*****
ကျွန်မက အခုတော့ ကိုယ့်အိုးကိုယ့်အိမ်နဲ့လေ...
အိမ်ဆိုမှတော့ အိမ်ရှေ့ သို့မဟုတ် အိမ်နောက်၊ အိမ့်ပတ်ဝန်းကျင်မှာ သီးပင်၊ စားပင် နဲ့ အနည်းဆုံးတော့ ပန်းပင်လေးတွေရှိမှ အိမ်ရယ်လို့ မည်တော့မပေါ့...

ပန်းပင်... အို.. မစိုက်ချင်ပါဘူး...
ကျွန်မက ရောဂါသည်..
ပျော်ရွှင်ချမ်းမြေ့နေတဲ့ လူတစ်ယောက်ဟာ ပန်းပင်လေးတွေနားမှာ သီချင်းဆိုရုံနဲ့ ပန်းပွင့်လေးတွေ ပွင့်လာစေနိုင်တယ်တဲ့...။

Friday, February 1, 2008

ပန်း တဲ့လားကွယ်..

“ပန်းတွေထဲမှာ ဘယ်ပန်းအကြိုက်ဆုံးလဲ”လို့ မေးလာခဲ့ရင်“ဘယ်ပန်းမှ မကြိုက်ဘူး”လို့ တုံးတိတိဖြေမဲ့ မိန်းမတစ်ယောက်ကို “ဘယ်လိုကြီးလဲ”လို့ သင် ပြန်ကြည့်မိလေမလား...။

တစ်ခုခုကို ဖြေကိုဖြေရမယ် အထင်ကြောင့် “သပြေပန်း အကြိုက်ဆုံး”လို့ ပြောလိုက်တဲ့ ကျွန်မကို “သပြေက ပန်းမှ မဟုတ်တာ”လို့ သင် ရယ်ချင်သွားဦးမလား...။

ခြူနာပါနာ လိုက်လွန်းတဲ့ သောကြာသမီး ကျွန်မကို ကျန်းမာရေးကောင်းအောင်၊ အန္တရာယ်ကင်း ဘေးကင်းအောင်၊ စာတော်အောင် အမေက သပြေပန်း (၉)ခက် သောကြာနေ့တိုင်း ဘုရားမှာလှူပေးနေကြပဲ။ အဲ့ဒီတော့ သပြေပန်း ကျွန်မကြိုက်တယ်လေ...။

ဟိုး...ငယ်ငယ်တုန်းကတော့ နွေရာသီကျောင်းပိတ်ရက် အဘိုးအဘွားတို့ရွာမှာ နေရရင် နံနက်စောစော အိမ်ရှေ့ဇလပ်ပင်က ကြွေကျတဲ့ ပန်းလေးတွေကောက်.. ရေဆေး.. ကော်ဖီပန်းကန်ပြားတစ်ချပ် အပြည့် ဘုရားလှူရတုန်းကလည်း ပွင့်ချပ်လေးတွေက အတွန့်အတွန့်လေးတွေနဲ့ အထပ်ထပ် ဖွေးဖွေးဖြူတဲ့ အဲ့ဒီ ပန်းလေးတွေက အခြားဇလပ်နဲ့ မတူဘူးဆိုပြီး ကျွန်မ ကြိုက်ခဲ့သေးသားပဲ...။

အလယ်တန်းကျောင်းရောက်တော့ ကျောင်းအ၀င်လမ်း တစ်ဖက်တစ်ချက်မှာ ပွင့်နေကြတဲ့ ရိုးတံရှည်ရှည်နဲ့ သေးသေးဝါ၀ါ စိန်ချယ်ပန်းလေးတွေကလည်း ကျောင်းထဲဝင်လာတဲ့ ငါ့ကို ကြိုနေကြသလိုပဲလို့ ခံစားရတာ ဒီနေ့အထိပဲ...။

ဆယ်ကျော်သက်ရွယ်ရောက်တော့ တစ်နေ့တစ်ပွင့်ပေးခံခဲ့ရတဲ့ ဒေလီယာပန်းလေးတွေကို မမွှေးပေမဲ့ လှတော့လှသား..လို့ ထင်ခဲ့တယ်...။

ဆောင်းရာသီဆို မောင်နှမတစ်တွေနဲ့ သူငယ်ချင်းတွေစု မနက်စောစောထ ရွှေတိဂုံဘုရားကိုလမ်းလျှောက်၊ အပြန်မှာ ခရေပင်လမ်း တစ်လျှောက် လုကောက်ခဲ့ရတဲ့ပန်းတွေ ဘယ်သူပိုရလဲလို့ ရေကြည့်ခဲ့ကြသေးတယ်နော်...။

တက္ကသိုလ်ရောက်တော့ မျက်နှာရူးရူးနဲ့ ပြောင်ပြောင်တင်းတင်းပိုးတတ်တဲ့ လူတစ်ယောက်ကို တော်တော်ချဉ်ပေမဲ့ တစ်နေ့ ခုံထဲမှာ အပြည့်လာထည့်ထားတဲ့ ကံ့ကော်ပန်းလေးတွေကိုတော့ သနားစရာပါလားလို့ ထင်ခဲ့သေးတယ်...။

ဘွဲ့ယူမဲ့နေ့တုန်းက စီးပွားရေးကို အာရုံစိုက်လွန်းပြီး အိမ်ကပ်လေ့မရှိတဲ့ အဖေက ဈေးထဲ ကိုယ်တိုင်သွားပြီး ၀ယ်ပေးခဲ့တဲ့ သစ်ခွပန်းတွေကလည်း တော်တော်လှခဲ့တာပဲ ...။(ပန်းဝယ်ပြီးမှ ပြန်လာတဲ့ အဖေက သမီးရယ် ပန်းပန်ချင်တာများ အိမ်ရှေ့ကအော်ရောင်းတဲ့ စပယ်တွေ၊ ရွှေတွေ၊ ငွေတွေ၊ ဇွန်ပန်းတွေ ဆိုတာကို ခေါ်ဝယ်ပြီး ပန်လည်းရသားပဲလို့ ပြောပြီး မျက်စောင်းထိုးခဲ့ရတာကိုလည်း မှတ်မိနေသေးတယ်။)

ကျွန်မ ရင်းနှီးတဲ့ပန်းက သိပ်တော့များများစားစား မရှိပါဘူးလေ...။

ကျွန်မ မွေးနေ့ကိုတောင် မှတ်မိလေ့မရှိတဲ့ ချစ်သူကို Valentine’s Day မှာ နှင်းဆီပန်းတစ်ပွင့် နှစ် နှစ်ဆက်တိုက်ပေးခဲ့ဖူးတယ်... (၃) နှစ်မြောက်မှာတော့ ကျွန်မ ပေးဖို့ရှက်သွားခဲ့ပြီ...။

စပယ်ပန်းနံ့လေးတွေရရင် စိတ်ချမ်းသာတယ် ဆိုတဲ့ ခင်ပွန်းသည် အတွက် ဘုရားမှာ မကြာခဏ တင်လှူရတဲ့ စပယ်ဖြူတွေ...

ပြီးတော့..
ကျွန်မကိုယ်တိုင်လှူချင်တဲ့ ကြာ (၃) ခိုင်...။

ကျွန်မ၏ အချစ်များကို ပန်းအမျိုးမျိုးဖြင့် တင်စားသည်။ (သား (၂)ယောက်အတွက် ပန်း မပါသေးပါ။)

Thursday, January 31, 2008

အောင်သပြေ

ကိုယ် အိမ်အောက်ကို ဆင်းလာခဲ့တယ်။
ကျောင်းကားနဲ့ ပြန်လာမဲ့သားကို အိမ်ရှေ့က စီးကြိုဖို့ပေါ့။
ဟော...ဒီနေ့လည်း မေ့လာပြန်ပြီ ကတ်ကျေးယူဆင်းခဲ့ဖို့ကို


အိမ်ရှေ့မှာ မြူနီစပယ်က စိုက်ထားတဲ့ သပြေပင်တန်း စည်းရိုး
ခါတိုင်းတော့ သူတို့ တိတိရိရိ ညီညီညာညာရှိအောင် အချိန်မှန် ကိုက်ဖြတ်နေကြပဲ..
အခုတော့ သူတို့မပြုပြင်တာ နည်းနည်းကြာသွားလို့ ဖြစ်မယ်..
အညွန့်လေးတွေ ဟိုတစ်စ ဒီတစ်စ ထောင်ထွက်နေကြတာ
ကိုယ် မျက်စိကျနေတာ အဲ့ဒိ အညွန့်လေးတွေ...
တစ်ပတ်လောက်တောင်ရှိပြီ
ပန်းနုရောင်၊ ပန်းရင့်ရောင်၊ အညိုနု၊ အညိုရင့်၊ အစိမ်းနု၊ အစိမ်းရင့်၊ ၀ါဖျော့ဖျော့လေးတွေ..
ဟိုအညွန့်လေးကတော့ ပန်းအိုးအတို၊ ဟိုဟာလေးကတော့ ပန်းအိုအရှည်..

မြူနီစပယ်က စိုက်ထားတာတွေ မခူးရ၊ မချိုးရဘူးဆို..
ဟိုတစ်ခါ ဘဘနဲ့ အန်တီသန်း လာလည်တုန်းကတောင် အပြန်မှာ အိမ်ကဘုရားတင်ဖို့ဆိုပြီး ချိုးသွားသေးတယ်..
ငါလည်း ငါ့အိမ်က ငါ့ဘုရားကို ...နေဦး..နေဦး..
ကဲကဲ ..
ကမ္ဘာပေါ်က မြေပြင်အနှံ သူ့နေရာနဲ့သူ လှပစွာ ဖူးပွင့်ဝေဆာနေတဲ့ ပန်း အားလုံးနဲ့ မြတ်စွာဘုရားအား
ဤနေရာမှ ယခုပင် ပူဇော်လိုက်ပါ၏။