Friday, June 3, 2011

မာလကာနှင့် ဆီးဖြူ

ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ ကူးလူး ဆက်ဆံ ပြောင်းလဲနေတတ်ကြောင်းကို “မန္တလေးသားစစ်စစ်နှင့် မလကာထန်းလျက်” တွင် ရေးခဲ့ဖူးသည်။ မလကာထန်းလျက် ရေးစဉ်က မလက္ကာ (Melacca) ကို မရောက်ဖူးသေးပါ။ မလေးရှားနိုင်ငံ နိရောဓာရာမကျောင်းတိုက် ကထိန်အလှူပွဲသို့ လိုက်ရင်း မလက္ကာသို့ ရောက်ဖြစ်သည်။ ဘတ်စ်ကားနှင့် အတူပါလာသည့် ဧည့်လမ်းညွှန်က “မလက္ကာဆိုတာ အပင်နာမည်ကို စွဲပြီး ခေါ်တာ” ဟု မြို့အဝင်ကပင် ရှင်းပြထားပါသည်။ တစ်နေရာ ရောက်တော့ “ဒီ အပင်ကို ခေါ်တာပေါ့” ဟု လက်ညိုးထိုးပြတော့ အမှတ်တရ ဓာတ်ပုံ လှမ်းရိုက် လိုက်သည်။ “မောင်ရင် အဲဒီအပင် မဟုတ်ဘူး၊ နောက်က ဆီးဖြူသီးပင်ကို ပြောတာ” ဟု မလက္ကာနှင့် ရင်းနှီးနေသည့် ဦးလေးကြီးတစ်ဦးက ပြောပါသည်။ ခပ်သုတ်သုတ်ဆိုတော့ နောက်တစ်ပုံ ထပ်မရိုက်ဖြစ်တော့ပါ။ ဤဦးလေးကြီးသာ ဝင်၍ အမှားပြင် မပေးခဲ့လျှင်လည်း “မလက္ကာဆိုတာ ထန်းပင်လိုလို အပင်မျိုး” လို့ အမှားကို မှတ်ကောင်း မှတ်နေမိပါလိမ့်မည်။
မြန်မာတို့က Guava ကို မာလကာဟု ခေါ်သည်။ မလက္ကာနယ်မှ လာသောအသီးကို မျိုးယူ၍ စိုက်ပျိုးခဲ့သောကြာင့် မာလကာသီး, မာလကာပင်ဟု တွင်ခဲ့ကြောင်း ဖတ်ဖူးပါသည်။ သို့သော် မလက္ကာနယ် ဟူသောအမည်က ဆီးဖြူသီးပင် (Indian Gooseberry) ကို မှီ၍ ရလာသည်။ ဆီးဖြူသီးကို ပါဠိသက္ကတဘာသာတွင် “အာမလက āmalaka” ဟုခေါ်သည်။ အိန္ဒိယမှ āmalaka က မလေးရောက်တော့ melaka (malacca) ဖြစ်သွားသည်။ တဖန် မြန်မာတို့က မာလကာဟုခေါ်သော အသီးကို ရခိုင်တို့က ဂိုယံသီးဟုခေါ်သည်။ ဂိုယံသီးဟူသော အမည်ကလည်း Guava ၏ စပိန်ဘာသာအမည် Guaya မှ ဆင်းသက်လာကြောင်း ဘီဘီစီရေဒီယို အစီအစဉ်တစ်ခုတွင် နားထောင်ဖူးသည်။ “အာမလက, မလက္ကာ, မာလကာ, ဂိုယံ” ဟူသော အမည်ဆက်နွယ်မှုများက အိန္ဒိယ, မလေးရှား ကျွန်းဆွယ်, ရခိုင် ကမ်းရိုးတန်းဒေသ, ဥရောပနိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံခဲ့ကြသည်ကို ဖော်ညွန်းနေသည်။

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မသိသေးတာ သိလိုက်ရလို့ မသီတာကို ကျေးဇူးတင်မိတယ်။

seesein said...

ဦးအာရေ သုတတွေ မျှဝေတဲ့အတွက် ကျေးဇူးပါ ဟုတ် မေးအုံးမယ်နော မာလက ၊ မာလကီးယား ဆိုတဲ့စကားတွေကရော ဘယ်လို ဆင်းလာတာလဲ

ခင်မင်တဲ့
seesein

Sonata Cantata said...

ချောရေ...
ကိုဧရာ ဝေမျှတာပါ။
မသီတာက ပို့စ်တင်ပေးရုံ

စစရေ
မာလကီးယားက ဂူဂယ်လ် မရလို့တဲ့ ကိုဧရာက...

Anonymous said...

ဆီးဖြူ ဖန်ခါးဆို ငုံကာထားလိုက်ချင်တယ်..ဆိုတဲ့ သီချင်းက ဗိုက်ဆာတဲ့အချိန်မှာ ဒီအပင်ကိုကြည့်မိပြီး စပ်ထားတာထင်တယ်နော်။

mm

Sonata Cantata said...

ကော်မန့်ထဲ သီချင်းဆိုတဲ့ စာလုံး မြင်တော့
ခေါင်းစီးမှာ ဂီတ သင်္ကေတ လေးတွေနဲ့ ပန်းနုရောင် ဘလော့ဂ်လေးတစ်ခုကို လွမ်းလိုက်တာ...

ဇွန်မိုးစက် said...

ဟင်... ဂလိုလားးးး။

ဇွန်တို့ မလက္ကာသွားတုန်းမှာ လိုက်ပို့တဲ့ တိုးဂိုက်အန်တီက အဲဒီ့အကြောင်းလည်း မပြောသွားဘူး။း(

ပြန်လည်ဝေမျှပေးတဲ့ ကိုဧရာနဲ့ စာရိုက်ပြီးတင်ပေးတဲ့ မမသီတာကို ကျေးဇူးစ်။