ရုန်းကန်ရှင်သန်နေသော အလှတရား…တဲ့
ပွဲဖြစ်မြောက်အောင်ပင် တော်တော်လေး ရုန်းကန်လိုက်ရသည်ဟု စီစဉ်သူထဲမှတဦးဖြစ်သည့် ချစ်ကြည်အေးက ပြောသည်။ ကိုယ်တိုင်လည်း မန္တလေးမှ အာဂန္တုကြွလာသည့် ဆရာတော်ကို တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့မှာ နေ့ဆွမ်းကပ်ခွင့်ရ၍ ၂နာရီစမည့်ပွဲကို အချိန်မီရောက်အောင် အတော်လေး ရုန်းကန်၍ သွားလိုက်ရသည်။ အလှတရားနှင့် နီးစပ်ချင်သည်ကိုး။
ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲ သွားခဲ့စဉ်ကကဲ့သို့ ဟော..ဟိုမှာ…၊ ဟော..ဟိုမှာ.. ဟူ၍ သူငယ်မလေးတယောက်လို လူးလူးလဲလဲ ဖြစ်မနေတော့၊ အတန်ငယ် တည်ငြိမ်ရင့်ကျက်နေပြီးသော အမျိုးသမီးကြီးတယောက် ဖြစ်၍ နေလေပြီဟု ကိုယ့်ကိုကိုယ် မှတ်ချက်ပြုမိသည်။ ပွင့်လင်းသော နှလုံးသားဖြင့် ရုန်းကန်ရှင်သန်သော အလှတရားကို ရှာဖွေ သုံးဆောင်ရန်သာ အာရုံခံ sensor များကို အစွမ်းကုန် ဖွင့်ထားလိုက်သည်။ လောဘကြီးလာသော ဘလော့ဂါသည် ဤပွဲမှ ငါဘာရမလဲ… ရသမျှ ယူရန်ဟူသော စေ့ဆော်မှုဖြင့် မျက်မှန်ကိုပင် ထုတ်၍ တပ်ဆင်ခြင်း အမှုကို ပြုလေသည်။
ပွဲမှာ စတင်ခြင်းမရှိရသေးကား…ခန်းမထဲသို့ အဝင်၌ ဝေငှလိုက်သော စာရွက်ကို ဟန်ပါပါ ဖတ်လေတော့၏။
Plagiarized Poem တဲ့။ (ကို)မင်းထင်ကိုကိုကြီး၏ ပြောပြချက်အရ ဤကဗျာသည် ကိုပေါ်ဦးထွန်း (ခေါ်) ကိုမင်းကိုနိုင် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ရေးခဲ့သော နောက်ကြည့်မှန် ဝတ္တုထဲမှ သူကြိုက်နှစ်သက်သည့် ဝါကျများကို ရွေးထုတ်စုစည်းထားခြင်းဖြစ်သည်ဟု သိရပါသည်။
“ကျီးကန်းတောင်မှ တစ်ခါတလေ စိတ်အေးလက်အေး သာနေလို့ ရသေးတယ်” …။ တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်နေ့မှာ အောက်ပါ စာသားလေးကို ဖတ်မိသည်။ ဧည့်ဝတ်မကျေဖူးသော သာကီဝင်မင်းသားတို့အား အခဲမကြေဖြစ်နေသည့် အမ္ဗဋ္ဌလုလင်အား ဗုဒ္ဓမိန့်ကြားခဲ့သည့် စကား…
အမ္ဗဋ္ဌ… ဘီလုံးငှက်မသည်ပင်လျှင် မိမိ၏ အသိုက်ထဲ၌ လွတ်လွတ်လပ်လပ် မြည်နိုင်သေး၏။ ကပိလဝတ်မှာ သာကီဝင်မင်းတို့၏ ကိုယ်ပိုင်တိုင်းပြည်ဒေသ ဖြစ်သည်။ အမ္ဗဋ္ဌ… ဤမပြောပလောက်သည့် အကြောင်းအရာ မျှလောက်ဖြင့် သင်သည် အာဃာတ မထားသင့်ပါ…။ (ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ အမ္ဗဋ္ဌသုတ်)
The Art of Freedom ရုပ်ရှင်ပွဲတော်မှ ဆုရကားများကိုလည်း ကြည့်ရသည်။ Online မှ ကြည့်ပြီးဖြစ်သော်လည်း၊ မြင်ကွင်းကျယ်ကျယ်၊ အသံကျယ်ကျယ်နှင့် ကြည့်လိုသည့် ဆန္ဒပြည့်၍ ကြည်နူးရသည်။ မျက်ရည်ကျရသည့် ကားများလည်းပါသည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ နာမည်ကျော် အင်းသီးလည်း ပါသည်။ (ကို)ဇာဂနာနှင့် (ကို)မင်းထင်ကိုကိုကြီးတို့ ဟောပြောကြသည်။ ရသအလင်း ဖောင်ဒေးရှင်း၏ ဆောင်ရွက်ချက်များကိုလည်း သိရသည်။
အမေးအဖြေကဏ္ဍ၌ မင်းထင်ကိုကိုကြီးအား ဆရာ့အကြိုက်ဆုံး ကဗျာတပုဒ်ကို ပြောပြပါဟူသော မေးခွန်းကို ကဗျာဆိုတာ… ကျမတို့ရဲ့ ရုန်းကန်သံပါ…ပဲ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာ စာသားကို လတ်တလော သူ့အကြိုက်ဆုံးပါပဲ ဟု ဖြေကြားသွားရာမှ မျှော်လင့်ထားသလို အတုံးလိုက်အတစ်လိုက်ကြီးမဟုတ်သည့် ရုန်းကန်ရှင်သန်နေသောအလှတရားကို မိမိအတိုင်းအတာဖြင့် ခပ်ပါးပါး မြည်းစမ်းခွင့် ရလိုက်ပါတော့သည်။
ဟောပြောသော ဆရာများ၊ မေးခွန်းမေးကြသူများနှင့် ပွဲဖြစ်မြောက်အောင် စီစဉ်ပေးသူများအား ကျေးဇူးတင်ပါသည်။


5 comments:
ဒီပို့စ်လေး ဖတ်ရတော့ အလှတရားအကြောင်း နာမည်ပဲ ကြားရတဲ့ လူတစ်ယောက်အတွက် ရေးရေးလေး ပုံဖော်လို့ ရသွားတယ်၊ ဘယ်သူတွေများ အလှတရား အကြောင်းကို ပြန်ပြောလေမလဲလို့ စောင့်နေခဲ့ရတာမို့ ကျေးဇူးပါ မသီတာရေ...။
You are 2nd time lucky.Who climbed up on tree this time?Thanks.
Gyidaw
အပြေးအလွှား အိမ်ပြန်ရတာနဲ့မရောက်နိုင်ခဲ့ဘူး မမရေ
သီတာရေ...တကယ်ပါပဲ...။
လိုအပ်ချက်တွေ အများကြီး ရှိနေကောင်းမှာပါ။ ခုထိလည်း ပွဲအကြောင်းရေးဖို့ အချိန်မရသေးလို့း(
အလှတရားတစ်ခု ပီပီပြင်ပြင် မပေးနိုင်ခဲ့ရင်.... စီစဉ်သူတွေရဲ့ ညံ့ဖျင်းမှုလို့သာ မှတ်ပါ သူငယ်ချင်းရေ.....
အခုလို ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။
Post a Comment