စင်္ကာပူတွင် ကျမတို့ နေထိုင်ရာမြောက်ပိုင်းအရပ်၌ ညနေပိုင်း ရောက်လာပါက အာကာတခွင်လုံး မဲမှောင်ကာ လျှပ်စီးများ တထိန်ထိန်လက်၍ ထစ်ချုန်းသံ တဒိန်းဒိန်းဖြင့် နေ့စဉ်ရက်ဆက် ဆိုသလို မိုးရွာသွန်းနေသည်မှာ တလနီးပါးခန့်ပင်ရှိလေပြီ။

ဒီပို့်စ်နဲ့ ချိတ်ထားတယ်
ဤသို့သော ရာသီဥတု အခြေအနေသည် လေအေးစက် တပ်ဆင်ထားသော အလုံပိတ်အဆောက်အဦထဲတွင် အလုပ်လုပ်ကိုင်နေရသူများအတွက် ပိုမိုအေးစက်လာသည့် အထိအတွေ့ကိုသာ သတိပြုမိကြမည် ဖြစ်သော်လည်း ကျမလို အိမ်ထဲ၌ တောက်တိုမယ်ရ အလုပ်လေးများကို ထွေလီကာလီ လုပ်နေသူတယောက်အဖို့မှာမူ လွမ်း၍ အလွန်ကောင်းသော အနေအထား ဖြစ်ပါသည်။
ရန်ကုန်မှာ မွေး၍ ရန်ကုန်တွင် ကြီးသော ကျမသည် ဘာကြောင့်မှန်းမသိ လွမ်းရတော့မည် ဆိုလျှင် ငယ်စဉ်က နွေရာသီ ကျောင်းပိတ်ရက်များတွင်သာ နေထိုင်ခဲ့ရသော အဖိုးအဖွားတို့ ရွာကိုသာ လွမ်းပါသည်။ အဖိုးအဖွားတို့ သက်ရှိထင်ရှားရှိစဉ်က သည်းသည်းလှုပ် ချစ်ခဲ့သည်ဟု မဆိုသာသော်လည်း၊ အခုလို လွမ်းရသည့်အခါမျိုးမှာ အဖိုးအဖွားတို့၏ မေတ္တာတရားကြီးမားပုံကို သတိပြုမိရပါသည်။
အတန်းတင် စာမေးပွဲကြီးအပြီး တပေါင်းလကုန်လောက်မှစ၍ နွေရာသီ ကျောင်းပိတ်ရက်ကုန်ဆုံးသည့် မိုးဦးကျ လေဦးကျ နယုန်လဆန်းလောက် ရောက်သည်အထိ ရွာမှာနေရလေ့ရှိသည်။ လွန်ခဲ့သည့် အတာသင်္ကြန်ရက်များအတွင်းက ဘလော့ဂ်တွင် တရက်တပို့စ် ရေးဖို့ရန် စိတ်ကူးမိခဲ့လေသည်။ ရွာက သင်္ကြန်အကြောင်းကိုလည်း မှတ်မိသလောက် ရေးလိုခဲ့သော်လည်း ကြေကွဲဖွယ် အဖြစ်ကြောင့် စိတ်ကူးတို့ ဖမ်းဆုပ်မရနိုင်အောင် လွင့်စင်ခဲ့၍ မရေးလိုက်ရ။ ဒီလိုနဲ့ အချိန်သည် ဒီရေနှင့်အတူ မိုးဦးကျ လေဦးကျ လွမ်းရသည့် ကမ်းခြေမှာ ဆိုက်လေတော့သည်။
*****
မိုးတွေ ရွာပြီ ဆိုမှဖြင့် အိမ်ရှေ့ချောင်းကလေးမှာ ရေတွေ ဖွေးနေတော့သည်။ ရေပြင်ပေါ် မိုးရေစက်တွေ ဖနောင့်ကလေး ပေါက်ကာ ပေါက်ကာ ကျသည်ကို အိမ်ရှေ့ကပြင်တွင် မေးတင်၍ ကြည့်ခဲ့ဖူးပါသည်။ တခါတလေလည်း အိမ်နောက်ဖေး ကွမ်းသီးခြံက ကလန်ကလား ကွမ်းသီးပင်ကြီးတွေ မိုးမှုန်များအကြား ပျင်းတိပျင်းတွဲ ယိမ်းထိုးကြသည်ကို အိမ်တိုင်လေး မှီထိုင်ရင်း ငေးခဲ့မိသည်။
ဒီလို အချိန်မျိုးမှာ ချောင်းထဲ မိချောင်း လာတတ်သည်ဟု ကလေးများအတွင်း ကောလဟာလ ပျံ့၏။ မိချောင်းက ဆနွင်းကြောက်သည်ဆို၍ လူကြီးများအလစ်တွင် မီးဖိုထဲမှ ဆနွင်းတွေနှိုက် ချောင်းရေထဲ သွန်ကြသည်။ ဝါကြန့်ကြန့် အကွက်ပေါ်သွားသော ချောင်းရေကို ကြည့်ပြီး မိချောင်းရန် ကင်းလေပြီဟု စိတ်ချ ယုံကြည်လိုက်ရသော စိတ်အစဉ်သည် အေးချမ်းလှ၏။
တနွေလုံး ပဲနဲ့ အာလူး၊ အခြောက်အခြမ်းများဖြင့်သာ ပြီးရသော အူသည် ဒီအချိန်ရောက်ပြီ ဆိုရင်ဖြင့် ပုစွန်ဆိတ်မျိုး၊ ငါးမျိုး၊ ဖားမျိုး တို့ဖြင့် စိုရ ပြေရလေ၏။ မြွေပါး ကင်းပါး ပေါလာသလို၊ ဂျပ်လုံး၊ ဂျပ်ပြား ဆိုတာတွေလည်း ရှိသေးသည်။ တနှစ်လားမှာတော့ ခြေရင်းအိမ်က ကိုတင်အုန်း၊ မလှရှင် တို့၏ သားလေး ဂျပ်လုံးကိုက်ခံရတယ် ဆိုပြီး သေလေ၏။ ၉နှစ်အရွယ် သားထွေးလေးမို့ ညနေတိုင်လျှင် မလှရှင်တယောက် ချောင်းရေပြင်ကြည့်၍ သားကို တ, တ ငိုသည်မှာ ကြားရသူအပေါင်း၏ စိတ်နှလုံးကို ချုံးချုံးကျစေ၏။
နှစ်စဉ်လို ပိုးထိ၍ သေကြသူများရှိသလို၊ မိုးကြိုးခ၍ သေကြသူများလည်း ဟိုကဒီက ကြားရစမြဲပင်။ ပတ်ဝန်းကျင်၏ သွန်သင်မှုအရ လိုအပ်လျှင် “ဘုရားစူး၊ မိုးကြိုးပစ်၊ ကားတိုက်သေ၊ မြွေကိုက်သေ” ဟု ကျိန်တွယ်သော အတတ်ကိုလည်း တတ်မြောက်ခဲ့လေပြီ။ ရွာသို့အသွား ချောင်းထဲသို့ မော်တော်ကလေး တအိအိဝင်နေချိန်တွင် ချောင်းတဖက်တချက် ကမ်းစပ်တလျှောက်၌ မိုးကြိုးထိထားသော အုန်းပင်ငုတ်တို ကွမ်းသီးပင်ငုတ်တိုများကို ဟိုမှာဒီမှာ တွေ့ရမည် ဖြစ်သည်။ ငုတ်တိုတတိုကို မြင်လေတိုင်း အသက်တချောင်း ဘေးရန်ကင်းလေပြီဟု ရင်မှာဖြစ်မိ၏။ ကလေးအတွေးသည် လွယ်ကူ၍ ရိုးရှင်းလေသည်။ မိုးခြိမ်းလျှင် လူအများစုရင်မှာ ကြောက်စိတ်တွေ ဝင်တတ်ကြစမြဲ မဟုတ်ပါလား။
*****
လွမ်းလျှင် လေးတတ်လေ၏။ ဘယ်လောက်ပင် လေးလံနေပါစေ ညနေ ခြောက်နာရီထိုး ကျောင်းဆင်းသော သားငယ်ကို ကြိုဖို့ရန် အိမ်မှထွက်ရလေသည်။ ဘုရားစူးတာ ဘယ်လိုမှန်း ယခုအချိန်ထိ မရှင်းမရှင်း ဖြစ်သော်လည်း၊ မိုးကြိုးပစ်ခံထိမှာတော့ အလွန်စိုးရွံလှပါသည်။ မရှုမလှ သေရမည့် အပြင် ကျော်မကောင်း ကြားမကောင်း ဟူသော အဓိပ္ပါယ်ကိုလည်း ဆောင်ပါသေး၏။ သို့ပါ၍ သွားနေကျလမ်းအတိုင်း မသွားမူပဲ အမိုးအောက်များမှ တရှည်တလျား သွားရလေတော့သည်။
သားငယ်ကို မိုးကာအင်္ကျီဝတ်ပေးပြီး ထီးတချောင်းနဲ့ သားအမိနှစ်ယောက် လျှောက်ကြတော့ မိုးရေစက်တွေက ကိုယ်ပေါ် စင်၏။ “အို မိုးရေစိုတာ ဘာဖြစ်လဲ ငါကြောက်တာ မိုးကြိုးပဲဟာ” ဟု အတွေးဝင်သောအခါ လတ်တလော ရထားသည့် အက်စစ်မိုးရေဆိုသည့် SMSကို ဖျတ်ကနဲသတိရမိရင်း လက်မောင်းသားတွေပဲ ပဲ့ကုန်ပြီလား ရွဲ့ကုန်ပြီလား ကဗျာကယာကြည့်မိပြီးမှ ဖာသာ ပြုံးမိရလေ၏။
*****
မည်သို့ပင်ဖြစ်စေ အလွမ်းသည် အတိတ်၌သာ တည်၏။ မှီ၏။
7 comments:
မိုးကလေး ညိုလာရင်
ဝမ်းနည်းမိတယ်၊ အားငယ်မိတယ်၊
အနီးအနားမှာ အရင်းအနှီးဆုံးလူ ရှိစေချင်တယ်၊
အလွမ်းဆုံးက ငယ်ငယ်တုန်းက ရခဲ့တဲ့ အိမ်ကပေးတဲ့ နွေးထွေးတဲ့ ရင်ခွင်ပါ။
မသီတာတို့ကို မြင်ယောင်မိပါတယ်။
ရေးပါအုံးနော်။
အက်ဆေးလေးက ချစ်စရာကောင်းလိုက်တာ သီတာရယ်...
ကိုယ်ဖြင့် တနေ့တနေ့ ဒီမိုး ဒီလေတွေနဲ့ တွေ့တွေ့နေရတာ ကြာလှပေါ့... ဒါပေမယ့် ဒီလို အက်ဆေးမျိုးတော့ ရေးတတ်ပေါင်တော်...း((
စာတွေ များများရေးပါလို့ တောင်းဆိုပါတယ်...
ဘလော့ဂ်ပေါ်မှာ အဖေါ်တွေနဲသွားရင်
မိုးမရွာလဲ ဒီက အားငယ်တတ်ပါတယ်လေ...
ဒီအက်ဆေးလေး သိပ်ကြိုက်တာပဲ မမရယ်။း)
မိုးကြိုးက ဟိုလူကြီးတွေကို ပစ်မှာပါ။ မပူပါနဲ့ မမ.. :)
ပြီးခဲ့တဲ့ အပတ်က ရုံးဆင်းချိန်တိုင်း မိုးရွာ၊ ရွာရုံမက မိုးကြိုးပစ်လို့ အိမ်နီးနီးလေးကို ကားစီးပြီး ပြန်ရတယ်။ ရုံးကနေ ကားဂိတ်၊ ကားဂိတ်ကနေ အိမ် ခဏလေး လျှောက်ရတာတောင် လျှပ်စီး တဖျတ်ဖျတ် မိုးကြိုး တဒိုင်းဒိုင်းနဲ့။ အတော် လန့်မိတယ်။ မမလိုပဲ တွေးမိတာ မိုးကြိုးပစ်ခံရရင် ကျော်မကောင်း ကြားမကောင်းနဲ့ ဒီကြားထဲ မည်းတူးပြီး သေရဦးမယ် လို့။
အစ်မရေးတာ အရမ်းဖတ်ကောင်းတာပဲ။ စကားလုံးအသုံးလေးတွေ လှလိုက်တာ ... အစ်မစာရေးဆရာမ ဖြစ်သင့်တာ ... စာတွေများများရေးနော် အစ်မ ...
အပေါ်ကလူတွေ ပြောသွားသလိုပဲ...
ဖတ်လို့ကောင်းတယ်..
သဘောကျတယ်..
ကြိုက်တယ်...
Post a Comment