Friday, March 29, 2013

ဘယ်သူ့အတွက် ထိုးတာလဲ...ခေါင်းလောင်းထိုးသံရယ်...

တွေ့ ဆုံ ကြုံ ကွဲ ကြ ပြန်ပါပြီ
မြတ်သူ(86/95 RIT) အတွက် ခေါင်းလောင်းထိုးရပြန်ပါပြီ




သတိသံဝေဂ ဖြစ်ရပါတယ်
ကောင်းရာသုဂတိဘုံမှတဆင့် သံသရာအဆုံးကို အမြန်ဆုံးခရီးဆက်နိုင်ပါစေ မြတ်သူရေ

Sunday, March 17, 2013

လူရာဝင်ကြည့်ခြင်း

ကျမ အမျိုးသားရဲ့ ညီဝမ်းကွဲတယောက်က အုတ်၊သဲ၊ ထုံး၊ ကျောက် ရောင်းဝယ်ရေးဆိုင် ဖွင့်ထားပါတယ်။ အရောင်းအ၀ယ်လိုက်လာတော့ ညီမဖြစ်သူကို စာရင်းကိုင်ရင်း ဆိုင်ထိုင်စေပါတယ်။ ဆိုင်က အလုပ်သမားတယောက် မင်္ဂလာဆောင်တော့ ဖိတ်စာမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်ဝါတို့၏ သား ဆိုတာသာမက (သူ့ထက် အသက်သိပ်မကြီးတဲ့) အလုပ်ရှင်ဖြစ်သူ ဇနီးမောင်နှံတို့၏ ကိတ္တိမသားဖြစ်သူ မောင် ဘယ်သူ ဆိုပြီးတော့ (ကြိုတင် ခွင့်တောင်းခြင်းလည်း မပြုပဲ) ထည့်ရိုက်ပါတယ်။ သတို့သားဟာ သူဘယ်သူ ဖြစ်တယ် ဆိုတာကို မင်္ဂလာဆောင်ဖိတ်စာမှာ ပို၍ ခမ်းနားအောင် ဖော်ပြလိုဟန် ရှိပါတယ်။ ဆိုင်ထိုင်တဲ့ ဆိုင်ပိုင်ရှင့် ညီမကိုလည်း ဖိတ်စာနဲ့ တကွ မင်္ဂလာဆောင် ဖိတ်ပါတယ်။ ဖိတ်စာပေါ်မှာ ရေးထားတာက
မနွယ်နွယ်
စာရေမ
…တဲ့။(စာရေးမ လို့ ရေးလိုတာ ဖြစ်ပါတယ်။)
*****

လူတိုင်း လူတိုင်းဟာ လူရာဝင်ဖို့ရာ အနည်းနည်းနဲ့ ဘ၀တလျှောက်လုံး ကြိုးစားနေကြရပါတယ်။ ဘယ်လောက်ပဲ တော်နေ၊ တတ်နေ၊ ချမ်းသာကြွယ်ဝနေပါစေ လူရာမ၀င်ရင် ဒါတွေဟာ ဘာမှ အသုံးမတည့်တော့ပါဘူး။ ဒါကြောင့် လူရာဝင်ဖို့ရာဟာ ဘ၀မှာ အရေးအကြီးဆုံးလို့တောင် ဆိုချင်ပါတယ်။

လူရာဝင်ဖို့ အတွက် လူပါးဝဖို့လိုပါတယ်။ လူပါးဝတယ်ဆိုတဲ့ စကားဟာ အဓိပ္ပါယ် အမျိုးမျိုး ထွက်စေပါတယ်။ ပါးရည်နပ်ရည်ရှိတယ်၊ အရိပ်အကဲသိတယ်ဆိုတဲ့ လူပါးဝခြင်းရဲ့ တိုက်ရိုက်အဓိပ္ပါယ်နဲ့ လူရာဝင်ဖို့ ကြိုးပမ်းကြသလို တခါတရံ မလိမ့်တပတ်၊ လက်တလုံးခြား လုပ်ပြီး လူပါးဝစွာ လူရာဝင်ဖို့ ကြိုးစားမိတတ်ကြပါတယ်။ နောက် လူပါးဝခြင်းမှာ တင်စီးခြင်း၊ မောက်မာခြင်း၊ လက်ပေါက်ကပ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်မျိုးတွေလည်း ရှိပါသေးတယ်။ ငါဟာ သာမာန်လူမဟုတ်ဘူး၊ ဒီလို ဒီလို ခံယူချက်တွေရှိတယ်၊ (ကိုယ်မှန်တယ်လို့ ခံယူထားတဲ့) အမှန်တရားကို ဆုပ်ကိုင်ပြီး၊ ကိုယ်နဲ့ အလိုတူအလိုပါတွေရဲ့ လူရာသွင်းခြင်းကို ခံယူရင်း၊ ကိုယ်နဲ့ အလိုမတူသူတွေကို တွန်းတိုက်လို့ လူတောတိုးပါတယ်။

ငါဟာ ဘာ မှ မဟုတ်လို့ ခံယူထားသူတယောက်ကိုပင် မိဘ၊ဆွေမျိုး၊ အသိုင်းအ၀ိုင်းထဲ ထည့်ကြည့်လိုက်ပါ။ Who am I က ခေါင်းထောင်ထလာပါလိမ့်မယ်။ ဒါကြောင့် လူရာဝင်ဖို့ရာ အုပ်စုလိုပါတယ်။ အုပ်စုဆိုတာ တူရာ တူရာ နီးစပ်ရာ ဖွဲ့ကြတာမို့ လူရာဝင်လိုသူတယောက် အဖြစ် ကိုယ်ပိုင်ဘလော့ဂ်မှာ ခုတလော အတွေးရတဲ့ ဒီတဂ်ပို့စ်ကို ရေးပါတယ်။

Saturday, March 2, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၅) - နယူးဒေလီ

ပဉ္စမမြောက်နေ့မှာ သင်္ကဿကနေ နယူးဒေလီကို ခရီးဆက်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီခရီးက ဘုရားဖူးခရီး သဘောထက် ဒေသန္တရဗဟုသုတ ခရီးပိုဆန်တယ်လို့ ဆိုနိုင်ပါတယ်။ လမ်းခရီးက အာဂရာမြို့မှာရှိတဲ့ ကမ္ဘာကျော် တာ့ချ်မဟာ (Taj Mahal) အဆောက်အုံကို ဝင်ကြတယ်။ အသက်အရွယ်ကြီးသူအချို့ကတော့ မလိုက်တော့ဘဲ၊ ကားပေါ်မှာ နားနေခဲ့ကြပါတယ်။ အာဂရာမှာ ညနေစာ စားပြီတဲ့နောက် ယမုံနာမြစ်ရိုးတလျှောက် ဖောက်ထားတဲ့ ယမုံနာအမြန်လမ်းမကြီး (Yamuna Expressway) ကနေ နယူးဒေလီကို သွားကြပါတယ်။ နောက်တနေ့မှာ နယူးဒေလီက ထင်ရှားတဲ့ နေရာတွေကို လိုက်ပို့ပေးပါတယ်။ ကြာဖူးပုံဆောက်ထားတဲ့ ဘဟာရီဘုရားကျောင်း (Lotus Temple), စစ်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့ ဗြိတိသျှအိန္ဒိယ စစ်သားတွေကို ဂုဏ်ပြုဖို့ဆောက်ထားတဲ့ အိန္ဒိယဂိတ် (India Gate) အဆောက်အအုံ၊ မဟတ္တမ ဂန္တီပြတိုက်၊ အင်ဒီရာ ဂန္ဓီပြတိုက်တို့ကို ပို့ပေးတယ်။
ကြာဖူးပုံ ဘဟာရီဘုရားကျောင်း

ဒီနေ့ခေတ် နယူးဒေလီက ရှေးခေတ် ကုရုတိုင်း ဣန္ဒပတ္ထမြို့တော်နေရာမှာ တည်ရှိပါတယ်။ မဟာဘာရတ၊ ဘဂဝါဂီတာ စတဲ့ ဟိန္ဒူကျမ်းတွေမှာ အထူးဖော်ပြလေ့ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ရှေးက ကုရုတိုင်း ဣန္ဒပတ္ထမြို့ကို ကောရဗျမင်း အုပ်စိုးကြောင်း ၅၅၀-ဇာတ်တော်တွေမှာ တွေ့ရပါတယ်။ ဗုဒ္ဓမြတ်စွာ ကုရုတိုင်းအတွင်း ဒေသစာရီ လှည့်လည်စဉ်မှာတော့ ကမ္မာသဒမ္မနိဂုံးနဲ့ ထုလ္လကောဋ္ဌိကနိဂုံးတွေကို ရောက်ပြီး တရားဓမ္မတွေ ဟောခဲ့ပါတယ်။ ဣန္ဒပတ္ထအကြောင်း အထူးတလည် ဖော်ပြထားတာ မတွေ့ရပါဖူး။ ကုရုတိုင်း ကမ္မာသဒမ္မနိဂုံးမှာ မဟာသတိပဋ္ဌာနသုတ်၊ မဟာနိဒါနသုတ်စတဲ့ လေးနက် ထင်ရှားတဲ့ သုတ္တန်တွေကို ဟောကြားတော်မူခဲ့ပါတယ်။ ကုရုတိုင်းက ဥတုသပ္ပါယ မျှတတဲ့ အတွက်ကြောင့် ကုရုတိုင်းသားတွေဟာ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်ပြီး အသိဉာဏ်ထက်မြက်ကြကြောင်း၊ ဒါကြောင့် ဒီလို လေးနက်တဲ့ သုတ္တန်ဒေသနာတွေကို နာယူ နှလုံးသွင်းနိုင်စွမ်း ရှိကြတယ်လို့ အဋ္ဌကထာဆရာက မှတ်ချက်ပေးထားပါတယ်။

 အသောက ကျောက်စာ ရှိရာ တောင်ကုန်း


မဟာသတိပဋ္ဌာနသုတ် ဟောကြားတော်မူခဲ့ရာ ကမ္မာသဒမ္မနိဂုံးက ဒီနေ့ခေတ် ဘယ်နေရာမှာ ရှိတယ်လို့ အတိအကျ ပြောဖို့ သုတေသနသဘော အထောက်အထား အခိုင်အမာ မရှိပါဖူး။ ဒါပေမယ့် အများစုက နယူးဒေလီမြို့တောင်ပိုင်း သိရီနိဝါသပူရီ (Srinivaspuri) အရပ်က အသောက ကျောက်စာရှိတဲ့ ကျောက်တောင်ကုန်း (77.256610° E 28.558568° N) နေရာလို့ ယူဆကြပါတယ်။ ခရီးစဉ်ထဲမှာ ဒီနေရာကို ထည့်သွင်းပြီး ပို့ပေးပါတယ်။ ကြာဖူးပုံ ဘဟာရီ ဘုရားကျောင်းနဲ့ သိပ်မဝေးပါဖူး။ ဒီကျောက်စာကို ၁၉၆၆-ခုနှစ်ကမှ ရှေးဟောင်းသုတေသနဌာနက ရှာဖွေတွေ့ခဲ့တယ်လို့ဆိုပါတယ်။ ကျောက်စာကို သံတိုင်တွေနဲ့ ကာရံပြီး အမိုးအကာနဲ့ စောင့်ရှောက်ပေးထားပါတယ်။ ကျောက်သားပေါ်မှာ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ စာက အောက်ပါအတိုင်း အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။
“ငါသည် နှစ်နှစ်ခွဲအလွန်ကပင် ဥပါသကာ (ဗုဒ္ဓဘာသာဝင်) ဖြစ်ခဲ့သော်လည်း ကောင်းစွာ ကြိုးစား အားထုတ်ခြင်း မရှိခဲ့။ တစ်နှစ်ခွဲအလွန်ကမှသာ သံဃာအား ဆည်းကပ်ကိုးကွယ်ပြီး ကောင်းစွာ ကြိုးစားအားထုတ်ခဲ့၏။ ဇမ္ဗူဒိတ်ကျွန်းတွင် ရှေးယခင်က မပြုနိုင်ခဲ့သည့် နတ်လူတို့ ဆက်သွယ်နှီးနှောခြင်းကို ယခုအခါ ငါပြုနိုင်ပေပြီ။ ကြိုးစားအားထုတ်ခြင်း၏ (အကျိုးကျေးဇူးပေတည်း)။ ဤကား အထက်တန်းစားတို့သာ ပြုနိုင်သည် မဟုတ်။ နိမ့်ပါးသူတို့လည်း ကြိုးစားအားထုတ်၍ ကျယ်ပြောသော နတ်စည်းစိမ်းချမ်းသာကို ခံစားနိုင်ပေ၏။ ထို့ကြောင့် မြတ်သူ နိမ့်သူမဟူ ကြိုးစားအားထုတ်ကြကုန်လော့။ …”


“နတ်လူတို့ ဆက်သွယ်နှီးနှောခြင်း” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း နားမလည်ပါဘူး။ “ဒေဝ” ဆိုတာ တိုက်ရိုက်အနက်ဖြစ်တဲ့ နတ်ဒေဝတာတွေကို ဆိုလိုတာ မဟုတ်ဘဲ၊ ခတ္တိယ မင်းမျိုးတွေကို ဆိုလိုပြီး အုပ်ချုပ်သူလူတန်းစားနဲ့ ပြည်သူတို့ တသားတည်း ရောယှက်ခြင်းကို ဆိုလိုတယ်လို့ အချို့က (ဥပမာ Sylvain Levi) ယူဆကြပါတယ်။ အချို့ကလည်း (ဥပမာ D.R. Bhandarkar) အသောကမင်းရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အမှုထမ်းအရာရှိတွေကို နတ်တို့ကဲ့သို့ အကျင့်သီလ ပြည့်စုံစေတာကို ဆိုလိုတယ်လို့ ယူဆကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဤကျောက်စာရဲ့ အဓိက အချက်ကတော့ လူတန်းစားမရွေး တရားဓမ္မကို ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းထားတာပါပဲ။

ကျောက်စာပါ အချက်တွေထဲမှာ “မဟာသတိပဋ္ဌာနသုတ် ဟောကြားခဲ့တဲ့နေရာ၊ ကမ္မာသဒမ္မနိဂုံးနေရာ” ဆိုနိုင်မယ့် အထောက်အထား အရိပ်အမြွက်တွေတော့ မတွေ့ရပါဖူး။ ပြီးတော့ အလားတူ အဓိပ္ပါယ်ရတဲ့ ကျောက်စာမျိုးတွေ အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ တွေ့ရတဲ့အတွက် ဒီနေရာကို ကမ္မာသဒမ္မနိဂုံးနေရာလို့ တထစ်ချ ကောက်ချက်ဆွဲဖို့ ခက်ပါတယ်။ ဆရာကြီး ဂိုအင်ကာ ဦးစီးတဲ့အဖွဲ့ကတော့ ယခု နေရာကနေ မြောက်ဖက် ၃၈-မိုင်လောက်အကွာမှာရှိတဲ့  Kamaspur ရွာလေး (29°0'20"N 77°5'41"E) ကို ကမ္မာသဒမ္မနိဂုံးလို့ သတ်မှတ်ပြီး ဝိပဿနာ ရိပ်သာ တစ်ခု ထူထောင်ထားပါတယ်။ နှစ်နေရာလုံးဟာ ကုရုတိုင်းအတွင်းမှာ ရှိတာကြောင့် ဖြစ်နိုင်ချေ ရှိတာချည်းပါပဲ။

ဘုရားဖူးအဖွဲ့တွေကတော့ မိမိတို့ရောက်ရှိနေတဲ့ ဒေလီအသောကကျောက်စာ ရှိရာနေရာကိုပဲ “ဤနေရာမှာ မဟာသတိပဋ္ဌာနသုတ် ဟောကြားတော်မူခဲ့တယ်” လို့ စိတ်ဖြင့် မှန်းဆအာရုံပြုပြီး ဘုရားဝတ်ပြုကြ၊ ငါးမိနစ်မျှ စုပေါင်းတရား တရားထိုင်ကြတယ်။ စုပေါင်း ဓာတ်ပုံရိုက်ကြတယ်။ အသောကကျောက်စာရှိရာ ကျောက်တောင်ကုန်းလေးကို တကျော့ပြန်ငေးကြည့်ရင်း မဟာသတိပဋ္ဌာနသုတ်ထဲက “အာတာပီ သမ္ပဇာနော သတိမာ” ဆိုတဲ့ စကားစုကို “သတိထား ဝီရိယစိုက် ပညာနဲ့ရှု” လို့ မြန်မာမှု ပြုပေးခဲ့တဲ့ မိုးကုတ်ဆရာတော်ဘုရားရဲ့ တရားဆောင်ပုဒ်နဲ့ “ကြိုးစား အားထုတ်ကြကုန်လော့” လို့ နှိုးဆော်ခဲ့တဲ့ အသောကမင်းကြီးရဲ့ တိုက်တွန်းချက်တို့ကို အတွေးဝင် နေခဲ့မိပါတယ်။