Saturday, June 12, 2010

ပညာရွှေအိုး လူခိုးနိုင်ပါသလား

မြန်မာမှုနယ်မှာ “ပညာရွှေအိုး လူမခိုး” ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ပထမအချက်အနေနဲ့ ပညာကို အဖိုးတန် ပိုင်ဆိုင်မှုအဖြစ် ရွှေအိုးနဲ့ နှိုင်းယှဉ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပညာဟာ အခြားသော ပိုင်ဆိုင်မှုတွေလို ရန်သူမျိုးငါးနဲ့ မဆက်ဆံဘူး။ လူခိုးလို့ ကုန်မသွားဘူး။ ပညာကို ဘယ်လောက်ပဲ မျှဝေမျှေ၀ လျော့မသွားဘဲ၊ တိုးလို့သာ လာမယ်လို့ ဆိုလိုပါတယ်။

အကယ်၍ ပထမအချက်ကို နှိုင်းယဉ်မှုလို့ မယူဆဘဲ၊ ပညာကို ငွေကြေးနဲ့ ညီမျှခြင်းချပြီး တိုင်းထွာခဲ့ရင် ဒုတိယအချက်က သိပ်မမှန်နိုင်တော့ပါဘူး။ အလွန်ကျွမ်းကျင်တဲ့ လက်ဖက်ရည်ဖျော်ဆရာတစ်ဦးဟာ သူ့ပညာကို အခြားလူတွေကို ဘယ်လောက်ပဲ သင်ပေးသင်ပေး သူ့ပညာက လျော့မသွားပါဘူး။ ဒါပေမယ့် သူ့လက်ဖက်ရည်ဆိုင်ဘေးမယ့် သူ့တပည့်တစ်ယောက်က လာပြီး လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့မယ် ဆိုရင်တော့ သူ့ဝင်ငွေ လျော့သွားနိုင်ပါတယ်။ ဒါကြောင့်ပဲ အသိပညာပိုင်ဆိုင်မှု Intellectual property (IP) တွေကို အခိုး မခံရအောင် Copyright, Patent, Trademarks စတဲ့ နည်းအမျိုးမျိုးတွေနဲ့ ကာကွယ် ကြရပါတော့တယ်။

ကုမ္ပဏီကြီးတွေ အတော်များများဟာ IP တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီ IP နဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးကို ဖြတ်လာကြတော့ အရင်းရှင်စနစ်ရဲ့ သဘာဝအတိုင်း ဒီ IP တွေကို လက်ဦးမှုယူဖို့, လက်ဝါးကြီးအုပ်ဖို့ ကြိုးစားလာ ကြပါတယ်။ တစ်ချို့စိတ်ကူးလေးတွေဆိုရင် သိပ်ဆန်းဆန်းပြားပြား မဟုတ်ပေမယ့် အရင်လက်ဦးမှုယူပြီး Patent လုပ်တဲ့သူက လုပ်လိုက်ရင် ကျန်တဲ့သူတွေက ဒီစိတ်ကူးမျိုးလေးတွေကို (ခိုးယူတာမဟုတ်ဘဲ) ကိုယ်နည်းကိုယ်ဟန်နဲ့ အကြံတူ စဉ်းစားမိတာမျိုး ဖြစ်စေ အသုံးချခွင့် မရတော့ပါ။ ဟိုးရှေးကတော့ Leibniz နဲ့ Newton က Calculus သင်္ချာကို သူ အရင်ထွင်တယ်, ငါ အရင် ထွင်တယ်ငြင်းခုံခဲ့ ကြဖူးပေမယ့်၊ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ကြပုံ မပေါ်ပါဘူး။ IP တွေကို ဥပဒေအရ အကာအကွယ်ပေးခြင်းဟာ တစ်ဖက်စွန်းရောက်လာရင် မျိုးဆက်သစ်တွေရဲ့ တီထွင်ဖန်တီးမှုကိုတောင် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Patent တွေကို ထာဝရပိုင်ဆိုင်ခွင့် မပေးဘဲ၊ ဘယ်၍ ဘယ်မျှဆိုပြီး အချိန်ကာလတစ်ခု သတ်မှတ်ပေးကြရပါတယ်။ ဒီသတ်မှတ်ကာလ ကျော်သွားရင် ဘယ်သူယူ သုံးသုံးပေါ့။

၂၀၀၇-ခုနှစ်လောက်ကလည်း အမေရိကန်မှာ ယောဂကျင့်စဉ်တစ်ခုကို Patentလုပ်ဖို့တင်တဲ့ အတွက် အတော်လေး ဂယက်ရိုက် သွားခဲ့ ဖူးပါတယ်။ (အကယ်၍ ဘာသာတရား အဆုံးအမတွေကို ငွေကြေးနဲ့ တန်ဖိုးဖြတ် လဲလှယ်လာကြပြီး Patent လုပ်လာကြရင် အခက်)။ လူတစ်ဦးတစ်ယောက်ရဲ့ စဉ်းစားတီထွင်မှုရဲ့ အကျိုးခံစားခွင့်ကို တီထွင်ဖန်တီးသူက ရထိုက်တယ်ဆိုပေမယ့် စည်းဘောင်တစ်ခုတော့ ရှိဖို့ လိုလာပါတယ်။ အသိပညာပုဂ္ဂလိကပိုင်ဆိုင်မှုကို ဆန့်ကျင်ပြီး CopyLeft တို့, OpenSource တို့လို လှုပ်ရှားမှုတွေ ပေါ်လာကြပါတယ်။

အောက်ကဗီဒီယိုလေးနဲ့ http://blog.mises.org/11464/copying-is-not-theft-remixed-song-and-video/ မှာ အချေအတင် ဆွေးနွေးခဲ့ကြဖူးပါတယ်။



ကျွန်တော်ကတော့ (ပြတ်သားတဲ့ အမြင်မရှိသေးတဲ့သူပဲ ဆိုဆို) IP Socialist မဟုတ်သလို၊ IP Protectionist တစ်ယောက်လည်း မဟုတ်ပါဘူး။ ပညာခေတ်နဲ့ အရင်းရှင်စနစ်တို့ ပေါင်းဆုံမှုရဲ့ ပြဿနာတစ်ရပ်ကို ပြန်လည် တင်ပြခြင်း သက်သက်ပါ။

Friday, June 11, 2010

Leveraging

သားတို့ ကစားနေတဲ့ ကွန်ပြူတာဂိမ်းတွေ…ကလေးတွေ စွဲတာမပြောပါနဲ့ ကောင်းတာကို လို့ ဘေးကထိုင်ကြည့်နေရင်း
သူ့အဖေက “ဟုတ်တယ်…တော်တော် အချိန်တွေပေးပြီး လုပ်ထားရမှာ ဒါပေမဲ့ ရှေ့ကလုပ်ပြီးသား အခံပေါ်မှာ ဆက်လုပ်သွားရတာပေါ့လေ…အစက စ,ရမယ် ဆိုရင်တော့ ဘယ်လွယ်မလဲ... Leverage. လုပ်သွားရတာပေါ့…” တဲ့
“အဲ့ဒီအကြောင်း နည်းနည်းရေးပေး…”  ဆိုတော့

ပညာဆိုတာမျိုးက ရသမျှ တစတစ စုယူရတာ။ စုတယ်ဆိုတဲ့ နေရာမှာလည်း ဘိုးစဉ်ဘောင်ဆက်တွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်ထင်ပါတယ်။ ပစ္စည်းဥစ္စာတောင်မှပဲ မိဘအမွေရတဲ့သူများဟာ မိဘအမွေမရဘဲ အစကနေစပြီး စီးပွားရှာရသူတွေနဲ့တော့ မတူပါဘူး။ ဒီလိုပဲ … မျိုးဆက်သစ်တွေက မိဘဘိုးဘွားတွေဆီက ပညာအမွေအနှစ်တွေကို လက်ခံမယူခဲ့ရင် အစကပြန်ပြန် စ နေရရင် အတော်နဲ့ ရှေ့တတ်ဖို့ မလွယ်ပါဘူး။

တခါက Newton ကို လူတွေက ချီးမွမ်းတော့ သူ့အရင်က ဆရာကြီးတွေရဲ့ ပုခုံးပေါ်ကတက်ကြည့်လို့ သူဝေးဝေး မြင်နိုင်တာပါလို့ ပြောခဲ့ဖူးတယ် (Copernicus, Kepler နဲ့ Galileo တို့သုံးဦးကို ဆိုလိုပါတယ်)။ ပညာသင်ကြားခြင်းဟာ ဘိုးဘွားဘီဘင်တွေဆီက အသိပညာတွေ အတွေ့အကြုံကို ယူလိုက်နိုင်မှ ပိုပြီး ရှေ့ရောက်နိုင်ပါတယ်။ နောက် Einstein ကလည်း Newton တို့ရဲ့ ပခုံးပေါ်က တက်ကြည့်ခဲ့ကြပြန်တယ်။ ဒီနောက် Stephen Hawking လည်း ဒီလိုပါဘဲ။ သူက ဟိုး… Copernicus က စလို့ Newton, Einstein တို့ထိ ရေးခဲ့, တွက်ခဲ့ကြတာတွေကို ပြန်စုပြီး “On the shoulder of Giants” ဆိုတဲ့ စာအုပ်တစ်အုပ် ရေးတယ်။ ဒီဘိုးတော်ကြီးတွေက အလကားပါ… “ကမ္ဘာက နေကို ပတ်တာ, ပန်းသီးကြွေတာ ကမ္ဘာက ဆွဲလို့” ဆိုတာလောက်ပဲ ရေးကြီးခွင်ကျယ် လုပ်ပြောနေခဲ့ကြတယ်။ သူတို့ ငါ့လောက် မသိခဲ့ကြရှာဘူးလို့ သဘောမထားဘဲ၊ ငါသူတို့ ပခုံးတွေပေါ်က ကြည့်ခဲ့လို့ ပိုမြင်တယ်လို့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို တလေးတစား အသိအမှတ်ပြုတဲ့ အနေနဲ့ စာအုပ်ထုတ်တာပေါ့။ မျိုးဆက်သစ် ရူပဗေဒပညာရှင် တစ်ဦးက ဘိုးဘွားဘီဘင်တို့အပေါ် ကျေးဇူးဆပ်ခြင်းလို့လည်း ဆိုကောင်း ဆိုနိုင်ပါတယ်။
စင်္ကာပူမှာ လုပ်ခဲ့တဲ့ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲ DVDကို ကိုဧရာ့သူငယ်ချင်းက လက်ဆင့်ကမ်းလို့ ကြည့်လိုက်ရပါတယ်။ ဆရာမ ဂျူးရဲ့ ကဏ္ဍမှာ ဆရာမက…

ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက် ၅ခုကို အတိုချုပ် ပြောသွားခဲ့ပါတယ်။
၁။ Education means career. ဘဝနောင်ရေး စိတ်အေးရမည့် အသက်မွေးဝမ်းကျောင်း ပညာ
၂။ Education teaches how to think. တွေးဆ မျှော်မြင်တတ်တဲ့ အတတ်ကို ရလာအောင် သင်ကြားပေးသည်။
၃။ Education transmits civilization. လူ့ယဉ်ကျေးမှုအဆင့်ဆင့်တိုးတက်လာအောင် မျိုးဆက်တခုမှ တခုသို့ ဆင့်ကဲ ဖြစ်စဉ်နှင့် ပေါင်းစီး ပေးသည့်အရာ ဖြစ်သည်။
၄။ Education liberates individuals. ပညာသည် လူတဦးချင်းစီကို လွတ်မြောက်စေသည့် တွေးခေါ်မျှော်မြင်မှုကို ပေးနိုင်သည်။ 
၅။ Education teaches morality. လူကျင့်ဝတ်သိက္ခာ၊ ကိုယ်ကျင့်သီလကို ပညာက သင်ပေးသည်။

ပြောပြရဦးမည့် အဖြစ်တွေ... 
ဆိုပြီး မသီတာ ပညာတွေသင်ပြီး အသုံးမချနိုင်လို့ ငြီးတဲ့ပို့စ်ရေးတော့ မိတ်ဆွေ သူငယ်ချင်းတွေက ဝိုင်းအားပေးကြလို့ ကျေးဇူးတင်ပါတယ်။

တကယ်တော့ မသီတာ အလုပ်မရှိလို့ လူရာမဝင်မှာထက်၊ ပညာကို အသုံးမချနိုင်လို့ ဆရာမဂျူး ပြောသွားတဲ့ နံပါတ်(၃) အချက်က အုတ်တချပ်၊ သဲတပွင့်တွေ လျော့လျော့သွားမှာ စိုးတာပါ...

Thursday, June 10, 2010

လောကလူ့ရွာ...

လောကလူ့ရွာ ပျင်းသူမှာ
ပညာဘယ်က ရအံ့နည်း။
ပညာမဲ့က လူ့အောက်ကျ
ဥစ္စာ ဘယ်တော့ရအံ့နည်း။
ဥစ္စာမွဲတေ ဆင်းရဲချေ
မိတ်ဆွေ ဘယ်တော့ရအံ့နည်း။
မိတ်ဆွေမရ လူ့ဘဝ
သုခ ဘယ်တော့ရအံ့နည်း။

သုခယွင်းယို ဆင်းရဲပို
ကုသိုလ် ဘယ်တော့ရအံ့နည်း။

ကုသိုလ်ကလျော့ သဒ္ဓါပျော့
နိဗ္ဗာန် ဘယ်တော့ ရအံ့နည်း။

နိဗ္ဗာန်မရ သံသာရ
ဒုက္ခဘယ်တော့ ဆုံးအံ့နည်း။

ယဉ်ကျေးမှုသင်တန်းတက်နေတဲ့ ရေစင်၊ ကျောင်းက ဆရာတော် (လောကနီတိမှ)သင်ပေးလိုက်တာကို အိမ်မှာ ပြန်ဆိုနေတာပါ။

Wednesday, June 9, 2010

မိုးထစ်ချုန်းခြင်းနဲ့ ပတ်သက်၍

မိုးလေးညိုလာရင် ပို့စ်မှာ မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာကို အလွန်ကြောက်ရွံကြောင်း ရေးခဲ့ပါတယ်။ စင်္ကာပူမှာကလည်း အိမ်ထဲ ထိုင်နေရင်းကို မိုးကြိုးက အိမ်ထဲပဲ ၀င်ပစ်တော့မလိုလို ဟိန်းသံဟောက်သံက ကြောက်မခန်းလိလိပါ။ မိုးခြိမ်းရင် မေ့ရဲ့ရင်မှာ ကြောက်စိတ်တွေ ၀င်မိတယ်...ဆိုတဲ့ ကိုင်ဇာရဲ့ "မနိုးပါစေနဲ့ မိုးရယ်" သီချင်းထဲက စာသားလေးလို…
မိုးခြိမ်းသံတွေဟာ ထိပ်လန့်စရာကောင်းတာ မှန်ပေမယ့် လျှပ်စီးလက်ခြင်းကြောင့် လေထုကို ionization ဖြစ်စေပါတယ်။ သဘာဝရဲ့ လေသန့်စင်ဖြစ်စဉ်လို့တောင် ခေါ်လို့ရပါတယ်။ ionized air က လူတွေရဲ့ စိတ်ကို ပေါ့ပါး လန်းဆန်းစေတယ်။ ငြိမ်သက်စေပါတယ်။

မိုးကြိုးထစ်ချုန်းပြီး လျှပ်စီးတွေလက်နေရင် အလွန်အင်အားကြီးတဲ့ လျှပ်စစ် စက်ကွင်းတွေကြောင့် လေထုထဲမှာရှိတဲ့ အောက်စီဂျင်တွေက အမဓာတ်ရှိတဲ့ အိုင်ယွန် - Negative ionizationတွေ ဖြစ်သွားကြပါတယ်။


တကယ်တော့ လျှပ်စီးလက်တာတင်မကပါဘူး။ သမုဒ္ဒရာထဲက လှိုင်းလုံးကြီးတွေ,
သစ်တောတွေကို ဖြတ်တိုက်လာတဲ့ လေညှင်းနုနုလေးတွေ,
ခွန်အားနဲ့ စီးဆင်းနေတဲ့ ရေတံခွန်ကြီးတွေကလည်း
Ionization ကိုဖြစ်စေပါတယ်။


ဒီလို Ionize ဖြစ်နေတဲ့ လေကို ရှုရှိုက်တာဟာ သာမန်လေထက် ပိုပြီး လူ့စိတ်ကို လန်းဆန်းစေတယ်။ စိတ်လက် ပင်ပန်းနောက်ကြည့်မှုကို ပယ်ဖျောက် ပေးနိုင်တယ်။ သွေးထဲမှာ အောက်စီဂျင်ဓာတ် ပိုရစေတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက် အညစ်အကြေးတွေကိုလည်း ပိုပြီး ဖယ်ရှားပေးနိုင်လို့ လူကို ပိုပြီး နုပျိုစေတယ်။


တကယ်တော့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကိုသာ ဖယ်ရှားတာမဟုတ်ပါဘူး။ လေထုထဲမှာ မျောပါနေတဲ့ ဖုံမှုန့်တွေ, မကောင်းတဲ့ အနံ့အသက်တွေ, ရောဂါပိုးမွှားတွေကိုလည်း အနည်ထိုင်သလို အောက်ကို ကျသွားစေပါတယ်။


အခုတော့လည်း မိုးခြိမ်းသံကြားရင်... ကြောက်စိတ်တွေကြားက ကမ္ဘာကြီးရဲ့ တနေရာမှာတော့ ကောင်းတာတွေ ဖြစ်နေပြီ လို့ စိတ်ညွှတ်ရင်း...

အော်…ကောင်းဆိုး နှစ်တန် အစုံတွဲလို့ တလဲစီလှည့် အမြဲနေ…
ကိုဧရာက အချက်အလက်တွေ ရှာဖွေစုဆောင်းပေးပါတယ်။
အော်…အစုံတွဲရမယ် ဆိုရင် သူမပါလို့ မဖြစ်ဘူးလေ…

 

Tuesday, June 8, 2010

ပြောပြရဦးမည့် အဖြစ်တွေ…(၂)

အလုပ်မရှိ အကိုင်မရှိနဲ့ ကျမဘဝက သိပ် မျက်နှာငယ်တာပဲ…။ လူရာ မဝင်ဘူး…။ ဘာအဓိပ္ပါယ်မှ မရှိဘူး…။
မသီတာ စိတ်ဖောက်လာတိုင်း ကိုဧရာကို ပစ်လွှတ် တိုက်ခိုက်တဲ့ စကားလုံးတွေပါ။
ကိုဧရာလည်း သူ့ဆွဲကိုင်ထားတဲ့ မူဝါဒတွေနဲ့ မလွတ်တမ်း ခုခံ ငြင်းဆိုပါတယ်။ အခုတော့ သူ့ဘက်မှာ စစ်ကူတွေတောင် ရနေပါပြီ…။ အခြားသူတွေ ဟုတ်ရိုးလား။ ရေချမ်းနဲ့ ရေစင်ပဲပေါ့။

တခါတော့ မသီတာလည်း နှစ်ယောက်ထဲရှိတုန်း နေရာမရွေး လျှပ်တပြက်တိုက်တယ်ပဲ ဆိုမလား...ဘတ်စ်ကား ဂိတ်ကြီးမှာ ကောက်ခါငင်ခါ
“ကျုပ် ဒီမှာ နေရတာ ဘာမှ အဓိပ္ပါယ်မရှိဘူး ရန်ကုန်ပြန်မယ်” လို့ စတိုက်ပါတော့တယ်။ ကိုဧရာက
“မဖြစ်ပါဘူး” 
သူ့စတိုင် အတိုင်း အေးအေးဆေးဆေးနဲ့  
“ဘာလို့ မဖြစ်တာတုန်း”
“သီတာပဲ စဉ်းစားကြည့်လေ အဓိပ္ပါယ်ရှိသလားလို့”
“အဓိပ္ပါယ်မရှိလို့ အဓိပ္ပါယ်ရှိအောင်လုပ်ရမှာလေ”
“ဟိုနေ့ကပဲ သားငယ်က ပြောနေသေးတယ်”
“ဘာပြောလို့လဲ”
“ဓာတ်လှေကားနားမှာပါ။ အိမ်နားက ကောင်လေးက နှုတ်ဆက်တယ်။ ‘အန်တီ့ကို အောက်မှာ တွေ့လိုက်တယ်’ တဲ့”
“အော် ကျမနဲ့ သားကြီး အယင် ဆင်းသွားတော့လား…ဟုတ်တယ်လေ တွေ့လိုက်တယ်”
“အဲ့ဒီတော့ ကို က ‘အော် my wife’ လို့ ပြောလိုက်ပြီး၊ ဓာတ်လှေကားထဲရောက်တော့ သားငယ်က
ဖေဖေကလည်း my wife မဟုတ်ပါဘူး။ my wife ဆိုရင် ဖေဖေတယောက်ထဲ wife ဖြစ်နေမှာပေါ့။ housewife ပါ တဲ့
...
...
အလုပ်မရှိဘူး။ အလုပ် မရှိဘူး မပြောစမ်းပါနဲ့။ housewife က အလုပ်ပေါ့ 
*****
ဒီပို့စ်နဲ့ ချိတ်ထားတယ်။ Occupation
*****
Housewife မသီတာ ဘလော့ဂ်လည်း ရေးသည်ပေါ့။
ဟိုညက “စာရေးဦးမယ် အေ” ဆိုတော့၊ ကိုဧရာက “ရေး..ရေး” တဲ့
ကွန်ပြူတာရှေ့ထိုင်ပြီး
“ဒီမှာ ရှင်ဖွင့်ထားတဲ့ ဖိုင်တွေက”
“ပိတ်လိုက် ပိတ်လိုက် ရတယ်။” ထုံးစံ အတိုင်း သူ့ စာအုပ်က မျက်နှာမခွာပဲ ပြောတယ်။
ကီးဘုတ်မှာ ခလုတ်လေးတွေနှိပ်လို့ ခဏနေတော့ “ကျမ ပါးစပ်က ခေါ်ပေးမယ်.. ရှင် လိုက်ရေးပေး”
“အမလေးဗျာ…တကယ့် ဆရာကြီးတွေ ကျနေတာပဲ… ဟိုတယ်မှာ သွားမရေးလို့ တော်သေး” တဲ့
း)))

Monday, June 7, 2010

ပြောပြရဦးမည့် အဖြစ်တွေ…

“မသီတာ ငယ်ဘဝက ပျော်စရာကြီးနော်”
“အမဘဝက အေးချမ်းလိုက်တာ…” လို့ မိတ်ဆွေ၊ သူငယ်ချင်းတွေက ပြောတတ်ကြပါတယ်။

ကောင်းတာတွေချည်း ရှေ့တန်းတင်ထားလို့ပါ… မကောင်းတာတွေလည်း ရှိပါတယ်။
ဘဝဆိုတာ ဒဂုံဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျာ ထဲက “ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တလဲစီလှည့် အမြဲနေ” ဆိုတဲ့ စာသားလေးလိုပါ။

မသီတာ လက်ရှိ အခြေအနေက ကြောင့်ကြစရာ သိပ်မရှိတော့ နတ်ပြည်လေတိုက်နေသလိုလို၊ တဖက်ကလည်း စိတ်သွားတိုင်း ကိုယ်မပါတဲ့အခါ “အော် င့ါဘဝနှယ် အကျယ်ချုပ် ကျခံနေရသလိုပါလား” လို့ တွေးမိပြန်ပါရော… အစွန်းနှစ်ဖက် ပြေးသွားနေပုံများ။

“ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်
မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်
နတ်စီတဲ့ အိပ်မက် လှလှများ လွယ်လွယ်နဲ့ မရ” ဆိုတဲ့ သီချင်းစာသားလေးက ဘယ်ခေါင်းစဉ်အောက်မှာမဆို မှန်ပါတယ်။

မသီတာ အင်ဂျင်နီယာ ပညာရပ်ကို အခြေအနေအရ ဆယ်နှစ်နီးပါး သင်ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာ မဖြစ်ခဲ့ပါဘူး။ ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာ၊ ဘယ်တော့မှလည်း မဖြစ်တော့ပါဘူး လို့ သိရတဲ့ ခုချိန်မှာ နောင်တ ဖြစ်မိပါတယ်။

(၁)
လွန်ခဲ့တဲ့ လေးငါးနှစ် မသီတာ ရန်ကုန်ပြန်တုန်းကပေါ့ …

မသီတာ ရောက်တယ်ကြားတော့ နယ်က အဖေတို့မိတ်ဆွေအမကြီး အိမ်လာလည်တယ်။ သူ့သမီးလေးကလည်း အင်ဂျင်နီယာ ဘာသာရပ်နဲ့ပဲ ကျောင်းပြီးကာစ ဆိုတော့ သူ့သမီးလေးကို စင်္ကာပူ လွှတ်ဖို့အတွက် ဘာတွေ ပြင်ဆင်ရမလဲ မေးချင်လို့ပါတဲ့…။ ဖြစ်ချင်တော့ မသီတာတို့က မန္တလေးကို တက်သွားနေတဲ့အချိန်၊ သူလာတဲ့ နေ့ ညမိုးချုပ်မှ မန္တလေးက ပြန်ရောက်တာမို့ လွဲသွားကြတယ်။

အဲ့ဒီအလွဲဟာ မသီတာအတွက် အနာတခု ဖြစ်ကျန်ခဲ့တာပါပဲ…

နောက်တနေ့ မကြီးက “နင်နဲ့ တွေ့ချင်လို့တဲ့ မနေ့က မမလှတို့လာတယ်… အဖေနဲ့ပဲတွေ့သွားတယ်… အဖေ ဘာတွေပြောလိုက်တယ် မသိပါဘူး…” လို့ မျက်နှာမသာမယာနဲ့ ပြောလာတော့
အဖေ့ အခန်းထဲသွားပြီး…
“အဖေ မမလှတို့ လာတယ်ဆို”
“အေးလေ.. သူ့သမီးလေးလည်းပါတယ်…စင်္ကာပူ သွားချင်လို့ ဘာတွေလုပ်ရမလဲ လာမေးတာ တဲ့”
“အဖေ ဘာပြောလိုက်တုန်း”
“ငါလည်း အေး သီတာ ဘာတွေလုပ်တယ်တော့ မသိဘူး… ဟိုနားမှာတော့ အိမ်ဖော်သွားလုပ်တဲ့ ကောင်မလေးတွေ ပို့ပေးနေတာရှိတယ်.. အဲ့ဒါတော့ သိတယ် လို့ ပြောလိုက်တယ်။”
“ဟာ အဖေ ဒါတော့ မှားပြီ… ဒါတော့ အဖေ မှားသွားပြီ… အဲ့သလိုပဲ ပြောလိုက်ရလား အဖေရယ်… သူ့သမီးကို ချိုးနှိမ်ပြီး ပြောလိုက်တယ် ထင်သွားရင်တော့ အခက်ပဲ”
“မထင်ပါဘူး... ငါလည်း ငါသိတာ ငါ ရိုးရိုးသားသား ပြောလိုက်တာပဲ” တဲ့
ဟုတ်ပါတယ်။ အဖေက သူသိတာကို သိတယ်၊ မသိတာကို မသိဘူး လို့ ရိုးသားစွာ ပြောလိုက်တာပါ။ တမိပေါက်တယောက်ထွန်း အင်ဂျင်နီယာဘာသာကို သင်ကြားခွင့်ရခဲ့တဲ့ ကျမကိုယ်တိုင်ကသာ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုမှ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကဏ္ဍလေးကိုတောင် အသိပညာ ဝေငှနိုင်လောက်အောင် ဒီတသက်တော့ မစွမ်းသာတော့ပြီလို့ ရင်ထဲမှာ ဖြစ်လိုက်ရတဲ့ ဝေဒနာက သေရာပါ။

*****

(၂)
“အင်ဂျင်နီယာ မဖြစ်ပေမဲ့ အင်ဂျင်နီယာကတော်တော့ ဖြစ်ပါတယ်” ဆိုတာလို ကလေးဆန်တဲ့ ကြွားလုံးမျိုးနဲ့ အစပျိုးပြီး အနာပေါ် တုတ်ကျတဲ့ အဖြစ်လေး ပြန်ပြောပါရစေဦး

မသီတာ အလုပ်တခုခု လုပ်တော့မယ် ဆိုရင် ထုံးစံအတိုင်း အိမ်ဦးနတ်ကို တိုင်ပင်ရပါတယ်။
“ဘာအလုပ်မျိုးလဲ၊ ဘာလုပ်ရမှာလဲ၊ ဘယ်လောက်ရမှာလဲ…” ဒါတွေကတော့ မပြောမဖြစ်တဲ့ အချက်တွေ…။
တခါတော့ အင်ဂျင်နီယာအလုပ် မလုပ်နိုင်တဲ့ မသီတာ၊ အရောင်းစာရေး လုပ်ဖို့ကိစ္စကို အခြေအတင် ဆွေးနွေးကြပါတယ်။
သူက “သီတာ့ကို ကိုယ် မပြောဘူး။ ဘာမှ မပြောဘူး။ သီတာက လုပ်ချင်တယ်။ လုပ်သင့်တယ် ထင်ရင် သွားလုပ်။ ဒါပေမဲ့ တခုတော့ပြောမယ် ကိုယ်လုပ်တဲ့ အလုပ်က အိမ်ဖော်တယောက် ထားနိုင်လောက်တဲ့ ဝင်ငွေတော့ အနည်းဆုံး ဖြစ်သင့်တယ်” တဲ့…။ ကလေးနှစ်ယောက်ကို အချိန်ပြည့် ထိန်းကျောင်းနေရတဲ့ မသီတာကို သူ အမှန်အတိုင်း သုံးသပ်ပြလိုက်တာ ဖြစ်မှာပါ။
“သီတာ့ကို အလုပ်မရှိဘူးလို့ ကိုယ် ဘယ်တုန်းကမှ ထင်မထားဘူး။ မြင်မထားဘူး” လို့ သူ့စကားကို အဖတ်ဆယ်သလို တဆက်တည်း ပြောပါသေးတယ်။ မသီတာ ဘာ စကားမှ ဆက်မပြောနိုင်တော့ပါဘူး။
နောက်တနေ့မှာတော့ အဲ့ဒီအလုပ်ကို မလုပ်တော့ပါဘူးလို့ ဆုံးဖြတ်ချက်ချပြီး သူသိအောင်ကြေငြာလိုက်တဲ့ အခါ…
“အင်း ကောင်းတယ်။ ပျော်ပျော်နေစမ်းပါ…” လို့ သူဆိုလာတော့

လမင်းမိုမိုရဲ့ နာမည်ကျော် “မောင်” ဝတ္တုထဲက
“…မင်း ငါ့မိန်းမ ဖြစ်သွားပြီ
အဲ့ဒီတော့ မင်း ဒီအိမ်မှာ အငြိမ့်သားနေပါ။ အခန့်သား စားပါ။
ဖြစ်ချင်တာကို လုပ်ပါ။ လိုချင်တာကို ဝယ်ပါ။
မင်းတို့ ပြောတဲ့ မတောင့်မတ မကြောင့်မကြ.. တင့်တောင်းတင့်တယ် အခြေအနေမှာ မင်းကို ငါထားမယ်” ဆိုတဲ့ မာနကြီးတဲ့ စပ်နေဗလရဲ့ အသံကို ကြားယောင်မိတယ်…။
*****
ဒီအကြောင်းတွေက…
အမဘဝက အေးချမ်းလိုက်တာ အားကျတယ် လို့ ပြောတဲ့ ညီမလေးတွေ…

အင်ဂျင်နီယာအလုပ်နဲ့ အိမ်ထောင်ရှင်မ ဆိုတာ တော်တော် ဆက်စပ်ဖို့ ခက်တာပဲလို့ ပြောတဲ့ အင်ဂျင်နီယာဘွဲ့ရအမကြီးတွေ...ကို တနေ့ကျရင် ပြောပြရဦးမည့် ဘလော့ဂ်ဂါ မသီတာရဲ့ အဖြစ်တွေ…


ကိုဧရာကို ခဲနဲ့ လာမပေါက်ကြနဲ့ဦးနော်
စာရေးဆရာမကြီးတွေကို အားကျလို့ ရေးကြည့်တာပါ။

Saturday, June 5, 2010

ကမ္မဿကတ (၃) - ကံ၏ အမွေဆက်ခံခြင်းနှင့် တရား အမွေဆက်ခံခြင်း

ဆက်စပ်ဖတ်ရန် -
တာဝန်
ကမ္မဿကတ(၁)
ကမ္မဿကတ(၂) - ကံ၏ အမွေဆက်ခံခြင်း

“ကမ္မဿကောမှိ, ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိသရဏော။ ယံ ကမ္မံ ကရိဿာမိ - ကလျာဏံ ဝါ ပါပကံ ဝါ - တဿ ဒါယာဒေါ ဘဝိဿာမီ” တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟေဋ္ဌေန ဝါ ပဗ္ဗဇိတေနဝါ။ (အံ-၅-၅၇၊ အင်္ဂုတ္တရနိကာယ်-ပဉ္စကနိပါတ်-နီဝရဏဝဂ်-အဘိဏှသုတ်)
“ငါသည် မိမိပြုသော ကံ၏ ပိုင်ရှင်ဖြစ်၏။ ကံ၏ အမွေခံဖြစ်၏။ ကံ အကြောင်းရင်း ရှိ၏။ ကံသည် ဆွေမျိုး ဖြစ်၏။ ကံသည် အားကိုးရာ ဖြစ်၏။ ကောင်းသည်ဖြစ်စေ, ဆိုးသည်ဖြစ်စေ မိမိပြုသော ကံ၏ အမွေကို ဆက်ခံရလိမ့်မည်” ဟူ၍ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, လူဖြစ်စေ, ရဟန်းဖြစ်စေ အမြဲမပြတ် ဆင်ခြင်အပ်၏။

“မိမိတို့ ပြုသောအမှုများအား မိမိတို့ ပိုင်ဆိုင်သည်၊ မိမိတို့တွင် တာဝန်ရှိသည်၊ မိမိတို့ပြုသော အမှု၏ ကောင်းမွေ, ဆိုးမွေကို ခံယူကြရမည်…” စသဖြင့် အမြဲမပြတ် ဆင်ခြင်အပ်ကြောင်း ဘုရားရှင်က အဘိဏှသုတ်တွင် ဟောကြားထားသည်။ ထိုသို့ ဆင်ခြင်ခြင်းအားဖြင့် မိမိတို့ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ပြုလုပ်သော မကောင်းမှု ဒုစရိုက်တရားများအား လုံးဝမူလည်း ပယ်ဖျောက်နိုင်သည်။  လျော့ပါးခြင်းမူလည်း ဖြစ်စေနိုင်သည်။ (သဗ္ဗသော ဝါ ဒုစရိတံ ပဟီယတိ တနု ဝါ ပန ဟောတိ)

****
မိမိတို့ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ပြုလုပ်သော ဒုစရိုက်တရားများ ခေါင်းပါး, ပပျောက်စေရန် မည်သို့ ကျင့်ကြံရမည်ဟူသော နည်းလမ်းအား ၇-နှစ်သားအရွယ် သားတော်အရှင်ရာဟုလာအား ဟောကြားခဲ့ဖူးပါသည်။

တစ်စုံတစ်ခုသော အမူအား မပြုလုပ်မီဖြစ်စေ, ပြုလုပ်ဆဲဖြစ်စေ, ပြုလုပ်ပြီးဖြစ်စေ “ဤအမှုသည် မိမိအား ထိခိုက်စေနိုင်သလော, သူတစ်ပါးအား ထိခိုက်စေနိုင်သလော, နှစ်ဦးစလုံးအား ထိခိုက်စေနိုင်သလော” ဟု ကြည့်ရှု ဆင်ခြင်ရမည်။ အကယ်၍ “မိမိအား ဖြစ်စေ, သူတစ်ပါးအား ဖြစ်စေ, နှစ်ဦးစလုံးအား ဖြစ်စေ ထိခိုက်စေနိုင်သည့် မကောင်းသော အမှုဖြစ်သည်” ဟု သိပါက မပြုရသေးလျှင် မပြုသင့်။ ပြုဆဲဖြစ်ပါက ရပ်တန့် ရုပ်သိမ်းရမည်။ ပြုပြီးဖြစ်ပါက မိမိသည် ဤအမှုအား ကျုးလွန်မိပါသည်ဟု ဆရာထံဖြစ်စေ, ပညာရှိ သူတော်ကောင်း မိတ်ဆွေတို့ထံ ဖြစ်စေ ဖွင့်ဟဝန်ခံ၍ နောင်တွင် မကျုးလွန်မိစေရန် စောင့်ထိန်းရသည်။ အကယ်၍ မိမိ, သူတစ်ပါးတို့အား မထိခိုက်စေသည့် ကောင်းသော အမှုဖြစ်ပါက မပြုရသေးလျှင် ပြုထိုက်၏။ ပြုဆဲဖြစ်ပါက ဆက်လက် အားထုတ်ရသည်။ ပြုပြီးဖြစ်လျှင် နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်ကာ ထိုကုသိုလ်တရားတို့ နေ့ညမပြတ် ပွားများစေရမည်။ ဤကား အသက် ငယ်ရွယ်သေးသော သားတော်ရာဟုလာ နားလည်စေရန် ရိုးရှင်းစွာ ဟောကြားခဲ့သည့် အမ္ဗလဋ္ဌိကရာလောဝါဒသုတ်၏ အနှစ်ချုပ်ပင် ဖြစ်သည်။

Thursday, June 3, 2010

ကမ္မဿကတ(၂) - ကံ၏ အမွေဆက်ခံခြင်း

ဆက်စပ်ဖတ်ရန် - တာဝန်,  ကမ္မဿကတ (၁)

ကမ္မ (ကံ) ဟူသည် တိုက်ရိုက် အဓိပ္ပါယ်အားဖြင့် “အလုပ်, အမှု” ဟုအဓိပ္ပါယ်ရသည်။ သို့သော် မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒတို့အလိုက် ကံတရားအား နားလည်သော အမြင်များ ပြောင်းလဲနေပါသည်။ ဗုဒ္ဓပွင့်ထွန်းသောကာလတွင် ဗြာဟ္မဏတို့၏ ဝေဒကျမ်းများ၏ လွှမ်းမိုးမှုအရ ကံဟူသည် ယဇ်ပူဇော်ပသခြင်း အမှုကိစ္စများအဖြစ် လက်ခံကြသူများ ရှိသည်။ ဂျိန်းဘာသာ ကိုးကွယ်သူများက ကံဟူသည် မိမိတို့ ပြုခဲ့သမျှ မိမိတို့၏ ဝိညာဉ်တွင် ကပ်ငြိပါလာသော အညစ်အကြေး အဖြစ် ခံယူကြသည်။ အချို့ရုပ်ဝါဒီတို့ကမူ မိမိတို့ ပြုမူသော အပြုအမူများ၏ အကောင်း အဆိုးကို လက်မခံ ပစ်ပယ်ကြသည်။

ဗုဒ္ဓပွင့်ထွန်းလာသည့် ခေတ်ကာလ၌ လူတို့သည် အမျိုးဇာတ်ကို အလွန်ရေးပေးသော ကာလဖြစ်သည်။ ဗြာဟ္မဏမျိုးတွင် ဖွားမြင်သူသည် ဗြာဟ္မဏဖြစ်သည်။ ဒွန်းစဏ္ဍားမျိုးတွင် ဖွားမြင်သူသည် ဒွန်းစဏ္ဍားဖြစ်သည်။ ကုန်သည်မျိုးတွင် ဖွားမြင်သူသည် ကုန်သည်အလုပ်ဖြင့် အသက်မွေးကြသည်။ တနည်းအားဖြင့် မိမိတို့၏ အသက်မွေးမှုနှင့် လူမှုရေးအဆင့်အတန်းသည် မိဘမျိုးရိုးစဉ်ဆက်အား အမွေဆက်ခံရသော ခေတ်ကာလဟု ဆိုနိုင်သည်။ သုတ္တနိပါတ်နှင့် မဇ္ဈိမနိကာယ်မှ ဝါသေဋ္ဌသုတ်တွင် “အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ ဖြစ်ပါသလော, ကံကြောင့် ဗြာဟ္မဏ ဖြစ်ပါသလော” ဟူသည့် အငြင်းပွားနေသော ပြဿနာအား မေးလျှောက်ရာ ဗုဒ္ဓက မြက်သစ်ပင် အမျိုးမျိုး, ငှက် အမျိုးမျိုး, ကုန်းသတ္တဝါ အမျိုးမျိုး, ရေသတ္တဝါ အမျိုးမျိုးတို့၏ အသွင်အပြင်ကွဲပြားခြင်းသည် အမျိုးဇာတ်ကြောင့် ကွဲပြားသည် ဖြစ်၏။ သို့သော် လူအမျိုးမျိုးတို့ ကွဲပြားခြင်းသည်ကား မျက်မှောက်ဘဝတွင် မိမိတို့ ရွေးချယ်ပြုလုပ်သော အလုပ်ပေါ် မူတည်၍ လယ်သမား, ကုန်သည်စသဖြင့် ကွဲပြားခြင်း ဖြစ်၏။ ထိုသို့ သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးအား သိမြင်ခြင်းဖြစ်သည်ဟု ဟောကြားထားပါသည်။

ကဿကော ကမ္မုနာ ဟောတိ၊ သိပ္ပိကော ဟောတိ ကမ္မုနာ။
ဝါဏိဇော ကမ္မုနာ ဟောတိ၊ ပေဿိကော ဟောတိ ကမ္မုနာ။
စောရောပိ ကမ္မုနာ ဟောတိ၊ ယောဓာဇီဝေါပိ ကမ္မုနာ။
ယာဇကော ကမ္မုနာ ဟောတိ၊ ရာဇာပိ ဟောတိ ကမ္မုနာ။
ဧဝမေတံ ယထာဘူတံ၊ ကမ္မံဝိပါကကောဝိဒါ။
ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ။ (မ-၂-၄၆၀၊ မဇ္ဈိမနိကာယ်-မဇ္ဈိမပဏ္ဏာသ-ဗြာဟ္မဏဝဂ်-ဝါသေဋ္ဌသုတ်)

 

အလုပ်ဖြင့် လယ်သမား ဖြစ်၏။ အလုပ်ဖြင့် လက်မှုပညာသည် ဖြစ်၏။
အလုပ်ဖြင့် ကုန်သည် ဖြစ်၏။ အလုပ်ဖြင့် အစေခံ ဖြစ်၏။
အလုပ်ဖြင့် သူခိုး ဖြစ်၏။ အလုပ်ဖြင့် စစ်သား ဖြစ်၏။
အလုပ်ဖြင့် ယဇ်ပူဇော်သူ ဖြစ်၏။ အလုပ်ဖြင့် မင်းဖြစ်၏။
ပဋိစ္စသမုပ္ပါဒ်ကို သိမြင်၍၊ ကံ, ကံ၏ အကျိုး၌ လိမ္မာကုန်သော ပညာရှိသည်
ဤသို့ ဟုတ်တိုင်းမှန်စွာ ကံကို သိ၏။
ဤသုတ်တွင် ကံ၏ အဓိပ္ပါယ်အား အလွန်ရိုးရှင်း၍ အခြေခံကျသော “ပြုလုပ်သော အလုပ်, အမှု” ဟူသည့် မူရင်းအဓိပ္ပါယ်ကို ပြန်လည်ဖော်ထုတ်ကာ ထိုခေတ်၏ ဇာတ်ခွဲခြားမှုစနစ်ကို ဆန့်ကျင်လိုက်ခြင်း ဖြစ်သည်။ လူတို့သည် မိမိတို့ ပြုသောအမှုတို့ကို (ကံတို့ကို) အမွေဆက်ခံကြရသည်ဟု ဟောကြားခဲ့ခြင်း ဖြစ်သည်။

****
ကမ္မဿကာ, မာဏဝ, သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပဋိသရဏာ။ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ - ဟီနပ္ပဏီတတာယာတိ။ (မ-၃-၂၈၉၊ မဇ္ဈိမနိကာယ-ဥပရိပဏ္ဏာသ-ဝိင်္ဘဂဝဂ်-စူဠကမ္မဝိဘင်္ဂသုတ်)
လုလင်… သတ္တဝါတို့သည် မိမိပြုသော ကံ၏ ပိုင်ရှင် ဖြစ်ကုန်၏။ ကံ၏ အမွေခံဖြစ်ကုန်၏။ ကံ အကြောင်းရင်း ရှိကုန်၏။ ကံသည် ဆွေမျိုး ဖြစ်ကုန်၏။ ကံသည် အားကိုးရာ ဖြစ်ကုန်၏။ ကံကြောင့် သတ္တဝါတို့သည် အယုတ် အမြတ် ကွဲပြားကြရသည်။
“ကံ၏ အမွေဆက်ခံကြရသည်” ဆိုရာတွင် မျက်မှောက်ဘဝတွင် မိမိတို့ ရွေးချယ် ပြုလုပ်သော ကံတို့၏ အမွေကို ဆက်ခံကြရခြင်းမျှကိုသာ ဆိုလိုသည်မဟုတ်။ ချမ်းသာသော အမျိုးတွင် ဖွားမြင်ခြင်း, စစ်မက်ဖြစ်ပွားနေသော နိုင်ငံများတွင် မွေးဖွားလာခြင်းတို့သည် (မျက်မှောက်ဘဝတွင်) မိမိတို့ ရွေးချယ်လိုက်ခြင်း မဟုတ်။ ပစ္စုပ္ပန်ကံများ၏ အမွေခံခြင်းလည်း မဟုတ်။ အတိက်ဘဝက ပြုခဲ့သော ကံတို့၏ အမွေဆက်ခံရခြင်း ဖြစ်သည်။ လူချင်း တူပါလျှက် အသက်ရှည်ခြင်း, တိုခြင်း, အနာရောဂါထူခြင်း, ကျန်းမာခြင်းစသဖြင့် အမျိုးမျိုး ကွဲပြားရခြင်း၏ အကြောင်းရင်းကို မေးလျောက်သောအခါ ဘုရားရှင်သည် ကံကြောင့် သတ္တဝါတို့ အယုတ်အမြတ် ကွဲပြားရခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ သူတစ်ပါး အသက်အား သတ်သူသည် သေလွန်သော် အပါယ်ကျရသည်။ အကယ်၍ အပါယ်မကျဘဲ လူအဖြစ်ရောက်ရှိပါကလည်း အသက်တို ရ၏။ ဤသို့ပင် အတိတ်က ပြုလုပ်ခဲ့သော အကောင်းအဆိုး ကံများ၏ အမွေကိုလည်း ခံယူကြသည်။ ထို့ကြောင့် “ကံ၏ အမွေဆက်ခံခြင်း” သည် အတိတ်ကံ အဟောင်းများနှင့် ပစ္စုပ္ပန် ကံ အသစ်များ၏ အမွေကို ဆက်ခံရခြင်းဖြစ်သည်။

အကယ်၍ မျက်မှောက်ဘဝတွင် မိမိတို့ ရွေးချယ် ပြုလုပ်သော ကံများက မိမိတို့၏ ဘဝကို ပြဋ္ဌာန်းနေသည်ဟု ဆိုလျှင် မိမိတို့၏ လုပ်ဆောင်ချက်များအတွက် မျက်နှာသာပေး, မပေးဟူသော အခွင့်အလမ်းများ, အကန့်အသတ်ပြုနေသော အခြေအနေများသည် အတိတ်ကံများ၏ အကျိုးဆက်များ ဖြစ်သည်။ ထို့အတူပင် မိမိတို့၏ ယနေ့ လုပ်ဆောင်ချက်များသည်လည်း အနာဂတ်အတွက် အခြေနေ, အခွင့်အလမ်းများကို ဖန်တီးနေခြင်းပင် ဖြစ်သည်။

Tuesday, June 1, 2010

90/10 Principle


Discover this 90/10 Principle.
It will change your life (or at least the way you react to situations).
—

WHAT IS THIS PRINCIPLE?
10% of life is made up of what happens to you…
90% of life is decided by how you react.
WHAT THAT THIS MEAN?
We really have NO control over the 10% of what happens to us.
The 90% is different.
YOU determine the 90%
HOW?
By your reaction.
You cannot control a red light.
However, you can control your reaction.
Do not let people fool you.
YOU can control how you react.
—o0o—
Let’s see this example:
http://www.youtube.com/watch?v=VcOzSogr9r4&feature=related

You are having breakfast with your family.
Your daughter knocks over a cup of coffee onto your business shirt.
YOU HAVE NO CONTROL over what has just happened.
What happens next will be determined by HOW YOU REACT.
…
You curse.
You harshly scold your daughter for knocking the cup over.
She breaks down in tears.
After scolding her, you turn to your wife and criticize her for placing the cup too close to the edge of the table.
A short verbal battle follows.
You storm upstairs and change your shirt.
Back downstairs, you find your daughter has been too busy crying to finish her breakfast and getting ready to go to school.
She misses the bus.
Your spouse must leave immediately for work.
You rush to the car and drive your daughter to school.
Because you are late,
you drive 40 miles per hour in a 30 mph speed limit zone.
After a 15-minute delay and throwing $60.00 traffic fine away,
you arrive at school.
Your daughter runs into the building without saying goodbye.
After arriving the office 20 minutes late,
you realize your forgot your briefcase.
Your day has started terrible.
As it continues, it seems to get worse and worse.
You look forward to coming home.
When you arrive home, you find a small wedge
in your relationship with your wife and daughter.
Why?
Because of how you reacted in the morning.
-
Why did you have a bad day?
A) Did the coffee cause it?
B) Did your daughter cause it?
C) Did the policeman cause it?
D) Did you cause it?
The answer is: D
-
You had NO CONTROL over what happened with the coffee.
How you reacted in those 5 seconds is what caused your bad day!
>>>
Here is what could have and should have happened.
<<< Coffee splashes over you. Your daughter is about to cry. You gently say: “It’s okay, honey, you just need to be more careful next time.” Grabbing a towel, you go upstairs and change your shirt. You grab your briefcase, and come back down in time to look through the window and see your child getting on the bus. She turns and waves. You arrive 5 minutes early and cheerfully greet the staff. … Notice the difference?
Two different scenarios.
Both started the same.
Both ended different.
WHY? Because of how you reacted.
You really have no control over 10% of what happens in your life. The other 90% was determined by your reaction. . . .
—————————————-
Absolutely everything we do, give, say or even think,
It’s like a Boomerang.
It will come back to us.
If we want to receive, we need to learn to give first…
Maybe we will end with our hands half empty, but our hearts will be filled with love. And those who love life, have that feeling marked in their hearts.

***Fwd email က ရတာကို ထပ်ဆင့်ဝေမျှလိုက်ပါတယ်။