Showing posts with label ဧရာ. Show all posts
Showing posts with label ဧရာ. Show all posts

Saturday, December 25, 2021

A Note on Active Reading/ Learning

တက္ကသိုလ်မှ စာပေသင်ကြားပို့ချမှုနှင့် ပတ်သက်၍ (အမေရိကန် စာရေးဆရာ Mark Twain ပြောဖူးသည့်) စကားတခု ရှိသည်။ “လက်ချာဆိုသည်မှာ ဆရာနှင့် ကျောင်းသားတို့၏ ဦးနှောက်တို့ကို မသုံးလိုက်ရဘဲ ဆရာ၏ စာအုပ်ထဲမှ မှတ်စုများက ကျောင်းသား၏ မှတ်စု စာအုပ်ထဲသို့ ရောက်သွားသည့် ဖြစ်စဉ်တခုဖြစ်သည်” ဟူ၏။ ဤစကားနှင့် ဆက်စပ်၍ မော်တီမာ အက်ဒလာ (Mortimer Adler) က “How to Read a Book: The Art of Getting a Liberal Education” စာအုပ်တွင် ဦးနှောက်မသုံးဘဲ လက်ချာလိုက်ခြင်းနှင့် ဦးနှောက်မသုံးဘဲ စာဖတ်ခြင်းတို့ကို နှိုင်းယှဉ်ပြထားသည်။ စာဖတ်ရာ၊ လက်ချာလိုက်ရာတွင် ဗဟုသုတ အချက်အလက်တို့ ရရုံသာမက နားလည်သဘောပေါက်ရန်လည်း လိုအပ်သည်။ နားလည် သဘောပေါက်ရန် အသိဉာဏ်ပွင့်လင်းရန် အတွက်ဆိုလျှင် စိတ်ကို အလုပ် မပေးဘဲ လက်ချာလိုက်၍ မရ၊ စာဖတ်၍ မရ။
စိတ်ကို အလုပ်ပေးသည့် စာဖတ်နည်းကို ရှင်းပြရန် အက်ဒလာက သူ့စာသင်ခန်းမှ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချသည်။ အက်ဒလာ၏ စာသင်ခန်းအတွင်းမှ ကျောင်းသားတို့အား ဆွေးနွေး မေးမြန်းသွားသည်များမှာ စာအုပ်တအုပ်၊ ဘာသာရပ်တခု၊ အကြောင်းအရာ တမျိုးတည်းအတွက်သာ အသုံးတဲ့သည် မဟုတ်။ အတော်လေး ယေဘုယျကျသည့် ဆွေးနွေးမေးမြန်းချက်များ ဖြစ်နေပါသည်။ ထိုအကြောင်းကို ဖတ်ရင်း အင်္ဂုတ္တရနိကာယ်မှ စာတကြောင်းက အတွေးထဲသို့ ဝင်လာသည်။ 
 
သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်)
ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။
 ပိဋကတ်ပါဠိတော်လာ ဝါကျတစ်ကြောင်း ဖြစ်သည့်အတွက် လောကုတ္တရာတရားကို ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူး ပြောနေရန် မလိုပါ။ သို့သော် ဤနေရာတွင် ယင်းဠိဝါကျ၏ အနက်အဓိပ္ပါယ်နှင့် အက်ဒလာ၏ ဆွေးနွေးမေးမြန်းချက်များကို ဆက်စပ်ကာ လောကီရှုထောင့်မှနေ၍ စာဖတ်နည်း၊ စာပေလေ့လာသင်ယူနည်း လမ်းညွှန်အဖြစ် တင်ပြလိုပါသည်။
တရားနာယူရာ၊ သင်ခန်းစာပို့ချချက်တို့ကို နားထောင်ရာတွင် ဖြစ်စေ၊ စာအုပ် တအုပ်အုပ်ကို ဖတ်ရှုရာတွင် ဖြစ်စေ၊ ပထမအဆင့်အနေဖြင့် ဓမ္မကထိက ဆရာပြောသွားသည့် သို့မဟုတ် စာရေးသူ ရေးသားတင်ပြသည့် အချက်အလက်အကြောင်း အရာများကို ဗဟုသုတအသိအနေဖြင့် ဦးစွာ ရရှိသည်။ သမိုင်းစာအုပ် ဖြစ်လျှင် သမိုင်းဖြစ်ရပ်များ၊ သက္ကရာဇ်နေ့စွဲများကို သိရမည် ဖြစ်သည်။ ဝတ္ထုတအုပ် ဖြစ်လျှင် ဇာတ်လမ်းဇာတ်ကွက်များ၊ ဇာတ်ကောင်များ၊ ဇာတ်ကောင်စရိုက်များ၊ ခေတ်နောက်ခံ ယဉ်ကျေးမှုနှင့် ဇာတ်ကောင်တို့ ပြောဆိုသွားသည့် စကားများကို သိရမည် ဖြစ်သည်။ ယင်းတို့သည် စာတွင် ရေးထားသည့်အတိုင်း သိခြင်း ဖြစ်၍ သဒ္ဒါအနက် (သဒ္ဒတ္ထ) ကို သိခြင်းဟု ခေါ်နိုင်သည်။
 
ထို့နောက် သဒ္ဒါအနက်၌သာ ရပ်မနေဘဲ နာကြား မှတ်သားရသည့် စကား၊ ဖတ်ရှုလေ့လာရသည့် စာ၏ အနက်ကို စူးစမ်းဆင်ခြင်ရသည် (သုတာနုသာရေန အတ္ထူပပရိက္ခာယ)။ စာရေးသူက ဘာကြောင့် ဤသို့ ရေးရသည်၊ ဘာကို ဆိုလိုသည်ကို နားလည်အောင် အားထုတ်ရသည်။ စာမှ တဆင့် စာရေးသူ၏ နှလုံးသားနှင့် စေတနာကို မြင်အောင် ကြည့်ရသည်။ စာရေးသူနှင့် စာဖတ်သူတို့၏ အကြားတွင် စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်ရာ စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် တခါတရံတွင် ထိုစကားလုံးများကပင် စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားများလည်း ဖြစ်နေနိုင်ပါသည်။ ဦးနှောက်ကို အလုပ်ပေး၍ အားထုတ်မှသာ ထိုအတားအဆီးကို ကျော်လွှားပြီး စာ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်သည်။ ထိုသို့ စာရေးသူ၏ ရည်ရွယ်ချက်နှင့် စာ၏ ဆိုလိုရင်း အာဘော်ကို ထုတ်နိုင်သည်ကို အဓိပ္ပါယ်အနက် (အဓိပ္ပါယတ္ထ) ကို သိခြင်းဟု ဆိုနိုင်ပါသည်။ အထက်တွင် ထုတ်ပြခဲ့သော အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “အနက်ကို သိခြင်း (အတ္ထမညာ)” ဟု သုံးနှုန်းထားသည်။
 
အနက်သဘောကို သိမြင်ပြီးနောက် ယင်းထက် ပို၍ အခြေခံကျသည့် အကြောင်းရင်း ဓမ္မ (underlying principles)၊ ဖြစ်မြဲ ဓမ္မတာသဘောတရားတို့ကို စူးစိုက်ဆင်ခြင်ရသည်။ ထိုအခါတွင် သိမြင်လာသည့် ဓမ္မသဘောတို့ အလျောက် အသင့်အတင့် နှလုံးသွင်းလက်ခံနိုင်လာသည် (ဓမ္မာနိဇ္ဈာနံ ခမန္တိ)။ လောကုတ္တရာ ရှုထောင့်မှ ပြောရလျှင် ဓမ္မတာသဘောကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ သဘောတရားကို သိမြင်ခြင်း ဖြစ်သည် (ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ သော ဓမ္မံပဿတိ)။ ပဋိစ္စသမုပ္ပါဒကို သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးကို သိမြင်နားလည်ခြင်း ဖြစ်သည် (ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ)။ ထိုသို့ ပဋိစ္စသမုပ္ပါဒ၊ ကမ္မနိယာမ စသည့် ဓမ္မသဘောတို့ကို သိမြင်နားလည်မှ ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသည်ဟု ဆိုနိုင်ကြောင်း ဝက္ကလိရဟန်းအား မိန့်မှာဖူးသည် (ဓမ္မံ ပဿတိ သော မံ ပဿတိ)။ ထို့ကြောင့် လောကုတ္တရာနယ်အရ အတ္ထကို သိမြင်ခြင်းမှ ကျော်လွန်ကာ ဓမ္မကို သိမြင်သော အဆင့်သည် အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ 
 
လောကီရှုထောင့်အရ ဆိုလျှင်လည်း နိယာမသဘောတို့ကို သိမြင်နားလည်ခြင်းက အလွန်ပင် အရေးပါသည်။ သမိုင်းစာအုပ်ကို ဖတ်သူသည် သမိုင်းနိယာမကို နားလည်သဘောပေါက်၍ သမိုင်းအမြင် ရရှိလာရန် ဖတ်ရှုရသည်။ သိပ္ပံပညာစာပေကို ဖတ်ရှုလေ့လာသူသည် သိပ္ပံနိယာမများကို နားလည် သဘောပေါက်ရန် အားထုတ်ရသည်။ ထိုသမိုင်းနိယာမများ၊ သိပ္ပံနိယာမများကို လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ဆက်စပ် နားလည်နိုင်ရန် ကြိုးပမ်းရသည်။ ဝတ္ထုစာပေ ဖတ်ရှုသူသည် ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ၊ ဇာတ်လမ်းများမှ တဆင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် တကယ့် လူများတွင်လည်း စာထဲတွင်တွေ့ရသည့် လူ့ဘဝ၊ လူ့မနောတို့ ရှိနေသည်ကို သတိပြုမိလာမည် ဖြစ်သည်။ အခြားဖတ်ဖူးသည့် စာများတွင် တွေ့ရသည့် လူ့သဘာဝတို့နှင့်လည်း ဆက်စပ် နားလည်လာသည်။ စာပေမှရသည့် ပတ်ဝန်းကျင်သတိကို အခြေခံကာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အကြောင်းအကျိုးတို့ကို သိမြင်နားလည်လာသည်။ ဤသို့ ပတ်ဝန်းကျင်သတိနှင့် ဘဝအသိအမြင်တို့ ရရှိလာခြင်းကို စာ၏ ဘာဝတ္ထအနက်ကို သိခြင်း (တနည်း) ပန်းတိုင်အနက်ကို သိခြင်းဟု ခေါ်သည်။ အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “ဖြစ်မြဲ ဓမ္မတာ နိယာမသဘောကို သိခြင်း (#ဓမ္မမညာ)” ဟု သုံးနှုန်းထားသည်။
 
လောကသဘော၊ လူ့သဘောကို နားလည်၍ ဘဝအသိအမြင်ရှိသူသည် မိမိလက်ခံထားသည့် အသိအမြင်၊ ယုံကြည်ထားသည့် မူအတိုင်း လိုက်နာကျင့်သုံး နေထိုင်နိုင်ရန် ကြိုးပမ်းရသည်။ C.S. Lewis ပြောဖူးသည့် စကားကို ငှား၍ သုံးရလျှင် လောကတွင် နိယာမသုံးခု ရှိသည်။ လူသားသည် ကမ္ဘာ့ဆွဲငင်အား နိယာမကဲ့သို့ သဘာဝနိယာမများ (natural laws) ကို သက်မဲ့ရုပ်ဝတ္ထုများ နည်းတူ လိုက်နာကြရသည်။ ထို့အတူပင် အခြားသော တိရစ္ဆာန်များ နည်းတူ ဇီဝဗေဒနိယာမများ (biological laws) ကို လိုက်နာကြရသည်။ အကောင်းအဆိုး၊ အမှားအမှန်ကို အခြေခံသည့် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသော ကိုယ်ကျင့်နိယာမများ (moral laws) ကမူ လူသားတို့နှင့်သာ သက်ဆိုင်သည်။ လူသည် ပထမနိယာမ နှစ်မျိုးကို မလိုက်နာဘဲနေရန် ရွေးချယ်ပိုင်ခွင့် မရှိ။ ဥပမာ အမြင့်မှ ပြုတ်ကျသည့် လူတဦးသည် “ငါ ဆက်၍ ပြုတ်ကျရင် ကောင်းမလား၊ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ဟု ရွေးချယ်ပိုင်ခွင့် မရှိ။ သို့သော် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသည့် လူ့သဘာဝနိယာမကိုမူ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မလိုက်နာဘဲ နေချင် နေနိုင်သည်။ 
 
ခရစ်ယာန်တို့က ထာဝရဘုရားရှင် ဖန်ဆင်းထားသည့် လူသားသည် ထိုဘုရားရှင် ချမှတ်ထားသည့် နိယာမတို့ကို လိုက်နာမှသာ ခရစ်ယာန်ပီသမည်ဟု ခံကြယူသည်။ ထို့အတူ ဘာသာမဲ့ လူသားဝါဒီတို့ကလည်း လူသားပီသရန် လူ့ကိုယ်ကျင့်နိယာမများကို လိုက်နာသင့်သည်ဟု ယူဆမည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဗုဒ္ဓဘာသာဝင်ကောင်း တဦးဖြစ်ရန် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသည့် အဆုံးအမကို လိုက်နာရမည် ဖြစ်သည်။ အကယ်၍ မလိုက်နာပါကလည်း ကမ္မနိယာမအရ မိမိတို့ ရွေးချယ်မှု၏ အကျိုးဆက်ကို တချိန်ချိန်တွင် တနည်းနည်းဖြင့် ရင်ဆိုင်ရမည်ဟု လက်ခံယုံကြည်သည်။
ထို့ကြောင့် လူ့သဘာဝနိယာမကို သိမြင်လက်ခံသူ တနည်း ဓမ္မအမြင်ရှိသူသည် ထိုဓမ္မအမြင်နှင့် သင့်တော် လျောက်ပတ်စွာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဤသည်ကိုပင် အထက်တွင်ကိုးကားခဲ့သည့် ပါဠိဝါကျအရ “တရားသဘောနဲ့ အညီကျင့်သုံး နေထိုင်ခြင်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)” ဟုဆိုသည်။ လောကီရှုထောင့်အရ ဆိုလျှင်လည်း မိမိတို့ သိမြင်လက်ခံသည့် လောကအမြင်၊ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်၊ သိပ္ပံအမြင်တို့နှင့် လိုက်လျောညီထွေ ကျင့်သုံးနေရသည်။ ထိုအမြင်တို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ကြိုးပမ်းရသည်။
 
အချုပ်အားဖြင့် ဆိုလျှင် ဆရာ့ မှတ်စုကို လိုက်ကူးရုံ သက်သက် စာပေသင်ယူမှုမျိုး၊ ဇာတ်လမ်းသိရုံ ဗဟုသုတရရုံ စာပေဖတ်ရှုမျိုးမှ တဆင့်တက်လိုပါက စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်လိုသည်။ စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်အတွက် အောက်ပါ မေးခွန်း ၅-မျိုးကို ထုတ်၍ မိမိ၏ စိတ်ကို လှုံ့ဆော်ကာ အလုပ်ပေးနိုင်ပါသည်။
 
  • စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
  • ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
  • မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
  • နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
  • လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)
 
ဧရာ (မန္တလေး)
(၂၇၊ ဇန်နဝါရီ၊ ၂၀၁၈)

သင်ယူလိုစိတ်နှင့် Respectful Mind

“သင်ယူခြင်း” ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက ပညာရေးဒဿန အမျိုးမျိုး အလိုက် ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမယ့် အကြမ်းအားဖြင့် “သင်ယူမှု ဆိုတာ အပြုအမူ, အတွေးအမြင်, အသိဉာဏ်, ပညာတွေ တိုးတက် ဖြစ်‌ပေါ်စေတဲ့ ပြောင်းလဲမှု ဖြစ်စဉ်” လို့ သတ်မှတ်နိုင်ပါတယ်။ 
 
“မိမိရဲ့ အပြုအမူနဲ့ အတွေးအမြင်တွေက အသားကျသွားပြီ, အသိဉာဏ်ပညာတွေကလည်း ဒီထက် ပိုပြီး တိုးတက်လာမှာ မဟုတ်တော့ဘူး” ဆိုတဲ့ ခံယူချက် ယုံကြည်ချက်မျိုးတွေက “သင်ယူခြင်း”ရဲ့ ဆန့်ကျင်ဖက်ဖြစ်လို့ သင်ယူလိုစိတ် ပိတ်ဆို့ရပ်တန့်သွားစေတဲ့ စိတ်ဓာတ် (Fixed Mindset) လို့ ခေါ်ပါတယ်။ မိမိရဲ့ စဉ်းစား, ပြောဆို, ပြုမူပုံတွေကို အကောင်းဖက်ကို ပြောင်းလဲ ယူလို့ ရနိုင်တယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်မျိုးကိုတော့ တိုးတက်တဲ့ စိတ်ဓာတ် (Growth Mindset) လို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ ယုံကြည်ချက် (တနည်း Growth Mindset) နဲ့ သင်ယူလိုစိတ်က “သင်ယူခြင်း” ကို ဖြစ်စေပါတယ်။ 
 
ပိဋကတ်စာပေတွေမှာ “သင်ယူလိုစိတ်” ကို အာဠာဝကသုတ်မှာ “သုဿူသာ” ဆိုတဲ့ ပုဒ်၊ မင်္ဂလသုတ်နဲ့ မေတ္တသုတ်တွေမှာ “သောဝစဿတာ” နဲ့ “သုဝစော” ဆိုတဲ့ ပုဒ်တွေနဲ့ တွေ့နိုင်ပါတယ်။ အလွန်ခက်ထန်ကြမ်းတဲ့ ဘီလူးကြီး အာဠာဝက အဖြစ်ကနေ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ရာမှာ စံတင်ရတဲ့ အာဠာဝက အဖြစ် တိုးတက်ပြောင်းလဲစေခဲ့တဲ့ spiritual transformation ကိုလည်း သင်ယူမှု ဖြစ်စဉ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ အာဠာဝကဘီလူး မေးလျှောက်တဲ့ ပုစ္ဆာတွေထဲမှာ “ပညာကို ဘယ်လို ရနိုင်သလဲ” ဆိုတဲ့ မေးခွန်းတစ်ခု ပါတယ်။ မြတ်စွာဘုရားက ပညာရကြောင်း လေးပါးကို ဟောထားပါတယ်။ 
 
(၁) တရားတော်အပေါ်မှာ ယုံကြည်ခြင်း (သဒ္ဓါ)
(၂) တရားတော်ကို နာကြားသင်ယူလိုစိတ် ရှိခြင်း (သုဿူသာ)
(၃) မမေ့မလျော့သော သတိဖြင့် အားထုတ်ခြင်း (အပ္ပမာဒ)
(၃) အမှားအမှန်ကို စူးစမ်း စိစစ် ဆင်ခြင်း (ဝိစက္ခဏာ) 
 
ဒီအမေးအဖြေတွေက လောကုတ္တရာ နိဗ္ဗာန်ကို ရည်ညွှန်းတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒါပေမယ့် ယေဘုယျသဘောနဲ့ လောကီရှုထောင့်က ပညာရကြောင်းကို ကြည့်ရင်လည်း ဒီအချက်လေးချက်က အရေးပါတယ် ဆိုတာ သိနိုင်ပါတယ်။
 
မင်္ဂလသုတ်မှာလာတဲ့ ‘သောဝစဿတာ’ ဆိုတဲ့ ဝေါဟာရကို ‘ဆိုဆုံးမလွယ်ခြင်း’ လို့ မြန်မာပြန်လေ့ ရှိပါတယ်။ ဒါကို အချို့က obedience လို့ ဘာသာပြန်လိုက်ကြပါတယ်။ မမှားပေမယ့် အဓိပ္ပါယ် ပြည့်စုံမှုတော့ မရှိပါဘူး။ “အမိန့်နာခံမှု, ဆိုဆုံးမမှုကို နာခံမှု” ဆိုတာတွေက အထက်အောက် ဆက်ဆံရေးသဘော ဆန်ပါတယ်။ ကိုယ့်အထက်က လူကပြောဆိုတာကို နာခံတယ်ဆိုတာက ကြောက်လို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ တန်းတူက ပြောဆိုတာကို လက်ခံနားထောင်တာကလည်း နားမထောင်ရင် ကိုယ့်ကို ဝေဖန်အပြစ်တင်လာမှာ စိုးလို့လည်း ဖြစ်နိုင်ပါတယ် (သရဘင်္ဂဇာတ်၊ ဇာတက အမှတ် ၅၂၂)။ ကိုယ်ထက်သာသူ, တန်းတူသာမက ကိုယ်အောက်လူရဲ့ ဆုံးမ, ဝေဖန်, အကြံပေး, ထောက်ပြတာတွေကို တလေးတစား နာယူလိုစိတ်မျိုးကို ‘သောဝစဿတာ’ လို့ ခေါ်ပါတယ်။ တခါတုန်းက အရှင်သာရိပုတ္တရာ မထေရ်ကြီးက သင်္ကန်းရုံတာ အဝန်းမညီဘဲ ဖြစ်နေတဲ့ အခါ ကိုရင်လေး တစ်ပါးက သတိပေးဖူးတယ်။ အဲဒီအခါမှာ တလေးတစားနဲ့ သင်္ကန်းကို ပြန်ဝတ်ရုံပြီး ကိုရင်လေးကို ညီမညီ ပြန်မေးတယ်။
 
“ခုနှစ်သားအရွယ် ရှင်ဖြစ်စ သာမဏေလေးက ငါ့ကို ဆိုဆုံးမငြားအံ့၊ ငါသည် ထိုအဆုံးအမကို ဦးထိပ်ဖြင့် ခံယူပါ၏။ ထိုသမဏေကို မြင်လျှင် ထက်သန်သော ဆန္ဒ, ချစ်ခင်မြတ်နိုးခြင်းတို့ဖြင့် အကြိမ်ကြိမ် အရိုအသေပြု၍ ဆရာအရာ ထားပါအံ့” (မိလိန္ဒပဉှာ. ၆.၄.၈၊ ‌ဂေါရူပင်္ဂပဉှာ) လို့ အရှင်သာရိပုတ္တရာက မိန့်သတဲ့။
 
‘သောဝစဿတာ’ ဆိုတာက ‘အမိန့်နာခံမှုမျိုး (obedience)’ မဟုတ်ဘဲ၊ အရှင်သာရိပုတ္တရာမထေရ်လို မိမိကို ဝေဖန် အကြံပေးလာတဲ့ စကားကို တလေးတစား နာယူပြုပြင်လိုတဲ့ စိတ်ထားမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ‘သောဝစဿတာ’ ကို being amenable to advice, being open to criticism စသဖြင့် ဘာသာပြန်ကြပါတယ်။ 
 
မင်္ဂလသုတ်အရ ‘သောဝစဿတာ’ က သူ့ရှေ့က ရိုသေလေးစားမှု (ဂါရဝ), မိမိကိုယ်ကို နိမ့်ချမှု (နိဝါတ), သည်းခံမှု (ခန္တီ) ဆိုတဲ့ တရားတွေနဲ့ နီးနီးစပ်စပ် ဆက်စပ်နေပါတယ်။ ကြောက်လို့ ဖြစ်စေ, လာဘ်လာဘကြောင့် ဖြစ်စေ အမိန့်နာခံတာ, ချိုချိုသာသာ နားထောင်တာတွေက ‘သောဝစဿတာ’ အစစ် မဟုတ်ပါဘူး။ ဆရာအပေါ်မှာ ရိုသေလေးစားမှု (သတ္ထုဂါရဝ) အထူးသဖြင့် တရားအပေါ်မှာ ရိုသေလေးစားမှု (ဓမ္မဂါရဝ) ကို အခြေခံမှ ‘သောဝစဿတာ’ အစစ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “တရားကို ရိုသေလေးစား, မြတ်နိုး ပူဇော်မှုပြုပြီး ‘သောဝစဿတာ’ ဖြစ်အောင် ကျင့်ရမယ်” လို့ ကကစူပမာသုတ် (မ.၁.၂၂၆) မှာ ဟောထားပါတယ်။ 
 
“ဗဟုဉာဏ်စွမ်းရည် သဘောတရား” (Multiple Intelligence Theory) ကို ဖော်ထုတ်ခဲ့သူ အဖြစ် ပညာရေးနယ်ပယ်မှာ ထင်ရှားတဲ့ Howard Gardner က "အနာဂတ်အတွက် နှလုံးရည်ငါးသွယ်" (Five Minds for Future) ဆိုတဲ့ စာအုပ်မှာ မတူညီတဲ့ ပညာရပ် နယ်ပယ်, မတူညီတဲ့ နောက်ခံအခြေအနေတွေရှိတဲ့ အခြားသူတွေရဲ့ အတွေးအမြင်တွေကို လေးစားတန်ဖိုးထားတတ်တဲ့ Respectful Mind က လူ့ဘဝမှာ အရေးပါတဲ့၊ အထူးသဖြင့် အနာဂတ်ပညာရေးအတွက် အရေးပါတဲ့ အရည်အချင်းတခု ဖြစ်ကြောင်းရေးခဲ့ပါတယ်။ 
 
Respectful Mind ကိုသာ လေ့ကျင့် မထားခဲ့ရင် မိမိကိုယ်ကို အထင်ကြီးတဲ့ ‘မာန’, ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ခေါင်းမာတဲ့ ‘ထမ္ဘ’, တဖက်သားရဲ့ အတွေးအမြင်နဲ့ အကြံဉာဏ်တွေကို အလွယ်တကူ ဝေဖန် ရှုတ်ချတတ်တဲ့ ‘သာရမ္ဘ’ ဆိုတဲ့ စိတ်ထားတွေကြောင့် ပညာရဖို့ အတွက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာကို လေးစားမှု (သတ္တုဂါရဝ), အမှန်တရားကို လေးစားမှု (ဓမ္မဂါရဝ), မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ သင်ယူလေ့ကျင့်မှုအပါ်လေးစားမှု (သိက္ခာဂါရဝ) ဆိုတဲ့ ဂါရဝတရားတွေနဲ့ ‘သောဝစဿတာ’ တရားကို မဆုတ်ယုတ်ကြောင်းတရား (အပရိဟာနိယဓမ္မ) အဖြစ် သုတ္တန်ဒေသနာတွေမှာ ဟောထားပါတယ် (အံ.၆.၂၂၊ အပရိဟာနိယသုတ်။ အံ.၇.၃၄၊ ပဌမသောဝစဿတာသုတ်)။ 
 
တနည်းပြောရင် Respectful Mind, openness to criticism, desire to learn ဆိုတာတွေက Growth Mindset အတွက် လိုအပ်တဲ့ အခြေခံ စိတ်ထားတွေပါပဲ။

သင်ယူလိုစိတ်နှင့် Growth Mindset

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေပြောတဲ့အခါမှာ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာကို မကြာခဏ ထည့်ပြောလေ့ရှိတာကို သတိထားမိတယ်။ ပညာရေး ဆိုမှတော့ သင်ယူလိုစိတ်က အရေးကြီးမှာပေါ့လို့ ခပ်ပေါ့ပေါ့ သဘောထားကောင်း ထားမိနိုင်ပါတယ်။ တကယ်တော့ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာက ကျောင်းပညာရေးမှ မဟုတ်ပါဘူး ဘဝတစ်လျှောက်လုံးအတွက် အောင်မြင်မှု-ကျရှုံးမှုတွေမှာ အ‌‌‌ရေးပါတဲ့ အချက်တခု ဖြစ်နေပါတယ်။ 
 
ကျွန်တော်က ကမ္ဘာကြီးကို အားနည်းသူနဲ့ အားကြီးသူ, အောင်မြင်သူနဲ့ ကျရှုံးသူ ... ဆိုပြီး မခွဲပါဘူး။ သင်ယူသူနဲ့ သင်ယူခြင်းမရှိသူလို့ပဲ ခွဲခြားပါတယ်” လို့ ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးပညာရှင် Benjamin Barber ကလည်း ပြောခဲ့ဖူးပါတယ်။ 
 
တကယ်တော့ လူတိုင်းက သင်ယူလိုစိတ် အပြည့်နဲ့ မွေးလာကြတာပါ။ လမ်းလျှောက်တတ်ဖို့ စကားပြောတတ်ဖို့ သင်ယူရတယ်ဆိုတာ လွယ်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး သင်ယူရသမျှတွေထဲမှာ အခက်ခဲ ဆုံးသင်ယူမှုတွေပါ။ ဒါပေမယ့် ခက်လွန်းတယ်ဆိုပြီး လက်လျှော့လိုက်ဖို့ ကလေးတွေက စိတ်မကူးခဲ့ကြဘူး။ မှားသွားမှာ, အရှက်ရမှာကိုလည်း မစိုးရိမ်ကြဘူး။ လဲသွားရင် ပြန်ထကြတယ်။ ဒီလိုနဲ့ အခက်ခဲဆုံး ဆိုတဲ့ ကိစ္စတွေကို အားတက်သရော အောင်အောင်မြင်မြင် သင်ယူခဲ့ကြတယ်။ 
 
ဒါဆိုရင် ဒီလောက် ထက်သန် ပြင်းပြတဲ့ သင်ယူလိုစိတ်တွေ ရပ်ဆိုင်းသွားတာ ဘာကြောင့်ပါလဲ။ ကလေးတွေက သူတို့ကိုယ် သူတို့ ဝေဖန်အကဲဖြတ်နိုင်လာတာနဲ့အမျှ အချို့ကလေးတွေက စွန့်စားရမှာ, အမှားလုပ်မိမှာကို ကြောက်လာတယ်။ တော်တယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့လည်း သူတို့ကို မတော်ဘူးလို့ အထင်ခံရမှာ, အဝေဖန်ခံရမှာကို ကြောက်ပြီး သင်ယူနိုင်မယ့် အခွင့်အရေး အချို့ကို လက်လွှတ်လိုက်ကြတယ်။ ဉာဏ်ထိုင်းတယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့ကလည်း သူတို့ကိုယ်သူတို့ ဉာဏ်မမီဘူး, သင်ယူနိုင်စွမ်းမရှိဘူး လို့ သတ်မှတ်ပြီး သင်ယူမှုအချို့ကို လက်လျှော့လိုက်ကြတယ်။ ဒီလို ‘သင်ယူလိုစိတ်’ ကို ပိတ်ပင်တားမြစ်လိုက်တဲ့ စိတ်ဓာတ်မျိုးကို Fixed Mindset လို့ စတန်းဖို့ဒ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ Carol Dweck က Mindset: The New Psychology of Success ဆိုတဲ့ စာအုပ်မှာ ရေးထားတယ်။ ကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး, စွမ်းဆောင်ရည်နဲ့ လုပ်ငန်းကျွမ်းမှု ဆိုတာတွေက ပုံသေ မဟုတ်ဘူး၊ ကြိုးစား သင်ယူနေရင် တိုးတက်လာမယ်လို့ ခံယူတဲ့ စိတ်ဓာတ်မျိုးကိုတော့ Growth Mindset လို့ ခွဲခြားပြထားတယ်။ 
 
‘သင်ယူလိုစိတ်’ ကို အားနည်းစေတဲ့ Fixed Mindset ဝင်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်, မိဘနဲ့ ဆရာဆရာမတွေရဲ့ လွဲချော်နေတဲ့ သွန်သင်ဆုံးမမှုတွေက အဓိကပါဝင်ပါတယ်။ ကလေးတွေကို အကဲဖြတ်တဲ့အခါ ဝေဖန်ချီးမွမ်းတဲ့အခါမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အခြေမခံဘဲ၊ “လူတော်, လူညံ့” စသဖြင့် တံဆပ်ကပ်ပြီး ဝေဖန် ချီးမွမ်းတာမျိုးက ကလေးတွေရဲ့ သင်ယူလိုစိတ်ကို အားနည်းစေပါတယ်။ မိဘတွေနဲ့ ဆရာဆရာမတွေ သတိပြုမိဖို့ပါ။ 
 
ဒါပေမယ့် မိဘရင်ခွင်နဲ့ ကျောင်းစာသင်ခန်းတွေက ထွက်လာတဲ့ အချိန်မှာလည်း၊ ဒီလို တံဆိပ်ကပ်မှုမျိုးတွေကို ကြုံနေကြရဦးမှာပါ။ ကိုယ်တိုင်က ဒီသတ်မှတ်ချက်ကို လက်ခံမွေးယူလိုက်တာမျိုး မလုပ်မိဖို့ လိုပါတယ်။ စဉ်ဆက်မပြတ် ကြိုးစားသင်ယူနေရင် ကိုယ့်ရဲ့ အရည်အချင်းတွေက တိုးတက်လာနိုင်တယ်၊ အရှုံးကို ရင်ဆိုင်ရတဲ့ အခါမှာလည်း စိတ်ဓာတ် မကျဘဲ အရှုံးထဲကနေ သင်ခန်းစာယူမယ်၊ ကိုယ်ရဲ့ အားနည်းချက်, အားသာချက်ကို ပိုင်းခြားနိုင်သလို ကိုယ်အားသာတဲ့ နယ်လေးထဲမှာပဲ ကျင်လည်မနေဘဲ၊ ကိုယ့်ရဲ အားနည်းချက်တွေကို ပြုပြင်ယူမယ် စတဲ့ သင်ယူလိုစိတ် အပြည့်ရှိတဲ့ တိုးတက်တဲ့ စိတ်ဓာတ် Growth Mindset ကို တသက်တာ ပြုစုပျိုးထောင်နေရမှာပါ။ 
 
P.S. 
၁။ အာဠာဝက မေးတဲ့ ပုစ္ဆာ အဖြေထဲက ‘သင်ယူလိုစိတ်’ အကြောင်းကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးရင်း Carol Dweck ပြောတဲ့ Growth Mindset အကြောင်းကို စိတ်ထဲပေါ်လာလို့ အရင် ချရေးဖြစ်ပါတယ်။ နောက်မှပဲ အာဠာဝကသုတ် အပါအဝင် သုတ္တန်တွေက ပြောတဲ့ “သင်ယူလိုစိတ်” အကြောင်းကို ဆက်ရေးပါမယ်။ 
၂။ အခုတလော ရေးဖြစ်နေတဲ့ နိယတိဝါဒ (determinism) နဲ့ ဆက်စပ်ပြောရရင် ဘဝဆိုတာက မွေးကတည်းက ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်လို့ ပြုပြင်လို့ မရနိုင်တော့ဘူး ဆိုတဲ့ ခံယူချက်မျိုးက Carol Dweck ပြောတဲ့ Fixed Mindset မျိုး ပါပဲ။

Saturday, August 1, 2020

ကမ္မဿကတာ

ဗုဒ္ဓဘာသာလို့ ဆိုရင် အနည်းဆုံး ကံ-ကံ၏အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိ လောက်တော့ ရှိကြရပါတယ်။ ဒါပေမယ့် တခါတလေမှာ ကံ-ကံ၏အကျိုးကို ယုံကြည်တယ် ဆိုပေမယ့် ကမ္မဿကတ အမြင်ကနေ ချော်နေတတ်တာမျိုးတွေလည်း ရှိတယ်။

အောက်မှာ ပြောတဲ့ စကားမျိုးတွေကို ကြားဖူးကြမှာပါ (အများစုက ဝတ္ထုနဲ့ ရုပ်ရှင်တွေ ထဲကပါ)။ ဘယ်အယူအဆက ကမ္မဿကတအမြင်နဲ့ လျော်ညီတယ်၊ ဘယ်အယူအဆကတော့ ချော်နေတယ်လို့ ထင်ပါသလဲ။


1. လူ့ဘဝဆိုတာ ရေးထားပြီးသား စာအုပ်တစ်အုပ်လိုပဲ။ ဘာတွေ ဖြစ်မယ်ဆိုတာက ရေးထားနှင့်ပြီးသား။

2. ဘဝဆိုတာက ဇာတ်ဆရာ အလိုကျ ကရတဲ့ ရုပ်သေး တစ်ရုပ်လိုပါပဲ။

3. ဘဝဆိုတာက လောင်းကစားပွဲ တစ်ခုလိုပဲ… ထွက်ချင်တဲ့ ဂဏန်းထွက်မှာပါ။ ထွက်လာတော့မှသာ ဟိုဟာ… ဒီဟာ အကြောင်းပြ ကြရတာ။

4. ဘဝမှာ ကောင်းတာဖြစ်ဖြစ်, ဆိုးတာဖြစ်ဖြစ် ဘုရားသခင် အလိုတော်အတိုင်း ဖြစ်ရတာပဲလို့ ဖြေသိမ့်ရတယ်။

5. မင်းဟာ မင်းဘယ်လောက် လုပ်လုပ်… သူဖြစ်ချင်မှ ဖြစ်မှာ။ ဘာမှ အစိုးရတာမှ မဟုတ်ဘူး။

6. သေနေ့စေ့နေတော့ ဘယ်လောက်ပဲ ဆေးတွေ ကုကု၊ ယတြာတွေ လုပ်လုပ်၊ ဘယ်ရပါ့မလဲ …။

7. သူ့ဆန် စားမှတော့ ရဲရတော့ မပေါ့။ ကျုပ်က လုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး ... တာဝန်ယူထားလို့ လုပ်ရတာပါ။

8. ခေတ်ကြီးကိုက ဆုတ်ကပ်။ လုပ်နေလို့ကော ဘာများ အကျိုးထူးဦးမှာလဲ…။

9. ကောင်းတယ် ဆိုးတယ်ဆိုတာက ပညတ်ချက်တွေ။ လူဘဝဆိုတာက တိုတိုလေး၊ နေရတုန်း ပျော်အောင်သာနေ ...။

10. မေမေ ပြောခဲ့ဖူးတာ မှန်နေမလား… လူတိုင်းမှာ ကြမ္မာဆိုတာ ရှိတယ်တဲ့။ ဒါမှမဟုတ် လက်ဖ်တင်နင် ဒန် ပြောခဲ့သလို ဘဝဆိုတာ ကြုံသလို လေနှင်ရာ လွင့်မြောနေတာပဲလား ... ။

11. မေမေ ပြောဖူးတယ် … ဘဝဆိုတာ ချောကလက်ဗူးလိုပဲတဲ့… ကိုယ်ဘာရမယ်ဆိုတာ ကိုယ်မှ မသိနိုင်တာ..။





ကံ-ကံ၏အကျိုး ဆိုတာက “ထုံးအိုးထဲ လက်နှိုက်ရင် ဖြူသွားတာလို” မြင်သာတဲ့ ကိစ္စမျိုး မဟုတ်တော့၊ ဒီလို ယုံကြည်ယူဆချက်တွေက မြတ်စွာဘုရား တကယ် နားလည်လက်ခံစေချင်တဲ့ ကမ္မဿကတာ အမြင်မျိုး ဟုတ်-မဟုတ် ဆိုတာ ပြောဖို့ ခက်နေမှာပါ။

‘ကမ္မ’ ဆိုတာ ‘ကောင်းဆိုး အမှုတွေကို တွေးကြံ-ပြောဆို-လုပ်ဆောင်တာ’ ကို ဆိုလိုပါတယ်။ ‘သက’ ဆိုတာကတော့ ‘ကိုယ်ပိုင်ဥစ္စာ’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ ‘ကမ္မဿကတာ’ ဆိုတာ မိမိရဲ့ ‘အတွေးအကြံ-အပြောအဆို-အပြုအမူ’ လုပ်ဆောင်ချက်တွေကို မိမိ ပိုင်တယ်ဆိုတဲ့ အမြင်ပါပဲ။ တနည်းပြောရရင် ‘ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကိုယ်တာဝန်ယူရမယ်’ ဆိုတဲ့ အသိပါပဲ။ လောကမှာ တာဝန်ရှောင်တဲ့ အတွေးအမြင်, အယူအဆတွေ အများကြီး ရှိပါတယ်။ ဒါတွေကို ကမ္မဿကတသမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်တဲ့ အမြင်တွေလို့ ဆိုနိုင်ပါတယ်။

တကယ်လို့ ဒီလို တာဝန် ရှောင်တဲ့ အမြင်တွေကို သဘောကျ လက်ခံနေမယ် ဆိုရင် -

ကိုယ် လုပ်သင့်တာတွေကို လုပ်ဖို့၊ မလုပ်သင့်တာတွေကို ရှောင်ကြဉ်ဖို့အတွက် ဆန္ဒနဲ့ ကြိုစားအားထုတ်မှုတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာက လုပ်သင့်တဲ့ အလုပ်, ဘာက မလုပ်သင့်တဲ့ အလုပ်လို့လည်း မှန်မှန်ကန်ကန် သိမှာ မဟုတ်တော့သလို သတိနဲ့ စောင့်ထိန်းမှာလည်း မဟုတ်တော့ဘူး...  (... န ဟောတိ ဆန္ဒေါ ဝါ ဝါယာမော ဝါ ဣဒံ ဝါ ကရဏီယံ ဣဒံ ဝါ အကရဏီယန္တိ။ ဣတိ ကရဏီယာကရဏီယေ ခေါ ပန သစ္စတော ထေတတော အနုပလဗ္ဘိယမာနေ မုဋ္ဌဿတီနံ အနာရက္ခါနံ ဝိဟရတံ ...)” လို့ တိတ္ထာယတနသုတ်မှာ (အံ.၃.၆၂) ရှင်းရှင်းလင်းလင်း ဟောထားပါတယ်။


‘တိတ္ထာယတန’ ဆိုတဲ့ အမည်က သာသနာပ တိတ္ထိယ တွေရဲ့ မြစ်ဖျားခံရာ စုဝေးရာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီသုတ်မှာ ဣဿရနိမ္မိတဝါဒ, ပုဗ္ဗေကတဟေတုဝါဒနဲ့ အဟေတုကဝါဒ သုံးမျိုးကို ‘တိတ္ထာယတန’ အဖြစ်သတ်မှတ်ပြီး၊ တာဝန်ရှောင်တဲ့ ဝါဒတွေ ဖြစ်လို့ ငြင်းပယ်ပါတယ်။ ၅၅၀-ဇာတ်တော်ထဲက အမှတ် ၅၂၈ မဟာဗောဓိဇာတ်မှာတော့ ဒီဝါဒသုံးမျိုး အပြင် ဥစ္ဆေဒဝါဒနဲ့ ခတ္တဝိဇ္ဇာဝါဒ နှစ်မျိုးကို ထည့်ပြီး ငြင်းပယ်ထားပါတယ်။


နိယတိဝါဒ / ဣဿရနိမ္မိတဝါဒ

လူ့ဘဝဆိုတာ ရေးပြီးသား စာအုပ် တစ်အုပ်လိုပဲ ဘယ်သူနဲ့ ဖူးစာဆုံမယ်, ဘယ်အရွယ်မှာ ဘာဖြစ်မယ်, ဘယ်တော့ သေမယ် စသဖြင့် ဖြစ်ပျက်သမျှတွေက ကြိုတင်သတ်မှတ်ထားပြီးသား ဆိုတဲ့ အမြင်မျိုးကို ဒဿနမှာ Determinism လို့ ခေါ်ပါတယ်။ မူလသတ်မှတ်ချက် (နိယတိ - Destiny) လို့ လည်းခေါ်တယ်။ လူသားရဲ့ ကြမ္မာကို တန်ခိုးရှင် နတ်ဒေဝါတွေ, ဖန်ဆင်းရှင်တွေက အဆုံးအဖြတ်ပေးတယ်လို့ ယူဆတဲ့ အတွက် ဣဿရနိမ္မိတဝါဒ လို့လည်း ခေါ်ပါတယ်။ နတ်တွေ, ဝိဇ္ဇာတွေ, အထက်ပုဂ္ဂိုလ်တွေရဲ့ စောင်မမှုကို မျှော်လင့်နေတတ်တဲ့ အယူအစွဲတွေကလည်း ဣဿရနိမ္မိတဝါဒရဲ့ အစွယ်အပွားတွေပါပဲ။ အရာရာဟာ ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်နေမယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေက အချည်းအနှီး ဖြစ်နေပါလိမ့်မယ်။ တနည်းအားဖြင့်လည်း ကိုယ်တိုင် ကြိုးစားအားထုတ်မှုထက် နတ်ဒေဝါတွေရဲ့ မှိုင်းမမှုကိုပဲ တောင်းခံ စောင့်စားနေကြပါလိမ့်မယ်။


ပုဗ္ဗေကတဟေတုဒိဋ္ဌိ

အချို့ကတော့လည်း ဖြစ်သမျှကို ရှေးအတိတ်ကံကိုပဲ ပုံချတတ်ကြပါတယ်။ ဘဝဆိုတာ ဝဋ်ကြွေးတွေဆပ်နေရတာ၊ ဖြစ်သမျှကို ခါးစည်းပြီးခံရမယ်လို့ ယူဆတတ်ကြတယ်။ ဒီလို ကံကြွေးဆပ်ပြီး ဝဋ်ကို ကုန်စေ, သန့်စင်စေတယ် ဆိုတာမျိုးက ဘုရားအလိုတော်ကျ ကမ္မဝါဒထက် (နိဂဏ္ဍတွေရဲ့) ဂျိန်းဝါဒနဲ့ ပိုနီးစပ်ပါတယ်။ အရာရာကို ရှေးကပြုခဲ့တဲ့ အကြောင်းကံတွေကြောင့်လို့ ပုံချတဲ့ ဝါဒကို ဗုဒ္ဓဘာသာမှာ ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ သတ်မှတ်ပါတယ်။ ရောဂါ တစ်ခုရလာတယ်ဆိုရင် ဒါဟာ ရှေးကံကြောင့် ဖြစ်နိုင်သလို၊ လေ-သလိပ်-သည်းခြေ ဖောက်ပြန်တာ, ရာသီဥတု ဖောက်ပြန်တာ, ထိခိုက် ဒဏ်ရာရတာ စသဖြင့် အကြောင်းတရား အမျိုးမျိုး ရှိနေနိုင်တာကြောင့် အတိတ်ကံကိုချည်း ပုံချလို့ မရပါဘူး။


အဟေတုကဝါဒ

အချို့ကတော့လည်း လူ့ဘဝဆိုတာ ကြိုတင်ပြဋ္ဌာန်ထားတာမျိုး မဟုတ်ဘူး။ အကြောင်းရင်းမြစ် မရှိဘဲ ကြုံကြိုက်တိုက်ဆိုင်မှု (သင်္ဂတိ - accidental occurrence) တွေသာ ဖြစ်တယ်လို့ ယူဆကြတယ်။ အရာရာဟာ သူ့သဘာဝအလျောက် ကြုံရာကြပမ်းဖြစ်နေမယ် ဆိုရင် ကောင်းမှုတွေကို ကြိုစားအားထုတ်နေလည်း အပိုပဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းမဲ့ ဖြစ်တယ်ဆိုတဲ့ အဟေတုကဝါဒ (တနည်း အဓိစ္စသမုပ္ပန္နဝါဒ) ကို မြတ်စွာဘုရားက ငြင်းပယ်ပြီး၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒတရားကို ဟောပါတယ်။


အကိရိယဝါဒ

ကောင်းခြင်း, ဆိုးခြင်းဆိုတာတွေက ကာလ, ဒေသ, အခြေအနေပေါ် လိုက်ပြီး သတ်မှတ်ထားတဲ့ ပညတ်ချက်တွေသာ ဖြစ်တယ်၊ သူ့ဖက်က ကြည့်ရင် မှန်ပေမယ့် ကိုယ်ဖက်က ကြည့်ရင် မှားနေနိုင်တယ် စသဖြင့် ယူဆတဲ့ ပညတ်ဂိုဏ်းသား (moral relativists) တွေကလည်း ကောင်းဆိုး အကုသိုလ်တွေကို ငြင်းပယ်ရာ ရောက်ပါတယ်။ အချို့ ပရမတ်လွန်သမားတွေကလည်း ပရမတ်တရားတွေကသာ အစစ်မှန် ဖြစ်တယ်၊ လူ, တိရစ္ဆာန်, မိဘ, သားသမီးဆိုတာတွေ မရှိဘူးလို့ သမုတိသစ္စာကို ငြင်းပယ်ပြီး “လူသတ်တယ်၊ အရက်သောက်တယ် ဆိုတာ မရှိဘူးလို့ ယူဆကြပြန်တယ်။ ဒီလို အယူအဆတွေက ကောင်းမှု, မကောင်းမှုကံတွေကို ပစ်ပယ်ရာရောက်ပြီး ဒါန ပြုတာ, သီလ ဆောက်တည်တာတွေက အဓိပ္ပါယ် မရှိဘူးလို့ ယူဆတဲ့အတွက် အကိရိယဝါဒလို့ ခေါ်ပါတယ်။


ဥစ္ဆေဒဝါဒ

တချို့ ရုပ်ဝါဒီ, မျက်မှောက်ဝါဒီတွေကတော့ “လူဆိုတာ ရုပ်တရားတွေနဲ့ ဖွဲ့စည်းထားတာ။ သေလို့ ရှိရင် ခန္ဓာကိုယ်က ပျက်စီးပြီး မြေကြီး ဖြစ်သွားမယ်, မော်လီကျူးတွေ, အက်တမ်တွေ ပြန်ဖြစ်ပြီး အဆုံးသတ်သွားမယ်။ တမလွန် လောက ဆိုတာ မရှိဘူး, အတိတ်ဘဝ ဆိုတာ မရှိဘူး, ငရဲ မရှိဘူး, နတ်ပြည် မရှိဘူး။ ကောင်းကျိုးဆိုးကျိုးတွေကို မျက်မှောက်ဘဝမှာသာ ခံစားရတယ်” လို့ ယူဆကြတယ်။ ဒီလို တမလွန်ကို ငြင်းပယ်တဲ့ ပြတ်စဲအယူဝါဒကို ဥစ္ဆေဒဝါဒ လို့ခေါ်တယ်။ ကုသိုလ်-အကုသိုလ် ကံတွေရဲ့ အကျိုးကို ပစ်ပယ်တဲ့ အတွက် နတ္ထိကဝါဒလို့ လည်းခေါ်ပါတယ်။


ခတ္တဝိဇ္ဇာဝါဒ


အချို့ကတော့လည်း ကိုယ့်အတွက် အကျိုးရှိမယ့် ကိစ္စဆိုရင် ဘာလုပ်လုပ် တရားတယ်လို့ ယူဆကြတယ်။ ကိုယ့်ရဲ့ ဩဇာအာဏာ ကြီးပွားရေးအတွက် ဆိုရင် မိဘ, သားမယားကိုတောင် သတ်သင့် သတ်ရမယ်၊ ဘယ်လို လုပ်တယ်ဆိုတဲ့ လုပ်ရပ်က အရေးမကြီးဘူး၊ ခရီးရောက်ဖို့ အလုပ်ဖြစ်ဖို့က ပိုပြီး ပဓာနကျတယ် (The end justifies the mean) လို့ ယူဆကြတယ်။ ဒီလိုအယူအဆမျိုးကို မဟာဗောဓိဇာတ်မှာ ခတ္တဝိဇ္ဇာဝါဒလို့ အမည်ပေးပြီး ကမ္မဝါဒရဲ့ ဆန့်ကျင်ဖက် စာရင်းမှာ ထည့်ပြထားတယ်။ ခတ္တဝိဇ္ဇာဆိုတာ မင်းသားတွေကို ဆုံးမတဲ့ ရာဇနီတိ ကျမ်းမျိုးတွေကို ခေါ်တာပါ။ The Prince လို့ အမည်ရတဲ့ ကျမ်းကို ရေးခဲ့တဲ့ Machiavelli ရဲ့ ဝါဒမျိုး၊ သေနတ်ပြောင်းဝမှာ အာဏာတည်တယ်ဆိုတဲ့ ဝါဒမျိုးနဲ့ နီးစပ်ပါတယ်။ ဒါကြောင့် ခတ္တဝိဇ္ဇာဝါဒကို အာဏာဝါဒ (Rule of Might), စစ်သားဝါဒ (rule of warriors), မက္ခိယာဗယ်လီဝါဒ (Machiavellianism) လို့ အချို့က ဘာသာပြန်ကြတယ်။ နိုင်ငံရေးသိပ္ပံမှာတော့ မက္ခိယာဗယ်လီဝါဒကို နိုင်ငံရေးသရုပ်မှန်ဝါဒ (Political Realism) လို့ ယူဆကောင်း ယူဆကြမယ်။ ကိုယ်ကျင့်တရားရှုထောင့်က ကြည့်ရင်တော့ လူမိုက်ဝါဒမျိုးပါပဲ။ ဒါကြောင့် မဟာဗောဓိဇာတ်မှာ ဒီဝါဒမျိုး ရှိတဲ့သူကို “ကိုယ့်ကိုယ်ကို ပညာရှိထင်နေတဲ့ လူမိုက်ကြီးတွေ” (ဗာလာ ပဏ္ဍိတမာနိနော) လို့ မှတ်ချက်ပေးထားတယ်။ အာဏာဆိုတဲ့ အကျိုးရလဒ်တစ်ခုကိုသာ ကြည့်ပြီး မိမိရဲ့ လုပ်ရပ် မှန်မမှန်ကို ဂရုမစိုက်တော့ဘူးဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဝါဒဖြစ်လို့ ကမ္မဿကတအမြင်နဲ့ ဆန့်ကျင့်တဲ့ မိစ္ဆာဝါဒ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကမ္မဿကတအမြင်ဆိုတာ အကြောင်း-အကျိုးကို ယုံကြည်ရုံသက်သက် မဟုတ်ဘဲ၊ အကြောင်း ကောင်းအောင် လုပ်ရမယ်, ကောင်းမှု-မကောင်းမှုဆိုတာ မိမိကိုယ်တိုင် ရွေးချယ်ပြုလုပ်တာဖြစ်လို့ ကိုယ်ပိုင်တယ်, ကိုယ်တာဝန်ယူရမယ် ဆိုတာကိုပါ နားလည်လက်ခံဖို့ လိုပါတယ်။


(၂၀၀၉-ခုနှစ်က ရေးခဲ့ဖူးတဲ့ ပို့စ်နှစ်ခုကို ပေါင်းပြီး ပြန်ရေးထားပါ။)


ဧရာ (မန္တလေး)

စာညွှန်း။
အံ.၃.၆၂၊ မဟာဝဂ်-တိတ္ထာယတနသုတ်
ဇာတက-၅၂၈၊ ပဏ္ဏာသနိပါတ်၊ မဟာဗောဓိဇာတ် (ဇာတကအမှတ် ၅၂၈)

Saturday, March 21, 2020

ကမ္ဘာ့ခေါင်းဆောင် ကင်းမဲ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ပွဲ


လူအတော်များများက ဂလိုဗယ်လိုက်ဇေးရှင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီး ဖြစ်ရတယ်လို့ အပြစ်ပုံချကြပါတယ်။ ဒီလို ကပ်ရောဂါမျိုးတွေ ထပ်မကြုံဖို့အတွက် တံတိုင်းတွေ ခတ်ရမယ်၊ ခရီးသွားလာခွင့်တွေကို ပိတ်ပစ်ရမယ်၊ ကုန်သွယ်ရေးတွေကို လျော့ချပစ်ရမယ်၊ ကမ္ဘာကြီးက နိုင်ငံတွေ အချင်းချင်း ကူးလူးဆက်ဆံ အမှီသဟဲပြုနေကြတဲ့ ဂလိုဗယ်လိုက်ဇေးရှင်းကို လျော့ချရမယ်၊ ဒီနည်းလမ်းတွေပဲ ရှိတယ်လို့ ပြောကြပါတယ်။ ကူးစက်ရောဂါတွေ မပြန့်ပွားဖို့အတွက် ရောဂါရှိနိုင်သူတွေကို ရည်တိုအားဖြင့် သီးခြားခွဲပြီး ခြေချုပ်ချထားတာက မရှိမဖြစ် လိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် ရည်ရှည် တံခါးပိတ်ဝါဒကို ကျင့်သုံးတာကတော့ ကူးစက်ရောဂါတွေကို တကယ်တမ်း ကာကွယ်နိုင်မှာ မဟုတ်ဘဲ၊ စီးပွားရေး ပြိုလဲပျက်စီးမှုဆီကိုသာ ဦးတည်စေပါလိမ့်မယ်။ ကူးစက်ရောဂါကို ဟန့်တားနိုင်မယ့် နည်းလမ်းအစစ်က “ခွဲခြားဆက်ဆံမှု မဟုတ်ပါဘူး၊ ပူးပေါင်းဆောင်ရွက်မှုပါ”။

No photo description available.
ဒီနေ့လို ဂလိုဗယ်လိုက်ဇေးရှင်းခေတ် မရောက်မီ ရှေးယခင်ကတည်းက ကူးစက်ရောဂါကပ်ဘေးကြောင့် လူတွေ သန်းနဲ့ ချီပြီး ဆုံးပါးခဲ့ရဖူးပါတယ်။ လေယာဉ် သင်္ဘောတွေ မပေါ်သေးတဲ့ ၁၄-ရာစုမှာ အရှေ့အာရှမှာ ဖြစ်ခဲ့တဲ့ (အသားအရေ‌တွေ တစ်ကိုယ်လုံး မည်းပြီး သေဆုံးတဲ့) Black Death ပလိပ်ကပ်ရောဂါက ဆယ်နှစ် သာသာ အတွင်းမှာ ဥရောပ အနောက်ပိုင်းအထိ ပျံ့နှံခဲ့ပြီး လူပေါင်း ၇၅ သန်းကနေ သန်းနှစ်ရာလောက် အထိ (အာရှနဲ့ ဥရောပတိုက် လူဦးရေရဲ့ လေးပုံတစ်ပုံလောက်) သေကြေပျက်စီးခဲ့ရတယ်။ အင်္ဂလန်မှာ လူဆယ်ယောက်ကို လေးယောက်လောက် သေခဲ့ကြတယ်။ ဖလောရင့်မြို့မှာ မြို့နေလူဦးရေ တစ်သိန်းအနက်က ထက်ဝက်ပမာဏ ဆုံးပါးခဲ့ရတယ်။

၁၅၂၀-ခုနှစ် မတ်လမှာ ကျောက်ရောဂါရှိတဲ့ သူတစ်ဦး မက္ကဆီကိုနိုင်ငံကို ရောက်လာခဲ့တယ်။ အဲဒီခေတ်က အလယ်ပိုင်းအမေရိကမှာ ရထား, ဘတ်စ်ကား တွေ, မရှိသေးဘူး။ ယုတ်စွအဆုံး မြည်းတောင် မရှိသေးဘူး။ ဒါပေမယ့် ဒီဇင်ဘာလမတိုင်ခင်မှာတင် ကျောက်ရောဂါက အလယ်ပိုင်းအမေရိက တစ်ခုလုံးကို ကူးစက်သွားပြီး၊ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက် သေဆုံးခဲ့တယ်။

၁၉၁၈-ခုနှစ်မှာ တုတ်ကွေးရောဂါ တစ်မျိုးက လအနည်းငယ်အတွင်းမှာ ဝေးလံခေါင်ပါးတဲ့ ကမ္ဘာ့ ချောင်ခြိုချောင်ခြား နေရာတွေတောင် မကျန်အောင် ပျံ့နှံ့သွားခဲ့ဖူးတယ်။ လူသန်းပေါင်း ၅၀ (ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်) ကူးစက်ခံခဲ့ရတယ်။ အိန္ဒိယမှာ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက် သေဆုံးခဲ့တယ်။ တဟီတီကျွန်းမှာဆိုရင် ၁၄ ရာခိုင်နှုန်း, ဆမိုဝါမှာ ၂၀ ရာခိုင်နှုန်းအထိ အသေအပျောက်ရှိခဲ့တယ်။ ဒီကပ်ဘေးကြီးကြောင့် အားလုံးပေါင်းရင် ဆယ်သန်းကနေ သန်းတစ်ရာလောက်အထိ တစ်နှစ်အတွင်းမှာ သေဆုံးခဲ့ရတယ်။ ဒီပမာဏက ပထမ ကမ္ဘာစစ်ပွဲကြောင့် လေးနှစ်ကာလအတွင်းမှာ သေဆုံးခဲ့ရတဲ့ ပမာဏထက် ပိုများတယ်။

တိုးပွားလာတဲ့ လူဦးရေနဲ့ ပိုမိုကောင်းမွန်လာတဲ့ သယ်ယူပို့ဆောင်ရေးတွေကြောင့် ၁၉၁၈-ခုနှစ်လွန် ရာစုနှစ်မှာ လူတွေက ကူးစက်ရောဂါတွေရဲ့ ဘေးဒဏ်ကို ပိုပြီးခံကြရတယ်။ တိုကျို, မက္ကဆီကိုမြို့စတဲ့ ဒီနေ့ခေတ် မြို့ပြကြီးတွေက အလယ်ခေတ် ဖလောရင့်မြို့ထက် အများကြီးပိုပြီး ရောဂါပိုးမွှားတွေကို ကူးစက်ပြန့်ပွားဖို့ အခွင့်အလမ်းရစေတယ်။ ဒီနေ့ခေတ် ကမ္ဘာ့သယ်ယူပို့ဆောင်ရေး ကွန်ယက်က ၁၉၁၈-ခုနှစ်ကထက် အဆများစွာ မြန် သွားပြီ။ ဗိုင်းရပ်စ်ပိုး တစ်ကောင်က ၂၄ နာရီအတွင်း ပဲရစ်ကနေ တိုကျို, မက္ကဆီကိုကို ရောက်သွားနိုင်တယ်။ ဒီတော့ သေမင်းတမန်ကပ်ကြီးတွေ တစ်ခုပြီး တစ်ခုဆိုက်နေတဲ့ ကူးစက်ငရဲဘုံမှာ နေနေကြရတယ်ဆိုတာ ကြိုတင် မျှော်မှန်းထားရမယ်။

ဒါပေမယ့်လည်း ကပ်ဘေးကြီးတွေ ဆိုက်တဲ့ အကြိမ်ပမာဏနဲ့ ဆိုးကျိုးသက်ရောက်မှုကတော့ အများကြီး သိသိသာသာ လျော့ကြသွားပြီ။ သိပ်ကြောက်ဖို့ကောင်းတဲ့ AIDS နဲ့ အီဗိုလာ ကူးစက်မှုမျိုးတွေ ရှိနေပေမယ့်၊ ကျောက်ခေတ်ကစပြီး ဒီနေ့မတိုင်မီထိ ကာလမှာ ကပ်ရောဂါကြောင့် သေဆုံးရတဲ့ ပမာဏက အများကြီး နည်းသွားပါပြီ။ ဒါက လူသားတွေကို ပိုးမွှားရန်ကနေ အကောင်းဆုံး ကာကွယ်ပေးနေတာက သီးသန့်ခွဲခြားနေထိုင်တာ မဟုတ်ဘဲ၊ ပိုးမွှားတွေ အကြောင်း သတင်းအချက်အလက်တွေကြောင့်ပါ။ ဆရာဝန်တွေနဲ့ လူသားတွေက အနိုင်ရနေတဲ့ ပိုးမွှားတွေရဲ့ တိုက်ပွဲမှာ ဉာဏ်မျက်စိကင်းတဲ့ ပိုးမွှားတွေက ကိုယ်ယောင်ပြောင်းမှု လက်နက်ကို အားကိုးပြီး ဆရာဝန်တွေကတော့ သတင်းအချက်အလက်တွေကို သိပ္ပံနည်းကျ ခွဲခြမ်းလေ့လာမှုကို အားကိုးအားထားပြုပါတယ်။

ပိုးမွှားတွေကို အနိုင်ယူခဲ့တဲ့ တိုက်ပွဲ

၁၄-ရာစုမှာ Black Death ကပ်ရောဂါဆိုက်တော့ လူတွေက အကြောင်းရင်းကိုရော, ဘာလုပ်ကြရမယ်ဆိုတာကိုပါ မသိကြပါဘူး။ မတိုးတက်သေးမီ ခေတ်ကအထိ ကပ်ဆိုက်ရတဲ့ အကြောင်းကို အမျက်ထွက်နေတဲ့ နတ်တွေ, မကောင်းဆိုးဝါးတွေနဲ့ မသန့်ရှင်းတဲ့ လေတွေ ကြောင့်လို့ အပြစ်ပုံချကြပေမယ့် ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယား ပိုးမွှားတွေ ရှိနေမှန်းကိုတောင် မသိကြပါဘူး။ နတ်ဒေဝါတွေကို ယုံကြည်နေခဲ့ကြပေမယ့် ရေတစ်စက်အတွင်းမှာ သေမင်းတမန်ရဲ့ တပ်ကြီးရှိနေတာကို မမှန်းဆနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ကပ်ရောဂါ တစ်ခု ဆိုက်ပြီဆိုရင်၊ အာဏာပိုင်တွေ အကောင်းဆုံး လုပ်နိုင်တာက လူတွေစုပြီး နတ်ဘုရားနဲ့ သူတော်စင်တွေထံမှာ ဆုတောင်းကြတာပါပဲ။ ဒါက ဘာမှ မတတ်နိုင်ပါဘူး။ ဒီလို လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းပွဲတွေကြောင့် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုတွေတောင် ဖြစ်စေပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ ကမ္ဘာတလွှားက သိပ္ပံပညာရှင်တွေ, ဆရာဝန်တွေ, သူနာပြုတွေ ပူးပေါင်းပြီး အချက်အလက်တွေကို စုဆောင်း၊ ကူးစက်ရောဂါရဲ့ သဘော သဘာဝကို နားလည်အောင် လေ့လာပြီး၊ ဘယ်လို နှိမ်နင်းကုသရမယ် ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေကြပါတယ်။ ရောဂါ အသစ်အဆန်းတွေ ဘာကြောင့်, ဘယ်လို ဖြစ်ပေါ်လာတယ်၊ ရောဂါဟောင်းတွေက ဘာကြောင့် ပိုပြီး ကြမ်းလာရတယ်ဆိုတာတွေကို Theory of Evolution က ရှင်းပြနိုင်ခဲ့တယ်။ ရောဂါပိုးမွှားတွေ ဘယ်လို ရှင်သန် ပြန့်ပွားနေသလဲဆိုတဲ့ လျို့ဝှက်ချက်ကို မျိုးဗီဇပညာရပ်ကြောင့် ထောက်လှမ်းနိုင်ခဲ့ကြတယ်။ အလယ်ခေတ်က လူတွေက ဘာကြောင့် Black Death ရောဂါ ဖြစ်ရသလဲဆိုတာကို မသိခဲ့ကြပေမယ့်၊ သိပ္ပံပညာရှင်တွေကတော့ ရက်သတ္တ နှစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်ပိုးသစ်ကို မျိုးဗီဇအချက်အလက်တွေနဲ့ တကွ ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်။ ရောဂါကူးစက်မှု ရှိမရှိ ဆိုတာကို အသေအချာ စမ်းသပ် သိရှိနိုင်မယ့် နည်းလမ်းနဲ့ ကိရိယာတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေက ရောဂါရဲ့ အကြောင်းရင်းကို သိရှိနားလည်ပြီ ဆိုရင်၊ ရောဂါကို တိုက်ဖျက်ဖို့ အတွက် အများကြီး လွယ်ကူသွားပါပြီ။ ကာကွယ်ဆေးတွေ, ဘက်တီးရီယား ပိုးသတ်ဆေးတွေ, အဆင့်မြင့် တကိုယ်ရည် သန့်စင်ရေးတွေ, ပိုပြီးကောင်းမွန်တဲ့ ကျန်းမာရေး အခြေခံ အဆောက်အအုံတွေက လူသားကို မမြင်နိုင်တဲ့ ပိုးမွှားတွေရဲ့ အထင်စီးနေရာမှာ ရစေပါတယ်။ ၁၉၆၇-ခုနှစ်မှာ ကျောက်ရောဂါက လူ ၁၅-သန်းကို ကူးစက်ခဲ့ပြီး၊ အဲဒီထဲက လူ နှစ်သန်းကို သေစေခဲ့တယ် ဆိုပေမယ့်၊ နောက်ဆယ်စုနှစ်မှာ တကမ္ဘာလုံးဆိုင်ရာ ကျောက်ရောဂါ ကာကွယ်ဆေးထိုးတဲ့ စီမံချက်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၉-ခုနှစ်မှာ လူသားက ကျောက်ရောဂါကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။ ၂၀၁၉-ခုနှစ်မှ ကျောက်ရောဂါ ကူးစက်တဲ့သူ, ရောဂါကြောင့် သေတဲ့သူရယ်လို့ တစ်ယောက်မှ မရှိတော့ပါဘူး။

နယ်စပ်လုံခြုံရေး

အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်အတွက် သမိုင်းသင်ခန်းစာက ဘာတွေလဲ ...?

ပထမအချက်ကတော့ နယ်စပ်တွေကို ထာဝရ ပိတ်လိုက်ရုံနဲ့ ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ဂလိုဗယ်လိုက်ဇေးရှင် ခေတ်မတိုင်မီ အလယ်ခေတ်ကတည်းက ကူးစက်ရောဂါတွေက အလျှင်အမြန် ပျံ့နှံ့နိုင်တယ် ဆိုတာကို သတိရကြပါလိမ့်မယ်။ ဒါကြောင့် ၁၃၄၈-ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံက ပိတ်ဆို့သလို ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ရုံနဲ့တော့ လုံလောက်မှာ မဟုတ်ပါဘူး။ တကယ်တမ်း သီးခြားခွဲထွက်ပြီး ရောဂါကို ကာကွယ်မယ်ဆိုရင်တော့ အလယ်ခေတ်ကလောက် နည်းနဲ့ မရဘဲ၊ ကျောက်ခေတ်ကလောက်ထိ ပြန်သွားမှ ရနိုင်မှာပါ။ ဒီလို တကယ် လုပ်နိုင်ပါ့မလား။

သမိုင်းကရတဲ့ ဒုတိယ သင်ခန်းစာကတော့ အထောက်အထား ခိုင်လုံတဲ့ သိပ္ပံနည်းကျ သတင်းအချက်အလက်များကို မျှဝေခြင်းနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကသာ ကာကွယ်မှု အစစ်ကို ပေးနိုင်တယ် ဆိုတာပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ ကပ်ရောဂါဆိုက်နေပြီ ဆိုရင် စီးပွားရေး အကျပ်အတည်းကြုံမှာကို တွေးကြောက် မနေဘဲ ရောဂါပြန့်ပွားမှုနဲ့ ဆိုင်တဲ့ သတင်း အချက်အလက်တွေကို ရိုးသားပွင့်လင်းစွာ မျှဝေကြရပါမယ်။ အခြားနိုင်ငံတွေကလည်း ဒီသတင်း အချက်အလက်တွေကို စိတ်ချ ယုံကြည်ပြီး၊ ဘေးဒဏ်ခံနေရတဲ့ တိုင်းပြည်ကို ကြဉ်မထားဘဲ လက်ကမ်း ကူညီရမှာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် တရုတ်က ကမ္ဘာကို ကိုရိုနာဗိုင်းရပ် အကြောင်း အရေးပါတဲ့ သင်ခန်းစာတွေ အများကြီးပေး နိုင်မှာပါ။ ဒါပေမယ့် နိုင်ငံတကာရဲ့ မြင့်မားတဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှုတွေတော့ လိုအပ်ပါတယ်။

သံသယရှိသူတွေကို သီးခြားခွဲပြီး ခြေချုပ်ချထားတာတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အတွက်လည်း နိုင်ငံတကာပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ လူတွေကို သီးခြားခွဲပြီး ခြေချုပ်ချထားတာ, မြို့ကြီးတွေမှာ အဝင်အထွက် အသွားအလာ ပိတ်ချလိုက်တာတွေက ရောဂါပြန့်ပွားမှုကို ရပ်တန့်သွားစေဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့်လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အယုံအကြည်ကင်းမဲ့နေပြီး ကိုယ့်နိုင်ငံအတွက်သာ ကြည့်ကြမယ်ဆိုရင် အစိုးရတွေက ဒီလိုကိစ္စမျိုးကို အရေးပေါ်အဆင့်အထိ ဆောင်ရွက်ဖို့အတွက် ဝန်လေးနေတတ်ကြပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်တဲ့ လူနာ ၁၀၀ တွေ့တယ်ဆိုရင် အဲဒီမြို့ကို ပိတ်ပစ်ချင်ပါ့မလား။ ဒါက တစ်ခြားနိုင်ငံတွေကနေ ကိုယ့်ကို ဘယ်လို တုန့်ပြန်မလဲ ဆိုတဲ့ အပေါ်မှာ တည်နေပါတယ်။ မြို့ကြီးတွေကို ပိတ်ချလိုက်ရင် စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ရပါမယ်။ အကယ်၍ အခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဝိုင်းကူညီကြမယ်ဆိုရင်တော့ ဒီလိုအဆင့်မျိုးကို ဆောင်ရွက်ကြမှာပါ။ အကယ်၍ အခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဝိုင်းကြဉ်လိုက်ကြမယ်ဆိုရင်တော့ သိပ်နောက်ကျသွားသည်အထိ အချိန်ဆွဲနေပါလိမ့်မယ်။

နိုင်ငံတစ် နိုင်ငံမှာ ကပ်ရောဂါ ဆိုက်လာပြီဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပြုနိုင်တယ်ဆိုတာက လူတိုင်း နားလည်ထားသင့်တဲ့ အရေးအကြီးဆုံး အချက်ပါ။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်ပိုးကလည်း တိုးတက်ပြောင်းလဲလာတတ်လို့ပါ။ ကိုရိုနာလို ဗိုင်းရပ်ပိုးတွေက လင်းနို့ စတဲ့ တိရိစ္ဆာန်တွေမှာ စတင် ပေါက်ပွားပါတယ်။ တိရစ္ဆာန်တွေဆီကနေ လူတွေကို ကူးလာစမှာ သူတို့ဟာ လူခန္ဓာကိုယ်မှာ ရှင်သန်ပေါက်ပွားဖို့အတွက် သိပ်အဆင်မပြေသေးပါဘူး။ လူ့ခန္ဓာကိုယ်ထဲမှာ မျိုးပွားရင်း ဗိုင်းရပ်ပိုးတွေက မျိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။ အများစုကတော့ အန္တရာယ် သိပ်မရှိလှပါဘူး။ ဒီလို မျိုးဗီဇပြောင်းလဲလာရင်း လူ့ကိုယ်ခံအားစနစ်ကို အံတုလာနိုင်တဲ့ တချိန်မှာတော့ သူတို့က ပိုပြီး အစွမ်းထက်လာပြီး လူတွေထဲကို အလျှင်အမြန် ကူးစက်နိုင်လာပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကုဋေနဲ့ ချီတဲ့ ဗိုင်းရပ်ပိုးတွေ ရှင်သန်နေထိုင်နိုင်ပြီး သူတို့တွေကလည်း တရစပ် ပွားနေကြပါတယ်။ ဒီအထဲက ဗိုင်းရပ် တစ်ကောင်ကောင်က လူ့ကိုယ်ခံအားစနစ်ကို အံတုနိုင်တဲ့ မျိုးဗီဇအပြောင်းအလဲမျိုး လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီပိုးက ကူးစက်နိုင်တဲ့ ပိုးဖြစ်သွားပါပြီ။ ဒါကြောင့် လူတိုင်းက ကုဋေနဲ့ ချီတဲ့ ဗိုင်းရပ်စ်ပိုးတွေကို မဲလက်မှတ်တွေ ထုတ်ပေးထားတဲ့ လောင်းကစားရုံကြီးတွေနဲ့ တူပါတယ်။ ဗိုင်းရပ်ပိုး တစ်မျိုး ရပ်တည်ရှင်သန်ဖို့ အတွက် ပေါက်မဲ တစ်စောင်ရဖို့ပဲ လိုပါတယ်။

ဒါက မှန်းဆချက်သက်သက် မဟုတ်ပါဘူး။ ၂၀၁၄ မှာ ဖြစ်ခဲ့တဲ့ အီဗိုလာကပ်ရောဂါမှာ ဒီအတိုင်း ဖြစ်သွားခဲ့တာကို Richard Preston ရဲ့ Crisis in the Red Zone စာအုပ်မှာ ဖော်ပြထားပါတယ်။ အီဗိုလာဗိုင်းရပ်ပိုးတွေက လင်းနို့ငှက်ကနေ လူ တစ်ယောက်ဆီကို ကူးလာရာက စပါတယ်။ ဗိုင်းရပ်ပိုးတွေက လူကို အသည်းအသန် ဖျားနာစေပေမယ့်၊ လူ့ခန္ဓာကိုယ်မှာထက် လင်းနို့ရဲ့ ကိုယ်မှာ ရှင်သန်နေထိုင်ဖို့အတွက် ပိုပြီး အဆင်ပြေပါတယ်။ အီဗိုလာကို ဖြစ်တောင့် ဖြစ်ခဲ ရောဂါကနေ ကပ်ရောဂါ အဆင့်ဖြစ်စေခဲ့တာကတော့ အနောက်အာဖရိက မာကိုနာ ဆိုတဲ့ နယ်က လူတစ်ယောက်ဆီကို ကူးစက်ခဲ့တဲ့ ပိုးကနေ မျိုးဗီဇပြောင်းလဲသွားရာက စခဲ့တာပါ။ မာကိုနာမျိုးကွဲလို့ နာမည်ပေးထားတဲ့ အီဗိုလာဗိုင်းရပ် မျိုးကွဲက လူ့ရဲ့ ခန္ဓာကိုယ်က ကိုလက်စထရော သယ်ယူပို့ဆောင်တဲ့ စနစ်ကို အခွင့်ကောင်း ယူလိုက်ပါတယ်။ ကိုလက်စထရော သယ်ယူပို့ဆောင်တဲ့ ဆဲလ်တွေက ကိုလက်စထရောအစား အီဗိုလာဗိုင်းရပ်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ ဒီမာကိုနာမျိုးသစ်က လေးဆလောက်ပိုပြီး လူတွေကို ကူးစက်နိုင်ပါတယ်။

အခုလည်း တီဟီရန်, မီလန်, ဝူဟန်မြို့က လူတချို့ဆီကို ကူးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်ကောင်ကောင်က အထက်ကပြောခဲ့သလို မျိုးဗီဇပြောင်းလဲသွားခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် အီရန်တွေ, အီတလီတွေ, တရုတ်တွေ အတွက်သာ အန္တရာယ် မဟုတ်ပါဘူး။ လူတိုင်းရဲ့ အသက်ဘေးနဲ့ ဆိုင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်ကို ဒီလို အခွင့်အရေးမျိုး မပေးလိုက်ဖို့ ဆိုတဲ့ သေရေးရှင်ရေး ကိစ္စက တကမ္ဘာလုံးက လူတွေနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းက လူတိုင်းကို ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။
၁၉၇၀-ခုလွန် နှစ်တွေတုန်းက လူတွေက ကျောက်ရောဂါကို အနိုင်တိုက်ခဲ့တယ်ဆိုတာက နိုင်ငံတိုင်းက လူတိုင်း ကာကွယ်ဆေး ထိုးခဲ့ကြလို့ပါ။ တကယ်လို့ နိုင်ငံ တစ်နိုင်ငံက ကာကွယ်ဆေးထိုးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်၊ လူသားမျိုးနွယ် တခုလုံးအတွက် အန္တရာယ် ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်ပိုးက တစ်နေရာရာမှာ ရှင်သန်ပြီး မျိုးဗီဇပြောင်းလဲနေခဲ့မယ်ရင် တချိန်ချိန်မှာ နေရာတိုင်းကို ပျံ့နှံ့ကူးစက် သွားပါလိမ့်မယ်။

ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်ဖို့ အတွက် လူတွေက နယ်စပ်တွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ရပါလိမ့်မယ်။ နိုင်ငံတွေရဲ့ နယ်စပ်တော့ မဟုတ်ပါဘူး။ လူနဲ့ ဗိုင်းရပ်စ်ပိုးတို့ရဲ့ နယ်စပ်ကို စောင့်ကြပ်ရမှာပါ။ ကမ္ဘာကြီးက မရေတွက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေနဲ့ သဟဇာတဖြစ်နေပြီး မျိုးဗီဇပြောင်းလဲမှုတွေကြောင့် ဗိုင်းရပ်စ်ပိုး အသစ်တွေကလည်း တရစပ် ဖြစ်ပေါ်နေတယ်။ လူသားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ခြားထားတဲ့ စည်းက လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်တွေထဲကနေ ဖြတ်ပြီး ဆွဲထားတာပါ။ အကယ်၍များ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ် တစ်ကောင်ကောင်က ကမ္ဘာကြီးရဲ့ တစ်နေရာရာက စည်းကို ချိုးဖောက် ဖြတ်ကျော်နိုင်ခဲ့ရင် လူသားမျိုးဆက် တစ်ခုလုံး အန္တရာယ်ကျရောက်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ လူသားက ဒီနယ်နိမိတ်စည်းကို အရင်ကနဲ့ မတူဘဲ ကောင်းကောင်းကြီး ခုခံကာကွယ်နိုင်ခဲ့ကြတယ်။ ခေတ်မီ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီးတွေနဲ့ နယ်စပ်စည်းကို တံတိုင်း ဆောက်ကြတယ်။ သူနာပြုတွေ, ဆရာဝန်တွေ, သိပ္ပံပညာရှင်တွေက ဒီနယ်စပ်ကို စောင့်ကြပ်ပြီး ကျူးကျော်လာသူတွေကို မောင်းထုတ်ကြတယ်။ ဒါပေမယ့်လည်း ဒီနယ်ခြားစည်းရဲ့ ရှည်လျားတဲ့ အစိတ်အပိုင်းတွေကတော့ ဆိုးဆိုးဝါးဝါး ပွင့်နေပါတယ်။ ကမ္ဘာတဝှမ်းမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှု လောက်တောင် မရတဲ့ လူတွေက သန်းပေါင်း ရာနဲ့ချီပြီး ရှိနေပါတယ်။ ဒါက ကျွန်တော်တို့ အားလုံးကို အန္တရာယ် ပြုနေပါတယ်။ ကျွန်တော်တို့က ကျန်းမာရေးကို နိုင်ငံအလိုက် စဉ်းစားတတ်ကြတယ်။ ဒါပေမယ့် တကယ်ကတော့ အီရန်နဲ့ တရုတ်နိုင်ငံသားတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်းကောင်း ရတယ်ဆိုရင်၊ အစ္စရေးနဲ့ အမေရိကန်တွေကိုလည်း ကပ်ရောဂါဘေးက ကာကွယ်ပေးရာ ရောက်ပါတယ်။ ဒီ ရိုးစင်းတဲ့ အမှန်တရားကို လူတိုင်း သိထားသင့်ပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ ကမ္ဘာမှာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်အချို့ကတောင် ဒါကို မျက်ကွယ်ပြုထားလို့ပါ။

ခေါင်းဆောင် ကင်းမဲ့တဲ့ ကမ္ဘာ

ဒီနေ့ ကမ္ဘာကြီးမှာ လူသားတွေ ကြုံတွေ့ရနဲ့ အကြီးမားဆုံး ပြဿနာက ကိုရိုနာဗိုင်းရပ်စ် မဟုတ်ပါဘူး၊ လူအချင်းချင်း ယုံကြည်မှု ကင်းမဲ့မှု ပြဿနာပါ။ ကပ်ရောဂါကို နှိမ်နင်းနိုင်ဖို့အတွက် လူတွေက သိပ္ပံပညာရှင်တွေကို ယုံကြည်ရပါမယ်။ နိုင်ငံသားတွေက အာဏာပိုင်တွေကို ယုံကြည်ရပါမယ်။ နိုင်ငံတွေက အချင်းချင်း ယုံကြည်ကြရပါမယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သိပ္ပံပညာ, အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကား ပူပေါင်းမှုတွေအပေါ် ယုံကြည်မှု လျော့နည်းပျက်ပြားအောင် တာဝန်မဲ့ နိုင်ငံရေးသမားတွေက တမင်လုပ်နေခဲ့ကြတယ်။ ရလဒ်ကတော့ လူတွေကို လှုံ့ဆော်စည်းရုံးပြီး တကမ္ဘာလုံး စည်းကိုက်ဝါးကိုက် တုန့်ပြန်နိုင်မယ့် ကမ္ဘာခေါင်းဆောင်မျိုး မရှိတော့ဘဲ ဒီကပ်ဘေးကြီးကို ရင်ဆိုင်နေကြရတာပါပဲ။

၂၀၁၄-ခုနှစ် အီဗိုလာကပ်ဘေးဖြစ်စဉ်က အမေရိကန်နိုင်ငံမှာ ဒီလိုခေါင်းဆောင်မျိုး ရှိခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်း ကြုံတော့လည်း အမေရိကန်အစိုးရက ဒီလိုခေါင်းဆောင်မှုမျိုးကို ယူခဲ့ပါတယ်။ ဒါပေမယ့် လတ်တလော နှစ်တွေမှာတော့ အမေရိကန်က ကမ္ဘာခေါင်းဆောင် ရာထူးကို စွန့်လွှတ်ခဲ့တယ်။ လက်ရှိ အမေရိကန်အစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အတွက် အထောက်အပံ့တွေကို ဖြတ်တောက်လိုက်ပြီး၊ “အမေရိကန်က မိတ်ဆွေစစ် ဆိုတာထက် အကျိုးအမြတ်ကိုပဲ ကြည့်တောမယ်” ဆိုတာ ကမ္ဘာကို ရှင်းရှင်းလင်းလင်း ပြခဲ့တယ်။ ကိုရိုနာကပ်ဘေး ဖြစ်တော့ အမေရိကန်က ဘေးမှာ လက်ပိုက်ပြီး၊ ခေါင်းရှောင်နေခဲ့တယ်။ နောက်ဆုံး ခေါင်းဆောင်နေရာ ယူရတော့မယ် ဆိုရင်တောင်၊ လက်ရှိ အမေရိကန်အစိုးရအပေါ် ယုံကြည်ကိုးစားမှု နည်းပါးလာလို့ လိုလိုချင်ချင် နောက်လိုက်လုပ်မယ့် နိုင်ငံ အနည်းငယ်သာ ကျန်တော့တယ်။ “ငါအတွက်က ပထမ” အဆိုကို လက်ကိုင်ထားတဲ့ ခေါင်းဆောင်မျိုး နောက်ကို ဘယ်သူက လိုက်ချင်ပါ့မလဲ။

အမေရိကန်နိုင်ငံက ဖယ်ပေးလိုက်တဲ့ ခေါင်းဆောင် နေရာကို အခြား ဝင်ယူမယ့်သူလည်း မရှိသေးဘူး။ ပိုဆိုးတာက မျက်မှောက် နိုင်ငံတကာ စနစ်အများစုဟာ နိုင်ငံခြားသားကြောက်တဲ့ ရောဂါ, အထီးကျန် တံခါးပိတ်ဝါဒနဲ့ မယုံကြည်မှု အသွင်ဆောင်လာကြတယ်။ အပြန်အလှန်ယုံကြည်မှု၊ ကမ္ဘာ့ စည်းလုံးညီညွတ်မှုတွေ မရှိဘဲ ကိုရိုနာကပ်ဘေးကို ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ အနာဂတ်မှာလည်း အလားတူ ကပ်မျိုးတွေနဲ့သာ ရင်ဆိုင်သွားရဖို့ ရှိတယ်။ ဒါပေမယ့် အခက်အခဲ အကြပ်အတည်းတိုင်းမှာ အခွင့်အလမ်းဆိုတာ ရှိစမြဲပါ။ ဒီကပ်ဘေးကြောင့် ကမ္ဘာကြီး ညီညွတ်ရေး ပျက်ပြားမှုရဲ့ အန္တရာယ်ကို လူတွေ သဘောပေါက် လာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ထင်ရှားတဲ့ သာဓက တစ်ခုကို ပြရရင် ကပ်ဘေးဟာ လတ်လောနှစ်တွေမှာ ပျောက်ဆုံးခဲ့တဲ့ လူထုထောက်ခံမှုတွေကို ပြန်ရအောင် လုပ်ဖို့ ဥရောပသမဂ္ဂ (EU) အတွက် မဟာ အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ပိုပြီးအဆင်ပြေတဲ့ နိုင်ငံတွေကနေ ဒုက္ခရောက်နေတဲ့ သမဂ္ဂဝင် နိုင်ငံတွေကို ငွေကြေး, ဆေးဝါးကိရိယာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလျှင်အမြန် ထောက်ပံ့ပေးမယ်ဆိုရင်၊ ဥရောပသမဂ္ဂရဲ့ တန်ဖိုးကို (မိန်ခွန်းတွေ တပုံကြီး ချွေနေတာထက် ပိုပြီး) သက်သေပြရာ ရောက်ပါတယ်။ မဟုတ်ရင်တော့ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံကို ကာကွယ်ကြရတော့မှာ ဖြစ်ပြီး ကပ်ဘေးက သမဂ္ဂကို အလဲထိုးချလိုက်ပါလိမ့်မယ်။

ဒီကပ်ဘေးကာလမှာ လူသားမျိုးနွယ်အတွင်း သေရေးရှင်ရေးတမျှ အရေးပါတဲ့ အားပြိုင်မှုတစ်ခု ဖြစ်လာပါတယ်။ ဒီကပ်ဘေးကြောင့် လူတွေ ပိုပြီး မညီမညွတ်ဖြစ်. မယုံကြည်မှုတွေ ဖြစ်မယ်ဆိုရင် ဒါဟာ ဗိုင်းရပ်စ်ပိုးတွေရဲ့ အကြီးမားဆုံး အောင်ပွဲ ဖြစ်သွားပါလိမ့်မယ်။ လူတွေ အငြင်းပွားနေရင် ဗိုင်းရပ်စ်တွေက နှစ်ဆပွားသွားပါမယ်။ အကယ်၍ ကပ်ဘေးကြောင့် ကမ္ဘာကြီး စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုရင်တော့၊ ဒါဟာ ကိုရိုနာဗိုင်းရပ်ကို အနိုင်ယူ အောင်ပွဲ ခံလိုက်ရုံသာမက၊ အနာဂတ် ရောဂါပိုးမွှားတွေ အားလုံးကို အောင်နိုင်ရာ ရောက်ပါတယ်။

Yuval Noah Harari, "In the Battle Against Corona virus, Humanity Lacks Leadership", Time, Mar 15, 2020.

Sunday, May 19, 2019

The Life of the Buddha – According to the Pali Canon

ဗုဒ္ဓဝင်စာအုပ်များအား မှီငြမ်းကိုးကားသည့် ကျမ်းများပေါ်တွင် မူတည်၍ အကြမ်းအားဖြင့် သုံးမျိုးခန့် ခွဲနိုင်သည်။

(၁) ကျမ်းရင်း ပါဠိတော် (Canonical Texts) ကိုသာ မှီငြမ်း ရေးသားသည့် စာအုပ်
(၂) ကျမ်းရင်း ပါဠိတော်အပြင် အဋ္ဌကထာ၊ ဋီကာများကို မှီငြမ်း ရေးသားသည့် စာအုပ်
(၃) သက္ကတဘာသာဖြင့်ရှိသည့် မဟာယာနကျမ်းများကို မှီငြမ်း ရေးသားသည့် စာအုပ်

ဗုဒ္ဓဝင် စာအုပ်အများစုမှာ ဒုတိယအမျိုးအစားတွင် ပါဝင်သည်။

ဗုဒ္ဓ၏ ဘဝဖြစ်တော်စဉ်ကို ရေးသည့် စာအုပ်များကို အကြမ်းအားဖြင့် “ဗုဒ္ဓဝင်” ဟုသာ သုံးသွားပါမည်။ သို့သော် အတိအကျအားဖြင့် ဆိုရလျှင် “ဗုဒ္ဓဝင်” သည် “ဗုဒ္ဓဝံသ” ပါဠိတော်ကို ခေါ်သော အမည် ဖြစ်သည်။ “ဝံသ” ဟူသည် မျိုးနွယ် အစဉ်အဆက်ဟု အဓိပ္ပါယ်ရသည်။ “ဗုဒ္ဓဝံသ” ပါဠိတော်သည် သုမေဓာ ရှင်ရသေ့ဘဝဖြင့် ဗျာဒိတ်တော်ခံယူခဲ့သည့် ဒီပင်္ကရာ မြတ်စွာဘုရားမှသည် ဂေါတမ မြတ်စွာဘုရားတိုင် ၂၅-ဆူသော မြတ်စွာဘုရားရှင်တို့၏ ဖြစ်တော်စဉ် အကျဉ်းချုပ်များကို ဟောကြားထားသည့် ကျမ်းဖြစ်သည်။

ဗုဒ္ဓဝင်ပါဠိတော်တွင် ဂေါတမ မြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်ကို “ငါ၏ မြို့သည် ကပိလဝတ္ထု၊ ခမည်းတော်သည် သုဒ္ဓေါဒနမင်း၊ မယ်တော်သည် မာယာဒေဝီမည်၏” စသဖြင့် ဂါထာ ၂၄ ပုဒ် (စာမျက်နှာ ၂-မျက်နှာခန့်) ဖြင့်သာ ခပ်ကျဉ်းကျဉ်း ဟောကြားထားသည်။ အသေးစိတ် အချက်လက်များ မပါဝင်ပေ။ အရှင်ဗုဒ္ဓဒတ္ထရေးသားသည့် မဓုရတ္ထဝိလာသိနီ ခေါ် ဗုဒ္ဓဝင်အဋ္ဌကထာနှင့် အရှင်ဗုဒ္ဓဃောသ ရေးသားသည့် ဇာတကအဋ္ဌကထာနိဒါန်းတွင် ဂေါတမဗုဒ္ဓ ဘဝဖြစ်တော်စဉ်များကို အကျယ်ချဲ့ရေးသားထားသည်။

နှောင်းခေတ် ဗုဒ္ဓဝင်စာအုပ် အများစုမှာ ဗုဒ္ဓဝင်အဋ္ဌကထာနှင့် ဇာတကအဋ္ဌကထာ နိဒါန်းတို့ကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ ၂၅-ဆူသော ဘုရားရှင်တို့၏ မျိုးနွယ်အစဉ်ထက် ဂေါတမဗုဒ္ဓ ဘဝဖြစ်တော်စဉ်ကို ဦးစားပေး၍ အကျယ်ချဲ့၍ ရေးသားကြသည်။ သို့သော်လည်း အလွယ်အားဖြင့် ထိုထိုစာအုပ်များကို ဗုဒ္ဓဝင်ဟုသာ ခေါ်သွားပါမည်။ မြန်မာပြည်တွင် ထင်ရှားခဲ့သည့် တထာဂတုပတ္တိ၊ မာလာလင်္ကာရ၊ ဇိနတ္ထပကာသနီ၊ တထာဂတဥဒါနဒီပနီ စသည့် ဗုဒ္ဓဝင်ကျမ်းများနှင့် မင်းကွန်း ဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်ကျမ်းတို့သည် ဗုဒ္ဓဝင်အဋ္ဌကထာကို အခြေတည်ကာ ကျမ်းရင်းပါဠိတော်နှင့် ဇာတ်အဋ္ဌကထာ၊ ဓမ္မပဒအဋ္ဌကထာစသည့် အဋ္ဌကထာဋီကာများကို မှီငြမ်းပြုရေးသားထားခြင်း ဖြစ်သည်။ မှတ်ချက် (မှတ်ချက် -- ဒီပဲရင်းဆရာတော်ပြုစုသည့် တထာဂတဥဒါနဒီပနီတွင်မူ ထေရဝါဒကျမ်းများတွင် မပါဝင်သည့် ဝသုန္ဒြေမြေစောင့်နတ်က ဆံရေညစ်ချ၍ မာန်နတ်ပြေးရခြင်း၊ မန္တလေးမဟာမြတ်မုနိ ရုပ်ပွားတော်တွင်ကဲ့သို့ မြတ်စွာဘုရားက မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်၍ ဇမ္ဗုပတိမင်းအား ချွတ်ခြင်းစသည့် အကြောင်းအရာများ ပါဝင်သည်။)

အချို့သော ဗုဒ္ဓဝင်စာအုပ်များမှာ မဟာဝတ္ထု၊ လလိတဝိတ္ထာရ၊ ဗုဒ္ဓစရိတစသည့် မဟာယာနကျမ်းစာများကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။ မဟာယာနကျမ်းစာများမှ ဗုဒ္ဓဘဝ ဖြစ်တော်စဉ်များသည် ထေရဝါဒကျမ်းများထက် ပို၍ အသေးစိတ်ပြီး ဇာတ်လမ်းဆန်သဖြင့် ဝတ္ထု၊ ကဗျာနှင့် ရုပ်ရှင်ဇာတ်လမ်းတွဲများက မဟာယာနကျမ်းစာများကို ကိုးကားလေ့ရှိကြသည်။ ဥပမာအားဖြင့် ဆာအက်ဒဝင်အာနိုး ရေးသားသည့် အာရှတိုက်၏ အလင်းရောင် (Sir Edwin Arnold’s Light of Asia) ကဗျာသည် စာရေးသူက ကျမ်းကိုးပြ မထားသော်လည်း လလိတဝိတ္ထာရကို အခြေခံ၍ စိတ်ကူးဉာဏ်ကွန့်ကာ ရေးသားထားဟန် တူသည်။

https://store.pariyatti.org/Life-of-the-Buddha--According-to-the-Pali-Canon_p_1375.html

အင်္ဂလိပ်ရဟန်းတော် ဘိက္ခုဉာဏမောဠိ ရေးသားပြုစုသည့် “ကျမ်းရင်း ပါဠိတော်လာ ဗုဒ္ဓဘဝဖြစ်စဉ်” The Life of the Buddha – According to the Pali Canon (1972) စာအုပ်သည် စာအုပ်အမည်အတိုင်းပင် ကျမ်းရင်း ပါဠိတော်ကိုသာ မူရင်းအတိုင်း ကောက်နှုတ်စုစည်း ဖော်ပြထားသော ကျမ်းစာဖြစ်သည်။ ဖြစ်ရပ်များအား အနုသန္ဓေစပ်ရန်အတွက်သာ အဋ္ဌကထာလာ အချက်အလက်အချို့ကို ထည့်သွင်း ဖော်ပြထားသည်။ ထူးဆန်းသည်မှာ ထုတ်နှုတ်ကိုးကားထားသည့် ပါဠိတော်များတွင် ဗုဒ္ဓဝင်ပါဠိတော် မပါခြင်း ဖြစ်သည်။ စာရေးသူက ထိုအကြောင်းနှင့် စပ်၍ မည်သည့် မှတ်ချက်မျှ ပေးမထား။ ဒီဃနိကာယ်ဆောင် မထေရ်တို့က ဗုဒ္ဓဝင်၊ စရိယာပိဋကနှင့် အပါဒါန်ကျမ်းတို့ကို သံဂါယနာတင် ပါဠိတော် ကျမ်းရင်း စာရင်းတွင် ထည့်သွင်း မထားခဲ့၍လည်း ဖြစ်နိုင်သည်။

ဗုဒ္ဓဝင်နှင့် အဋ္ဌကထာ၊ ဋီကာတို့ကို မကိုးကားသော်လည်း ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ် အစိတ်အပိုင်းများ၊ ဗုဒ္ဓသည် မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်ဆိုသည့် အကြောင်းရာများကို သုတ္တန်နှင့် ဝိနည်း ပါဠိတော်တို့တွင် တွေ့နိုင်သည်။ မဇ္ဈိမနိကာယ် အစ္ဆရိယအဗ္ဘုတသုတ်နှင့် သုတ္တနိပါတ်တို့တွင် ဗုဒ္ဓလောင်းလျာ ဖွားမြင်တော်မူပုံ၊ မဇ္ဈိမနိကာယ် အရိယာပရိယေသနသုတ်နှင့် မဟာသစ္စကသုတ် စသည့် ဒေသနာတို့တွင် တောထွက်ပုံ၊ အာဠာရနှင့် ဥဒက ရသေ့တို့ထံ နည်းခံပုံ၊ ဒုက္ကရစရိယာကျင့်ပုံ၊ ငယ်စဉ်ဘဝ ပဌမဈာန် ဝင်စားဘူးသည်ကို သတိရ၍ အစာရေစာ ပြန်လည် စားသောက်ပုံ၊ ဘုရားအဖြစ်သို့ ရောက်တော်မူပုံများကို ဟောကြားထားသည်။ ဝိနည်းမဟာဝါ ပါဠိတော်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသည်မှ သံဃာ့အဖွဲ့အစည်း ဖြစ်ပေါ်လာပုံ၊ သာသနာပြုပုံနှင့် ဝိနည်းပညတ်ချက်များ ပေါ်ပေါက်လာပုံတို့ ပါဝင်သည်။ ဝိနည်း စူဠဝါတွင် ဒေဝဒတ်၏ အဖျက်အမှောင့်လုပ်ရများ အကြောင်းပါသည်။ ဒီဃနိကာယ် မဟာပရိနိဗ္ဗာနသုတ်တွင် မြတ်စွာဘုရား၏ နောက်ဆုံးကာလ ဖြစ်စဉ် အသေးစိတ်ကို ဟောကြားထားသည်။

အခြားသော သုတ္တန်နှင့် ဝိနည်းဒေသနာတော်များတွင်လည်း ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်ရပ် အပိုင်းအစများစွာကို ကျိုးကြားကျိုးကြား တွေ့နိုင်သော်လည်း ထိုဖြစ်ရပ်များ မည်သည့် အချိန်က ဖြစ်ပျက်ခဲ့သည်ကို ပါဠိတော်တို့တွင် မှတ်တမ်း တင်မထား။ သုတ္တန်ဒေသနာ အများစုမှာ “အခါတပါးတွင် မြတ်စွာဘုရားသည် ---- အရပ်၌ သီတင်းသုံး နေတော်မူ၏” စသဖြင့် အချိန်ကာလ အတိအကျ မပြဘဲ “အခါတပါးတွင် (ဧကံ သမယံ)” ဟုသာ သံဂါယနာတွင် မှတ်တမ်းတင်ခဲ့သည်။ ဗုဒ္ဓခေတ်က စာပေအရေးအသား မတွင်ကျယ်သေးဘဲ နှုတ်ဖြင့် သင်ယူပို့ချကာ အာဂုံဆောင်ခဲ့ကြသဖြင့် ကျက်မှတ်ရ လွယ်ကူစေရန် နေ့လခုနှစ်များ အတိအကျ မထည့်သွင်းခဲ့ကြခြင်း ဖြစ်နိုင်သည်။ နေ့လခုနှစ်များက သမိုင်းဆရာနှင့် အတ္ထုပ္ပတ္တိရေးသူတို့ အတွက် အရေးကြီးသော်လည်း တရားဓမ္မသဘောတို့ကို နားလည်စေရန်အတွက် ပဓာနမကျသောကြောင့်လည်း ဖြစ်နိုင်သည်။

သို့သော် ဗုဒ္ဓဝင်ကျမ်းပြုသူတို့ အတွက်ကို ဖြစ်ရပ်များကို ရှေ့နောက်စီစဉ်ရာတွင် အခက်အခဲကြုံရသည်။ ထိုအခါတွင် ဗုဒ္ဓဝင်အဋ္ဌကထာ၏ ကျမ်းဦးနိဒါန်းတွင် ဖော်ပြထားသည့် ဝါဆိုအစဉ် ဝါဆိုအရပ်ကို မှီငြမ်းကြရသည်။ ဗုဒ္ဓဝင်ကျမ်းပြုသူတို့က ထိုဝါဆိုအစဉ်ကို မှီး၍ ဖြစ်ရပ်များကို ယုတ္တိသင့်တော်အောင် ထည့်သွင်း စီစဉ်ကြရသည်။

ဘိက္ခုဉာဏမောဠိ၏ “ကျမ်းရင်း ပါဠိတော်လာ ဗုဒ္ဓဘဝဖြစ်စဉ်” စာအုပ်တွင် အဋ္ဌကထာလာ အကြောင်းအရာများကို ထည့်သွင်း မထားသော်လည်း၊ တပိုင်းတစစီ ဖြစ်နေသည့် ပါဠိတော်များမှ အကြောင်းအရာတို့ကို ရှေ့နောက်စီစဉ်ရာတွင် အဋ္ဌကထာနှင့် မာလာလင်္ကာရဝတ္ထုတို့ကို မှီးငြမ်းထားသည်။ ဤစာအုပ်တွင် ဗုဒ္ဓဘဝဖြစ်စဉ်ကိုသာမက ဗုဒ္ဓ ဟောကြားခဲ့သည့် တရားဓမ္မများနှင့် ဗုဒ္ဓ၏ ပုဂ္ဂိုလ်ရေး ထူးခြားမှုများကို သီးခြားအခန်း တခုစီ ထည့်သွင်းရေးသားထားသည်။

မူရင်း ပါဠိတော်လာများကိုသာ စုစည်း ရေးသားထားသည့် အခြားစာအုပ် အချို့လည်း ရှိသည်။ ပထမစာအုပ်မှာ E.H. Brewster’s The Life of Gotama the Buddha: Compiled Exclusively from the Pali Cannon ဖြစ်သည်။ ဒုတိယစာအုပ်မှာ ဦးအေးမောင်၏ “ပိဋကတ်မှ ဗုဒ္ဓနှင့်ဓမ္မ” စာအုပ် ဖြစ်သည်။ ထိုစာအုပ်များနှင့် ယှဉ်လျှင်မူ ဘိက္ခုဉာဏမောဠိ၏ စာအုပ်က ပို၍ ပြည့်စုံသည်ဟု ဆိုနိုင်သည်။

Tuesday, January 29, 2019

မင်္ဂလသုတ် (၁၀) - The Virtuous Person, The Wise Person and The True Person

အရင်ပို့စ်တခုမှာ သူတော်ကောင်းဆိုတာ ဘယ်လို လူမျိုးလဲ ဆိုတာကို ရေးခဲ့ပြီး သရဘင်္ဂဇာတ်က သူတော်ကောင်း အင်္ဂါကို ထုတ်ပြခဲ့ပါတယ်။ သရဘင်္ဂဇာတ်မှာ ဖြေထားတဲ့ သီလရှိသူ၊ ပညာရှိသူနဲ့ သူတော်ကောင်းတို့ရဲ့ အင်္ဂါတွေကို အကျဉ်းခြုံးပြရရင် …

🔹 သီလရှိသူ ဆိုတာ -

၁။ ကိုယ်၊ နှုတ်၊ စိတ်နဲ့ မကောင်းမှုကို မပြုသူ
၂။ မိမိအတွက် လိမ်လည်မပြောသူ

🔹 ပညာရှိ ဆိုတာ -

၁။ နက်နဲသည့် ပြဿနာကို ထိုးထွင်းစဉ်းစားနိုင်သူ
၂။ အဆောတလျင် ရုန့်ရင်းကြမ်းတမ်းသည့် အမှုကို မပြုသူ
၃။ အချိန်အခါ အလျောက် ရောက်လာသည့် အကျိုးစီးပွားကို (အခွင့်အလမ်းကို) အချည်းအနှီး မဖြစ်စေသူ

🔹 သူတော်ကောင်း ဆိုတာ -

၁။ ကျေးဇူးကို သိတတ် တုန်ပြန်တတ်သူ
၂။ တည်ကြည်သည့် စိတ်သဘောရှိသူ
၃။ မိတ်ဆွေကောင်း အင်္ဂါနှင့်ပြည့်စုံသူ
၄။ မိတ်ဆွေကောင်းကို အမြဲမပြတ် ဆည်းကပ်တတ်သူ
၅။ ဒုက္ခရောက်သူတို့၏ အမှုကိစ္စကို ရိုရိုသေသေ ဆောင်ရွက်ပေးတတ်သူ

အခြေခံအားဖြင့်တော့ သီလရှိသူက ငါးပါးသီလစတဲ့ စောင့်ထိမ်းရမယ့် သီလကို လုံခြုံတယ်။ ပညာရှိသူက နက်နဲစွာ စဉ်းစားတွေးခေါ်နိုင်ပြီး အကျိုးစီပွားအတွက် ကျွမ်းကျင်လိမ္မာတယ်။ သူတော်ကောင်းကတော့ စိတ်နှလုံးကောင်း ရှိပြီး တဖက်သားကို ကူညီတတ်တယ်။ ဒါကြောင့် အင်္ဂါရပ်တွေ တခုနဲ့ ရောယှက်နေပေမယ့် အခြေခံသဘောကတော့ ကွဲပါတယ်။

🔸 ဒါဆိုရင် သီလ၊ ပညာ၊ သူတော်ကောင်း တရားဆိုတဲ့ သုံးမျိုးမှာ ဘယ်ဟာက ပိုပြီး အရေးကြီးပါသလဲ။

ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး ကာလတုန်းက "လူတော်လူကောင်း" ဆိုတဲ့ စကားကို "လူကောင်းလူတော်" လို့ ပြောင်းပြီး သုံးခဲ့ကြဖူးပါတယ်။ "တော်" ဖို့ထက် "ကောင်း" ဖို့က ပဓာန ပိုကျတယ်လို့ ယူဆခဲ့ကြပါလို့ပါ။ သရဘင်္ဂဇာတ်မှာတော့ သရဘင်္ဂရသေ့က သီလ၊ ပညာ၊ သူတော်ကောင်း တရားနဲ့ ဘုန်းကံကျက်သရေ ဆိုတဲ့ လေးမျိုးမှာ ပညာကသာ ပဓာနကျတယ်၊ ကျန်တဲ့ သုံးမျိုးက ပညာရဲ့ နောက်ကို လိုက်လိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။

တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူ့တပည့်တွေကို အချက် ၁၀-ချက်နဲ့ ဆုံးမလေ့ရှိရာမှာ "စိတ်ကောင်းရှိဖို့က ပထမ" လို့ ဆုံးမတတ်ပြီး "စာတတ်ဖို့" ကိုတော့ နောက်ဆုံး ဒသမနေရာမှာ ထားတယ် မဟုတ်လား။ ဒါဆိုရင် မဟာဂန္ဓာရုံ ဆရာတော်ကြီးနဲ့ သရဘင်္ဂ ရသေ့တို့ အယူအဆများ ကွဲနေသလားလို့ မေးခွန်းထုတ်ချင် ထုတ်ကြပါလိမ့်မယ်။ ဒီလို မေးခွန်း ထုတ်ခဲ့မယ်ဆိုရင် "စာတတ်တာ" နဲ့ "ပညာရှိတာ" ကို ရောထွေးနေလို့ ဖြစ်မယ်လို့ ဆိုချင်ပါတယ်။

ပြောမယ့်ဆိုရင် အနောက်တိုင်း အစဉ်အလာမှာတောင် information, Knowledge, understanding နဲ့ wisdom စသဖြင့် အဆင့်တွေ ခွဲခြားပြီး ပြောဆိုလေ့ ရှိပါတယ်။ "ဗဟုသုတကို တလွဲ အသုံးချလို့ရပေမယ့် ပညာကိုတော့ တလွဲ သုံးလို့ မရဘူး။ ဒါကိုယ်ကပဲ ပညာရဲ့ ထူးခြားတဲ့ ဝိသေသတခုပါ။ ပညာဆိုတာက ပညာရှိ တယောက်ရဲ့ အကြားအမြင် ဗဟုသုတတွေကို စုစည်းပေးရုံသာမက၊ သူ့ရဲ့ စိတ်ဆန္ဒတွေနဲ့ တန်ဖိုးတွေကိုပါ စုစည်းပေးတယ်။ ဗဟုသုတ ကြွယ်ဝတဲ့ စာတတ်ပုဂ္ဂိုလ် တယောက်က ကိုယ်ကျင့်တရား ချို့ယွင်းနေတယ်ဆိုရင် ဘာမှ ထူးဆန်းလှတာ မဟုတ်ပေမယ့်၊ ပညာရှိတဦးက ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းနေတယ် ဆိုရင်တော့ ဒါဟာ ဆီလျော်မှု ကင်းမဲ့နေတဲ့ အံအားသင့်စရာ စကားလို့ ဆိုရမှာပါ" လို့ Linda Zagzebski က Virtues of Mind ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ဖူးပါတယ်။


ဗုဒ္ဓဘာသာအရ ပညာရှိဆိုတာက အကျိုးစီးပွားကို ကျွမ်းကျင်လိမ္မာသူ ဖြစ်လို့ အကျိုးစီးပွားမဲ့ ဖြစ်တဲ့ မကောင်းမှုတွေကို ကျုးလွန်မှာ မဟုတ်ပါဘူး။ ပညာရှိ ဆိုတာ ကောင်းသော အလုပ်ကို လုပ်၊ ကောင်းသော စကားကို ဆို၊ ကောင်းသော အကြံကို ကြံစည်တတ်တဲ့သူလို့ သုတ္တန်ဒေသနာတွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံကြသူများ ဖြစ်ကြပါတယ်။

"လူတော်လူကောင်း" ဆိုတဲ့ ကိစ္စမှာလည်း "တော်" ဆိုတာက ကျွမ်းကျင်လိမ္မာတဲ့ အဓိပ္ပါယ်ရသလို၊ ဆရာတော်၊ နိုင်ငံတော်၊ တရားတော်စတဲ့ စကားလုံးတွေကလို "ကောင်းမွန် မြင့်မြတ်သော" ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ "ကောင်း" ဆိုတာကို အလေးပေးဖို့ အတွက် "လူတော်လူကောင်း" ကို "လူကောင်းလူတော်" လုပ်နေစရာ မလိုပါဘူး။ "သူတော်ကောင်း" ကို "သူကောင်းတော်" လို့ ပြောင်းခေါ်နေစရာ မလိုပါဘူး။ မျက်မှောက် တမလွန်ဆိုတဲ့ နှစ်ဖြာသော အကျိုးစီးပွားကို ကျွမ်းကျင်လိမ္မာတဲ့ မြင့်မြတ်တဲ့ ပညာရှိများက ကိုယ့်ကျင့်သီလနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းများ ဖြစ်နေမှာ အမှန်ပါ။ ဒါကြောင့်လည်း သုတ္တန်ဒေသနာတွေမှာ ပညာရှိကို မှီဝဲဆည်းကပ်ခြင်း (ပဏ္ဍိတသေဝနာ)၊ သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း (သပ္ပုရိသသံသေဝ) ဆိုတဲ့ စကားတွေကို အလဲအလှယ်သဘော သုံးထားတာ တွေ့ရပါတယ်။

Thursday, January 24, 2019

မင်္ဂလသုတ် (၉) - True Person

True Person
▬▬▬▬▬
(Reading #MaṅgalaSutta)

သီလရှိသူ (သီလဝန္တ)၊ ပညာရှိသူ (ပဏ္ဍိတ) နဲ့ သူတော်ကောင်း (သပ္ပုရိသ) တွေက အတူတူပဲလား… မတူဘူးလား..။

အခြေခံအားဖြင့်တော့ သီလရှိသူ ဆိုတာက သီလ လုံခြုံအောင် စောင့်ထိန်းတဲ့သူ၊ ပညာရှိ ဆိုတာက အကျိုးစီးပွားကို ကျွမ်းကျင်လိမ္မာသူ၊ နက်နဲတဲ့ ပြဿနာတွေကို ထိုးထွင်း ဆင်ခြင်နိုင်သူ၊ သူတော်ကောင်းဆိုတာက စိတ်ကောင်းနှလုံးကောင်း ရှိသူ၊ ဖြောင့်မတ် တည်ကြည်သူကို ခေါ်ပါတယ်။

အခြေခံအားဖြင့် ကွဲသယောင်ရှိပေမယ့် လုံးဝသီးခြား ကွဲပြားနေတဲ့ ပုဂ္ဂိုလ်သုံးယောက်လို့တော့ ဆိုလို့ မရပြန်ပါဘူး။ သီလ မရှိတဲ့ ပညာရှိ ဆိုတာ ရှိနိုင်သလား၊ ပညာမရှိသူကို သူတော်ကောင်းလို့ ခေါ်လို့ ရသလား စသဖြင့် စဉ်းစားစရာ ဖြစ်လာပါတယ်။

🔹 သပ္ပုရိသ

'သူတော်ကောင်း' ဆိုတာက 'သပ္ပုရိသ' ကို မြန်မာပြန်ထားတာပါ။ 'သပ္ပုရိသ' ဆိုတာက prefix 'သ' နဲ့ ပုရိသ တို့တွဲထားတာပါ။ Prefix 'သ' ကလည်း "သန္တ (śānta) = ငြိမ်းချမ်းသော၊ နူးညံ့သိမ်မွေ့သော" ဆိုတဲ့ အနက်တွေရတဲ့ ပုဒ်နဲ့ "သန္တ (santa)= မြင့်မြတ်သော၊ ကောင်းမွန်သော၊ စစ်မှန်သော" စတဲ့ အနက်တွေရတဲ့ ပုဒ်က ဆင်းသက်လာပါတယ်။ စိတ်နှလုံး အေးချမ်း သိမ့်မွေ့သူ၊ ဖြောင့်မတ် တည်ကြည် မြင့်မြတ်သူ၊ စစ်မှန်သူ စတဲ့ အဓိပ္ပါယ်တွေရနိုင်ပါတယ်။ အင်္ဂလိပ်လို Good person, Person of integrity, True Person, Worthy Person စသဖြင့် ပြန်တတ်ကြပါတယ်။

ပြောမယ့်ဆိုရင် Gentleman ဆိုတဲ့ စကားနဲ့ အတော်လေး နီးစပ်ပါတယ်။ ဒါပေမယ့် Gentleman လု့ိ ပြန်လိုက်ရင် 'သပ္ပုရိသ' ရဲ့ ပဓာနကျတဲ့ အရည်အသွေးတွေ ပြုတ်ကျန်ခဲ့ နိုင်သလို၊ Gentleman ဆိုတဲ့ ဝေါဟာရ နောက်မှာ အနောက်တိုင်း ယဉ်ကျေးမှု ကျင့်ဝတ်ဓလေ့တွေ၊ ဂုဏ်ဒြဗ်တွေ အပိုဆောင်းပြီး ပါလာနိုင်ပါတယ်။

🔸 ဒါဆို ဗုဒ္ဓဘာသာက ဘယ်လိုလူမျိုးကို သူတော်ကောင်းလို့ ... သတ်မှတ်ပါသလဲ ...။

★ သူ့ကျေးဇူးကို သိတတ်၊ တုန့်ပြန်တတ်တာကို (ကတညုတာ ကတဝေဒီ) သူတော်ကောင်းရဲ့ အခြေခံသဘော (သပ္ပုရိသဘူမိ) လို့ အင်္ဂုတ္တရနိကာယ် သမ္မစိတ္တဝဂ်မှာ ဟောထားပါတယ်။

★ ယေဘုယျအား ဖြင့်တော့ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ဆိုတဲ့ မကောင်းမှုတွေကို ရှောင်ကြဉ်တဲ့သူကို သူတော်ကောင်းလို့ သတ်မှတ်ပါတယ် (အံ.၃.၉၊ ခတသုတ်)။ ဒီတော့ သူတော်ကောင်းဆိုတာ သီလရှိသူတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

★ ဒီထက်ချဲ့ရင်တော့ သူတော်ကောင်းတရား (သဒ္ဓမ္မ) ၇-ပါးနဲ့ ပြည့်စုံတဲ့သူေတွကို သူတော်ကောင်းလို့ သတ်မှတ်ပါတယ်(စူဠပုဏ္ဏမသုတ်၊ မ.၃.၉၂)။

သူတော်ကောင်း တရား ၇-ပါးကတော့ -

၁။ ဘုရားတရားစသည်ကို ယုံကြည်ခြင်း (သဒ္ဓါ)၊
၂။ မကောင်းမှု ပြုရန် ရှက်ခြင်း (ဟိရီ)၊
၃။ မကောင်းမှု ပြုရန် ကြောက်ခြင်း (သြတ္တပ္ပ)၊
၄။ အကြားအမြင်များခြင်း (ဗဟုဿုတ)၊
၅။ အားထုတ်သော လုံ့လအားထုတ်ခြင်း (အာရဒ္ဓဝီရိယ)၊
၆။ မြဲသော သတိရှိခြင်း (ဥပဋ္ဌိတဿတိ)၊
၇။ ပညာရှိခြင်း (ပညဝါ) တို့ ဖြစ်ပါတယ်။

ဒီတော့ သူတော်ကောင်းဆိုတာ သီလ ရှိရုံတင် မဟုတ်ဘဲ သတိ၊ ဝီရိယ၊ ပညာတွေနဲ့ ပြည့်စုံသူလည်း ဖြစ်ပါတယ်။

★ သူတော်ကောင်းတွေက သူတော်ကောင်းတို့ရဲ့ လှူဒါန်းပေးကမ်းခြင်းမျိုး (သပ္ပုရိသဒါန) ကို ပြုလေ့ရှိတယ် (စူဠပုဏ္ဏမသုတ်၊ မ.၃.၉၂)။

သပ္ပုရိသဒါန ဆိုတာကတော့ -

၁။ အလှူကို ရိုရိုသေသေ ပေးလှူတယ် (သက္ကစ္စံ ဒါနံ ဒေတိ)။
၂။ ကိုယ်တိုင်ကိုယ်ကျ ပေးလှူဒါန်းတယ် (သဟတ္ထာ ဒါနံ ဒေတိ)။
၃။ (လှူဖွယ်နဲ့ အလှူခံအပေါ်မှာ) စိတ်ကို အမြတ်တနိုးထားပြီး ပေးလှူတယ် (စိတ္တီကတွာ ဒါနံ ဒေတိ)။
၄။ စွန့်ပစ်သလို မဟုတ်ဘဲ ပေးလှူတယ် (အနပဝိဋ္ဌံ ဒါနံ ဒေတိ)။
၅။ လှူဒါန်းခြင်းရဲ့ အကျိုးသက်ရောက်မှုကို သိမြင်ပြီး ပေးလှူတယ် (အာဂမနဒိဋ္ဌိကော ဒါနံ ဒေတိ)။

★ သူတော်ကောင်းတွေက သူတော်ကောင်းတရား ၇-ပါးနဲ့ ပြည့်စုံတဲ့ အခြားသူတော်ကောင်းတွေကိူ မိတ်ဆွေ အပေါင်းအသင်းအဖြစ် ဆည်းကပ်လေ့ရှိတယ် (စူဠပုဏ္ဏမသုတ်၊ မ.၃.၉၂)။

★ သူတော်ကောင်းတွေက တပါးသူရဲ့ အပြစ်ကို ထုတ်ဖော်ပြောလေ့ မရှိဘူး။ မပြောမဖြစ် ပြောရမယ်ဆိုရင်လည်း ပုံကြီးမချဲ့ဘူး။ သူတပါးရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော် ပြောတတ်တယ်။ မေးလာခဲ့ရင်လည်း အကျယ်တဝံ့ ပြောပြတတ်တယ်။ မိမိရဲ့ အပြစ်ကို မထိမ်မဝှက်ဘဲ ထုတ်ဖော်ပြောလေ့ ရှိတယ်။ မိမိရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော် ပြောလေ့ မရှိဘူး။ မပြောမဖြစ် ပြောရရင်လည်း အကျယ်မချဲ့ လိုသလောက်ပဲ ပြောတယ် (သပ္ပုရိသသုတ်၊ အံ.၄.၇၃)။

★ မဂ္ဂသံယုတ်မှာတော့ သူတော်ကောင်းဆိုတာ -

၁။ မှန်သောအမြင် (သမ္မာဒိဋ္ဌိ)
၂။ မှန်သောအကြံ (သမ္မာသင်္ကပ္ပ)
၃။ မှန်သော စကား (သမ္မာဝါစာ)
၄။ မှန်သော အလုပ် (သမ္မာကမ္မန္တ)
၅။ မှန်သော အသက်မွေးမှု (သမ္မာအာဇီဝ)
၆။ မှန်သော အားထုတ်မှု (သမ္မာဝါယာမ)
၇။ မှန်သော သတိ (သမ္မာသတိ)
၈။ မှန်သော သမာဓိ (သမ္မာသမာဓိ) -

ဆိုတဲ့ သမ္မာမဂ္ဂင်-၈-ပါး အကျင့်တရား ရှိတဲ့သူလို့ ဟောထားပါတယ်။ (ပဌမအသပ္ပုရိသသုတ်၊ သံ.၅.၂၅)။

မဂ္ဂင်တရား ပွားများနေတဲ့ ကလျာဏပုထုဇဉ်တွေက အစ အရိယာပုဂ္ဂိုလ်တွေ အထိ အကျုံးဝင်သွားပါတယ်။ ရဟန္တာ ပုဂ္ဂိုလ်တွေကိုတော့ 'သူတော်ကောင်းထက် သာကောင်းတဲ့သူ' (သပ္ပုရိသတရ) လို့ ခေါ်ပါတယ်။

☸️ သူတော်ကောင်း လက္ခဏာတွေကို ပြောရင် ငါးရာ့ငါးဆယ် နိပါတ်တော်ထဲက သရဘင်္ဂရသေ့ရဲ့ စကားကို ချန်ထားလို့ မဖြစ်ပါဘူး။

အထူးသဖြင့် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရား ပေးတဲ့ အနက်နဲ့ ရှင်းလင်းဟောပြောတဲ့ တရားက ကြည်ညိုစရာ ကောင်းလှတာမို့ ပြန်လည် မျှဝေလိုက်ပါတယ်။

ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိ စ ဟောတိ။
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
ယထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။
(ဇာတက-၁၇-၇၈၊ အမှတ် ၅၂၂၊ သရဘင်္ဂဇာတ်)

ယော ဓီရော = နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝ နောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် အကြင်ပညာ့ရှင်သည်၊
ဝေ = စင်စစ် ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊
ကတညူ = သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသ၍ သိလေ့ရှိသည် လည်းကောင်း၊
ကတဝေဒိ = သူများပြုအပ် ကျေးဇူးရပ်ကို တတ်သ၍ မှတ်သ၍ ဆပ်လေ့ရှိသည် လည်းကောင်း၊
ကလျာဏမိတ္တော = မိကောင်း ဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအထိ မိတ်ကောင်းရှိသည် လည်းကောင်း၊
ဒဠှဘတ္တိ = ထိုမိတ်ကောင်းလည်း အသည်းစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည် လည်းကောင်း၊
ဟုတွာ = ဖြစ်၍
ဒုခိတဿ = မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏၊
ကိစ္စံ = စားသောက်နေရေး ဆေးဝါးပေး၍ လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ = ကိုယ်ချင်းစာနာ သနားညှာလျှက် များစွာပုံသေ ပြုစုတတ်ပေ၏။
တထာဝိဓံ = သို့ကလို ဂုဏ်အင် စုံလင်ပေသည့် ပညာရှိအပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ = ဘဝ နောက်နှောင်း ကောင်းထက် ကောင်းဖို့ လမ်းကြောင်းတီထွင် သူတော်စင်ဟူ၍၊
ဝဒန္တိ = ဘုရားစသား ပုဂ္ဂိုလ်များက လေးစားကြည်ဖြူ ချီးမွန်းတော်မူကြလေကုန်သတည်း။

Tuesday, January 22, 2019

မင်္ဂလသုတ် (၈) - Trustworthy Friends, True-hearted Friends & Spiritual Friends

Reading #MaṅgalaSutta

အခုတလောမှာ မင်္ဂလသုတ်နဲ့ စပ်ပြီး ဖတ်မိဖတ်ရာ၊ တွေးမိတွေးရာလေးတွေကို Reading #MaṅgalaSutta ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးတင်ဖြစ်ပါတယ်။ Maṅgala Sutta ရဲ့ ရှေ့မှာ "Reading" ဆိုတာ စကား ထည့်ဖြစ်တဲ့ အကြောင်း ၂-ခု ရှိပါတယ်။

(၁) အခု ရေးနေတာသည် ငါသိ မဟုတ် စာသိသာ ဖြစ်တယ်။ စာသိ ဆိုရာမှာတောင် ဖတ်ပြီး သိပြီး တတ်ပြီး (in past participle) မဟုတ်ဘဲ၊ ဖတ်ဆဲ (in present continuous) မျှသာ ဖြစ်တယ်လို့ သတိပေးချင်လို့ပါ။

(၂) "Reading" လို့ဆိုတဲ့ နေရာမှာ မူရင်းသုတ်ကို ဖတ်ရုံတင် မဟုတ်ဘဲ၊ မင်္ဂလသုတ်မှာပါတဲ့ ပုဒ်တွေရဲ့ အနက်ကို အဘိဓာန် ဖွင့်ဆိုချက်၊ အဋ္ဌကထာဖွင့် ဆိုချက်တွေနဲ့ တွဲပြီး ဖတ်တဲ့ Extensive Reading မျိုး၊ မင်္ဂလသုတ်မှာပါတဲ့ အကြောင်းအရာနဲ့ နှီးနွယ်ဆက်စပ်တဲ့ နိကာယ်ငါးရပ်က သုတ္တန်အချို့ကို ဆွဲထုတ်ပြီး compare and contrast လုပ်တဲ့ Syntopical Reading မျိုး ဖြစ်ပါတယ်။ ဖတ်ဖူးမှတ်ဖူးတဲ့ သိပ္ပံ၊ ဒဿန၊ ပညာရေး စတဲ့ လောကီနယ်က အယူအဆအချို့ကိုလည်း အလျဉ်းသင့်သလို ထည့်သွားဖို့ စိတ်ကူးထားပါတယ်။

▬▬▬▬▬▬

မိတ်ဆွေကောင်းနဲ့ ပေါင်းဖော်ရခြင်းက မင်္ဂလာတရား ၃၈-ပါးလုံးနဲ့ ပြည့်စုံစေသည်အထိ အကျိုး ကျေးဇူးကြီးတယ်လို့ အရင်ပို့စ်မှာ ရေးခဲ့ပါတယ်။ မင်္ဂလသုတ်မှာကတော့ "ပညာရှိကို မှီဝဲဆည်းကပ်ခြင်း" (ပဏ္ဍိတာနံ သေဝနာ) လို့ ဟောပါတယ်။ အချို့သုတ်တွေမှာတော့ "သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း" (သပ္ပုရိသသံသေဝ) လို့ သုံးတာ ရှိသလို၊ "မိတ်ဆွေကောင်းရှိခြင်း" (ကလျာဏမိတ္တတာ) လို့ သုံးတာလည်း ရှိပါတယ်။ ဒီနေရာမှာ ပညာရှိ (ပဏ္ဍိတ)၊ သူတော်ကောင်း (သပ္ပုရိသ)၊ မိတ်ဆွေကောင်း (ကလျာဏမိတ္တ) ဆိုတာတွေက အတူတူပဲလား၊ မတူဘူးလားဆိုတာ မေးစရာ ရှိပါတယ်။

မိတ္တလို့ ဆိုတဲ့ နေရာမှာတောင် အကြမ်းအားဖြင့် အဆင့် သုံးဆင့် အဓိပ္ပါယ်သုံးမျိုး လောက်ရှိတယ်လို့ လန်ဒန် ပါဠိကျမ်းစာအသင်း (PTS) က ထုတ်တဲ့ ဂျာနယ်တစ်စောင်မှာ Steven Collins က ရေးခဲ့ဖူးတယ်။

🔹 ခင်မင်ရင်းနှီးပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ

ပထမအမျိုးအစားကတော့ တဦးနဲ့ တဦး ရင်းနှီးကျွမ်းဝင်ပြီး ယုံကြည်စိတ်ချ အားကိုးရတဲ့ (ဝိဿာသော trustworthy) မိတ်ဆွေမျိုးပါ။ ဆွေမျိုး သားချင်းတွေ၊ ရင်းနှီးတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ပါပါတယ်။ မြန်မာစကား ဇစ်မြစ်အရလည်း "မိတ်" ဆိုတာက "ပေါင်းသင်းဆက်ဆံခြင်း" အနက်၊ "ဆွေ" ဆိုတာက "ရင်းနှီးခင်မင်ခြင်း"အနက် ရှိကြတယ် မဟုတ်လား။ ရင်းနှီးကျွမ်းဝင် ယုံကြည်အားထားရသူက အကောင်းဆုံး ဆွေမျိုးသားချင်း (ဝိဿာသပရမာ ဉာတိ) ပဲလို့ ဓမ္မပဒမှာ ဟောထားတာ ရှိပါတယ်။

🔹 စိတ်ကောင်း နှလုံးကောင်းတဲ့ မိတ်ဆွေ

သိင်္ဂလောဝါဒသုတ်မှာလာတဲ့ စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ မိတ်ဆွေမျိုး (မိတ္တေ သုဟဒေါ) ကတော့ ဒုတိယ မိတ်ဆွေမျိုးပါ။

၁။ ကိုယ့်အပေါ်မှာ ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေမျိုး (ဥပကာရကော)
၂။ အေးအတူ ပူအမျှ မိတ်ဆွေမျိုး (သမာနသုခဒုက္ခော)
၃။ ကိုယ့်အကျိုးစီးပွားအတွက် ပြောဆိုအကြံပေးတတ်တဲ့ မိတ်ဆွေမျိုး (အတ္ထက္ခာယီ)
၄။ ကိုယ့်ကို ကြင်နာသနား စောင့်ရှောက်တတ်တဲ့ မိတ်ဆွေမျိုး (အနုကမ္ပကော)

ဒီလိုမိတ်ဆွေမျိုးကို သိင်္ဂလောဝါဒသုတ်က စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ မိတ်ဆွေစစ် လေးယောက်လို့ ဟောထားပါတယ်။ ဒီလို မိတ်ဆွေမျိုးကို အင်္ဂုတ္တရနိကာယ်မှာ ဟောထားတဲ့ "ပေါင်းသင်းအပ်တဲ့ မိတ်ဆွေ" (မိတ္တော သေဝိတဗ္ဗော) ရဲ့ အင်္ဂါရပ် ၇-ရပ်နဲ့လည်း တိုင်းကြည့်နိုင်ပါတယ် (အံ.၇.၃၆၊ ပဌမမိတ္တသုတ်)။

၁။ ပေးနိုင်ခဲတာကို ပေးတယ် (ဒုဒ္ဒဒံ ဒဒါတိ)
၂။ ပြုနိုင်ခဲတာကို ပြုပေးတယ် (ဒုက္ကရံ ကရောတိ)
၃။ သည်းခံ နိုင်ခဲတာကို သည်းခံတယ် (ဒုက္ခမံ ခမတိ)
၄။ ကိုယ့်လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် (ဂုယှမဿ အာဝိ ကရောတိ)
၅။ မိတ်ဆွေရဲ့ လျှို့ဝှက်ချက်ကို လျှို့ဝှက်ပေးတယ် (ဂုယှမဿ ပရိဂုဟတိ)
၆။ ဘေးရန်ကြောင့် မစွန့်ဘူး (အာပဒါသု န ဇဟတိ)
၇။ ပစ္စည်းဥစ္စာ ကုန်ခမ်းချို့တဲ့သွားလို့လည်း မထေမဲ့မြင် မပြုဘူး (ခီဏေန နာတိမညတိ)

🔹 ဆည်းကပ် ပူဇော်ထိုက်တဲ့ မိတ်ဆွေ

ဒီသုတ္တန်ရဲ့ နောက် ကပ်လျက်က သုတ်မှာတော့ "ပေါင်းသင်းအပ်တဲ့ မိတ်ဆွေ" လို့ ဆိုရုံတင် မဟုတ်ဘဲ "မောင်းမဲ နှင်ထုတ်ရင်တောင် ပေါင်းသင်းအပ်၊ ဆည်းကပ်၊ ခစားအပ်တဲ့ မိတ်ဆွေ" (မိတ္တော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော အပိ ပနုဇ္ဇမာနေနပိ) ရဲ့ အင်္ဂါ ၇-ပါးကို ဟောထားပါတယ် (အံ.၇.၃၇၊ ဒုတိယမိတ္တသုတ်)။

၁။ ချစ်ခင် မြတ်နိုးထိုက်တယ် (ပိယော စ ဟောတိ မနာပေါ စ)
၂။ လေးစားထိုက်တယ် (ဂရု စ)
၃။ နှလုံးကို ပွားစေတတ်တယ် (ဘာဝနီယော စ)
၄။ ပြောဆို ဆုံးမတတ်တယ် (ဝတ္တာ စ)
၅။ သူတပါးက ပြောဆိုဆုံးမတာကိုလည်း ခံယူတယ် (ဝစနက္ခမော စ)
၆။ နက်နဲတဲ့ တရားစကားကို ပြောဆိုတတ်တယ်(ဂမ္ဘီရဉ္စ ကထံ ကတ္တာ ဟောတိ)
၇။ မလုပ်သင့်တာကို မလုပ်ခိုင်းဘူး (နော စ အဋ္ဌာနေ နိယောဇေတိ)

ဒီလို မိတ်ဆွေမျိုးကို တတိယအမျိုးအစား မိတ်ဆွေ အဖြစ် Steven Collins က ပြထားပါတယ်။ သူ့ရဲ့ ဆောင်းပါးအကျယ်ကိုတော့ Kalyāṇamitta and Kalyāṇamittatā မှာ ဖတ်နိုင်ပါတယ်။

★ ပညာရှိ (ပဏ္ဍိတ)၊ သူတော်ကောင်း (သပ္ပုရိသ) နဲ့ မိတ်ဆွေကောင်း (ကလျာဏမိတ္တ) တွေက တူ-မတူ ဆိုတာကိုတော့ နောက်မှ ဆက်ရေးပါဦးမယ်...။


Sunday, January 13, 2019

မင်္ဂလသုတ် (၇) - Inspiration, Aspiration and the Goal

ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလမုတ္တမံ။


ကလေးဘဝက သရဲတစ္ဆေတွေကို ကြောက်တဲ့အခါ ဒီဂါထာအပိုဒ်ကလေးကို ရွတ်လေ့ရှိတယ်။ နောင်ကြီးလာတော့ သရဲတစ္ဆေတွေကို မကြောက်တတ်တော့ ပေမယ့်လည်း၊ စိတ်လှုပ်ရှား ပူပန်တဲ့အခါတိုင်း ရွတ်လေ့ရှိပြန်တယ်။ ငယ်စဉ်ကတော့ အဆိုးလောကဓံတွေကို မကြုံတွေ့ရအောင် ဆုတောင်းတဲ့ အနေနဲ့ ရွတ်မိတာများတယ်။ အသက်အရွယ် ရလာတော့ အဆိုးလောကဓံတွေကို မကြုံတွေ့ရအောင် ဆိုတာထက် အဆိုးလောကဓံတွေကို ကြုံတွေ့ချိန်မှာ ရင်ဆိုင်နိုင်မယ့် ခွန်အားမျိုး ရလာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ရွတ်ဖြစ်တော့တယ်။

"အဆိုးလောကဓံတွေကို မကြုံတွေ့ဖို့" ဆိုတာက ဖြစ်နိုင်တာမျိုးမှ မဟုတ်တာ။ မြတ်စွာဘုရား ကိုယ်တော်တောင် အဆိုးလောကဓံ အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသေးတာပဲ။ သူ့မျိုးနွယ်စုတွေကို သတ်ဖြတ်၊ သူ့နိုင်ငံကို ဖျက်ဆီးမယ့် ရန်ကို တားဆီးဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ သူ့ယောက္ခမဖြစ်တဲ့ သုပ္ပဗုဒ္ဓရဲ့ ငြိုငြင်မှုကို ခံခဲ့ရတယ်။ သူ့ယောက်ဖ ဒေဝဒတ်ရဲ့ လုပ်ကြံမှုတွေကနေလည်း သီသီလေးလွတ်ခဲ့ရတယ်။ စိဉ္စမာဏ၊ သုန္ဒရီစတဲ့ မိန်းမတွေနဲ့ စွတ်စွဲမှုကိုလည်း ခံခဲ့ရတယ်။ ဝေရဉ္ဇာပြည်မှာ ငတ်မွတ်ခေါင်းပါးမှုဘေးကို ကြုံခဲ့ရတယ်။ အသက်ရွယ်ကြီးလာတော့ သူ့ရဲ့ လက်ရုံးဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်၊ သားတော် ရာဟုလာနဲ့ ယသောဓရာထေရီတို့က သူ့အရင် အသီးသီး ပရိနိဗ္ဗာန်စံဝင်သွားကြတယ်။ ဘဝနောက်ဆုံး အချိန်မှာ သွေးဝမ်းရောဂါကြောင့် အားအင်ချိနဲ့ နေတဲ့ကြားက ကုသိနာရုံကို ခြေလျင်ခရီး ကြွခဲ့ရတယ်။ (အချို့ကတော့ ဇာတိမြေ ကပိလဝတ်ကို ခေါင်းချဖို့ ပြန်ရင်း လမ်းခရီး ကုသိနာရုံမှာပဲ လွန်တော်မူခဲ့တယ်လို့ ဆိုတယ်။ ဥပါဒါန်ကို ပယ်သတ်ပြီးတဲ့ မြတ်စွာဘုရားက ဒီလိုအစွဲမျိုး ရှိမှာမဟုတ်လို့ သုဘဒ္ဒကို ချေချွတ်ဖို့ ကုသိနာရုံကို ကြွတယ်ဆိုတာကပဲ ပိုပြီး မှန်ပါလိမ့်မယ်)။

ဘုန်းတော် အနန္တ၊ ကံတော် အနန္တဆိုတဲ့ ဘုရားရှင်တောင် ဒီလို လောကဓံဆိုးတွေကို ကြုံရသေးတာ ဘယ်လိုလူကများ လောကဓံတရားတွေကို ရှောင်ရှားနိုင်မှာလဲ။ ဘုရားရဟန္တာတွေကတော့ အကောင်း လောကဓံတွေကြောင့် စိတ်လှုပ်ရှား၊ မာန်တက်ခြင်း မရှိကြသလို၊ အဆိုးလောကဓံတွေကြောင့်လည်း စိတ်ထိခိုက် ပင်ပမ်းခြင်း၊ ဝမ်းနည်းအားငယ်ခြင်း မဖြစ်ကြဘူး။ လောကဓံ တရားတွေကို တည်ငြိမ်ရင့်ကျက်စွာ ရင်ဆိုင်နိုင်ကြတယ်။ ဘုရားရဟန္တာတွေရဲ့ စိတ်ဓာတ်က မတုန်လှုပ်ဘူး (နကမ္ပတိ)၊ စိုးရိမ်ပူပန်မှု မရှိဘူး (အသောကံ)၊ ပုထုဇဉ်တွေလို လောကဓံတရားကို ရာဂ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတရားတွေနဲ့ မတုန့်ပြန်ကြဘူး။ ကိလေသာ မြူကင်းစဉ်နေတယ် (ဝိရဇံ)၊ စိတ်ကို ချုပ်နှောင်ထားတဲ့ အနှောင်အဖွဲ့တွေက လွတ်မြောက်ပြီးဖြစ်လို့ ဘေးကင်းလုံခြုံနေတယ် (ခေမံ)။

ဘုရားရဟန္တာတွေရဲ့ စိတ်ဓာတ်ကို လေးစားကြည်ညိုတဲ့ စိတ်နဲ့ ဒီဂါထာလေးကို ရွတ်တဲ့အခါ လောကဓံကို ရင်ဆိုင်နိုင်ဖို့ ထိုက်သင့်တဲ့ ခွန်အားမျိုးကို ဖြစ်စေပါတယ်။ ဘုရားရဟန္တာတွေကို စံပြုပြီး ကိုယ်တိုင်လည်း ရင့်ကျက်ခိုင်မာတဲ့ စိတ်ဓာတ်မျိုးတွေ ရရှိလိုတဲ့ ဆန္ဒတွေ ဖြစ်စေပါတယ်။ ဘုရားရဟန္တာတွေရဲ့ "မတုန်လှုပ်တဲ့ စိတ်၊ မပူပန်တဲ့စိတ်၊ မြူကင်းတဲ့စိတ်၊ ဘေးကင်းလုံခြုံတဲ့ စိတ်" က မင်္ဂလသုတ်ရဲ့ နောက်ဆုံး မင်္ဂလာ ၄-ပါးပါ။ တနည်းဆိုရင် မင်္ဂလသုတ်က ခရီးလမ်းပြ မြေပုံတခု ဖြစ်မယ်ဆိုရင် ဒီဂါထာက မင်္ဂလာခရီးရဲ့ လမ်းဆုံးပန်းတိုင်လို့ ဆိုနိုင်ပါတယ်။ ဒီလို စိတ်ဓာတ်မျိုးက ဘုရားရဟန္တာတွေကို "အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္စလီကရဏီယော" စတဲ့ ပူဇော်အထူးကို ခံတော်မူထိုက်တဲ့ ဂုဏ်တွေကို ဆောင်စေပါတယ်။ ဒါကြောင့်လည်း ဒီလို စိတ်ဓာတ်မျိုးကို မင်္ဂလာလို့ ခေါ်ကြောင်း မင်္ဂလသုတ်အဋ္ဌကထာက ရှင်းပြထားတယ်။

ဒီတော့ "လူမိုက်နဲ့ မပေါင်းနဲ့၊ ပညာရှိလိမ္မာနဲ့ ပေါင်း၊ ပူဇော်ထိုက်သူကို ပူဇော်" ဆိုတဲ့ ပထမဂါထာက "မတုန်လှုပ်တဲ့ စိတ်၊ မပူပန်တဲ့စိတ်၊ မြူကင်းတဲ့စိတ်၊ ဘေးကင်းလုံခြုံတဲ့ စိတ်" ဆိုတဲ့ ပန်းတိုင်ဂါထာဆီကို ဦးတည်နေတယ်လို့ ဆိုနိုင်ပါတယ်။

မင်္ဂလသုတ် (၆) - Nurturing the Good Nature

"လူမိုက်နဲ့ မပေါင်းနဲ့" လို့ ဆိုတဲ့နေရာမှာ ပုဂ္ဂလသဘောကို ကျော်ပြီး ဓမ္မသဘောနဲ့ လူမိုက် ဖြစ်ကြောင်းတရားတွေကို မမှီဝဲ မဆည်းကပ်နဲ့ နှစ်သက်-မြတ်နိုး-တန်ဖိုးထားခြင်း မပြုနဲ့လို့ ကောက်ယူနိုင်ကြောင်း ရေးခဲ့တယ်။

ဒါပေမယ့် ဒီလို ဓမ္မရှုထောင့်ကနေ ယူလိုက်ရင် မင်္ဂလသုတ်ရဲ့ ဒေသနာစဉ် ပျက်သွားပါလိမ့်မယ်။ အကုသိုလ်တရားတွေကို မှီဝဲဆည်းကပ်ခြင်း မပြုနဲ့ ကုသိုလ်တရားတွေကို မှီဝဲဆည်းကပ်လို့ ဆိုရင် ဓမ္မသဘောအရ "မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား" ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံးအမအနှစ်ချုပ်ထဲ အကုန်ပါသွားပြီး နောက်ထပ် မင်္ဂလာတွေကို ဆက်ဟောစရာ မလိုတော့ဘဲ ဖြစ်သွားနိုင်လို့ ဟောစဉ် ဒေသနာစဉ် ပျက်တယ်လို့ ဆိုတာပါ။

ဒုတိယအနေနဲ့ကတော့ ကောင်းဆိုး ခွဲခြားနားမလည်နိုင်သေးတဲ့ ကလေးသူငယ်တွေအတွက် "ဘာက မကောင်းမှု၊ ဘာက ကောင်းမှု၊ ဘယ်သူက လူမိုက်၊ ဘယ်သူက လူလိမ္မာ" လို့သိဖို့ အတွက် မိဘဆရာသမားရဲ့ လမ်းညွှန်မှု လိုအပ်နေလို့ပါ။ ကလေးဆိုတာက သူမြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်က အမူအကျင့်၊ ဓလေ့စရိုက်နဲ့ အတွေးအခေါ်တွေကို အတုယူတတ်ကြလို့ပါ။ ပတ်ဝန်းကျင်ရဲ့ သြဇာသက်ရောက်မှု သဘောကို ငါးရာ့ငါးဆယ် ဇာတ်တော်တွေမှာ ရသေ့ရဲ့ ကျောင်းသင်္ခမ်းနဲ့ သူခိုးဓားပြတွေဆီ တကွဲတပြားစီ ရောက်သွားကြတဲ့ ကျေးညီနောင် (ဇာတကအမှတ် ၅၀၃၊ သတ္တိဂုမ္ဗဇာတ်)၊ ခြေခွင်တဲ့ မြင်းထိန်းကြောင့် လိုက်ပြီး ခြေခွင်သွားတဲ့ မင်္ဂလာမြင်း (ဇာတကအမှတ် ၁၈၄၊ ဂီရိဒတ္တဇာတ်)၊ တမာပင်၊ ခွေးတောက်ပင်တို့နဲ့ ရောယှက်ပေါက်လို့ အခါးသီးတွေ သီးလာတဲ့ သရက်ပင် (ဇာတကအမှတ် ၁၈၆၊ ဒဓိဝါဟနဇာတ်) စသဖြင့် ဟောကြားထားတဲ့ ပုံဝတ္ထုတွေ အများကြီး ရှိပါတယ်။



ဒီနေ့ခေတ် Neuroscience နဲ့ Psychology ပညာရှင်တွေရဲ့ သုတေသနအရလည်း ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုကို လက်ခံကြပါတယ်။ လူတွေ ပြုမှုပြောဆိုတွေးခေါ်ပုံတွေရဲ့ ၉၅% လောက်ကို သူတို့ရဲ့ မသိစိတ်က လွှမ်းမိုးထားတယ်။ မသိစိတ်ဆိုတာကလည်း မွေးကင်းစကနေ ၇-နှစ်သားအရွယ်အတွင်းမှာ ပုံပေါ်သွားတယ်။ တနည်းဆိုရင် လူတစ်ယောက်ရဲ့ မသိစိတ်ကို ၇-နှစ်အရွယ်အတွင်းမှာ programmed လုပ်ထားတာလို့ ဆိုနိုင်တယ်။ (ဗုဒ္ဓဘာသာအရတော့ မသိစိတ်ဆိုတဲ့ ဝေါဟာရက အငြင်းပွားစရာပါ)။

အမိဝမ်းထဲကနေ စလို့ ၂-နှစ်သားအရွယ်ထိ ကလေးငယ်တွေရဲ့ ဦးနှောက်မှာ delta wave ပိုပြီး အဖြစ်များတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်ဆိုရင် delta wave က အိပ်ပျော်နေတဲ့ အချိန်မှာပဲ ဖြစ်တတ်တယ်။ မွေးစကလေးငယ်လေးတွေက တချိန်လုံး အိပ်နေကြတယ်ဆိုတာက သူတို့ရဲ့ ဦးနှောက်မှာ delta wave တွေပဲ ဖြစ်နေလို့ပါ။ ဒီအရွယ်မှာ ဦးနှောက်က အာရုံငါးပါးကနေတဆင့် ရလာတဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကို စုဆောင်းကူးယူပါတယ်။

၂-နှစ်ကနေ ၆-နှစ်ရောက်တော့ theta wave တွေ အဖြစ်များလာတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဆိုရင် theta wave က စိတ်ညှို့ခံထားရတဲ့ အချိန်၊ တရားထိုင်တဲ့ အချိန်နဲ့ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေတဲ့ အချိန်မှာပဲ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီအရွယ်ကလေးငယ်တွေက ပြင်ပလောကနဲ့ သူတို့ရဲ့ အဇ္ဈတ္တလောကကို ရောယှက်နေတဲ့ စိတ်ကူးယဉ် ကမ္ဘာလေးထဲမှာ နေတတ်ကြပါတယ်။ စိတ်ညှို့ခံထားရသလို ဖြစ်နေတာကြောင့် တိရစ္ဆာန် အရုပ်ကလေးတွေနဲ့ ကစားနေတဲ့ ကလေးတစ်ယောက် အတွက်တော့ ဒီအရုပ်ကလေးတွေက တကယ့် တိရစ္ဆာန်လေးတွေနဲ့ သိပ်မခြားနားလှပါဘူး။ ဒီအရွယ်မှာ သူတို့ရဲ့ ဦးနှောက်က ယုတ္တိနည်းလမ်းကျ စဉ်းစားဖို့ထက် ဘာမဆို လက်ခံသင်ယူဖို့ တံခါး အပြည့်ဖွင့်ထားပါတယ်။ ဒါကြောင့် ပညာရေးအတွက် အရေးအပါဆုံး အရွယ်လို့ ဆိုလေ့ရှိပါတယ်။ ယုံကြည်မှု၊ ဓလေ့စရိုက် အတော်များများကလည်း ဒီအရွယ်မှာ ပုံပေါ်လာပါတယ်။ ၅-နှစ်ကနေ ၈-နှစ်မှာ ပတ်ဝန်းကျင်ကို ဆန်းစစ်သုံးသပ် အဓိပ္ပါယ်ဖော်ရာမှာ ဖြစ်လေ့ရှိတဲ့ alpha wave တွေက ပိုအဖြစ်များလာပြီး ၈-နှစ်ကျော်ရင်တော့ ယုတ္တိနည်းကျ စဉ်းစားတဲ့အခါမှာ ဖြစ်တဲ့ beta wave တွေက တဖြည်းဖြည်း ပိုပြီး လွှမ်းမိုးသွားပါတယ်။

ဒါကြောင့် သင်ယူမှုအတွက် တံခါး အပြည့်ဖွင့်ထားတဲ့ ကလေးငယ်ဘဝမှာ "လူမိုက်နဲ့ မပေါင်းဘဲ၊ လူလိမ္မာ ပညာရှိနဲ့ပေါင်းပြီး၊ ပူဇော်ထိုက်သူကို ပူဇော်" စေတာက ကလေးတွေကို ဘာကို တန်ဖိုးထားမြတ်နိုးရမလဲဆိုတဲ့ ကိုယ်ကျင့်တရားရဲ့ အခြေခံကို ပြုစုပျိုးထောင်ရာ ရောက်ပါတယ်။ ငယ်စဉ်က ဒီလို အရည်အသွေးတွေ မရခဲ့ရင် အမှားကို အမှန်ထင်တတ်ကြပြီး၊ ဒီလို အရည်အသွေးတွေ ခိုင်မာနေပါမှ ပတ်ဝန်းကျင်ဆိုးတွေရဲ့ ဆွဲဆောင် လွှမ်းမိုးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပါတယ်။




မင်္ဂလသုတ် (၅) - What to be followed and What Not to be followed

မင်္ဂလသုတ်နဲ့ စပ်ပြီး ဖတ်မိဖတ်ရာ၊ တွေးမိတွေးရာလေးတွေကို ရေးတင်နေပေမယ့် … ရှေ့ကို သိပ်မဆက်နိုင်ဘဲ ဖြစ်နေတယ်။ "အသေဝနာစ ဗာလာနံ" ကို မကျေလည်သေးဘဲ၊ "ပူဇာစ ပူဇနေယျာနံ" ကို ဆက်သွားလို့မှ မရတာ။

▬▬▬▬▬

"သေဝနာ" ဆိုတဲ့ ပုဒ်က "အားရ-နှစ်သက်-မြတ်နိုးခြင်း၊ မှီဝဲ-သုံးဆောင်-ခံစားခြင်း၊ မှီခို-ဆည်းကပ်ခြင်း" ဆိုတဲ့ အဓိပ္ပါယ်တွေရတဲ့ "သေဝေါ" ဓာတ် (√sev) က ဆင်းသက်လာတာပါ။ ဒါကြောင့် "အသေဝနာ" ကို မြန်မာလို ခပ်လွယ်လွယ် "မပေါင်းသင်းခြင်း" လို့ ဘာသာပြန်နိုင်ပေမယ့် ရှေးဆရာတော်တွေကတော့ "မမှီဝဲ မဆည်းကပ်ခြင်း" လို့ ဘာသာပြန်ခဲ့ကြတာပါ။

လူမိုက်နဲ့ မပေါင်းပေမယ့် လူမိုက်တွေရဲ့ အမူအကျင့်၊ အပြောအဆို၊ အတွေးအခေါ်၊ စံတွေကို အားကျ နှစ်သက် တန်ဖိုးထား နေမယ်ဆိုရင်ရော "အသေဝနာစ ဗာလာနံ" မင်္ဂလာနဲ့ ပြည့်စုံတယ်လို့ ဆိုနိုင်ပါ့မလား။ မင်္ဂလသုတ်ရဲ့ ဒေသနာစဉ်နဲ့ တိုက်ရိုက် အနက်သဘောအရကတော့ "လူမိုက်" ဆိုတဲ့ လူပုဂ္ဂိုလ်ကို မမှီဝဲ မဆည်းကပ်ခြင်းကိုသာ ဆိုလိုပါတယ်။ ဒါပေမယ့် ပုဂ္ဂလရှုထောင့်ကို ကျော်ပြီး ဓမ္မရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ လူမိုက်ဖြစ်ကြောင်း "အကျင့်စရိုက်၊ အတွေးအခေါ်၊ အသက်မွေးမှု" တွေကိုလည်း မမှီဝဲ မဆည်းကပ်ထိုက်ဘူး၊ နှစ်သက်-မြတ်နိုး-တန်ဖိုးထားခြင်း မပြုထိုက်ဘူးလို့ ကောက်ယူနိုင်ပါတယ်။ တဆင့်ထပ်ပြီး ချဲ့ရရင် မကောင်းတဲ့ "အကျင့်စရိုက်၊ အတွေးအခေါ်၊ အသက်မွေးမှု" တွေကို တွန်းပို့နေတဲ့ "ကျက်စားရာ အာရုံ၊ မြို့ရွာ၊ နိုင်ငံ၊ လူပုဂ္ဂိုလ်" တွေကိုပါ မမှီဝဲ မဆည်းကပ်ထိုက်တဲ့ စာရင်းထဲသွင်းရမှာပါ။ အချုပ် သဘောကတော့ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်စေမယ့် အရာတွေအားလုံးက မမှီဝဲမဆည်းကပ်ထိုက်တဲ့ အရာတွေချည်းပါပဲ။

▬▬▬▬▬

[ မမှီဝဲမဆည်းကပ်ထိုက်တဲ့ အကျင့်စရိုက်က စလို့ အသက်မွေးမှု၊ မြို့ရွာ၊ နိုင်ငံ၊ ပုဂ္ဂိုလ်အထိ မဇ္ဈိမနိကာယ်၊ သေဝိတဗ္ဗာသေဝိတဗ္ဗသုတ်မှာ (သုတ်အမှတ် ၁၁၄) အကျယ်တဝင့် ဟောထားပါတယ်။ ဒုစရိုက် ၁၀-ပါးရဲ့သဘောသရုပ်အပြင် psychology ရှုထောင့် sociology ရှုထောင့်တွေရော စုံလင်လှတာမို့ စိတ်ဝင်စားသူများ ဖတ်ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ ]