နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေပြောတဲ့အခါမှာ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာကို မကြာခဏ ထည့်ပြောလေ့ရှိတာကို သတိထားမိတယ်။ ပညာရေး ဆိုမှတော့ သင်ယူလိုစိတ်က အရေးကြီးမှာပေါ့လို့ ခပ်ပေါ့ပေါ့ သဘောထားကောင်း ထားမိနိုင်ပါတယ်။ တကယ်တော့ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာက ကျောင်းပညာရေးမှ မဟုတ်ပါဘူး ဘဝတစ်လျှောက်လုံးအတွက် အောင်မြင်မှု-ကျရှုံးမှုတွေမှာ အရေးပါတဲ့ အချက်တခု ဖြစ်နေပါတယ်။
“ကျွန်တော်က ကမ္ဘာကြီးကို အားနည်းသူနဲ့ အားကြီးသူ, အောင်မြင်သူနဲ့ ကျရှုံးသူ ... ဆိုပြီး မခွဲပါဘူး။ သင်ယူသူနဲ့ သင်ယူခြင်းမရှိသူလို့ပဲ ခွဲခြားပါတယ်” လို့ ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးပညာရှင် Benjamin Barber ကလည်း ပြောခဲ့ဖူးပါတယ်။
တကယ်တော့ လူတိုင်းက သင်ယူလိုစိတ် အပြည့်နဲ့ မွေးလာကြတာပါ။ လမ်းလျှောက်တတ်ဖို့ စကားပြောတတ်ဖို့ သင်ယူရတယ်ဆိုတာ လွယ်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး သင်ယူရသမျှတွေထဲမှာ အခက်ခဲ ဆုံးသင်ယူမှုတွေပါ။ ဒါပေမယ့် ခက်လွန်းတယ်ဆိုပြီး လက်လျှော့လိုက်ဖို့ ကလေးတွေက စိတ်မကူးခဲ့ကြဘူး။ မှားသွားမှာ, အရှက်ရမှာကိုလည်း မစိုးရိမ်ကြဘူး။ လဲသွားရင် ပြန်ထကြတယ်။ ဒီလိုနဲ့ အခက်ခဲဆုံး ဆိုတဲ့ ကိစ္စတွေကို အားတက်သရော အောင်အောင်မြင်မြင် သင်ယူခဲ့ကြတယ်။
ဒါဆိုရင် ဒီလောက် ထက်သန် ပြင်းပြတဲ့ သင်ယူလိုစိတ်တွေ ရပ်ဆိုင်းသွားတာ ဘာကြောင့်ပါလဲ။ ကလေးတွေက သူတို့ကိုယ် သူတို့ ဝေဖန်အကဲဖြတ်နိုင်လာတာနဲ့အမျှ အချို့ကလေးတွေက စွန့်စားရမှာ, အမှားလုပ်မိမှာကို ကြောက်လာတယ်။ တော်တယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့လည်း သူတို့ကို မတော်ဘူးလို့ အထင်ခံရမှာ, အဝေဖန်ခံရမှာကို ကြောက်ပြီး သင်ယူနိုင်မယ့် အခွင့်အရေး အချို့ကို လက်လွှတ်လိုက်ကြတယ်။ ဉာဏ်ထိုင်းတယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့ကလည်း သူတို့ကိုယ်သူတို့ ဉာဏ်မမီဘူး, သင်ယူနိုင်စွမ်းမရှိဘူး လို့ သတ်မှတ်ပြီး သင်ယူမှုအချို့ကို လက်လျှော့လိုက်ကြတယ်။ ဒီလို ‘သင်ယူလိုစိတ်’ ကို ပိတ်ပင်တားမြစ်လိုက်တဲ့ စိတ်ဓာတ်မျိုးကို Fixed Mindset လို့ စတန်းဖို့ဒ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ Carol Dweck က Mindset: The New Psychology of Success ဆိုတဲ့ စာအုပ်မှာ ရေးထားတယ်။ ကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး, စွမ်းဆောင်ရည်နဲ့ လုပ်ငန်းကျွမ်းမှု ဆိုတာတွေက ပုံသေ မဟုတ်ဘူး၊ ကြိုးစား သင်ယူနေရင် တိုးတက်လာမယ်လို့ ခံယူတဲ့ စိတ်ဓာတ်မျိုးကိုတော့ Growth Mindset လို့ ခွဲခြားပြထားတယ်။
‘သင်ယူလိုစိတ်’ ကို အားနည်းစေတဲ့ Fixed Mindset ဝင်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်, မိဘနဲ့ ဆရာဆရာမတွေရဲ့ လွဲချော်နေတဲ့ သွန်သင်ဆုံးမမှုတွေက အဓိကပါဝင်ပါတယ်။ ကလေးတွေကို အကဲဖြတ်တဲ့အခါ ဝေဖန်ချီးမွမ်းတဲ့အခါမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အခြေမခံဘဲ၊ “လူတော်, လူညံ့” စသဖြင့် တံဆပ်ကပ်ပြီး ဝေဖန် ချီးမွမ်းတာမျိုးက ကလေးတွေရဲ့ သင်ယူလိုစိတ်ကို အားနည်းစေပါတယ်။ မိဘတွေနဲ့ ဆရာဆရာမတွေ သတိပြုမိဖို့ပါ။
ဒါပေမယ့် မိဘရင်ခွင်နဲ့ ကျောင်းစာသင်ခန်းတွေက ထွက်လာတဲ့ အချိန်မှာလည်း၊ ဒီလို တံဆိပ်ကပ်မှုမျိုးတွေကို ကြုံနေကြရဦးမှာပါ။ ကိုယ်တိုင်က ဒီသတ်မှတ်ချက်ကို လက်ခံမွေးယူလိုက်တာမျိုး မလုပ်မိဖို့ လိုပါတယ်။ စဉ်ဆက်မပြတ် ကြိုးစားသင်ယူနေရင် ကိုယ့်ရဲ့ အရည်အချင်းတွေက တိုးတက်လာနိုင်တယ်၊ အရှုံးကို ရင်ဆိုင်ရတဲ့ အခါမှာလည်း စိတ်ဓာတ် မကျဘဲ အရှုံးထဲကနေ သင်ခန်းစာယူမယ်၊ ကိုယ်ရဲ့ အားနည်းချက်, အားသာချက်ကို ပိုင်းခြားနိုင်သလို ကိုယ်အားသာတဲ့ နယ်လေးထဲမှာပဲ ကျင်လည်မနေဘဲ၊ ကိုယ့်ရဲ အားနည်းချက်တွေကို ပြုပြင်ယူမယ် စတဲ့ သင်ယူလိုစိတ် အပြည့်ရှိတဲ့ တိုးတက်တဲ့ စိတ်ဓာတ် Growth Mindset ကို တသက်တာ ပြုစုပျိုးထောင်နေရမှာပါ။
P.S.
၁။ အာဠာဝက မေးတဲ့ ပုစ္ဆာ အဖြေထဲက ‘သင်ယူလိုစိတ်’ အကြောင်းကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးရင်း Carol Dweck ပြောတဲ့ Growth Mindset အကြောင်းကို စိတ်ထဲပေါ်လာလို့ အရင် ချရေးဖြစ်ပါတယ်။ နောက်မှပဲ အာဠာဝကသုတ် အပါအဝင် သုတ္တန်တွေက ပြောတဲ့ “သင်ယူလိုစိတ်” အကြောင်းကို ဆက်ရေးပါမယ်။
၂။ အခုတလော ရေးဖြစ်နေတဲ့ နိယတိဝါဒ (determinism) နဲ့ ဆက်စပ်ပြောရရင် ဘဝဆိုတာက မွေးကတည်းက ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်လို့ ပြုပြင်လို့ မရနိုင်တော့ဘူး ဆိုတဲ့ ခံယူချက်မျိုးက Carol Dweck ပြောတဲ့ Fixed Mindset မျိုး ပါပဲ။
0 comments:
Post a Comment