Sunday, July 29, 2018

ဘာသာနှင့် သာသနာ

အများအားဖြင့် ‘ဘာသာ’ နှင့် ‘သာသနာ’ ဆိုသည့် ဝေါဟာရနှစ်လုံးကို အဓိပ္ပါယ်တူအဖြစ် အလဲအလှယ်လုပ် သုံးလေ့ရှိကြသည်။ သို့သော် အတိအကျ တူသည်တော့လည်း မဟုတ်။ ‘သာသနာ’ က ‘အဆုံးအမ’ ဟုအဓိပ္ပါယ်ရ၍၊ ‘ဘာသာ’ က ‘ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းအစဉ်လာများ’ ကို ဆိုလိုသည်။

ဗုဒ္ဓသာသနာသည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများ ဖြစ်သည်။ ဗုဒ္ဓပေါ်ထွန်းခဲ့သည့် ခေတ်ကာလ၏ ယဉ်ကျေးမှုနှင့် အတွေးအခေါ်တို့သည် ဗုဒ္ဓအဆုံးအမများတွင် နောက်ခံမြင်ကွင်းအဖြစ် ရှိနေနိုင်ပါသည်။ သို့သော် ထိုအဆုံးအမများက ထိုခေတ်၏ ယဉ်ကျေးမှုနှင့် အတွေးအခေါ်တို့ကို လွန်မြောက်နေပါသည်။ သို့ဖြစ်၍လည်း ဘာသာတရားတစ်ခုအဖြစ် ပေါ်ထွန်းလာရခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဟု ဆိုလျှင်မူ ဗုဒ္ဓ၏ အဆုံးအမများကို နောက်ခံဗဟိုပြု၍ ယနေ့အထိ ခေတ်အဆက်ဆက် ပြောင်းလဲဖြစ်ထွန်းလာသော ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရည်ညွှန်းခြင်းဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ၊ တိဗက်ဗုဒ္ဓဘာသာ စသဖြင့် ကွဲပြားခြားနားနေခြင်း ဖြစ်သည်။ သာသနာသည် လူတစ်ဦးချင်းစီ လိုက်နာကျင့်သုံးရမည့် အဆုံးအမများ ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ နှလုံးသားတွင် ကိန်းဝပ်သည်ဟု ဆိုနိုင်သည်။ ဘာသာကမူ လူအများစု လက်ခံကျင့်သုံးသည့် ယုံကြည်မှု ဓလေ့ထုံးစံများဖြစ်သည့်အတွက် လူမျိုး တစ်မျိုး၊ လူ့အဖွဲ့အစည်းတစ်ခု၏ သွင်ပြင်လက္ခဏာ သဘောဆောင်သည်။

အနှစ်နှင့် အကာဟု ဆိုကောင်း ဆိုနိုင်သော်လည်း လိုက်လျောညီထွေ ဖြစ်နေလျှင်၊ အကာက အနှစ်ကို ကာကွယ်ပေးရာ ရောက်သည်။ အကာမရှိလျှင် အနှစ်က ကာလကြာရှည် မတည်နိုင်။ လိုက်လျောညီထွေ မဖြစ်တော့လျှင်မူ အကာက အနှစ်ကို ဝါးမြိုလိုက်ပြီး၊ အကာ ချည်းသာကျန်တော့သည့် အဖြစ်မျိုးသို့ ရောက်သွားတတ်သည်။

<<Dostoevsky ရဲ့ Brothers Karamazov ဝတ္ထုထဲက The Grand Inquisitor ဆိုတဲ့ အခန်းကို ဖတ်ရင်း စဉ်းစားမိတာပါ။ ဒီအခန်းကို သီခြားထုတ်ပြီး စာအုပ်ထုတ်တာ၊ ပြဇာတ်ကတာတွေရှိသလို အချို့ကျောင်းတွေမှာလည်း သင်တယ်လို့ သိရပါတယ်။>>