http://sonata-cantata.blogspot.com/2011/07/blog-post.html
http://english.aljazeera.net/video/asia-pacific/2011/04/201142243514772334.html
(တရုတ်နိုင်ငံမှ ရိုက်ကူးသော မြစ်ဆုံဆည် စီမံကိန်းသတင်းမှတ်တမ်း ဗီဒီယို)
http://www.burmariversnetwork.org/dam-projects/irrawaddynmaimali.html
Friday, September 23, 2011
ဧရာဝတီ ကာကွယ်ရေး
ဇွန်လကုန်ပိုင်းက မန္တလေး ကျောက်ဝိုင်းမှာ တရုတ်ကုန်သည်တွေနဲ့ ရန်ပွဲဖြစ်တဲ့ သတင်းကြားတော့၊ ဟိုရောက် ဒီရောက် တွေးမိရင်း၊ ကလေးငယ် တစ်ယောက် လမ်းလျှောက်ပြီး ကူးနိုင်လောက်တဲ့ အထိ ခမ်းသွားတဲ့မြစ်၊ ဒီမြစ်ကို မှီပြီး ရှာဖွေ စားသောက်ခဲ့ကြတဲ့ သူတွေရဲ့ အသက်မွေးမှု အပြောင်းအလဲ ဓာတ်ပုံ နှစ်ပုံကို “ရွှေစာရံ ကျောက်ဝိုင်း” ဆိုပြီး ပို့စ် တစ်ခု တင်ခဲ့ဖူးတယ်။
ဆည်မြောင်းတွေနဲ့ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေ မြန်မာနိုင်ငံမှာ အတိုင်းအတာ တစ်ခုထိ လိုအပ်နေတာကတော့ အထွေအထူး ပြောစရာ မလိုလှပါဘူး။ သို့သော်လည်း မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးပေါ်မှာ ဧရာမဆည်ကြီးတစ်ခု ဆောက်မယ်ဆိုတာကတော့ အခြားသော သာမာန် ဆည်တွေ၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွေလို သဘောထားလို့ မရပါဘူး။
ဆည်ကြီးတွေရဲ့ အန္တရာယ်က နျူကလီယား ဓာတ်ပေါင်းဖိုကြီးတွေထက် ပိုပြီး ကြောက်စရာ ကောင်းတယ်လို့ Scienctific American မှာရေးထားပါတယ်။ ဂျပန် ဖူကုရှိမား ဓာတ်ပေါင်းဖို သုံးခု အရည်ပျော်တာ လူတစ်ယောက်မှ မသေဘူး။ ၁၉၇၀နှစ်တွေတုန်းက တရုတ်ပြည်က ဆည်ကျိုးပေါက်မှုတွေကြောင့် လူနှစ်သိန်းထက် မနည်း သေဆုံးခဲ့တယ်။ အလားတူပဲ ၂၀၁၁ ဇွန်လအတွင်းမှာပဲ တရုတ်ပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းက ဆည်တွေကြောင့်ဖြစ်တဲ့ ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာ ပြောင်းရွှေ့ခဲ့ရတဲ့ လူဦးရေဟာ ၂၀၁၁ ဇွန်လ တစ်လအတွင်းမှာပဲ ငါးသိန်းရှိပါတယ်။ ဒါကြောင့် ဂျပန် နျူကလီယား ဓာတ်ပေါင်းဖို အန္တရာယ်ကြောင့် ပြောင်းရွှေ့ နေရာချထားခဲ့ရတဲ့ လူဦးရေ ရှစ်သောင်းနှင့် ယှဉ်ပြပြီး၊ ဆည်ကြီးတွေရဲ့ အန္တရာယ်က ပိုပြီး ကြောက်စရာ ကောင်းတယ်လို့ ရေးထားပါတယ်။ ဒီနေရာမှာ ဆည်နဲ့ နျူကလီယား ဘယ်ဟာက ပိုအန္တရာယ်ကြီးသလဲဆိုတာ အငြင်းပွားနေတာထက် ဆည်တွေရဲ့ အန္တရာယ်က မသေးလှဖူးဆိုတာ ပေါ်လွင်စေချင်ပါတယ်။
(Scienctific American: http://blogs.scientificamerican.com/observations/2011/06/20/more-dangerous-than-nuclear-power-the-floods-caused-by-aging-dams-video/)
ဆည်ရေလှောင်ကန်ကြောင့် အနီးအနား ဒေသတဝိုက်မှာ ရေလွှမ်းမိုးခံရမယ်။ ဒေသခံပြည်သူတွေ ပြောင်းရွှေ့ပေးရမယ်။ လယ်ယာမြေတွေ၊ သစ်တောတွေ ရေမြုတ်သွားမယ်။ ဆည်ရေလှောင်ကန်က သဘာ၀ အင်းအိုင်တွေလို မဟုတ်ဘဲ၊ ရေထုထည်ပမာဏ အတက်အကျ ရေဖိအား အပြောင်းအလဲများပြီး မြန်တဲ့အတွက် မြေငလျှင်လှုပ်မှုတွေ ပိုများလာနိုင်ပါတယ်။ တရုတ်ပြည် စီချွမ်မြေငလျှင်က ဆည်ကြီးတွေရဲ့ အကျိုးဆက် မကင်းဖူးလို့ သိပ္ပံပညာရှင်တွေက ယူဆထားကြတယ်။ မြစ်ဆုံဆည်နေရာဟာ စစ်ကိုင်းပြတ်ရွေ့ကြောကြီးနဲ့ သိပ်မဝေးလှတာကြောင့် အိပ်မောကျနေတဲ့ မြေငလျှင်ကြီးကို လှုပ်နှိုးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
ဆည်တွေရဲ့သဘောက မိုးနည်းချိန်မှာ သတ်မှတ် ရေပမာဏရအောင် ပိတ်လှောင်ထားလို့ မြစ်အောက်ပိုင်းမှာ ပုံမှန် ရေကျချိန်မှာထက် ပိုပြီးနည်းနေမယ်။ မြစ်ရေစီးနှုန်း နည်းသွားရင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ပင်လယ်ရေငံတွေက အထက်ကို တိုးဝင် လာမယ်။ ဒီတော့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ သောက်သုံး ရေရှားပါးတာတို့၊ လယ်ယာမြေတွေမှာ ဆားငံဓာတ်ပေါက်ပြီး စိုက်ပျိုးရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်။
(Aljazeera သတင်းဌာနမှ ရိုက်ကူးထားသော ဧရာဝတီဆည် သတင်းမှတ်တမ်း)
မိုးများချိန်ရောက်ပြန်တော့လည်း ဆည်မကျိုးအောင် ရေတွေကို ဖောက်ချရလို့ မမျှော်လင့်ပဲ ရေကြီးတတ်ပါတယ်။ ဒီလိုဖောက်ချတဲ့အခါ လုံလောက်တဲ့ သတိပေး ကြေညာချက်မျိုး မရှိတဲ့အတွက် အသက်ဘေးအန္တရာယ်နဲ့ ကြုံရကြတယ်။ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးရတယ်။ မြစ်ဆုံဆည်လောက်မကြီးတဲ့ ဆည်တွေအနားမှာ နေသူတွေတောင် ဒီလို ရေလွှမ်းမိုးမှုမျိုးတွေကို မိုးများတဲ့နှစ်တိုင်း လိုလိုမှာ ကြုံတွေ့နေရတာပါ။ တောသူတောင်သားတွေက ဗဟုသုတနည်းတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ပဲ မိုးလေဝသကိုပဲ အပြစ် ပုံချနေကြတော့တယ်။ တမင် ဖောက်ချရုံလောက်မဟုတ်ဘဲ ဆည်ကျိုးသွားမယ်ဆိုရင်တော့ နာဂစ်ထက်ဆိုးတဲ့ အဖြစ်မျိုး ကြုံနိုင်ပါတယ်။ ဆည်ဆိုတာမျိုးကလည်း သက်တမ်းရှိပါတယ်။ သက်တမ်းရင့်လာတာနဲ့အမျှ ပြုပြင် ထိမ်းသိမ်းရတဲ့ ကုန်ကျ စားရိတ်က တက်လာပြီး၊ အချိန်ကိုက် ဗုံးတစ်လုံးကို ပိုက်ထားရသလို အန္တရာယ်က ပိုကြီးလာပါလိမ့်မယ်။ လတ်တလောအကျိုးစီးပွားနဲ့ ရုပ်ပိုင်းဆိုင်ရာကိုသာ အလေးပေးလွန်းပြီး၊ လူတွေရဲ့အသက်လုံခြုံရေးကို သိပ်ဦးစားမပေးတဲ့ တရုတ်လို နိုင်ငံမျိုးက ဦးစီးပြီးဆောင်ရွက်မယ်ဆိုတော့ ဆည်ရဲ့သက်တမ်းနဲ့ အရည်အသွေးက ရတက် မအေးစရာပါ။ (နို့မှုန့်ကိစ္စနဲ့ ကျည်ဆံရထားကိစ္စတွေကို ကြည့်ရင် သိနိုင်ပါတယ်)။
အခု မြစ်ဆုံဆည်ကိစ္စက အခြားနိုင်ငံတွေမှာ ပြောနေကြရတဲ့ သဘာဝဘေးအန္တရာယ်၊ ဇီဝမျိုးကွဲများဆုံးရှုံးမှု၊ ဂေဟစနစ်ပျက်စီးမှု၊ သမိုင်းအမွေအနှစ်တို့ ဆုံးရှုံးမှု စတဲ့ ပုံမှန်ဆည်ပြဿနာတွေထက် ပိုပြီး ရှုတ်ထွေးပါတယ်။ ဒါကတော့ လူမျိုးရေးနဲ့ နိုင်ငံရေး အကျိုးဆက်တွေပါ။ သိပ်မဝေးတော့တဲ့ကာလမှာ မြစ်ဆုံဒေသကနေတဆင့် မြန်မာတစ်နိုင်ငံလုံးဟာ တရုတ်ပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး သြဇာလွှမ်းမိုးမှုအောက်ကို ရောက်သွားနိုင်ပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံရပ်ခြားက ရင်းနှီးမြုတ်နှံမှုတွေ လိုအပ်တာမှန်ပေမယ့်၊ ဒီကုမ္ပဏီကြီးတွေဟာ နိုင်ငံရဲ့သဘာ၀ ရင်းမြစ်တွေကို သွေးစုတ်မယ့် ခေတ်သစ်အရှေ့အိန္ဒိယကုမ္ပဏီလိုမျိုး မဖြစ်ဖို့တော့ လိုပါတယ်။ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းမျိုးတွေကသာ အိမ်ရှင်နိုင်ငံအတွက် ရည်ရှည်အကျိုး ဖြစ်ထွန်းနိုင်ပါတယ်။ ပြီးတော့ လူဦးရေသိပ်သည်းမှု အလွန်များပြီး အိမ်နီးနားချင်းဖြစ်နေတဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံမျိုးတွေနဲ့ ဆက်ဆံရာမှာ အစကတည်းက လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့် စတဲ့ကိစ္စတွေမှာ ထိမ်းထိမ်း သိမ်းသိမ်း ရှိဖို့လိုပါတယ်။ မဟုတ်ရင် နောင်တချိန်မှာ မလိုလားအပ်တဲ့ လူမျိုးရေး ပဋိပက္ခတွေကအစ လူမျိုးပျောက်တဲ့ အဆင့်အထိ ဆိုးကျိုးတွေ ကြုံနိုင်တယ်။
(ကချင်လူမှုဖွံဖြိုးမှု ကွန်ယက်မှ ဖြန့်ဝေသော စာတမ်း)
နယ်ပယ်အသီးသီးက ပညာရှင်တွေကတော့ ဒီထက်ပိုပြီး ကောင်းကျိုး ဆိုးပြစ်တွေကို ထောက်ပြနိုင်ပါလိမ့်မယ်။ ဒီဆည်ကြောင့် အကျိုးကျေးဇူးတွေရှိမှာ မှန်ပေမယ့်၊ ရေရှည် ခံစားကြရမယ့် ဆိုးကျိုးတွေက မတွေးဝံ့လောက်အောင် များနေမှာပါ။ ဒီမြစ်ဆုံဆည်ကြီးဟာ နောင်သားစဉ်မြေးဆက်အတွက် တိုက်ခဲ့တဲ့ ကျိန်စာကြီး ဖြစ်နေပါလိမ့်မယ်။ တရုတ်ပြည်မှာ “တံတားဆိုရင် ငွေ၊ လမ်းဆိုရင် ရွှေ၊ ဆည်ဆိုရင် စိန်” ဆိုတဲ့ စကားတစ်ခုရှိတယ်။ ဆည်တစ်ခု ဆောက်ဖို့ စာချုပ်ချုပ်လိုက်နိုင်ရင်ပဲ ငွေတွေ ပုံအောရတာကိုး။ ဒီတော့ မြစ်ဆုံဆည်စီမံကိန်းကနေ ငွေ တလုံးတရင်း ရလိုက်တဲ့ (ရလာမယ့်) ကုမ္ပဏီတွေ၊ ပွဲစားတွေကတော့ ပြည်သူတွေရဲ့ ဆန္ဒ၊ ပညာရှင်တွေရဲ့ သတိပေးမှုတွေကို မျက်ကွယ်ပြုပြီး ရှေ့ကို ဇွတ်တိုးကြမှာပါပဲ။ တကယ်တော့ ဒီလို စီမံကိန်းကြီးမျိုးကို ပွင့်ပွင့်လင်းလင်း ပြည်သူတွေရှေ့ချ မပြခဲ့ဘဲ၊ ဒီအဆင့်အထိ ရောက်လာတာကိုက မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။
အခုတစ်လောမှ Eleven Media Group လို တာဝန်သိတဲ့ သတင်းမီဒီယာတွေရဲ့ ကျေးဇူးကြောင့် ပြည်သူတွေ နည်းနည်းပိုပြီး သိခွင့်ရလာကြပါတယ်။ “မြစ်ဆုံဆည် စီမံကိန်းကို ဟန့်တားနိုင်လောက်သေးရဲ့လား” ဆိုတာတော့ ပြည်သူတွေရဲ့ ညီညွတ်မှုနဲ့ ဆန္ဒပြင်းပြမှုပေါ်မှာ မူတည်ပါလိမ့်မယ်။
ဧရာဝတီအတွက် ကျွန်တော်တို့ ဘာလုပ်နိုင်ပါသလဲ။
၁။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ စုစည်းဆွေးနွေးကြပြီး ပညာရှင်အဆင့် စာတမ်းတွေရေးသား ဖတ်ကြားသင့်ပါတယ်။
၂။ ပညာရပ်စကားလုံးတွေနဲ့ ရင်းနှီး ကျွမ်းဝင်မှုမရှိတဲ့ တောသူတောင်သား လူတန်းစားတွေ နားလည်နိုင်လောက်တဲ့ ပညာပေး ဆောင်းပါး၊ ကာတွန်း၊ လက်ကမ်းစာစောင်၊ ဗီဒီယိုခွေ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေသင့်ပါတယ်။
၃။ စာပေနဲ့ အနုပညာရှင်တွေရဲ့ ဟောပြောပွဲတွေကို များများ ကျင်းပသင့်ပါတယ်။
၄။ စီမံကိန်း ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကမ္ဘာတဝှမ်းမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိလာအောင် နိုင်ငံတကာက ဆည်ဆန့်ကျင်ရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ပူးပေါင်း လှုပ်ရှားနိုင်ပါတယ်။
၅။ အစုအဖွဲ့တွေအနေနဲ့ မြန်မာနှင့် တရုတ်နိုင်ငံအစိုးရတွေကို မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်းစာတွေ ရေးသားပေးပို့နိုင်ပါတယ်။
၆။ မိမိတို့ရဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်က လွတ်တော်အမတ်တွေကို စီမံကိန်းကန့်ကွက်ကြောင်း လွှတ်တော်မှာ တင်သွင်းခိုင်းနိုင်ပါတယ်။ အကယ်၍ မလိုက်နာခဲ့ရင် မိမိတို့ကို အမှန်တကယ် ကိုယ်စားမပြုတော့တဲ့အတွက် ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းသင့်ပါတယ်။
၇။ ၁၁-ရက် နိုဝင်ဘာလ (၁၁-၁၁-၁၁) ကို ဧရာဝတီနေ့ အဖြစ်သတ်မှတ်ပြီး ဟောပြောပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ တညီတညွတ်တည်း ကျင်းပသင့်ပါတယ်။
Labels:
ဧရာ
Tuesday, September 6, 2011
စံပယ်၊ လောကပါလနှင့် အောက်တိုဘာ လှုပ်ရှားမှု
တချိန်က အာရပ်ကမ္ဘာတွင် “ဒီမိုကရေစီနှင့် လူ့အခွင့်ရေး” ဟူသော စကားများအား အနောက်တိုင်း စံနှုန်းများ၊သဘောတရားများဟု မှတ်ယူခဲ့ကြသည်။ စကပ်တိုတို ဝတ်သော မိန်းမပျိုလေးများ၏ ပွင့်လင်းမြင်သာမှုကို ထောက်ပြ ဝေဖန်တတ်ကြသော်လည်း၊ ပွင့်လင်းသော လူအဖွဲ့အစည်းများ၏ တိုးတက်မှုများကို မျက်ကွယ်ပြုခဲ့ကြသည်။ မျက်ကွယ်ပြုရုံမျှမဟုတ် အာရပ်လူ့အဖွဲ့အစည်းအတွက် အရှက်ရစရာအဖြစ် အပြင်းအထန် ဆန့်ကျင်ခဲ့ကြသည်။ သို့သော် သူတို့ ဆန့်ကျင်ခဲ့ကြသော Globalization ကပင် အာရပ်ကမ္ဘာအား မျက်စိဖွင့် ပေးခဲ့သည်။ သူတို့အား ဆင်းရဲမွဲတေ အရှက်ရစေခဲ့သည့် အကြောင်းရင်း အစစ်သည် Globalization မဟုတ်၊ သူတို့အား ဖိနှိပ် အုပ်ချုပ်နေသော အကျင့်ပျက် အာဏာရှင် အစိုးရများသာဖြစ်ကြောင်း သဘောပေါက်သွားသည်။ တူနီးရှားနိုင်ငံ စံပယ်တော်လှန်ရေးမှ အစပြုခဲ့သော အာဏာရှင်တော်လှန်ရေး လှိုင်းလုံးကြီးသည် အာရပ်နိုင်ငံ တနိုင်ငံပြီး တနိုင်ငံ လျင်မြန်စွာ ကူးစက်သွားခဲ့သည်။ စံပယ်တော်လှန်ရေးနှင့် အာရပ်နွေဦး (Arab spring) လှုပ်ရှားမှုများသည် အာရပ်နိုင်ငံများသာမက တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့လည်း ရိုက်ခတ်သွားသည်။
လတ်တလော ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံမှ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် အာရပ်တော်လှန်ရေးတို့ကို နှိုင်းယှဉ်ပြခြင်းအား အချို့ အိန္ဒိယနိုင်ငံသားတို့က သိပ် ဘဝင်ကျမည် မဟုတ်။ အိန္ဒိယတွင် အာရပ်နိုင်ငံများတွင်ကဲ့သို့ အာဏာရှင် အစိုးရ မရှိ။ စင်စစ် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဂုဏ်ယူစရာ ဖြစ်သော်လည်း နိုင်ငံသားတို့သည် သူတို့၏ ဒီမိုကရေစီအား သိပ် ကျေနပ်လှသည်ကား မဟုတ်။ အိန္ဒိယနိုင်ငံတွင် လူတန်းစားကွာဟမှု အလွန်ကြီးမားသည်။ အိန္ဒိယနိုင်ငံ၏ သန်းကြွယ်သူဌေး ၅၅-ဦး ပိုင်ဆိုင်သော ငွေကြေးပမာဏသည် ဒေါ်လာ၂၅၀ ဘီလီယံ ရှိသည်။ သို့သော်လည်း အိန္ဒိယ နိုင်ငံသား သန်းပေါင်း ၅၀၀ မျှသည် သောက်သုံးရေသန့် ကောင်းကောင်း မရကြ။ “ရေသိုးမြောင်းမရှိ, လျှပ်စစ်မီးမရှိ, လမ်းပမ်းဆက်သွယ်ရေး ကောင်းကောင်းမရှိပေမယ့် ဒီမိုကရေစီတော့ရှိတယ်” ဟု The White Tiger (http://sonata-cantata.blogspot.com/2010/02/white-tiger.html) ၀တ္ထုတွင် ခပ်ထေ့ထေ့ ဝေဖန်ခဲ့ဖူးသည်။ နိုင်ငံရေး အကျင့်ပျက်ခြစားမှုများကြောင့် ပြည်သူအများစုတို့သည် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေကြရသည်။ အာရပ်နွေဦးလှုပ်ရှားမှုများအား လှုံ့ဆော်ပေးခဲ့သော “ဂုဏ်သိက္ခာရှိရ၊ လူတန်းစေ့စေ့ နေနိုင်ရေး” ဟူသော ရည်မှန်းချက်တို့ အိန္ဒိယနိုင်ငံသားများတွင် ရှိခဲ့ကြသည်။ ထိုရည်မှန်းချက်များဖြင့်ပင် မဟတ္တမဂန္ဓီ၏ အကြမ်းမဖက် လမ်းစဉ်ကို စွဲကိုင်၍ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြ၏။ အစိုးရမဟုတ်သည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများက အကျင့်ပျက်ခြစားမှုများအား စုံစမ်းစစ်ဆေးရန် ခွင့်ပြုသည့် ဇန လောကပါလ ဥပဒေကြမ်း (Jan Lokpal Bill) အတည်ပြုနိုင်ရေးအတွက် အလုပ်လက်မဲ့ လူငယ်များ၊ ကျောင်းဆရာများ၊ ဆရာဝန်များ၊ ရုပ်ရှင်သရုပ်ဆောင်များပါဝင်သော ပြည်သူအများစုက ကြိုးပမ်းခဲ့ကြသည်။ ဤလှုပ်ရှားမှုတွင် ထင်ရှားလာခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည့် Anna Hazare က အစာငတ်ခံ ဆန္ဒပြခဲ့သည်။ အစိုးရက ဤဥပဒေကြမ်းအား ပါလီမန်တွင် တင်ပြဆွေးနွေးရန် သဘောတူခဲ့ရ၏။ အရိုးစွဲနေသော အကျင့်ပျက်ခြစားမှုအား အလွယ်တကူနှင့် အဆုံးသတ် တိုက်ဖျက်နိုင်မည် မဟုတ်သော်လည်း ခြေလှမ်းအစ ချနိုင်ပြီဟု ဆိုကောင်း ဆိုနိုင်ပါသည်။
“ဂုဏ်သိက္ခာရှိရှိ၊ လူတန်းစေ့စေ့ နေနိုင်ရေး” ဟူသော ပြဿနာသည် အာဏာရှင်နိုင်ငံများ၏ ပြဿနာသာမဟုတ် ဒီမိုကရေစီနိုင်ငံအချို့၏ ပြဿနာလည်း ဖြစ်နေနိုင်၏။ အခြေခံဥပဒေများ၊ ရွေးကောက်ပွဲများ ရှိရံမျှုဖြင့် ဒီမိုကရေစီ သဘောတရားများ သက်ဝင်ရှင်သန်နေသည်ဟုကား မဆိုနိုင်။ စီးပွားရေးသမားများနှင့် နိုင်ငံရေးသမားများ ပေါင်းစားကြသော ဒီမိုကရေစီဖြစ်သွားနိုင်၏။ အရင်းရှင်စနစ်၏ လွတ်လပ်စွာ ပြိုင်ဆိုင်မှုသည် ဒီမိုကရေစီ၏ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် လိုက်လျောညီထွေ ဖြစ်ခဲ့ကြသည်ကား မှန်၏။ သို့သော် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကမူ ဒီမိုကရေစီ၏ ရန်သူဖြစ်၏။
အစောပိုင်းကာလက စီးပွားရေးလုပ်ငန်းများ၊ အသိပညာများကို လက်ဝါးကြီးအုပ်မှုမှ ကာကွယ်ရန် Anti-trust law ဥပဒေများကို သတ်မှတ်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင် ထိုဥပဒေအချို့သည် လူတစ်ဦးချင်းစီ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ခြင်းမရှိတော့ဘဲ၊ ရှေ့နေနှင့် ကော်ပိုရေးရှင်းကြီးများ အတွက်သာ ဖြစ်လာ၏။ စီးပွားရေးသမားများ၏ အမြတ်အစွန်းရလိုမှုနှင့် နိုင်ငံရေးသမားများ၏ ဥပဒေပြုခွင့်အာဏာ၊ လုပ်ပိုင်ခွင့်အာဏာတို့ ပေါင်းစပ်လိုက်သောအခါ အာဏာ အလွဲသုံးစားလုပ်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ အများပြည်သူအတွက် အကျိုးမပြုသော မူဝါဒဥပဒေများကို မွေးထုတ်ပေး၏။ စီးပွားရေး လုပ်ငန်းကြီးများ၏ နိုင်ငံရေးသြဇာသည် တနေ့တခြား ကြီးထွားလာသည်။ အရင်းရှင်စနစ်သည် မဟာအရင်းရှင်စနစ် (Supercapitalism) အသွင်ကူးပြောင်းလာက ဒီမိုကရေစီအား ခြိမ်းခြောက်လာပြီဖြစ်ကြောင်း၊ ထိုအန္တရာယ်မှ ကာကွယ်ရန်အတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများတွင် အဓိကတာဝန်ရှိလာကြောင်း Robert Reich က Supercapitalism: The Transformation of Business, Democracy, and Everyday Life (2008) စာအုပ်တွင် ရေးသား ဖော်ပြခဲ့ဖူး၏။
ထိုထိုသော ပြဿနာများကြောင့် အာရပ်နွေဦးတော်လှန်ရေး၏ အရှိန်သည် တရုတ်နှင့် အိန္ဒိယသာမဟုတ်၊ ဒီမိုကရေစီ ဦးဆောင်နိုင်ငံဟု ဆိုနိုင်သော အမေရိကန်နိုင်ငံသို့ပင် ရိုက်ခတ်လာ၏။ စစ်အသုံးစရိတ် လျှော့ချရေး၊ ချမ်းသာကြွယ်ဝသူများနှင့် ကော်ပိုရေးရှင်းကြီးများအား အခွန် ပိုမိုကောက်ခံရေး၊ ပြည်သူအများစုအတွက် လူမှုရေးလုံခြုံမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ တိုးမြှင့်ရေး၊ ကော်ပိုရေးရှင်းကြီးများ၏ အကျိုးစီးပွားကိုသာ ကြည့်သောမူဝါဒများ အဆုံးသတ်စေရေး စသော ကြွေးကျော်သံများနှင့်အတူ digital media များ အကူအညီဖြင့် လူမှုကွန်ယက်များဖွဲ့ကာ လူထုလှုပ်ရှားမှုတစ်ခုကို စည်းရုံးနေ၏။ အမေရိကန်တပ်များ အာဖကန်နစ္စတန်တွင် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၆-ရက်အထိ ဆက်လက် တည်ရှိနေမည်ဆိုပါက ဝါရှင်တန်ဒီစီမြို့ရှိ Freedom Plaza တွင် လူထုအစည်းအဝေးလုပ်ကာ အကြမ်းမဖက်လှုပ်ရှားမှုကြီးဖြင့် တုန့်ပြန်မည်ဟု ရာဇသံပေးထားသည်။ “ထိုအောက်တိုဘာ လှုပ်ရှားမှုသည် အမှန်တကယ် ဖြစ်ပေါ်လာမည်လော၊ ထိုဖြစ်ရပ်သည် မည်သည့် အတိုင်းအတာအထိ အရေးပါမည်လော” ဟူသော မေးခွန်းများအား အတိအကျ ဖြေဆိုရန် ခက်ခဲသေးသော်လည်း၊ အစိုးရများအား စောင့်ကြည့် ဝေဖန်နိုင်လောက်သည့် သီးခြားလွတ်လပ်သော လူမှုအဖွဲ့အစည်းများ၊ သမဂ္ဂများ၏ အခန်းကဏ္ဍသည် တနေ့တခြား အရေးပါလာသည်ဟုကား ဆိုနိုင်ပါသည်။
စာညွှန်း
http://www.time.com/time/magazine/article/0,9171,2091395,00.htmlhttp://en.wikipedia.org/wiki/2011_Indian_anti-corruption_movement
http://en.wikipedia.org/wiki/Jan_Lokpal_Bill
http://sonata-cantata.blogspot.com/2010/02/white-tiger.html
http://october2011.org/welcome
http://www.thinkonthat.com/archives/4357
http://www.washingtonpost.com/world/asia-pacific/indias-anti-corruption-movement-aims-to-re-energize-democracy/2011/08/09/gIQAWMVWAJ_story.html
Labels:
ဟိုအကြောင်း ဒီအကြောင်း,
ဧရာ
Subscribe to:
Posts (Atom)