Saturday, February 28, 2009

Presentation

တင်ပြပုံ (presentation) ဆိုသည်က ဘ၀တွင် အရေးကြီးသည်။ ထို့ကြောင့်ပင် ငယ်စဉ် ကျောင်းသားဘ၀ သင်ခန်းစာထဲတွင် စာစီစာကုံးရေးသားခြင်းကို ထည့်သွင်းခဲ့ခြင်း ဖြစ်ပေမည်။

အလုပ်ခွင်တွင်လည်း ပရောဂျက် အစီရင်ခံစာတွေကို တင်ပြတတ်ဖို့လိုသည်။ ကိုယ့်အဖွဲ့အစည်းကို တင်ပြတာလား, ကိုယ့်ရဲ့ အထက်အရာရှိတွေကို တင်ပြတာလားစသဖြင့် ကိုယ်ရဲ့ ပရိသတ်ကိုလိုက်ပြီး တင်ပြပုံကလည်း ပြောင်းပေးရသည်။ ပရောဂျက် အစီရင်ခံစားမျိုးတွေမှ မဟုတ်။ ရုပ်ရှင်တစ်ကား, ၀တ္ထုတစ်ပုဒ်, သမ္မတလောင်းတစ်ဦး၏ မဲဆွယ်စည်းရုံးပွဲ မိန့်ခွန်း, ပညာရပ်ဆိုင်ရာစာတမ်း, ဓမ္မကထိကတစ်ဦး၏ တရားပွဲ, ကုန်စုံဆိုင်ရှင်တစ်ဦး၏ ကုန်ပစ္စည်း အခင်းအကျင်း, ယုတ်စွအဆုံး Catwalk လျှောက်သော မယ်တစ်ဦး၏ လမ်းလျှောက်ပုံဟန်… စသဖြင့် အရာရာတွင် တင်ပြပုံက အရေးကြီးသည်။

“သား… စာစီစာကုံးတစ်ပုဒ် ရေးတော့မယ်ဆိုရင် နိဒါန်းက အရေးကြီးတယ်။ ကိုယ်ရေးမယ့်စာကို ဆက်ဖတ် ချင်လောက်အောင် ဆွဲဆောင်မှုရှိရမယ်။ စာပိုဒ်တွေတိုင်းမှာလည်း ကိုယ်ဘာကို ပြောချင်တယ်ဆိုတာ စာတစ်ကြောင်းတည်းနဲ့ ပြန်ပြောပြနိုင်လောက်အောင် ရှင်းရှင်းလင်းလင်း စုစုစည်းစည်း ရှိရမယ်။ ... ။ နိဂုံးကတော့ အရေးအကြီး ဆုံးကွ။ ကိုယ်ရေးတဲ့ စာတစ်ပုဒ်လုံးရဲ့ အချုပ်ပဲ။ အချို့ဆိုရင် ဆောင်ပုဒ်လေးတွေ ထုတ်ပေးထားတတ်တယ်။ ကိုယ်စာဖတ်ပြီး စာဖတ်တဲ့သူတွေမှာ အတွေးတစ်ခု ကျန်သွားနိုင်လောက်အောင် နိဂုံးချုပ် ပေးနိုင်ရမယ်.. သား… ”

အားကြိုးမာန်တက်ပြောရင်း မူလတန်းကျောင်းသား သားဖြစ်သူကို ကြည့်လိုက်တော့… စိတ်ဝင်တစားနှင့် စာရွက်အဖြူ တစ်ရွက်ပေါ်တွင် ရုပ်ပုံရေးခြစ်နေရာမှ မျက်စိ ပေကလပ်ပေကလပ်နှင့် အလန့်တကြား မော့ကြည့်သည်။ ရုတ်တရက် ဒေါသထွက် မလိုဖြစ်ပြီးမှ မိမိ၏ တင်ပြပုံ ညံ့ဖျင်းခြင်းများအကြောင်းကို ပြန်တွေးရင်း ပြုံးမိ၏။ ငယ်စဉ်ကဆိုလျှင် ဦးလေးဖြစ်သူက “မင်းက မန္တလေးသားသာဆိုတယ် ပုဆိုးဝတ်ပုံ လမ်းလျောက်ပုံကတော့ တကယ့် တောသားပဲ” ဟု ချီးမွမ်း ဖူးသည်။ ကျွန်တော် စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်တွင် ပရောဂျက် အသေးလေးအတွက် စာတမ်းငယ်တစ်စောင် ရေးတင်တော့ ဆရာက “ခင်ဗျားရဲ့ Audience က ဘယ်သူလဲ” ဟု မေးယူရ၏။ စကားပြောတော့လည်း မန္တလေးသားသာဆိုသည် အပေါက်လမ်းတည့်အောင် မပြောတတ်။ စိတ်ကူးထဲရောက်လာသည်ကို အရင်းမရှိ အဖျားမရှိ ပြောတတ်သော ကျွန်တော့်ကြောင့် မန်းသားများ နာမည်ပျက်နိုင်သည်။ ကျွန်တော်၏ တင်ပြပုံအံချော်မှုတွေက ပြော၍ ကုန်မည်မဟုတ်။ ဆရာပိုးမစွန့်နိုင်၍ ကျောင်းသားဘ၀မှစ လုပ်ငန်းခွင်ထဲရောက်သည်အထိ ဆရာလုပ်နေတတ်သော ကျွန်တော်၏ တင်ပြပုံအံချော်မှုတွင် ဓားစာခံဖြစ်ခဲ့ရရှာသူများအား တွေး၍ အားနာမိသေးသည်။

အကယ်၍ တင်ပြပုံအကြောင်း ပိုစ့်တစ်ခုရေးဖြစ်ခဲ့လျှင် ထိုပိုစ့်သည် တင်ပြပုံအံချော်မှုတစ်ခုသာ ဖြစ်နေပါလိမ့်မည်။

Friday, February 27, 2009

လှိုင်းနှင့် အတူ…

၂၀၀၀-ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်သည်။ တရုတ်နိုင်ငံ တုန်းကွမ် (Dongguan) မြို့သို့ ပထမဦးဆုံး အကြိမ်ရောက်စဉ်က လုပ်ဖော်ကိုင်ဖက်များက နံနက်စာစားရန် ဟော်တယ်တစ်ခု၏ စားသောက်ဆိုင်သို့ ခေါ်သွားသည်။ အထဲသို့ဝင်လိုက်သည်နှင့် ရောင်စုံမီးလုံး, လက်ဆောင်ထုတ်, ကြယ်ပွင့်များဖြင့် အလှဆင်ထားသော ခရစ္စမတ် ထင်းရှုးပင်လေးဘေးတွင် တရုတ်ရိုးရာဝတ်စုံ ၀တ်ဆင်ထားသော ဧည့်ကြိုမယ်လေးများက ဆီးကြိုနေသည်။ ဆိုင်အထဲတွင် စက္ကူအလံငယ်လေးများကို ကြိုးတွင်တန်းစီ၍ ချိတ်ဆွဲထားသည်။ ဘာသာတရား မယုံကြည်သူတို့၏ တိုင်းပြည်တွင် ခရစ္စမတ် ထင်းရှုးပင် အလှဆင်ထာသည်ကို တွေ့ရကတည်းက စိတ်ဝင်စားမိနေရာ၊ တရုတ်အလံနှင့် မြန်မာအလံငယ်လေးများကို တခုကျော်စီ ချိတ်ဆွဲထားသည်ကို မြင်ရတော့ ပို၍ အံ့အားသင့်မိသည်။ ကိုယ်မျက်စိကို မယုံ၍ အသေအခြာပြန် ကြည့်တော့ မြန်မာအလံမှ တကယ့် မြန်မာအလံ။

အနီရောင်နောက်ခံ၊ လက်ဝဲဖက်အပေါ်ထောင့် အပြာကွက်ထဲတွင် အဖြူရောင် ကြယ်ပွင့်လေးများရှိသည်။ အလယ်မှ ခွေးသွားစိတ်နှင့် စပါးနှံကတော့ ခပ်ဝါးဝါးသာ မြင်ရသည်။ အစ မသိခင်က ဂုဏ်ယူရမလိုလို ထင်မိသော်လည်း မိမိနှင့်တွေ့သည့် တရုတ်လူမျိုး အများစုကတော့ (မြန်မာပြည်သည် တရုတ်ပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်သည့်တိုင်) မြန်မာပြည်ကို မသိကြ။ (ယူနန်ပြည်နယ်နှင့် ကပ်လျှက်ဟု ပြောလျှင်တောင် ခပ်ဝါးဝါး၊ အချို့က ယူနန်လူမျိုးများသည် တရုတ်လူမျိုးမဟုတ်ဟု ပြောသူပင် ရှိသေးသည်။) နောက်မှ တိုင်ဝမ်အလံကို တရားဝင်ချိတ်ဆွဲခွင့် မရ၍ တိုင်ဝမ်အလံနှင့် ဆင်သော မြန်မာအလံကို ချိတ်ဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ထဲတွင် အနောက်နိုင်ငံသား အနည်းငယ်ရှိသော်လည်း အများစုမှာ တရုတ်လူမျိုးများဖြစ်သည်။ တရုတ်ဟု ဆိုသော်လည်း အ၀တ်အစားကို သပ်သပ်ရပ်ရပ်နှင့် formal ဖြစ်အောင် ၀တ်ဆင်ပြီး ကွမ်းတုန်ဘာသာစကား (Cantonese) ပြောဆိုသော ဟောင်ကောင်တရုတ်၊ တီရှပ်, ဂျင်းဘောင်းဘီနှင့် casual ၀တ်လေ့ရှိပြီး တရုတ်စကားကို အင်္ဂလိပ်, Cantonese, Hokkien များဖြင့် ညှပ်၍ပြောလေ့ရှိသော စင်္ကာပူနှင့် မလေးရှားတရုတ်၊ မြန်မာပြည်မှ ကျောက်သဌေးဂိုက်မျိုးဖြင့် စကားကို ဟောင်ဖွာဖွာပြောတတ်သော တိုင်ဝမ်တရုတ် စသဖြင့် နိုင်ငံခြားသားတရုတ်များ ဖြစ်ကြသည်။ မိမိတို့၏ လယ်မြေများအား စက်ရုံများသို့ရောင်း၍ ဖြစ်စေ, အလုပ်သမား တိုက်တန်းလျားများ ဆောက်၍ အခန်းငှားစား၍ဖြစ်စေ သဌေးဖြစ်လာကြသော ဒေသခံတရုတ်မိသားစုများ အနည်းငယ်ရှိသည်။ ပြည်တွင်းမှပင် ဤမြို့သို့ လာရောက်အလုပ် လုပ်ကိုင်ကြသော အလုပ်သမားများ, အင်ဂျင်နီယာများကတော့ ဤဆိုင်မျိုးသို့ မကပ်နိုင်ကြ။

၁၉၇၇-ခုနှစ်တွင် တိန်းရှောင်ပင်း(Deng Xiaoping) က စီးပွားရေးတံခါးဖွင့်လိုက်စဉ်က တရုတ်ပြည်ကို မဟာဈေးကွက်တစ်ခုအဖြစ် ရှုမြင်ကာ ကုန်ပစ္စည်းများ တင်သွင်းရောင်းချရန် ကြိုးပမ်းကြသည်။ ထင်သလိုကား ဖြစ် မလာခဲ့။ ၁၉၈၀-ခုနှစ် နောက်ပိုင်းတွင် တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့်အစား တရုတ်ပြည်မှ လုပ်ခဈေး သက်သာသော လူသားရင်းမြစ်ကို အသုံးချကာ ကုန်ပစ္စည်းများထုတ်ကာ နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချရန် ကြိုးပမ်းကြသည်။ တရုတ် ကမ်းရိုးတန်းမြို့များသည် စက်မှုဇုံကြီးများ ဖြစ်လာကြသည်။

အစောပိုင်းရင်း နှီးမြုတ်နှံကြသူများမှာ တရုတ်ယဉ်ကျေးမှုနှင့် မစိမ်းသော တိုင်ဝမ်, ဟောင်ကောင်နှင့် စင်္ကာပူတို့မှ တရုတ် စီးပွားရေးသမားများ ဖြစ်ကြသည်။ စင်္ကာပူ၊ မလေးရှားမှ MNC (Multi-National Companies) များတွင် လုပ်ဖူးသည့် တရုတ်အင်ဂျင်နီယာများအတွက်လည်း အလုပ်အကိုင် အခွင့်လမ်းများပေါ်လာသည်။ စင်္ကာပူ၊ မလေးရှားတွင်ရသည့် လစာ၏ တစ်ဆခွဲ၊ နှစ်ဆကျော်ပေး၍ တရုတ်ကမ်းရိုးတန်း စက်မှုဇုံကြီးများတွင် ဌာနေတရုတ်များကို ဦးဆောင်၍ လုပ်ကိုင်စေသည်။ အိမ်ခန်းနှင့် ခရီးသွားလာရေးကို ကုမ္ပဏီက စီစဉ်ပေး၍ ၀င်ငွေအသားတင်ကျန်ရုံမျှမက ခေါင်းဆောင်ပိုင်း, စီမံခန့်ခွဲမှုပိုင်းနေရာတွင် လုပ်ကိုင်ခွင့်ရကြ၍ အခွင့်လမ်းကောင်းဟု ဆိုနိုင်ပါသည်။ တုန်းကွမ်ကဲ့သို့ ကမ်းရိုးတန်းမြို့များသို့ စီးပွားရေးသမားများ, ပညာရှင်များ, အလုပ်သမားများ လှိုင်းသဖွယ် အလုံးအရင်း ရောက်ရှိလာသောအခါ မတူညီသော ယဉ်ကျေးမှုများလည်း သူတို့နှင့်အတူ ရောက်ရှိလာသည်။ မတူညီမှုများ ရိုက်ခပ်မိသောအခါ ဂယက်များဖြစ်စေသည်။

ဘာ့ကူတေး (ဆေးမြစ်နှင့် ပြုတ်ထားသော ၀က်နံရိုးစွတ်ပြုတ်), လာဆာ (အုန်းနို့ခေါက်ဆွဲ), ပလာတာစသော မလေးရှား၊ စင်္ကာပူအစားအစာများ ရသည့် စားသောက်ဆိုင်များ ပေါ်လာသည်။ တိုင်ဝမ်, ကိုရီးယား, ဂျပန်ဆိုင်များ အလုပ်ဖြစ်လာကြသည်။ တရုတ်ပြည်တွင် တရုတ်တန်းဟုခေါ်ရမည့် ရပ်ကွက်များ ပေါ်လာသည်။ တရုတ်တန်းများသည် ပြောင်းရွေ့လာသော ယဉ်ကျေးမှု၏ သင်္ကေတဖြစ်သည်။ ယုတ်စွအဆုံး တိုင်ဝမ်မှ ပင်းလန် (binlang) ယဉ်ကျေးမှု လည်းရောက်လာသည်။ ပင်းလန်ဆိုသည်က တိုင်ဝမ် ကွမ်းယာတမျိုးဖြစ်သည်။ ကွမ်းယာထက် ကွမ်းယာသည်မလေးများက ထူးခြားသည်။ ကွမ်းယာမယ်လေးများက ပန်းနီရောင် မီးထွန်းထားသည့် မှန်ခန်းအတွင်းတွင် ခွေးခြေခုံအမြင့်ပေါ်တွင် ထိုင်၍ ရောင်းချလေ့ရှိသည်။ စကပ်တိုတိုဝတ်ထားပြီး မိတ်ကပ်ရောင်စုံအလှပြင်, လက်သည်းဆိုးရင်း, နှုတ်ခမ်းနီဆိုးရင်း ဈေးဝယ်သူကို ထိုင်စောင့်လေသည်။ တိုင်ဝမ်တွင်တော့ အဝေးပြေးလမ်းမကြီးများ အနီးတွင် ရောင်းလေ့ရှိသည်။ အဝေးပြေးလမ်းပေါ်မှ ကားသမားများ ခေတ္တခဏ အညောင်းပြေ, အိပ်ချင်ပြေရပ်နား၍ ကွမ်းယာစားကြသည်။ တုန်းကွမ်တွင်တော့ အဝေးပြေးကားသမားများအတွက် မဟုတ်။ တိုင်ဝမ် အလွမ်းပြေ သို့မဟုတ် ဖျော်ဖြေရေး သက်သက်ဟုပဲဆိုရမည်။

ကွမ်းယာယဉ်ကျေးမှု (http://ah-pauk.blogspot.com/2008/11/blog-post_09.html)
http://www.culture.tw/index.php?option=com_content&task=view&id=1032&Itemid=157
http://en.wikipedia.org/wiki/Betel_nut_beauty


“တုန်းကွမ်က တရုတ်တန်း” ဆိုသည်က ကျွန်တော်ခေါ်သော အမည်သာဖြစ်သည်။ သူတို့ကတော့ “ဒုတိယအိမ်” ဟု ခေါ်ကြသည် (တရုတ်အမည်ကို မမှတ်မိတော့)။ တိုင်ဝမ်တရုတ် စီးပွားရေးသမားအများစုက ပြည်ကြီး တရုတ်မလေးများအား တိုက်ခန်းတစ်လုံးဝယ်ပေးထားပြီး၊ အလုပ်အားရက်တွင် သွား၍ မိမိအိမ်သဖွယ် အပန်းဖြေ နေကြသည်။ စားသောက်ဆိုင်များ၊ အရက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ အနှိပ်ခန်း၊ နိုက်ကလပ်များက မြို့လူဦးရေနှင် မမျှအောင် ပေါများလာသည်။ တုန်းကွမ်သို့ အလုပ်လုပ်ရန်ဆင်းလာကြသော အမျိုးသမီးငယ်များသည် အလုပ်လွယ်လွယ်နှင့် မရလျှင် ဆံပင်ညှပ်ဆိုင်၊ ကာရာအိုကေ၊ အနှိပ်ခန်းများသို့ ရောက်သွားကြသည်။ နောက်တော့ ၀င်ငွေလွယ်လွယ်ရသော ထိုလုပ်ငန်းများမှ ရုန်းမထွက်နိုင်တော့။ ရည်မှန်းချက်များကလည်း “ဒုတိယအိမ်ရှင်မ” များအဖြစ် ပြောင်းသွားကြသည်။ အချို့စေတနာပိုသော သဌေးများနှင့် တွေ့လျှင်တော့ သူတို့အတွက် စားသောက်ဆိုင်လေး၊ ဆံပင်ညှပ်ဆိုင်လေး ဖွင့်ပေးပေလိမ့်မည်။ သူတို့လည်း လောပန်ညန့် (lady boss) များ ဖြစ်လာနိုင်သည်။

ယင်းတို့ကို ခေတ်မီတိုးတက်မှုဟု မဆိုနိုင်။ Globalization လှိုင်းနှင့်အတူပါလာသော ဂယက်များ, အမှိုက်သရိုက်များသာဖြစ်သည်။ Globalization ကြောင့် ယဉ်ကျေးမှုတို့ ကူးစက် ပျက်စီးရသည်ဟု ဆိုကောင်း ဆိုကြမည်။ ယဉ်ကျေးမှုတို့ ကူးစက်ခြင်းသည် သဘာဝပင်ဖြစ်သော်လည်း၊ အသားကို စားသုံး၍ အရိုးကိုပစ်ပယ်ရန် တာဝန်မှာ ယဉ်ကျေးမှုစားသုံးသူများ၏ တာဝန်သာဖြစ်မည်။ ရှေးခေတ်က မြန်မာတို့သည် အိန္ဒိယယဉ်ကျေးမှုကို စားသုံးခဲ့ကြသည်။ မွန်ယဉ်ကျေးမှုကို စားသုံးခဲ့ကြသည်။ ယိုးဒယားယဉ်ကျေးမှုကို စားသုံးခဲ့ကြသည်။ ယိုးဒယားအကကြောင့် မြန်မာ့ယဉ်ကျေးမှု ပျက်မသွားသည့်အပြင် ပို၍ပင် မြင့်မားစေခဲ့သည်။ Globalization လှိုင်းနှင့်အတူပါလာသော ယဉ်ကျေးမှုများကြောင့် မိမိတို့၏ ယဉ်ကျေးမှု ဆုတ်ယုတ်မည်ကို စိုးရိမ်ပူပန်ခြင်း, Globalization ဖြစ်ပေါ်စေရန် တွန်းအားပေးသည့် နည်းပညာများအား ဆန့်ကျင်ခြင်းတို့သည် မယောင်ရာ ဆီလူးခြင်းသာ ဖြစ်သည်။ ယဉ်ကျေးမှုဆုတ်ယုတ်ခြင်းသည် အလုပ်လက်မဲ့ပေါများမှု, ၀င်ငွေကွာဟမှု, လူတန်းစားကွာဟမှု, ယဉ်ကျေးမှုစားသုံးမှု အတတ်ပညာနည်းပါးမှုတို့က ဖန်တီးလိုက်သော ဂယက်များသာဖြစ်သည်။

ဧရာ (မန္တလေး)

Thursday, February 26, 2009

သင်ခန်းစာ

ဒီအချိန်ရောက်ရင် ကျွန်တော့် စိတ်တွေ ဖောက်ဖောက်လာတယ်…
*****
မနေ့က ညဦးပိုင်းလောက်မှာ ရှိတဲ့ ခွန်အားတွေအကုန်သုံးပြီး လူတစ်ယောက်ကို ပြင်းပြင်းထန်ထန် အနာတရ ဖြစ်အောင် ပွဲကြမ်းလိုက်ချင်မိသည်။ ကျွန်တော် ထိုမျှလောက် ရက်စက်ချင်အောင် ထိုသူသည် မည်သို့သော အပြုအမူကို ပြုမူနေသနည်း။ ထိုသူသည် စားပွဲတစ်လုံး၌ ထိုင်၍ စာအုပ်တစ်အုပ်ကို ဟိုလှန်သည်လှန်လုပ်နေသည်။ မျက်လုံးများက တောင်မြောက်လေးပါးကို ဦးတည်ရာမဲ့ ကြည့်နေတတ်သေးသည်။ စားပွဲပေါ်မှာလည်း စာရွက်၊ စာအုပ်၊ လွယ်အိတ်၊ ခဲတံစသော အရာများက ဖွာလန်ကျဲနေသည်။ ထိုမြင်ကွင်းသည် ကျွန်တော်အား အတော်သွေးဆူစေသည်။ ထိုသူသည် ထိုင်နေရမှထပြီး တစ်စုံတစ်ခုကို ရှာဖွေနေသလိုလို၊ သွားယူသလိုလို လည်း လုပ်သေးသည်။ ထိုသူ လက်ထဲ၌ကိုင်ထားသော ခဲတံလိုလို ဘောလ်ပင်လိုလို အရာက မကြာခဏဆိုသလို လွတ်ကျနေသဖြင့် ကြမ်းပြင်သို့ ထိခြစ်သွားသော အသံကလည်း ကျွန်တော့် ဒေါသကို အမြစ်မှ ထိုးဆွပေးသလို ဖြစ်နေသည်။ ကျွန်တော် ထိုသူကို မျက်ထောင့်နီနှင့် ကြည့်လိုက်သည်။ ထိုနောက် ကျွန်တော်၏ အကြည့်တို့သည် အစိမ်းရောင်ကို ပြောင်းသွားမည်မှန်း ကျွန်တော်သိသည်။ ထိုသူကလည်း ကျွန်တော့်ကို ပြန်ကြည့်သည်။ တစ်စုံတစ်ခုကို တမင်တကာ မသိချင်ယောင်ဆောင်ထားသော ထိုမျက်ဝန်းတွေကို ကျွန်တော်မကြိုက်။ ကျွန်တော့်မျက်ဝန်း နောက်တစ်ရောင်သို့ မပြောင်းခင် ထိုနေရာမှဖယ်ခွာခဲ့သည်။ ကျွန်တော်၏ သနားစရာကောင်းလှသော ထိုသားကောင်မှာ အသက် ၁၁နှစ်ခန့်သာရှိသေးသော ကျွန်တော်၏ သားကြီးပင်ဖြစ်သည်။
*****
တနေ့က ညနေစောင်း မိုးတော်တော်လေး သည်းထန်စွာရွာသည်။ ကျူရှင်သွားမည့် သားကြီးကို သူ့အဖွားကလိုက်ပို့သည်။ တအောင့်ကြာတော့ ကျောင်းပို့ရာမှ ပြန်ရောက်လာသည့် အဖွားက “ထီးကလည်း မောင်းသန်လိုက်တာ မေမေတောင် မပိတ်နိုင်လို့ ကလေးကပိတ်ပေးမယ်ဆိုပြီး ပိတ်လိုက်တာ လက်ညပ်သွားတယ်။” ဟု ထီးကို အခြောက်လှန်းရင်းပြောသည်။ သားကြီး ကျူရှင်ချိန်ပြီးခါနီးလောက်မှာ အဖွားက ဘုန်းကြီးကျောင်း တရားနာစောစော သွားမယ်ဆိုပြီး အိမ်ကထွက်သွားသည်။ ခဏနေတော့ သားကြီးပြန်ရောက်လာသည်။ ကျမ တံခါးသွားဖွင့်ပေးတော့ မြင်လိုက်ရသည်က KFC ကြက်သားကြော်ဆိုင်က ကျွတ်ကျွတ်အိတ်တွေ လက်မှာတို့လို့တွဲလောင်းချိတ်ဆွဲလျက်။ “ဟင် သားက မုန့်တွေ သွားဝယ်စားလာတယ်။ ဘယ်က ပိုက်ဆံနဲ့လဲ။” (ဒီနေ့ ကျူရှင်လခ သူနှင့် ထည့်ပေးလိုက်သေးသည်။) ဟု ဆီးပြောလိုက်ရာ “ဖွားဖွားလေ သားသားလက်နာသွားလို့ reward လုပ်တာတဲ့ ၀ယ်ပေးလိုက်တယ်။ သားက ဆိုင်မှာထိုင်စားရမလား စဉ်းစားသေးတယ်။ အိမ်ယူလာရင် မေမေက ထမင်းတွေရှိရက်နဲ့ ၀ယ်လာတယ်ဆိုပြီး ဆူမှာလည်း ကြောက်တယ်။ နောက်တော့ သား honest ဖြစ်ရပါမယ် မေမေတို့လည်း ဆာချင် ဆာနေမှာ ဆိုပြီး အိမ်ကိုယူလာလိုက်တာ။” ကျမလည်း “အေးအေး မေမေလည်း ဆာနေတာ” ဆိုပြီး KFC one set meal ကို သားနှစ်ယောက်နှင့် မျှတစားလိုက်ကြသည်။

ညဦးပိုင်းရောက်တော့ သားကြီး ကျမတို့ အိပ်ယာမှာ စောင်ခြုံပြီးလာခွေသည်။ “မေမေ သားခေါင်းတွေ မူးတယ်။ ခေါင်းတွေကိုက်တယ်။ ကိုယ်လည်းပူနေတယ်။ ဖျားပြီနဲ့ တူတယ်။” သားကြီးက ဆက်ပြောနေပြန်သည်။ “သွေးအားလည်းနည်းတယ်။ ညနေကလည်း သွေးတွေ ရှုံးသွားသေးတယ်လေ။” (ထီးညပ်၍ လက်မနှင့် လက်ညှိုးခွကြား သွေးခြေဥသွားခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။) သူ့ ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တွေ ကို မသိဟန်ပြုပြီး ကျမက “မိုးမိပြီး အအေးပတ်ပြီနဲ့ တူတယ်။ ခေါင်းတွေ မိုးထိထားသေးလား မှန်းပြစမ်း” ဆိုပြီး (ဒီအချိန်ရောက်ရင် ကျွန်တော့်စိတ်တွေ ဖောက်ဖောက်လာတယ် ဟူသော သီချင်းအသွားလေးကို စိတ်ထဲမှ ငြီးရင်း) “သား ပါရာစီတမော သောက်လိုက်နော်..ရော့ရော့ ဒီမှာ… အနာကို မေမေ ဆေးလိမ်းပေးမယ်သိလား ဆရာခိုလိမ်းလိုက် သွားသွား သင်ခန်းစာတွေ သွားလုပ်လိုက်ဦး” ဟု…
*****
ကျွန်တော်တို့သည်
ဘ၀ထဲမှ သင်ခန်းစာယူရပါမည် ဆိုလျှင်
ခါးသီးသော အတွေ့အကြုံများကိုသာ
မှတ်မှတ်သားသားရှိနေပါလျှင်
တရားရာကျပါမည်လား…


မှတ်ချက်။ ။ကျွန်တော်သည် မသီတာပင် ဖြစ်ပါသည်။
(စာကို စိတ်ဝင်တစား မလုပ်လိုသော၊ မေမေ့temperကို ဘယ်လိုလုပ်ရမလဲမသိဘူးဟု ငြီးထွားတတ်သော သားကြီး တစ်ချိန်ကျ ဖတ်ဖို့
)

Tuesday, February 24, 2009

မူကွဲ

ပူစီသည် ငါးကြော်ကို အလွန်ကြိုက်၏။ ငယ်ငယ်တုန်းက ဖတ်စာထဲကလို ပြောရမည် ဆိုလျှင်-
ကိုဧရာသည် ဘဒါကြော်ကို အလွန်ကြိုက်၏။

ဒီက ပဆာမလန်း (ကျမတို့ အခေါ် ပွဲဈေးတန်း)မှာ ကုလားကြီးကြော်ရောင်းတာကို အမြဲလိုလိုဝယ်စားတတ်သည်။ စားတိုင်းလည်း “ဘယ်လိုကြော်ထားမှန်းမသိဘူး” “တော်တော်ညံတယ်” “ဒါလေးတောင် မကြော်တတ်ဘူး” ဟု မြည်တွန်တောက်တီးသေး၏။ မန္တလေးမှာဆို ဘယ်လို ကြွပ်ရွနေတာဟု တသသ ပြောရင်းဖြစ်၏။ သို့သော် ၀ယ်စားမြဲကားစား၏။ ဒီက ဘဒါကြော်မှာ ဖောင်းဖောင်းကြွကြွ စားချင်စဖွယ်ကြီး ဖြစ်ပါသည်။ မုန့်သားဖော်စပ်ထားသည်မှာ မန္တလေးမှ ဘဒါကြော်လိုပင် မတ်ပဲလည်းပါပုံရပါသည်။ သို့သော် ဂျုံသားကများသည်။ မန္တလေး ဘဒါကြော်ကတော့ မုန့်နှစ် စပ်ရာတွင် ငှက်ပျောသီးလည်း ထည့်သေးသည်ဟု သိရ၏။ သူ့မေမေက မန္တလေးမှ ဘဒါရယ်ဒီမိတ် (မတ်ပဲ) အမှုန့်ထုတ် ၀ယ်လာပြီး ကြော်ကျွေး၏။ မန္တလေးမှ အကြော်အရွယ်အတိုင်း အခု ၂၀ ကျော်ကို တစ်ထိုင်တည်းစားလေသည်။ “သူ့အရပ်နဲ့သူ စားနေကျပုံစံကို အကြိုက်တွေ့တာ ဖြစ်မှာပါ။ ဒီမှာ မန္တလေးက ပုံစံအတိုင်း ကြော်ရောင်းရင်လည်း ဒီကလူတွေ ကြိုက်ချင်မှ ကြိုက်မှာပေါ့” ဟု မသီတာက လေပြေထိုးရလေသည်။ (ဒါတော့ တတ်တယ်)


*****
မသီတာသည် မုန့်ဟင်းခါးကို အလွန်ကြိုက်၏။

မောင်နှမများသဖြင့် ၀၀လင်လင်စားရအောင် အမေက အိမ်မှာမကြာခဏဆိုသလို ချက်ကျွေးပါသည်။ ငါးခူ၊ ငါးဂျီးနှင့် သာချက်ပြီး ဆန်မှုန့်အကျက်၊ မြေပဲလှော်ကို ထောင်း၊ ကုလားပဲကိုပြုတ် ဇကာတိုက် ၀ိုင်းကူချက်ခဲ့ရပါသည်။ ဘယ်တော့ချက်ချက် တစ်ပုံစံတည်းထွက်တဲ့ အမေ့လက်ရာ မုန့်ဟင်းခါး။ ဒီမှာတော့ ရတဲ့ငါးနှင့် ချက်… ရပြီကွဲ့ ဘိုကလေးမုန့်ဟင်းခါး။ ဆန်မှုန့် မရှိလို့ ရွှေကြည်မှုန့် ထည့်… ခေါ်လိုက်မကွဲ့ ပုသိမ်မုန့်ဟင်းခါး။ ဒီတစ်ခါတော့ မြေပဲလှော်လေးကလည်း အဆင့်သင့်ရှိနေ ကုလားပဲလေးပါ ပြုတ်ပြီး ကျိတ်ထည့်တော့ ဟင်းရည်က မချွဲဘူးပေါ့ ဟဟာဟား… ဖျာပုံမုန့်ဟင်းခါး။ ဆန်မှုန့်လည်း မရှိဘူး ပဲမှုန့်ဘဲ ရှိတယ်တော့ ချကွာ လာလေရောဟဲ့… ကျိုက်လတ်မုန့်ဟင်းခါး။ တစ်ခါတလေတော့လည်း အထုတ်ကလေးဖောက်ချက်… မြောင်းမြမုန့်ဟင်းခါး။ ဒီလိုနဲ့ မသီတာ တစ်ယောက် မုန့်ဟင်းခါးတွေ ချက်လာလိုက်တာ မြစ်ဝကျွန်းပေါ်ကမြို့တွေ ကုန်သလောက်ရှိပြီမို့ အထက်ကို ဆန်လာပါပြီ။ တောင်ငူလောက်ရောက်လာပါပြီ။ မန္တလေးက တပင်တိုင် မုန့်ဟင်းခါးတော့ မစားဖူးသေးပါ။

ဝန်ခံချက်။ ။ အဆိုပါ မုန့်ဟင်းခါးများ မည်သို့ မူကွဲသည်ဆိုတာ သေသေချာချာ မသိပါ။ တစ်ခါချက်လျှင် တစ်မျိုးထွက်နေသော မသီတာ၏မုန့်ဟင်းခါးများကို အလျဉ်းသင့်သလို အမည်တပ်လိုက်ခြင်းဖြစ်ပါသည်။

Vada ပုံများ Google search မှ ယူပါသည်။

Sunday, February 22, 2009

“Now you are a changed person”

“Now you are a changed person” ဟု ပြောလိုက်သူနှင့် အပြောခံရသူသည် တစ်ယောက်တည်းဖြစ်၏။
မိမိကိုယ် မိမိပင် ဖြစ်သည်။

အတိတ်ဆိုသည့် ဟိုအရင် တခါက ငါသည် ဖြူစင်၏။ ရိုးသား၏။ နူးညံ၏။ ရိုကျိုး၏။ ယဉ်ကျေး၏။ နှစ်လိုဖွယ်ကောင်း၏။ အေးချမ်း၏။ အရှက်တရား၊ အကြောက်တရားတို့နှင့် အစဉ်ရှိ၏။ ငါ၌ မပြည့်စုံသေးမူကား ဖြည့်ဆည်းခြင်းသည် ဘ၀ပေးတာဝန်ဟု နားလည်ခဲ့ပါ၏။ အသိအလိမ္မာ ရှာဖွေစ ကာလက ဖြစ်သည်။ တောက်ပတဲ့ အလင်းရောင်ကို အစဉ်ရှေးရှုခဲ့၏။

တစ်စုံတစ်ချို့သော အသိတရားတို့ကား ငါ၌ စုဆောင်းမိလေပြီ။

ငါသည်လည်း ထိုအရာများမှ ပြောင်းလဲခဲ့ပေပြီ။ အပြစ်မြင်၏။ ရန်လို၏။ ခက်ထန်၏။ မောက်မာ၏။ ရိုင်းပျ၏။ စက်ဆုပ်ဖွယ်ကောင်း၏။ ပူလောင်၏။ တာဝန်ကို မသိကျိုးကျွန်ပြုရန် ၀န်မလေး။ အလိမ္မာသည် စာမှာသာရှိခဲ့လေသည်။ ငါသည် ညစ်ထေး၍ အရောင်မှိန်လေပြီ။

အသက်နှင့် လက်ကျန်အချိန် ပြောင်းပြန် အချိုးကျသော ဘ၀တွင် ငါသည် အလိမ္မာနှင့်လည်း ပြောင်းပြန် အချိုးကျနေ၏။ ငါသည် တစ်ခါတစ်ရံ အဆင်းကို ဘီးတပ်ခဲ့သည်။ တစ်ခါတစ်ရံမူလည်း ခေါက်တုံ့ခေါက်ပြန် လျှောက်ခဲ့ပါလေသည်။ လမ်းလျှောက်ရင်း လမ်းပျောက်ရုံသာမက ရွံ့နွံတွေက အလိမ်းလိမ်း၊ ဆူးငြိခြင်းက အကြိမ်ကြိမ်၊ ခလုတ်ထိသည့်တိုင် အမိတဖို့ မေ့လျော့လေသော ငါ…

နေ့တွင် အလုပ်လုပ်, ညတွင် အနားယူ၍ ပြောင်းလဲခြင်းနှင့် အကျွမ်းတ၀င်ရှိပြီးဖြစ်သော၊ အချိန်ကို အရင်းအနှီးပြုပြီး ဉာဏ်ပညာခွန်အားကို ရှာဖွေလေသော ငါသည် တဖြေးဖြေးချိနဲ့လာသည့် အဖြစ်ကြောင့် မိမိ စားသုံးခဲ့သည်မှာ အတ္တများဖြစ်ကြောင်း သိလိုက်ခြင်းသည် တမည်သော ပြောင်းလဲမှု၏အစပင် ဖြစ်သည်။

Wednesday, February 18, 2009

တုန်းကွမ်မှ သန္တိနိကေတန်သို့

ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်လျှင် လယ်ကွင်းပြင်ကြီးများကို တမျှော်တခေါ် မြင်နေရသည်။ ငါးမွေးမြူရေး ကန်များကိုလည်း ကြိုကြား ကြိုကြားတွေ့ရသည်။ ကန်ဘောင်ပေါ်တွင် သွတ်ပြားအဟောင်းများဖြင့် ခနော်ခနဲ့ဆောက်ထားသော တဲအိမ်လေးများ လည်းရှိသည်။ လေဝှေ့လိုက်လျှင် ဖုံတွေက တလိပ်လိပ် တက်သွားသည်။ မြန်မာပြည် အညာဒေသကို သတိမရမိပဲ စိတ်က “သန္တိနိကေတန်”ကို ရောက်သွားသည်။ စင်စစ် မိမိရောက်နေသော နေရသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ်မှ တုန်းကွမ်မြို့ (Dongguan) မြို့ဖြစ်သည်။

“သန္တိနိကေတန် ပညာရေး” ဆိုသောဆောင်းပါးကို ပညာလောကစာစောင်တွင် ဖတ်ခဲ့ဖူးသည် (စာရေးသူ၏ အမည်ကို မမှတ်မိတော့ပါ)။ သန္တိနိကေတန်သည် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့မြောက်ဖက် ကီလိုမီတာ ၁၈၀-ခန့်အကွာမှ မြို့ငယ်လေး ဖြစ်သည်။ စာပေနိုဗယ်လ်ဆုရှင် ဘင်္ဂလီ ကဗျာဆရာကြီး ရာဘင်ဒြာနတ်သ် တဂိုးတို့ မိသားစုပိုင်သော နေရာဖြစ်၍ တဂိုး၏ ဖခင်ကပင် “သန္တိနိကေတန်” (ချမ်းမြေ့အိမ်) ဟုအမည် ပေးခဲ့သည်။ ဤမြို့လေးတွင် တဂိုးက ကျောင်းသား ၅-ယောက်ခန့်ဖြင့်စ၍ ကျောင်းတစ် ကျောင်းထောင်ခဲ့သည်။ ကျောင်းဆိုသော်လည်း စာသင်ခန်း မရှိ။ သစ်ပင်ရိပ်အောက်တွင် ၀ိုင်းဖွဲ့၍ သင်ကြားသော ကျောင်းဖြစ်သည်။ ထိုခေတ်၏ ကြက်တူရွေးနှုတ်တိုက် ပညာသင်ကြားနည်းများကို ဆန့်ကျင်၍၊ ဆရာနှင့် တပည့်အကြား, လူသားနှင့် သဘာဝအကြား ပွင့်လင်းရင်းနှီးစွာ ပညာသင်ကြားသော စနစ်ဖြစ်သည်။ အရေး, အဖတ်, အတွက်ကိုသာ ဖိ၍သင်ကြားခြင်းမျိုး မဟုတ်။ သစ်ပင်တက်ချင် တက်မည်။ သစ်ပင်ရိပ်အောက်တွင် ပန်းချီဆွဲသူ ဆွဲမည်။ တူရိယာတစ်ခုခုကို တီးမှုတ်၍ နေချင်နေမည်။ ကသူက ကနေမည်။ ပြေးလွှားခုန်ပေါက် နေသူတွေလည်း ရှိမည်။ ပညာရေးသည် ဘ၀အတွက် ပညာရေးဟူသော ရည်မှန်းချက်ဖြင့် ထူထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်တွင်လည်း ကျေးရွာများတွင် ရွာဦးကျောင်း သစ်ပင်ရိပ်အောက် ကွပ်ပျစ်လေးပေါ်တွင် “ဒွေ ဧက ဒွေ” အလီတွေရွတ်၊ ဆားတစ်ဆုပ်ကို ခါးပုံစတွင်ထည့်၍ သရက်ပင်ပေါ်တက် သရက်သီးခူးစားရင် ပညာသင်ခဲ့ရသည်။ သို့သော် “အာဂုံဆောင်မှ အာဂလူ” ဆိုသော ထုံးကို နှလုံးမူ၍ အလွတ်ကျက်မှတ်မှုကို အလေးပေးလွန်း၍ တဂိုး၏ သန္တိနိကေတန် ပညာရေးမျိုး မဖြစ်တော့။ တက္ကသိုလ်ကြီးများ၌ပင် ကြက်တူရွေး ပညာသင်ကြားမှုကို အားထား လွန်းနေသည်။

၂၀၀၀-ခုနှစ်ကာလက တုန်းကွမ်မြို့လေးသည် စက်မှုမြို့သစ်လေးအဖြစ် ကူးပြောင်းဆဲကာလဖြစ်သည်။ လယ်ကွင်းများမှသည် စက်ရုံများတစ်ခုပြီး တစ်ခုပေါ်လာသည်။ စင်္ကာပူတွင် စီးပွားရေးပျက်ဆုတ်ကပ် (ထိုစဉ်က dot com ဈေးကွက် ပျက်သွားသည်) ကြုံသည်က တစ်ကြောင်း၊ လုပ်ခလခနှင့် ကုန်ကျစားရိတ်တွေ တက်လာသဖြင့် စင်္ကာပူတွင် ကုန်ထုတ်လုပ်ရန် မကိုက်တော့သည်ကတစ်ကြောင်း၊ တရုတ်ပြည်ကြီးက စီးပွားရေးလမ်းဖွင့်လိုက်သည်က တစ်ကြောင်း စသဖြင့် အကြောင်းပြချက် အမျိုးမျိုးဖြင့် စင်္ကာပူမှ စက်ရုံအတော်များများသည် တရုတ်ပြည် ကမ်းရိုးတန်းနယ်များသို့ ပြောင်းရွှေ့သွားသည်။ တရုတ်ပြည် ကုန်းတွင်းဒေသမှ လယ်သမားသားသမီးများက ကမ်းရိုးတန်းစက်မှုမြို့သစ်များသို့ သိမ်းကြုံး ဆင်းလာကြသည်။ Toffler ၏ စကားဖြင့် ဆိုရလျှင်တော့ စင်္ကာပူအား တတိယလှိုင်းရိုက်ခတ်လိုက်ပြီး၊ တရုတ်ပြည်သည် စိုက်ပျိုးရေးယဉ်ကျေးမှုမှ စက်မှုယဉ်ကျေးမှု ဒုတိယလှိုင်းထဲသို့ ကူးပြောင်းကာစဟု ဆိုရပေမည်။

ကျွန်တော်တို့ကုမ္ပဏီက စက်မှုလုပ်ငန်းများတွင်သုံးသော high-precision automation စက်များကို ထုတ်သည်။ တရုတ်ပြည်မှ (printer စက်ရုံ, head and media စက်ရုံစသော) စက်ရုံအသစ်များတွင် assembly line များ ဆင်ပေးရသည်။ စက်များအား တပ်ဆင်ပြီးသောအခါ မိမိတို့ ကုမ္ပဏီရုံးခွဲမှ နယ်ခံ အင်ဂျင်နီယာများအား ထိုစက်တို့ကို ပြုပြင် ထိမ်းသိမ်းတတ်ရန် knowldege transfer အဖြစ်ပြန်လည် သင်ကြားပေးရသည်။ ထိုအချိန်က ခေတ်စားနေသော စကားတစ်ခုမှာ “think globally, act locally” ဖြစ်သည်။ ကမ္ဘာနှင့်ချီ၍ အမြင်ကျယ်ကျယ် တွေးခေါ်ပြီး, မိမိတို့ ရေမြေသဘာဝနှင့် ကိုက်ညီအောင် ကျင့်သုံးရန်ဖြစ်သည်။ အစပိုင်းတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ အတတ်ပညာရှင်များ, စီမံခန့်ခွဲသူများကို တရုတ်ပြည်သို့ ခေါ်ယူ၍ စက်ရုံများကို ထူထောင်လည်ပတ်ပြီး၊ နောက်ပိုင်းတွင် ဌာနေတရုတ် အင်ဂျင်နီယာများ၊ မန်နေဂျာများကို မွေးထုတ်ပေး၍ localization လုပ်နေသော အချိန်ဖြစ်သည်။

renovation လုပ်ဆဲဖြစ်သော စက်ရုံအသစ်တစ်ခု၏ အခန်းထဲတွင် projector, ကွန်ပျုတာတို့လို အထောက်အကူပစ္စည်းများမပါပဲ၊ ကျွန်တော်က white board ပေါ်တွင် အပြာရောင် soft-pen တစ်ချောင်းကို ကိုင်ရင်း စိတ်အားတက်ကြွစွာ နားထောင်နေသော တရုတ်အင်ဂျင်နီယာများအား အဆင့်မြင့် computer vision သဘောတရားများကို ချွေးတလုံးလုံးနှင့် ပြောနေခြင်းဖြစ်သည်။ လေအဝှေ့တွင် ဖုံများထသွားသောအခါ ရုတ်တရက် (မဆီမဆိုင်ပဲ ဆိုဆို) “သန္တိနိကေတန်” ကို ပြေးသတိရမိခြင်း ဖြစ်သည်။ “ဒီ နေရာဟာ မြန်မာပြည်ဖြစ်နေခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ” လို့လည်း တွေးမိပါသေးသည်။ သို့သော်… စက်မှုနိုင်ငံတစ်ခု ထူထောင်ဖို့ လိုအပ်သော infrastructure များအကြောင်း တွေးမိရင်း… အင်း… နောက်တစ်ခေါက် ကမ္ဘာစီးပွားဆုတ်ကပ် ကြုံရင်ပေါ့လေ” ဟုဖြေသိမ့်ရသည်။ ဘယ်အလှည့်လည်းတော့ မသိ။

ဧရာ (မန္တလေး)

Friday, February 13, 2009

သမိုင်းသင်ဆရာမ

ဒီနေ့ ကျမ သင်တန်းသွားရသောနေ့ ဖြစ်ပါသည်။ သြစတေးလျသူ Miranda က သူ့ ကိုယ်လုံး ဖိုင့်ဖိုင့်ကြီးကို လိမ်ကာဖယ်ကာဖြင့် အားတက်သရော စာသင်နေသည်။ သူ့ကိုကြည့်ရင်းး ကျမမျက်စိထဲ တစ်ယောက်သောသူ၏ ပုံရိပ်တို့မြင်လာသည်။ ကျမတို့ မောင်နှမတွေထဲမှ အကြီးဆုံးသော ကျောင်းဆရာမ အစ်မကြီး ဖြစ်သည်။

ကျမပေါက်စကွေး ၄, ၅နှစ်သမီး အရွယ်တွင် အစ်မကြီးက ပညာရေးတက္ကသိုလ် တက်နေပြီ်။ အစ်မကြီးနှင့် ကျမ အသက် ၁၈နှစ်ခန့် ကွာသည်။ အိမ်ကိုအ၀င်အထွက်များတဲ့ သူ့ သူငယ်ချင်းတွေထဲက ကချင်အစ်မ နန်းပလီ နဲ့ ချင်းအစ်မ လှေတဲလ် ကို ကောင်းကောင်းမှတ်မိသည်။ ရိုးသားလှသည့် တိုင်းရင်းသူ အစ်မကြီးတွေ ကျမအစ်မကြီး LoveMe - brand နှုတ်ခမ်းနီ ပန်းနုရောင် ဆိုးတာကို တမေ့တမော ၀ိုင်းကြည့်တတ်ကြသည်။ ခြေသည်းရှည်ထားပြီး ပန်းနုရောင်ခြေသည်းနီ ဆိုးသည့် အစ်မကြီးသည် ဒီလို ‘ပျိုမေတို့ လှသထက်လှမယ် ဆိုရင်’ ကဏ္ဍမျိုးတွင် သူ့သူငယ်ချင်းတွေ အလယ်မှာ ဆရာမကြီးဖြစ်သည် ဆိုတာ ငါးနှစ်သမီးလေးကျမပင် ခန့်မှန်းနိုင်သည်။ မကြီးတို့ ကျောင်းပြီးတော့ ချင်းအစ်မ လှေတဲလ် စစ်ဗိုလ် တစ်ယောက်နှင့် အိမ်ထောင်ကျ၍ မှော်ဘီစစ်တပ်ထဲမှာ လုပ်သော မင်္ဂလာ ဧည့်ခံပွဲတောင် ကျမ လိုက်သွားခဲ့ရသေးသည်။ နောက် အစ်မကြီး အလုပ်ဝင်ဖို့ posting ကျတော့ မြစ်ဝကျွန်းပေါ်မှ မြို့လေး တစ်မြို့ ဖြစ်သည်။ အစ်မကြီးကျောင်းပြီးကတည်းက အစိုးရအလုပ်မ၀င်ရန် တားမြစ်သော ပွဲစားကြီးအဖေနှင့် ဘ၀တွင် ဆရာမနှင့် ဆရာမသာလုပ်ရန် မြစ်ဝကျွန်းပေါ်ရွာကလေးတစ်ရွာတွင် မွေးဖွားလာခဲ့သော အစ်မကြီးတို့၏ တိုက်ပွဲသည် နေ့ည မပြတ် ပြင်းထန်လှသည်။ အဖိုးအဖွားတွေက မြေးဦးဘက်က စစ်ကူပေးတော့ အဖေ လက်နတ်ချရသည်။ အလင်းဝင်တာတော့ မဟုတ်ခဲ့ကြောင်းကို ယခု အချိန်အထိ မပြီးပြတ်သေးသော မကြာခဏဆိုသလို ဖြစ်ပွားနေသော ပျောက်ကြားစစ်များကြောင့် (ဒီကိစ္စအတွက် ငြိမ်းချမ်းရေးကို ဘယ်ဖက်ကမှ လက်မှတ်မထိုးနိုင်ကြောင်း) ကျမတို့ (ကုလသမဂ္ဂ) မိသားစုဝင်အားလုံးသိပါသည်။

မကြီး နယ်သွားတော့ ကျမတို့အတွက် သူ့စာအုပ် သေတ္တာကြီး ထားခဲ့သည်။ ကျမနားမလည်ဘဲ မကြာခဏ ဖွင့်ဖတ်ကြည့်သော စာအုပ်မှာ ဦးတိုး၏ ‘ရာမရကန်’ ဖြစ်သည်။ (သိကြမှာပါ ဘာကြောင့် ဒီစာအုပ်ကို ဒီလောက်စိတ်ဝင်စားသလဲဆိုတာ။ ကျမ နာမည် ‘သီတာ’ သည် မကြီးပေးသော နာမည်ဖြစ်ပါသည်။ အဖေပေးသော ပထမနာမည် ‘သင်းသင်းခိုင်’ အဖတ်မတင်ခဲ့ပါ။) ဦးလတ်ရေး ‘စပယ်ပင်’ ဆိုသော စာအုပ်မှာ အဖုံးကိုကြည့်ပြီး ဖတ်ရန် အလွန်ပျင်းခဲ့သော စာအုပ်ဖြစ်သည်။ နောက်တော့ မောင်သိန်းဆိုင်ရဲ့ ‘ရေနံသာ ခင်ခင်ကြီး’၊ သိန်းဖေမြင့်ရဲ့ ‘အရှေ့ကနေ၀န်းထွက်သည့်ပမာ’၊ မြသန်းတင့်ရဲ့ ‘ဓားတောင်ကို ကျော်၍မီးပင်လယ်ကို ဖြတ်မည်’ စသည့် စသည့် စာအုပ်များသည် ဘာမှ နားမလည်သော်လည်း ပေဖတ်ခဲ့သော စာအုပ်များဖြစ်သည်။ နွေရာသီ ကျောင်းပိတ်ရက်တိုင်း ထပ်ကာထပ်ကာဖတ်တော့ ရေးတေးတေး သဘောပေါက်လာသလိုရှိသည်။ နောက်တော့ အစ်မကြီး ကျောင်းပိတ်ရက် ပြန်လာတိုင်း ‘ပညာလောကစာစောင်’များ ပါလာတတ်သည်။ ကျမလည်း ရှစ်တန်း ကိုးတန်းရောက်ပြီမို့ စာစောင်ထဲက အနောက် နန်းမတော်မမြလေး၏ “လာလုငယ် လာလု တမ်းလုလုငေး ...”ဆိုသည့် ကဗျာမျိုးတွေ မှတ်စုစာအုပ်လေးထဲ ကူးရေးတတ်ခဲ့ပြီ။

ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲတွင် နောက်ဆုံးနေ့ သမိုင်း ဘာသာရပ်ဖြေအပြီး လာကြိုနေကျ အစ်မကြီးက ကားပေါ်တွင် ကျမပြောသမျှစကားတွေကို နားထောင်နေပြီး “သီတာ တစ်ပုဒ်မှား ဖြေခဲ့ပြီ”လို့ ပြောလေသည်။ “မကြီးကလည်း သီတာ မမှားပါဘူး။ ဘယ်နှယ့် သမိုင်းကို မှားဖြေရတယ်လို့။” (သမိုင်းရမှတ် ၆၅မှတ်ဖြင့် ပက်ပက်စက်စက် ဖြစ်ခဲ့သော်လည်း သည်ကနေ့အထိ မှားခဲ့သည်ဆိုတာကို ၀န်မခံပါ။ အစ်မကြီးဆီမှလည်း သည်စကား နောက်တစ်ခေါက် ဘယ်တော့မှ မကြားရတော့ပါ။)

စာအုပ်သေတ္တာလို ကျမ မွှေခဲ့သော အစ်မကြီး၏ နောက်သေတ္တာ တစ်လုံးမှာ သူ၏ တိုင်းရင်းသူ သူငယ်ချင်းများ တစ်နှစ်တစ်ခါ ကျောင်းပိတ်ရက် ကိုယ့်ရပ်ရွာ ပြန်ပြီး၊ ကျောင်းပြန်လာတိုင်း လက်ဆောင်ပေးခဲ့သော ရိုးရာလုံချည်များ ထည့်ထားသည့် သေတ္တာဖြစ်ပါသည်။ ဆယ်စုနှစ်ကျော်ကျော် သေတ္တာထဲ အောင်းနေရသော လုံချည်များသည် စက်မှုတက္ကသိုလ် ကျောင်းတော်သူ ကျမ ရှိုးထုတ်ရန်အတွက် အလှည့်ကျလာခဲ့ပါသည်။ သူအမြတ်တနိုး သိမ်းထားခဲ့သော လုံချည်များကို ချစ်ညီမအား ၀တ်ဆင်စေခဲ့သော်လည်း ၀တ်ပြီး ဖြစ်သလိုထားလျှင်တော့ Lecture ကောင်းကောင်း အပေးခံရပါသည်။ စက်မှုတက္ကသိုလ်တွင် နောက်ဆုံးနှစ်ရောက်သည်ထိ စာမေးပွဲရက်များတွင် မပျက်မကွက် လာကြိုလေ့ရှိသော အစ်မကြီးအား မြင်ဖူးသူများက ကျမ အမေဟု ထင်ကြလေသည်။

“ရုံးက အအေးခန်းထဲမှာ တစ်နေကုန် အလုပ်လုပ်ရတာ ကျောနာသည်၊ ရင်အောင့်သည်” စသော မခိုင်မာသည့် အကြောင်းပြချက်များဖြင့် အလုပ်မလုပ်ပဲ အိမ်ရှင်မ အမည်ခံကာ ယောင်ခြောက်ဆယ် ကိုယ့်သမိုင်းကိုယ် ရေးနေသော ကျမ ဒီကနေ့ အထူးသတိရမိသည့် အစ်မကြီးသည် ရင်သား ကင်ဆာကြောင့် နို့တစ်လုံးစိန် ဖြစ်နေပြီဖြစ်သော, ဆီးချိုရောဂါဝေဒနာရှင် တစ်ဦးဖြစ်သော, အသက် ၆၀-နား နီးသည့်တိုင် မပျက်မကွက် ကျောင်းသွားကာ သမိုင်းသင်နေသော ဆရာမ တစ်ဦးဖြစ်ပါသည်။

(အပျင်းထူနေသော မသီတာ၏ ပုံ ကိုဧရာမှတ်တမ်းတင်သည်။)

(ဒီတစ်ခါ အလှည့်ကျတာကတော့ အစ်မကြီး ဖြစ်ပါတယ်။ ပြီးရင် ဆက်တိုက်ဆိုသလို တစ်ယောက်တစ်မျိုးဆီ ချစ်စရာကောင်းတဲ့ အစ်ကို သုံးယောက်ရှိပါတယ်။ ပြီးတော့ ကျမ အထက်က ရိုးလွန်းတဲ့ အစ်မနဲ့ နောက်ကျမ အောက်က ကျမကို ကျမနေရာမှာ ရှိနေအောင် ဖြစ်နေပေးတဲ့ အချစ်ဆုံး ညီမလေးရယ် လို့ စုစုပေါင်း ၇ ယောက်တိတိ အဖေနဲ့ အမေက မွေးပေးထားပါတယ်။)

Wednesday, February 11, 2009

ပြည်ထောင်စု

ကွင်းပြင်ကျယ်ကြီးထဲမှာ ယာယီတဲနန်းတွေက အံ့မခန်း တင့်ဆန်းနေသည်။ သူငယ်မလေးတစ်ယောက် ပေါ့ပါးရွှင်လန်းစွာဖြင့် ထိုထို တဲနန်းတွေအလယ် ဟိုမှသည် ပြေးလွှားနေသည်။ လွယ်အိတ်လေးတစ်လုံးလွယ်၍ လက်ထဲမှာလည်း မှတ်စုစာအုပ်လေးနှင့် ခဲတံလေးကိုင်ထားသေးသည်။ မောင်နှမ ၇ ယောက် အနက်မှ အကြီးဆုံး အစ်မကြီးက ချွေးတပြိုက်ပြိုက်ဖြင့် သူငယ်မနောက် အပြေးလိုက်နေရသည်။

ပြည်နယ် ၇ ခုနှင့် တိုင်း ၇ ခုရဲ့ ပြခန်းတွေ၊ ၀န်ကြီး ဌာနတွေရဲ့ ပြခန်းတွေ၊ ဇတ်ပွဲရုံကြီးတွေက မျက်နှာချင်းဆိုင် အပြိုင်အဆိုင်၊ မုန့်ဆိုင် ဈေးတန်းတွေနှင့် ဆိုင်ခန်း အစုံက ကွင်းပြင်ကျယ်ကြီးထဲတွင် မြို့ကြီးတစ်ခု ညတွင်းချင်း ပေါက်လာသလို…

သူငယ်မလေးသည် ပြခန်းတွေမှ ပြကွက်တွေကို ငေးမောလိုက်၊ မှတ်စုထဲမှာ ရေးမှတ်လိုက်နှင့် တစ်ယောက်ထဲ အလုပ်တွေရှုပ်နေသည်။ ဈေးဆိုင်တွေဘက် ခြေဦးလှည့်ချင်နေပြီဖြစ်သော အစ်မကြီးကတော့ ပါလာသည့်ရေဗူး ဖွင့်သောက်ပြီး ခပ်လှမ်းလှမ်းက စောင့်နေရသည်။ သည်ကလေးမ တစ်စုံတစ်ခု ကို အာရုံစိုက်၍ နေပြီ ဆိုလျှင် သူ့အနား လာတာမကြိုက်တတ်မှန်း တသက်လုံး အရိပ်လို ကြည့်နေခဲ့သည့် အစ်မကြီးက သိသည်။

တနေစောင်းပြီ… ပြခန်းတွေ အကုန်ကြည့်၍ မပြီးသေးသော သူငယ်မက “နောက်တစ်နေ့ ထပ်လာဦးမယ်နော် … မကြီး”ဟု ဆိုကာ အလံတော် ခေတ္တ နားနေရာ စင်မြင့်ဖက်ဆီသို့ ခြေဦးလှည့်လိုက်ကြသည်။

သူငယ်မလေးသည် အလံတော်ကို တိတ်ဆိတ်စွာ အလေးပြု အပြီး ကောင်းကင်ကို မော့ကြည့်လိုက်စဉ်ဝယ် ကြယ်ပွင့်လေးတွေက ပါးစပ်လေးတွေ မှိတ်တုတ် မှိတ်တုတ်ဖြင့် စကားတွေ အများကြီး ပြောလိုက်ကြသည် …

(ငယ်စဉ်က ပြည်ထောင်စုနေ့ အခန်းအနားကျင်းပရာ ကျိုက္ကဆံကွင်းဆီသို့ …)

*****

“သမဂ္ဂါနံ တပေါ သုခေါ” ဆိုသောစကားကြားလျှင် ငယ်စဉ်ကလေးဘ၀ ရုပ်သံအစီအစဉ်တွင် ကြည့်ရသော ပြည်ထောင်စုနေ့ အထိမ်းအမှတ်အငြိမ့်ပွဲများမှ အငြိမ့်မင်းသမီး၏ နှုတ်ခွန်းဆက်စကားကို ပြေးပြေး သတိရသည်။ ကလေးသဘာဝအလျောက် လွတ်လပ်ရေးနေ့, ပြည်ထောင်စုနေ့, အမျိုးသားနေ့တို့ရောက်တိုင်း ပျော်သည်။ သို့သော် ချွင်းချက်တစ်ချို့တော့ရှိပါသည်။

ပြည်ထောင်စုအလံတော် ရောက်လာတော့မည်ဆိုလျှင် ကြိုဆိုရေးအတွက် မလိုက်မနေရ။ နံနက်စောစောထ, အဖြူအစိမ်း ကျောင်းဝတ်စုံများဝတ်, ဝှေ့ရမ်းစရာ အလံတော်လေးများကိုင်၍ ကြိုရသည်။ အချိန်ပဲ မမှန်၍လား, စောစောစီးစီး ကြိုတင်ရောက်နေဖို့ပဲ လို၍လားတော့ မသိ။ နေမထွက်ခင်ကတည်းက တမျှော်မျှော် စောင့်နေရသော်လည်း နေမြင့်သည့်တိုင် ပေါ်မလာတတ်။ လူတွေလည်း လမ်းဘေးတွင် မိုးတိုးမတ်တပ်, ယပ်တခပ်ခပ်, ချွေတလုံးလုံးနှင့် နေပူထဲ စောင့်ကြရသည်။ မရပ်နိုင်လျှင်လည်း ကိုယ့်ဖိနပ်ကို ဖင်ခု၍ ထိုင်ရသည်။ ခရာသံများနှင့် ယာဉ်ထိမ်းရဲဆိုင်ကယ်များ လာပြီဆိုလျှင်တော့ အားရ၀မ်းသာ မတ်တပ်ထ၍ အသင့်ရှိနေသော အလံလေးများကို ဝှေ့ရမ်းကြသည်။ နောက်တော့လည်း မဟုတ်ပြန်၊ အလံတော်က မရောက်သေးဘူးတဲ့။ ဘယ်မှာပဲ ရှိသေးသတဲ့ဆိုကာ, ပြန်ထိုင်သူကထိုင်, အလံလေးများဖြင့် ယပ်ခပ်သူကခပ်ကာ မျှော်ကြရပြန်သည်။ ရောက်မဲ့ရောက်လာတော့လည်း အချို့နှစ်များဆိုလျှင် အလံတော်က အမိုးဖွင့် ကားပေါ်တွင် ခပ်သွက်သွက်လေးပါ သွားသည်။ တိုင်းရင်းသားဝတ်စုံ ကိုယ်စီဝတ်ထားသော အလံကိုင်အဖွဲ့က ခပ်နှေးနှေး ပြေး၍ သယ်လာဆောင်လာသော နှစ်များဆိုလျှင်တော့ တော်ပါသေးသည်။ “မလိုက်မနေရ” ဆိုတာကြီးကြောင့်လားမသိ။ ကျွန်တော်ငယ်ငယ်က ဤသို့ အလံတော်ကြိုရခြင်းကို မကြိုက်ခဲ့, မပျော်ခဲ့။ အာဇာနည်ခေါင်းဆောင်များ, တိုင်းရင်းသားခေါင်းဆောင်များ အသက်ချွေးသွေးရင်း၍ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို ဒီလောက်လေးမှ အပင်ပန်းခံ ဂုဏ်မပြုနိုင်ဘူးလားဟု အပြစ်တင်လျှင်လည်း ခံရုံသာရှိပါသည်။ ငယ်စဉ်ကလေးဘ၀က အမြင်ကို ပွင့်ပွင့်လင်းလင်း ပြန်ပြောခြင်းသာ ဖြစ်သည်။

လွတ်လပ်ရေးရအပြီးတွင် အိန္ဒိယ, ပါကစ္စတန်, ဘင်္ဂလားဒေ့ရှ်ဟု တဖြည်းဖြည်း ကွဲသွားသလိုမျိုး ပြိုကွဲသွားရသည်ကို မလိုလားပါ။ သွေးစည်း ညီညွတ်ခြင်းဖြင့် လွတ်လပ်ရေးကို တစည်းတလုံးတည်း အရယူခဲ့သော ခေါင်းဆောင်ကြီးများ၏ ပြည်ထောင်စုစိတ်ဓာတ်ကို လေးစားပါသည်။ ညီညွှတ်မှုဖြင့် လွတ်လပ်မှုကို အရယူခဲ့ကြသလို, လွတ်လပ်မှုဖြင့်သာ သွေးစည်းညီညွတ်မှုကို တည်ဆောက်နိုင်ပါမည်။ အဓမ္မနည်းများဖြင့် ညီညွတ်ခြင်းကို တည်ဆောက်နိုင်မည်မဟုတ်။ ရသည်ဆိုလျှင်လည်း အတုအယောင် သွေးစည်းခြင်းသာ ဖြစ်မည်။ စစ်မှန်သော လွတ်လပ်ခြင်း, ချစ်ကြည် ရင်းနှီးခြင်းတို့သည်သာ ညီညွတ်ခြင်း ဖြစ်သည်။ ထိုသို့သော ညီညွတ်ခြင်းမျိုးကသာ “သမဂ္ဂါနံ တပေါ သုခေါ” ဟူသော စကားအတိုင်း အေးချမ်းသာယာခြင်း သုခကို ဆောင်ကျဉ်းနိုင်ပါလိမ့်မည်။

သီတာဧရာ

Thursday, February 5, 2009

မှန်

ကရင်ပတ်ဗူးရဲ့ မှန်ဝိုင်းလေးထဲမှာ မျက်နှာတစ်ခုပေါ်နေသည်။ လျော့ရိလျော့ရဲ နှင့် မညီညာသော မျက်နှာပြင်မှာ အက်ကြောင်းရာတွေနှင့်ဖြစ်သည်။ အချို့နေရာများတွင်တော့ ချိုင့်ခွက်များနှင့် အမဲကွက်များပါ ဆိုးဝါးစွာ ပေါ်လွင်နေသည်။ မမြင်ဖူးသည့် တစ်မျက်နှာကို မြင်နေရသလိုလို… တနေ့က သူငယ်ချင်းတစ်ယောက်ပြောလိုက်သည့် "ဇရာကို ညာလို့မရဘူး" ဆိုသည့် စကားကို ပြန်လည်ကြားယောင်မိမှ မှန်ထဲက ပုံရိပ်သည် မိမိပင်ဖြစ်မှန်း သတိဝင်တော့သည်။

ဤကရင်ပတ်ဗူးလေးသည် မနေ့ကမှ နှုတ်ခမ်းနီဗူး တစ်ခုနှင့်အတူ ကျမဆီရောက်ရှိခဲ့ခြင်းဖြစ်သည်။ သို့ပါ၍ ကျမ၏ ပကတိရုပ်သွင်ကို ဤကဲ့သို့ သဲသဲကွဲကွဲ မမြင်မိတာကြာပြီဟု ပြော၍ရသည်။ အိမ်နံရံမှာ ချိတ်ဆွဲထားသော မှန်တစ်ချပ်၏ အနီးအနားသို့ နေ့စဉ်ရောက်ခဲသည်။ ဖြတ်သွားဖြတ်လာ အမှုမဲ့ အမှတ်မဲ့ပင် ... အသုံးမပြုခဲ့သည်မှာကြာပြီဖြစ်သော ဒီလို ပစ္စည်းမျိုးတွေကို ကျမ ဘာကြောင့် ၀ယ်ယူခဲ့ပါသလဲ။ လိုအပ်၍ပဲ ဟု မိမိဘာသာ ခပ်လွယ်လွယ်ပင်အဖြေပေးလိုက်သည်။

လိုအပ်လို့ သုံးရပါပြီ။ မျက်နှာ တစ်ပြင်လုံး ဖြူဖွေးသွားသည်။ ၀င်းပသွားခြင်းတော့ မဟုတ်။ ရသလောက်ပေါ့လေ။ နှုတ်ခမ်းဆိုးဆေးကို တင်လိုက်သည်။ ဟင် ဘယ်လိုကြီးပါလိမ့်။ ဒါလည်းမျှော်လင့်ထားသလို ဖြစ်မလာပြန်။ နွမ်းပြီးသားပန်းခြောက် တစ်ခုကို ဆေးရည်စိမ်လိုက်သလိုလို… အို ဘာပဲဖြစ်ဖြစ် မွဲခြောက်နေတာနဲ့ စာရင် သာသေးသည်ဟု မှန်ထဲက ပုံရိပ်ကို ဆင်ခြေပေးလိုက်သည်…။

*****

ရှစ်တန်းတုန်းက ပထ၀ီဝင်ဘာသာသင်သော ဆရာမသည် ဒေါ်ရီရီမြင့် ဖြစ်သည်။ နာမည်နှင့် လိုက်ဖက်စွာ အမြဲ ပြုံးရီနေသော ဆရာမ၏ နှုတ်ခမ်းလေးကို ပန်းနုရောင်ဆေး ချယ်ထားတတ်သည်။ အိအိလုံးလုံး ကိုယ်လုံးလေးနှင့် လိုက်ဖတ်စွာ မျက်နှာလေးမှာလည်း ဖူးဖူးဖွေးဖွေးလေး ဖြစ်သည်။ ဆရာမ၏ ခင်ပွန်းသည်က ဆရာမကို နေ့စဉ်လိုလို E2000 ကားနှင့် ကျောင်းလာပို့လေ့ရှိသည်။ ဌာနဆိုင်ရာ တစ်ခုမှာ အကြီးအကဲဖြစ်ဟန်တူသော ဆရာမ၏ ခင်ပွန်းသည် ရှပ်အဖြူ၊ တိုက်ပုံ အမဲ၊ ကောလိပ်ဂျင်နေ၀င်း မျက်မှန်နှင့်။ အဲ့ဒီတုန်းက ဆရာမသည် ကျမ၏ ယခုအရွယ်ပင်…။

တစ်နေ့သောနံနက်၏ စာသင်ချိန်တွင် ဘယ်လို ဆက်စပ်သွားလေသည်မသိ ကျောင်းသူများက ဆရာမအား ချောတယ်ဟု ပြောလိုက်ကြသည်။ ဒီတော့ ဆရာမက “ဆရာမက မချောပါဘူး။ သမီးတို့က ချောတာပါ။ ဆရာမတို့က ဘယ်ချောတော့ မလဲ တိုက်စားမှု များသွားပြီလေ” ဟု ပြောလိုက်သောအခါ ကျောင်းသူများ ၀ါးကနဲ ရယ်ကြလေသည်။ သူများတွေ ဘာကြောင့် ရယ်မှန်းမသိ ကြောင်နေသောကျမ ရယ်ချိန်ကမရှိတော့ ဆရာမက ဆက်ပြောနေပြီ “နေ၊ ရေ၊ လေ တွေရဲ့ တိုက်စားမှုကြောင့်ပါ” တဲ့။

ဆရာမ ပထ၀ီဝင် သင်နေခြင်းဖြစ်သည်။

*****

လောဘ၊ ဒေါသ၊ မောဟတို့ တိုက်စားမှုကြောင့် တစ်ခါကြည့်တိုင်း တစ်မျိုးဖြစ်နေသည့် ရုပ်သွင်ကို မြင်တိုင်း ထိုစာသင်ချိန်လေး ကို သတိရမိသည်။

(ဆရာမ၏ အမည်မှန်မှာ ဒေါ်ယဉ်ယဉ်မြင့် ဖြစ်ပါသည်။)

Wednesday, February 4, 2009

နှင်းပွင့်မိုးစက်


ဤဆိုင်လေးကို ပိုင်ရှင်က “နှင်းပွင့်မိုးစက်” ဟု အမည်ပေးထားလေသည်။ လူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တန်ဆာ ဆင်သော ပစ္စည်းအမျိုးမျိုးကို ဤဆိုင်လေးမှာ ရရှိနိုင်သည်။ ဆိုင်ရှိ ပစ္စည်းအားလုံးမှာ နှင်းပွင့်မိုးစက်တို့၏ အရောင်နှင့် ဆက်နွယ်နေခြင်းမှာ တိုက်ဆိုင်မှု ဖြစ်လေဟန် မတူ။ ဆိုင်၏ အခင်းအကျင်း တို့သည်လည်း နှင်းရောင်သန်း၍ မိုးရနံ့ပါ သင်းနေလေတော့သည်။


*****


ကြွပါရှင်… ဒီအကန့်မှာ ပြထားတာတွေကတော့ ပညာပေးသူနဲ့ ပညာရှာသူတွေ အတွက် ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ။ အဖြူနဲ့ အစိမ်းလို့ အလွယ်တကူ ကျမတို့ ခေါ်ကြပါတယ်။ ဆိုင်ရဲ့ မူပိုင် အရောင်ဖြစ်တဲ့ နှင်းပွင့် အရောင်နဲ့ အတူ မြက်ခင်းစိမ်းနဲ့ တွဲဖက်ပေးထားပါတယ်။ ဟုတ်ကဲ့ ဖက်ဖူးစိမ်း မဟုတ်ပါဘူး။ တည်ငြိမ် ရင့်ကျက်ခြင်းကို မျက်ခြေပြတ်လို့ မရတဲ့ အခြေအနေမို့ပါ။ နည်းနည်းလေးမှ ကလက်တဲ့သဘော ပါလို့ မရပါဘူးရှင်။ ငှက်ခါးစိမ်း ကြေးဥစိမ်း... မဖြစ်ရပါဘူး။ အုံ့မှိုင်းတဲ့ အရိပ်အရောင် တစ်စွန်းတစ်စမှ လက်ခံလို့ မရလို့ပါ။ ကျောက်စိမ်းရောင်ကိုလည်း ကျမတို့ ရှောင်ပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ တည်ငြိမ်သလိုနဲ့ နောက်က ကပ်လိုက်လာတဲ့ လောဘ အငွေ့လေးတွေကြောင့် ဒီအရောင်ကို လည်း သတိထားပြီး ရှောင်လိုက်ရတာပါ။ သတိရှိ မှလည်း ပညာဖြစ်မှာ မဟုတ်ပါလားရှင်။


ဒီဘက်မှာတော့ နာမကျန်းကြသူတွေကို ပြုစုပေးကြတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ ဟုတ်ပါတယ်ရှင်။ မူပိုင် အရောင်ဖြစ်တဲ့ နှင်းပွင့် အရောင်ကိုပဲ နွေးထွေးမှု နဲ့ လန်းဆန်းတက်ကြွမှုတွေ ဖြစ်စေဖို့ ဒီလို အရောင်လေးနဲ့ တွဲဖက်ထားပါတယ်။ သေသေချာချာကြည့်ပါနော် သွေးနီရောင် မဟုတ်ဘူးရှင့်။ ရက်စက်ခြင်းနဲ့ ဘယ်လိုမှ ရောစပ်လို့ မရပါဘူး။ အချိန်နဲ့အမျှ ဆုံးဖြတ်ချက်တွေ မှန်ကန်နေဖို့ ဒီအရောင်ကို ရွေးရာမှာ အသက်နဲ့ ထပ်တူ အရေးကြီးပါတယ်။ အမှုမဲ့ အမှတ်မဲ့တို့ ၊ လျစ်လျူရှုခြင်းတို့ဆိုတာတွေ ဒီဝတ်စုံ ၀တ်ဆင်ထားသူဆီ ဘယ်တော့မှ ရောက်မလာအောင် ကျမတို့ သတိကြီးစွာနဲ့ စီမံထားပါတယ်။


ဒါကတော့ တရားရေးရာနဲ့ ပတ်သက်တဲ့ သူတွေ အတွက်ပါ။ အဖြူနဲ့ အမဲလိုပါပဲ။ ဟုတ်ကဲ့ အဖြူနဲ့ အမဲလို့ အလွယ်ပြောလိုက်သလို ဖြစ်သွားပါတယ်။ အဖြူက ညစ်လို့ အမဲဘက် ယိုင် ၊ အမဲက ဖျော့လို့ အဖြူဘက်သန်း ဒီလို ရောရောထွေးထွေးမျိုးတော့ မဟုတ်ဘူးရှင့်။ အခြားရွေးချယ်စရာ ပေးမထားပါဘူး။ ဒီနေရာမှာ အလွန် ပြတ်သားရပါတယ်။ ဒီအချက်ကို လက်ခံနိုင်မယ်ဆိုရင်တော့ ရှေ့ဆက်ကြည့်ပါဦး။


ဟုတ်ကဲ့ပါ။ ကာယ စွမ်းအား, ဉာဏစွမ်းအားတွေကို ထုတ်လုပ်ကြမဲ့ လုပ်ငန်းစဉ်တွေမှာ ကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပစ္စည်းအားလုံးကို စီမံထားပါတယ်။ အားလုံးမှာ နှင်းပွင့် မိုးစက် ရောင်တွေ ပါနေခြင်းကတော့ ရိုးသားမှုကို အခြေခံချင်တဲ့ စေတနာကြောင့်ပါ။ တစ်ပေါင်းတည်း စီးနှော သွားတဲ့ ညီညွတ်ခြင်းက အကျိုးထူးတဲ့ ရလဒ်ပါ။ အလေးဂရုပြုမိခြင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်။


ရှင်… Security အတွက် ၀တ်စုံ။ အော် အော်… ဆိုင် အ၀င်ဝမှာတင်ပါ။ ရှင်သတိမထားမိခဲ့ဘူး ထင်တယ်။ ရှင့်ကို အပြစ်ဆိုနေတာ မဟုတ်ပါဘူး။ အဲ့ဒီ ကျင့်ဝတ် သိက္ခာကို ဘယ်တော့မှ မျက်ခြေပြတ် မခံနိုင်အောင် စည်းကမ်းသေ၀ပ်တဲ့ သူအတွက် ၀တ်စုံဟာ နေရာတိုင်းမှာ ပါလေ့ မရှိပါဘူး။ တစ်ခါတစ်ရံမှာ ကိုယ်ယောင်တောင် ဖျောက်နေတတ်တယ်ရှင့်။ ဒီလိုမှလည်း သူ့တာဝန် ကျေပွန်မှာကို နားလည်ပေးပါရှင်။


ဒီဇိုင်းတွေ အမြဲသစ်ဆန်းနေဖို့က ကျမတို့တာဝန် တစ်ခုတည်း မဟုတ်ဘူးရှင့်။ သုံးစွဲသူတို့မှာလည်း အတိုင်းအတာ တစ်ခုထိ တာဝန်ရှိနေပါတယ်ဆိုတာလေး သိရအောင် ဟိုဘက်အခန်းမှာ ဆောင်ရန်ရှောင်ရန် ဗွီဒီယိုလေးကို ကြည့်သွားပါဦးရှင်။ ဟုတ်ကဲ့… ကိုယ်နဲ့ သက်ဆိုင်ရာကို သတိထားရွေးချယ် အားပေးဖို့ ပဏာမ အနေနဲ့ တောင်းဆိုပါတယ်။ ယခုလို ကိုယ့်အရွယ်အစားနဲ့ ကွက်တိဖြစ်မဲ့ အတိုင်းအတာကိုသာ သုံးစွဲသင့်ပါတယ်။ ဒီလို ထမီကို စွန်တောင်ဆွဲတာကတော့ ကျမတို့ ဆိုင်ကို စော်ကားသလိုတောင် ဖြစ်နေပါပြီ။ ဆန်းသစ်ခြင်းအတွက် အာမ မခံနိုင်ပေမဲ့ တိုးတက်ခြင်းကိုတော့ နှင်းပွင့်မိုးစက်မှ ရှင်မျှော်လင့်နိုင်ပါတယ်။ ဟုတ်ကဲ့ ဒီလောက်ပါပဲ။ နှင်းပွင့်မိုးစက်မှာ ပြည့်စုံခြင်းကိုတော့ ရှင်မမျှော်လင့်ပါနဲ့ဦး။ နှင်းပွင့်မိုးစက်မှာ ပြန်လည်ဖြည့်ဆည်းရတဲ့ သဘောလေးရှိနေသေးတာ မေ့ထားလို့မရဘူးလေ… ဒါကြောင့်


သုံးစွဲရာမှာ အဆင်မပြေဖြစ်ခဲ့ရင် (သို့) ပိုမို ကောင်းမွန်တဲ့ အကြံဉာဏ်မျိုး ရှိခဲ့ရင် ဆိတ်ဆိတ်မနေပဲ စာ ကဗျာဖြင့်သော်တစ်နည်း၊ တေးအလင်္ကာဖြင့်သော်တစ်ဖုံ ဖွင့်ဟမည်ဆိုရင် နှင်းပွင့်မိုးစက်ကို ချီးမြှောက်ခြင်းပါ။


*****


အေးချမ်း၍ ပျော်ရွှင်သော ခြေလှမ်းပေါင်းများစွာသည် “နှင်းပွင့်မိုးစက်”တွင် ပျားပန်းခတ်နေလေတော့သည်။

Free English Course for Parents - Day 5

ဤမိသားစု
ဘုရားဖူး လာ၏။
လူစုလာသည်။

မသီတာ ပါသလား။

အထီးကျန်ခြင်းကို ခံစားရသောအခါ အထက်ပါအတိုင်း သူငယ်တန်းဖတ်စာ ထဲမှ စာပိုဒ်လေးတွင် မိမိနာမည်ကို ထည့်လိုက်မိပါတော့သည်။

အထီးကျန်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ခြင်းမှာ မြစ်ဖျားခံလေသလောဟု ကံ၊ ကံ၏အကျိုး ကို စစ်ကြော ဝေဖန် တီးခေါက်နေမိသည်။

အထီးကျန်ခြင်းသည် မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးခြင်း၊ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းခြင်း၊ ရတာထက်ပိုလိုချင်ခြင်းများ၏ အကျိုးရလဒ်လေလောဟု ဆန်းစစ်ရသည်မှာလည်း အကြိမ်ကြိမ်။

မိန်းမတို့သည် အသက်အရွယ် အတန်ရလာသောအခါ ခန္ဓာကိုယ်အတွင်း ဓာတ်များပြောင်းလဲခြင်းကြောင့် တောင်တောင်အီအီ ဖြစ်လာတတ်ကြောင်း ကြားဖူးနားဝ ရှိခဲ့ရာ၊ ထိုအသက်အရွယ်သို့ မိမိသည် လုံလ၊ ၀ီရိယကြီးစွာဖြင့် စောလျင်စွာ ရောက်နှင့်နေပီလား…

*****
Day 1
Day 2
Day 3 & 4
Day 5
ဒီနေ့ သင်တန်းစတော့ Mei Leen က loner alone lonely ဆိုတဲ့ စာသုံးလုံးကို White Board မှာ ရေးချလိုက်တယ်။ ကျမ အလွန်စိတ်ဝင်စားနေတဲ့ topic မို့ တစ်စုံတစ်ခုသော ကွင်းဆက်ကလေးကို ရလေနိုးနိုး မျှော်ကိုးရင်း နဲ့ပေါ့။

ယေဘူယျ အနေနဲ့ ပြဋ္ဌာန်းစာအုပ်ထဲက ကာလပေါ် နိုင်ငံရပ်ခြား ဆိုတဲ့ တေးသွားကို မဖြစ်မနေ သီဆိုကျူးရင့်နေတဲ့ လူတစ်ယောက်ရဲ့ New Year Eve မှာ ဖြစ်ပျက်တဲ့ အခြေအနေတွေနဲ့ သင်ခန်းစာကို ချဉ်းကပ်တယ်။ friends, family member တွေနဲ့ party, holiday အကြောင်း တွေပါတယ်။ တဆက်တည်းမှာ Lifestyle တွေအကြောင်းလည်း ပြည့်ပြည့်စုံစုံ မဟုတ်ပေမဲ့ တစွန်းတစ အဖျားခတ်ပြီး ပါသွားတယ်။

နောက်ဆုံးမှာ ဇတ်လိုက် ရထားတဲ့ score ကို loner အဆင့်တွေ ခွဲထားတဲ့ table နဲ့ တိုက်ကြည့်လိုက်တော့ He’s a bit of a loner ဆိုတဲ့ အဖြေထွက်တယ်။ ကိုယ်ရဲ့ အမူအကျင့်တွေ အတွက်လည်း ကိုယ်တိုင် အမှတ်ပေး၊ ရတဲ့ score တွေအားလုံးပေါင်းတော့ အဲ့ဒီလူနဲ့ တစ်မှတ်ပဲကွာသမို့ I’m a bit of a loner လို့ ကိုယ့်ကိုကိုယ် ကြေငြာအပြီး ခဲလေသမျှ သဲရေကျဆိုတဲ့ အဖြစ်နဲ့ သင်တန်းက ပြန်ခဲ့တယ်။

*****

ဆရာတော် ဦးဇောတိက က Snow in the Summer စာအုပ် Introduction မှာ
Mountain-Lion I am. Alone, but not lonely any more. I have learnt to live alone. …(Page-4)တဲ့။ ဆရာတော် ဘယ်လိုများ learn လုပ်ခဲ့ပါသလဲ။

မိသားစု စည်းဝိုင်း အပြင်ဘက်
သူငယ်ချင်း မိတ်ဆွေ အသိုင်းအ၀ိုင်းအပြင်ဘက်
ရွာ အပြင်ဘက်
ရောက်နေတယ်လို့ ခံစားရလို့ ရေးချလိုက်ပါတယ်

ဘလော့ဂ်ကို ကျေးဇူးတင်ပါတယ်။

Monday, February 2, 2009

နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၄)

ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ, တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊ ဧ၀ံဝါဒီ မဟာသမဏော။


အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကုန်၏။ ထိုအကြောင်းတရားတို့ကို လည်းကောင်း, ထိုတရားတို့ ချုပ်ခြင်းကို လည်းကောင်း တထာဂတသည် ဟောတော်မူ၏။ ရဟန်းမြတ်သည် ဤသို့အယူရှိ၏။

ဗုဒ္ဓ၏ လက်ယာတော်ရံမထေရ် ဖြစ်လာမည့် အရှင်သာရိပုတ္တရာပရိဗိုဇ်အား ပဉ္စ၀ဂီငါးပါးအနက်မှ တစ်ပါးဖြစ်သော အရှင်အဿဇိမထေရ် အကျဉ်းဟောကြားသော ဂါထာဖြစ်သည်။ အကြောင်းကိုမှီ၍ဖြစ်သော (ဟေတုပ္ပဘ၀ါ) တရားများဟူသည်မှာ ခန္ဓာငါးပါးကို ဆိုလိုသည်။ တစ်နည်းလည်း ဒုက္ခသစ္စာကိုဆိုလိုသည်။ ယင်းခန္ဓာငါးပါး၏ အကြောင်းတရားသည် ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာဖြစ်၏။ ဒုက္ခ၏အကြောင်းနှင့် ဒုက္ခတို့ ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာဖြစ်သည်။ ထိုကြောင့် ထိုဂါထာလေးသည် ဒုက္ခ, သမုဒယ, နိရောဓတို့ကို ဟောကြားခြင်းဖြစ်သည်။ နောက်ဆုံး မဂ္ဂသစ္စာအား တိုက်ရိုက် ဟောမထားသော်လည်း၊ သစ္စာလေးပါးတို့သည် တပြိုင်နက်တည်းသိသော (ဧကပဋိဝေဓ) သဘောရှိ၍ အရိယသစ္စာလေးပါးလုံးအား ဟောကြားသော ဒေသနာဟု ဆိုနိုင်သည်။

“ယော, ဘိက္ခဝေ, ဒုက္ခံ ပဿတိ, ဒုက္ခသမုဒယမ္ပိ သော ပဿတိ, ဒုက္ခနိရောဓမ္ပိ ပဿတိ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒမ္ပိ ပဿတိ။ … ”

ရဟန်းတို့ … အကြင်သူသည် ဒုက္ခကို မြင်၏။ ထိုသူသည် ဒုက္ခဖြစ်ခြင်းကိုလည်း မြင်သည်။ ဒုက္ခချုပ်ခြင်းကိုလည်း မြင်သည်။ ဒုက္ခချုပ်ခြင်းသို့ ရောက်သောအကျင့်ကိုလည်း မြင်သည်။ …

ဒုက္ခသစ္စာမြင်သူသည် သမုဒယ, နိရောဓ, မဂ္ဂသစ္စာတို့လည်း တပြိုင်နက်မြင်သည်။ ထို့အတူ သမုဒယကိုမြင်သူသည် ဒုက္ခ, နိရောဓ, မဂ္ဂသစ္စာတို့ကိုလည်း မြင်သည်။ သစ္စာတစ်ပါးကို မြင်လျှင် ကျန်သစ္စာသုံးပါးအား တပြိုင်နက် မြင်သည်။ ထို့ကြောင့် ဒုက္ခသစ္စာဟူသော ဥပါဒါနက္ခန္ဓာငါးပါးအား ထိုးထွင်းသိမြင်ခြင်းသည် သစ္စာလေးပါးလုံးအား သိမြင်ခြင်းပင် ဖြစ်သည်။

သစ္စာလေးပါးအား မသိမြင်သော ပုထုဇဉ်သည် ဥပါဒါနက္ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ, ငါ့အတ္တ” ဟုရှုမြင်သည်။ တိုင်၌ချည်ထားသော ခွေးသည် တိုင်ကိုသာပတ်၍ ရပ်ခြင်း, ထိုင်ခြင်း, ပြေးခြင်းပြုသကဲ့သို့ ပုထုဇဉ်သည် ဥပါဒါနက္ခန္ဓာငါးကိုသာ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ရစ်ပတ်လှည့်လည်ကာ မလွန်မြောက်နိုင်ပဲ ရှိသည်။ အချို့က ဘ၀ကို ကပ်ငြိသောအမြင်ဖြင့် ဘ၀တွင် ပုန်းအောင်းကြသည် (သြလီယန္တိ)။ အချို့က ဘ၀ကိုစက်ဆုတ်သော အမြင်ဖြင့် ဘ၀ကို လွန်ပြေးကြသည် (အတိဓာဝန္တိ)။ တိုင်မှ မလွတ်နိုင်ပဲ တိုင်ကိုသာ ပတ်ပြေးနေရသော ခွေးကဲ့သို့ ပုထုဇဉ်သည် ဘ၀မှ မလွတ်နိုင်ပဲ ဘ၀တွင် ပုန်းအောင်း၍ဖြစ်စေ, ဘ၀ကို လွန်ပြေး၍ဖြစ်စေ အစွန်းတစ်ဖက်ဖက်သို့ ရောက်နေကြသည်။ ဤသည်ကိုပင် ဓမ္မစကြာဒေသနာတွင် အစွန်းတရား (အန္တာ) နှစ်ပါး ဟုဟောကြားခဲ့သည်။

ဒွေ မေ, ဘိက္ခဝေ, အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ။ ကတမေ ဒွေ?
ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တသံဟိတော၊
ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္တသံဟိတော။

ရဟန်းတို့… အိမ်ယာစွန့်ခွာ ရဟန်းပြုလာသူတို့ မမှီဝဲအပ်သော အစွန်းတရား နှစ်ပါးရှိ၏။ အဘယ် နှစ်ပါးတို့နည်း။
(၁) ယုတ်ညံ့၍ အိမ်ယာထူထောင်သူ လူများစုတို့၏ အလေ့အကျင့်သာဖြစ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘ကာမချမ်းသာကိုလိုက်စားခြင်း’ (ကာမသုခလ္လိကာနုယောဂ)
(၂) ကိုယ်စိတ်ဆင်းရဲခြင်းကိုဖြစ်စေတတ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘မိမိကိုမိမိ ပင်ပန်းဆင်းရဲအောင် အားထုတ်ခြင်း’ (အတ္တကိလမထာနုယောဂ) နှစ်ပါးတို့တည်း။


ဤတွင် လူအများစုတို့သည် ဘ၀တွင် ပုန်းအောင်းနေသူများ ဖြစ်ကြသည်။ ကာမဂုဏ်ချမ်းသာတွင် နစ်မျောကာ ကာမဂုဏ်အာရုံများနောက် လိုက်စားပျော်မွေ့နေကြသည်။ ကာမသုခလ္လိကာနုယောဂ (ကာမသုခ+ လိက - ကပ်ငြိသော + အနုယောဂ - အားထုတ်ခြင်း) အစွန်းဟုခေါ်သည်။ အချို့ကား ဘ၀ကို စက်ဆုတ်, ရှက်ရွံ့သည်ဖြစ်၍ လွန်ပြေးသူများ ဖြစ်သည်။ ထိုသူတို့သည် မိမိကိုယ် မိမိနှိပ်စက် ညှဉ်းပန်း, ပင်ပန်းဆင်းရဲအောင် ကျင့်ကြံ၍ ဘ၀ကင်းပြတ်မှုကို ရှာဖွေကြသည်။ အတ္တကိလမထာနုယောဂ (အတ္တ- မိမိ + ကိလမထ - ပင်ပန်းခြင်း + အနုယောဂ - အားထုတ်ခြင်း) အစွန်းဟုခေါ်သည်။ ထိုအစွန်းတရားနှစ်ပါးတို့သို့ မကပ်သော အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) သည် အင်္ဂါ အစိတ်အပိုင်း ရှစ်ပါးပါဝင်သော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ = အဋ္ဌ-ရှစ် + အင်္ဂ-အစိတ်အပိုင်း + ဣက - ရှိသော + မဂ္ဂ - လမ်း) ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်သောအကျင့်လမ်း (ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ) မဂ္ဂသစ္စာပင် ဖြစ်သည်။

(၄) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

ရဟန်းတို့… ဤကား ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (ဆင်းရဲချုပ်ခြင်းသို့ရောက်သော အကျင့်လမ်း ဟူသည့် အရိယာတို့သိအပ်သော အမှန်တရား- မဂ္ဂသစ္စာ) တည်း။ ဤသည်တို့ကား -
၁။ သမ္မာဒိဋ္ဌိ (မှန်ကန်စွာ သိမြင်ခြင်း)
၂။ သမ္မာသင်္ကပ္ပ (မှန်ကန်စွာ ကြံစည်ခြင်း)
၃။ သမ္မာဝါစာ (မှန်ကန်စွာ ပြောဆိုခြင်း)
၎။ သမ္မာကမ္မန္တ (မှန်ကန်စွာ ပြုမူခြင်း)
၅။ သမ္မာအာဇီဝ (မှန်ကန်စွာ အသက်မွေခြင်း)
၆။ သမ္မာဝါယာမ (မှန်ကန်စွာ အားထုတ်ခြင်း)
၇။ သမ္မာသတိ (မှန်ကန်စွာ အောက်မေ့ခြင်း)
၈။ သမ္မာသမာဓိ (မှန်ကန်စွာ တည်ကြည်ခြင်း) ဟူသောအင်္ဂါရှစ်ပါးရှိသော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ) ဖြစ်သည်။
သစ္စာလေးပါးအား ဉာဏ်သုံးပါး, အပြန်သုံးပြန်အားဖြင့် (တိပရိဝဋ္ဋ) သိမြင်ပုံကို ဓမ္မစကြာဒေသနာတွင် ဟောကြားထားသည်။ ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာ၊ တဏှာသည် ဒုက္ခဖြစ်ခြင်း သမုဒယသစ္စာ၊ တဏှာချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ငြိမ်းခြင်း နိရောဓသစ္စာ၊ မဂ္ဂင်ရှစ်ပါးသည် ဒုက္ခချုပ်ခြင်းသို့ရောက်သော အကျင့်လမ်း မဂ္ဂသစ္စာဟု သိခြင်းသည် သစ္စာသိမြင်သော သစ္စဉာဏ် ဖြစ်သည်။

ဥပါဒါနက္ခန္ဓာငါးပါးသည် ပိုင်းခြား၍ သိရမည့်တရား (ပရိညေယျ)၊ တဏှာ (နှင့်တကွသော ကိလေသာတို့)သည် ပယ်သတ်ရမည့်တရား (ပဟာတဗ္ဗ)၊ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့်တရား (သစ္စိကာတဗ္ဗ)၊ မဂ္ဂင်ရှစ်ပါးသည် ကျင့်ကြံပွားများရမည့်တရား (ဘာဝေတဗ္ဗ)ဟု “သိ-ပယ်-ဆိုက်-ပွား” ကိစ္စတာဝန် လေးရပ်နှင့် တွဲဖက် သိမြင်ခြင်းသည် ကိစ္စဉာဏ်ဖြစ်သည်။

ပိုင်းခြားသိရမည့် တရားတို့အား သိပြီးပြီ၊ ပယ်သတ်ရမည့် တရားများအား ပယ်သတ်ပြီးပြီ၊ မျက်မှောက်ပြုရမည့် တရားများအား မျက်မှောက်ပြုပြီးပြီ၊ ပွားများရမည့် တရားများအား ပွားများပြီးဟု သိမြင်ခြင်းသည် ကတဉာဏ်ဖြစ်သည်။ ဤသို့ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟူသောအပြန်သုံးပါးဖြင့် သစ္စာလေးပါးအား အခြင်းရာ ၁၂-ပါး ( ၄ x ၃ = ၁၂ ဒွါရသကာရ) ဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိပြီးမှသာ ဘုရားအဖြစ်ကို ၀န်ခံကြောင်း မိန့်ကြားသည်။

စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပ၀တ္တနသုတ်
၂။ ၀ိနည်းမဟာဝါ-၆၀၊ သာရိပုတ္တမောဂ္ဂလာနပဗ္ဗဇကထာ
၃။ သံ-၅-၁၁၀၀-သစ္စသံယုတ်၊ ကောဋိဂါမ၀ဂ်၊ ဂ၀မ္ပတိသုတ်
၎။ သံ-၃-၉၉-ခန္ဓသံယုတ်၊ ပုပ္ဖ၀ဂ်၊ ဂဒ္ဒူလဗဒ္ဓသုတ်
၅။ ဣတိဝုတ္တက-၄၉၊ ဒုကနိပါတ်-ဒုတိယ၀ဂ်-ဒိဋ္ဌိဂတသုတ်