ဤဆိုင်လေးကို ပိုင်ရှင်က “နှင်းပွင့်မိုးစက်” ဟု အမည်ပေးထားလေသည်။ လူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တန်ဆာ ဆင်သော ပစ္စည်းအမျိုးမျိုးကို ဤဆိုင်လေးမှာ ရရှိနိုင်သည်။ ဆိုင်ရှိ ပစ္စည်းအားလုံးမှာ နှင်းပွင့်မိုးစက်တို့၏ အရောင်နှင့် ဆက်နွယ်နေခြင်းမှာ တိုက်ဆိုင်မှု ဖြစ်လေဟန် မတူ။ ဆိုင်၏ အခင်းအကျင်း တို့သည်လည်း နှင်းရောင်သန်း၍ မိုးရနံ့ပါ သင်းနေလေတော့သည်။
*****
ကြွပါရှင်… ဒီအကန့်မှာ ပြထားတာတွေကတော့ ပညာပေးသူနဲ့ ပညာရှာသူတွေ အတွက် ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ။ အဖြူနဲ့ အစိမ်းလို့ အလွယ်တကူ ကျမတို့ ခေါ်ကြပါတယ်။ ဆိုင်ရဲ့ မူပိုင် အရောင်ဖြစ်တဲ့ နှင်းပွင့် အရောင်နဲ့ အတူ မြက်ခင်းစိမ်းနဲ့ တွဲဖက်ပေးထားပါတယ်။ ဟုတ်ကဲ့ ဖက်ဖူးစိမ်း မဟုတ်ပါဘူး။ တည်ငြိမ် ရင့်ကျက်ခြင်းကို မျက်ခြေပြတ်လို့ မရတဲ့ အခြေအနေမို့ပါ။ နည်းနည်းလေးမှ ကလက်တဲ့သဘော ပါလို့ မရပါဘူးရှင်။ ငှက်ခါးစိမ်း ကြေးဥစိမ်း... မဖြစ်ရပါဘူး။ အံ့ုမှိုင်းတဲ့ အရိပ်အရောင် တစ်စွန်းတစ်စမှ လက်ခံလို့ မရလို့ပါ။ ကျောက်စိမ်းရောင်ကိုလည်း ကျမတို့ ရှောင်ပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ တည်ငြိမ်သလိုနဲ့ နောက်က ကပ်လိုက်လာတဲ့ လောဘ အငွေ့လေးတွေကြောင့် ဒီအရောင်ကို လည်း သတိထားပြီး ရှောင်လိုက်ရတာပါ။ သတိရှိ မှလည်း ပညာဖြစ်မှာ မဟုတ်ပါလားရှင်။
ဒီဘက်မှာတော့ နာမကျန်းကြသူတွေကို ပြုစုပေးကြတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ ဟုတ်ပါတယ်ရှင်။ မူပိုင် အရောင်ဖြစ်တဲ့ နှင်းပွင့် အရောင်ကိုပဲ နွေးထွေးမှု နဲ့ လန်းဆန်းတက်ကြွမှုတွေ ဖြစ်စေဖို့ ဒီလို အရောင်လေးနဲ့ တွဲဖက်ထားပါတယ်။ သေသေချာချာကြည့်ပါနော် သွေးနီရောင် မဟုတ်ဘူးရှင့်။ ရက်စက်ခြင်းနဲ့ ဘယ်လိုမှ ရောစပ်လို့ မရပါဘူး။ အချိန်နဲ့အမျှ ဆုံးဖြတ်ချက်တွေ မှန်ကန်နေဖို့ ဒီအရောင်ကို ရွေးရာမှာ အသက်နဲ့ ထပ်တူ အရေးကြီးပါတယ်။ အမှုမဲ့ အမှတ်မဲ့တို့ ၊ လျစ်လျူရှုခြင်းတို့ဆိုတာတွေ ဒီဝတ်စုံ ဝတ်ဆင်ထားသူဆီ ဘယ်တော့မှ ရောက်မလာအောင် ကျမတို့ သတိကြီးစွာနဲ့ စီမံထားပါတယ်။
ဒါကတော့ တရားရေးရာနဲ့ ပတ်သက်တဲ့ သူတွေ အတွက်ပါ။ အဖြူနဲ့ အမဲလိုပါပဲ။ ဟုတ်ကဲ့ အဖြူနဲ့ အမဲလို့ အလွယ်ပြောလိုက်သလို ဖြစ်သွားပါတယ်။ အဖြူက ညစ်လို့ အမဲဘက် ယိုင် ၊ အမဲက ဖျော့လို့ အဖြူဘက်သန်း ဒီလို ရောရောထွေးထွေးမျိုးတော့ မဟုတ်ဘူးရှင့်။ အခြားရွေးချယ်စရာ ပေးမထားပါဘူး။ ဒီနေရာမှာ အလွန် ပြတ်သားရပါတယ်။ ဒီအချက်ကို လက်ခံနိုင်မယ်ဆိုရင်တော့ ရှေ့ဆက်ကြည့်ပါဦး။
ဟုတ်ကဲ့ပါ။ ကာယ စွမ်းအား, ဉာဏစွမ်းအားတွေကို ထုတ်လုပ်ကြမဲ့ လုပ်ငန်းစဉ်တွေမှာ ကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပစ္စည်းအားလုံးကို စီမံထားပါတယ်။ အားလုံးမှာ နှင်းပွင့် မိုးစက် ရောင်တွေ ပါနေခြင်းကတော့ ရိုးသားမှုကို အခြေခံချင်တဲ့ စေတနာကြောင့်ပါ။ တစ်ပေါင်းတည်း စီးနှော သွားတဲ့ ညီညွတ်ခြင်းက အကျိုးထူးတဲ့ ရလဒ်ပါ။ အလေးဂရုပြုမိခြင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်။
ရှင်… Security အတွက် ဝတ်စုံ။ အော် အော်… ဆိုင် အဝင်ဝမှာတင်ပါ။ ရှင်သတိမထားမိခဲ့ဘူး ထင်တယ်။ ရှင့်ကို အပြစ်ဆိုနေတာ မဟုတ်ပါဘူး။ အဲ့ဒီ ကျင့်ဝတ် သိက္ခာကို ဘယ်တော့မှ မျက်ခြေပြတ် မခံနိုင်အောင် စည်းကမ်းသေဝပ်တဲ့ သူအတွက် ဝတ်စုံဟာ နေရာတိုင်းမှာ ပါလေ့ မရှိပါဘူး။ တစ်ခါတစ်ရံမှာ ကိုယ်ယောင်တောင် ဖျောက်နေတတ်တယ်ရှင့်။ ဒီလိုမှလည်း သ့ူတာဝန် ကျေပွန်မှာကို နားလည်ပေးပါရှင်။
ဒီဇိုင်းတွေ အမြဲသစ်ဆန်းနေဖို့က ကျမတို့တာဝန် တစ်ခုတည်း မဟုတ်ဘူးရှင့်။ သုံးစွဲသူတို့မှာလည်း အတိုင်းအတာ တစ်ခုထိ တာဝန်ရှိနေပါတယ်ဆိုတာလေး သိရအောင် ဟိုဘက်အခန်းမှာ ဆောင်ရန်ရှောင်ရန် ဗွီဒီယိုလေးကို ကြည့်သွားပါဦးရှင်။ ဟုတ်ကဲ့… ကိုယ်နဲ့ သက်ဆိုင်ရာကို သတိထားရွေးချယ် အားပေးဖို့ ပဏာမ အနေနဲ့ တောင်းဆိုပါတယ်။ ယခုလို ကိုယ့်အရွယ်အစားနဲ့ ကွက်တိဖြစ်မဲ့ အတိုင်းအတာကိုသာ သုံးစွဲသင့်ပါတယ်။ ဒီလို ထမီကို စွန်တောင်ဆွဲတာကတော့ ကျမတို့ ဆိုင်ကို စော်ကားသလိုတောင် ဖြစ်နေပါပြီ။ ဆန်းသစ်ခြင်းအတွက် အာမ မခံနိုင်ပေမဲ့ တိုးတက်ခြင်းကိုတော့ နှင်းပွင့်မိုးစက်မှ ရှင်မျှော်လင့်နိုင်ပါတယ်။ ဟုတ်ကဲ့ ဒီလောက်ပါပဲ။ နှင်းပွင့်မိုးစက်မှာ ပြည့်စုံခြင်းကိုတော့ ရှင်မမျှော်လင့်ပါနဲ့ဦး။ နှင်းပွင့်မိုးစက်မှာ ပြန်လည်ဖြည့်ဆည်းရတဲ့ သဘောလေးရှိနေသေးတာ မေ့ထားလို့မရဘူးလေ… ဒါကြောင့်
သုံးစွဲရာမှာ အဆင်မပြေဖြစ်ခဲ့ရင် (သို့) ပိုမို ကောင်းမွန်တဲ့ အကြံဉာဏ်မျိုး ရှိခဲ့ရင် ဆိတ်ဆိတ်မနေပဲ စာ ကဗျာဖြင့်သော်တစ်နည်း၊ တေးအလင်္ကာဖြင့်သော်တစ်ဖုံ ဖွင့်ဟမည်ဆိုရင် နှင်းပွင့်မိုးစက်ကို ချီးမြှောက်ခြင်းပါ။
*****
အေးချမ်း၍ ပျော်ရွှင်သော ခြေလှမ်းပေါင်းများစွာသည် “နှင်းပွင့်မိုးစက်”တွင် ပျားပန်းခတ်နေလေတော့သည်။
7 comments:
ဖတ်သွားပြီ။ nice...
ဖျားသွားတယ်..နှင်းပွင့်မိုးစက်ရေ..အဲ..သီတာရေ...
နောက်တစ်ခါ ပြန်လာဖတ်ရဦးမယ်..
အဲဗျ... မြင့်တယ်ဗျို့.. အရောင်တွေစပ်သွားတာများ ရှင်းလို့.. နှင်းပွင့်မိုးစက်ဆိုတော့ အကြည်ရောင်၊ လဲ့ပြာပြာအရောင်၊ နောက်ပြီး ပတ်ဝန်းကျင်ကို လိုက်ပြီးလည်း သူ့ဆီမှာ အရောင်တွေထင်ဟပ်တတ်သေးတယ်.. တစ်ရောင်တည်းရယ်လို့ သူ့မှာတစ်ယူသန်တာမရှိဘူး၊
လိုက်လျောညီထွေအရောင်ပြောင်းနိုင်တယ်၊
သူ့ကိုဝတ်ရင်အေးချမ်းမယ်၊ ပတ်ဝန်းကျင်ကိုလိုက်ပြီး တင့်တယ်နိုင်မယ်၊ ပြည့်စုံမှုမရှိပေမယ့် ခေတ်နောက်မကျန်နိုင်ဘူး.. ရိုးမလိုနဲ့ဆန်းမယ်
အင်း.. နှင်းပွင့်မိုးစက်က အဖြူရောင်အင်္ကျီတစ်ထည်
ဝယ်သွားတယ်။
ကိုယ့်အရွယ်အစားနဲ့ ကွက်တိဖြစ်မဲ့ အတိုင်းအတာကိုသာ သုံးစွဲသင့်ပါတယ်တဲ့။
ကိုယ်နဲ့မတော်တဲ့ ပိန်သွယ်တဲ့ လူတွေ ၀တ်တဲ့အ၀တ်အစားကို ၀ယ်ချင်နေတာ ဘယ်လို
သိသွားလဲမသိ။
mm
လာပါရစေနော်....
နှင်းပွင့်မိုးစက် ဆိုင်က..ဘာဝယ်ရရင် ကောင်းမလဲ လို့
လျှောက်ကြည့်နေမိတယ်။
ဟို- အတွေးအမြင် ကြည်ကြည်လေးက..ဘယ်လောက်လဲဟင်။ ကျမက..အရောင်တွေ ဆို ဘာအရောင်မှ မကြိုက်လို့လေ..သြော်..အဲလောက်တောင်လား.. ဈေးကြီးလိုက်တာ။ နေအုံး.. နောက်တခေါက်မှ ၀ယ်နိုင်ရင် ၀ယ်တော့မယ်။ ခုတော့..ကျမလည်း ငွေကြေး အားနဲနေသေးတယ်..
( နောက်တခေါက်..နှင်းပွင့်မိုးစက် ဆိုင်ကလေး သို့ လာဦးမည်ဟု တွေးတောလျက်.. ဆိုင်ထဲမှ ထွက်ခဲ့ပါသည်။)း)
ဆိုင်ပိုင်ရှင် အန်တီ အလိုကျ "နှင်းပွင့်မိုးစက်"က အရောင်းဝန်ထမ်းလေး မသီတာ မြန်မာတပြည်လုံးက အားပေးသူတွေကို စကားတွေ ပြောကြည့်တာပါ...
Post a Comment