Thursday, February 26, 2009

သင်ခန်းစာ

ဒီအချိန်ရောက်ရင် ကျွန်တော့် စိတ်တွေ ဖောက်ဖောက်လာတယ်…
*****
မနေ့က ညဦးပိုင်းလောက်မှာ ရှိတဲ့ ခွန်အားတွေအကုန်သုံးပြီး လူတစ်ယောက်ကို ပြင်းပြင်းထန်ထန် အနာတရ ဖြစ်အောင် ပွဲကြမ်းလိုက်ချင်မိသည်။ ကျွန်တော် ထိုမျှလောက် ရက်စက်ချင်အောင် ထိုသူသည် မည်သို့သော အပြုအမူကို ပြုမူနေသနည်း။ ထိုသူသည် စားပွဲတစ်လုံး၌ ထိုင်၍ စာအုပ်တစ်အုပ်ကို ဟိုလှန်သည်လှန်လုပ်နေသည်။ မျက်လုံးများက တောင်မြောက်လေးပါးကို ဦးတည်ရာမဲ့ ကြည့်နေတတ်သေးသည်။ စားပွဲပေါ်မှာလည်း စာရွက်၊ စာအုပ်၊ လွယ်အိတ်၊ ခဲတံစသော အရာများက ဖွာလန်ကျဲနေသည်။ ထိုမြင်ကွင်းသည် ကျွန်တော်အား အတော်သွေးဆူစေသည်။ ထိုသူသည် ထိုင်နေရမှထပြီး တစ်စုံတစ်ခုကို ရှာဖွေနေသလိုလို၊ သွားယူသလိုလို လည်း လုပ်သေးသည်။ ထိုသူ လက်ထဲ၌ကိုင်ထားသော ခဲတံလိုလို ဘောလ်ပင်လိုလို အရာက မကြာခဏဆိုသလို လွတ်ကျနေသဖြင့် ကြမ်းပြင်သို့ ထိခြစ်သွားသော အသံကလည်း ကျွန်တော့် ဒေါသကို အမြစ်မှ ထိုးဆွပေးသလို ဖြစ်နေသည်။ ကျွန်တော် ထိုသူကို မျက်ထောင့်နီနှင့် ကြည့်လိုက်သည်။ ထိုနောက် ကျွန်တော်၏ အကြည့်တို့သည် အစိမ်းရောင်ကို ပြောင်းသွားမည်မှန်း ကျွန်တော်သိသည်။ ထိုသူကလည်း ကျွန်တော့်ကို ပြန်ကြည့်သည်။ တစ်စုံတစ်ခုကို တမင်တကာ မသိချင်ယောင်ဆောင်ထားသော ထိုမျက်ဝန်းတွေကို ကျွန်တော်မကြိုက်။ ကျွန်တော့်မျက်ဝန်း နောက်တစ်ရောင်သို့ မပြောင်းခင် ထိုနေရာမှဖယ်ခွာခဲ့သည်။ ကျွန်တော်၏ သနားစရာကောင်းလှသော ထိုသားကောင်မှာ အသက် ၁၁နှစ်ခန့်သာရှိသေးသော ကျွန်တော်၏ သားကြီးပင်ဖြစ်သည်။
*****
တနေ့က ညနေစောင်း မိုးတော်တော်လေး သည်းထန်စွာရွာသည်။ ကျူရှင်သွားမည့် သားကြီးကို သူ့အဖွားကလိုက်ပို့သည်။ တအောင့်ကြာတော့ ကျောင်းပို့ရာမှ ပြန်ရောက်လာသည့် အဖွားက “ထီးကလည်း မောင်းသန်လိုက်တာ မေမေတောင် မပိတ်နိုင်လို့ ကလေးကပိတ်ပေးမယ်ဆိုပြီး ပိတ်လိုက်တာ လက်ညပ်သွားတယ်။” ဟု ထီးကို အခြောက်လှန်းရင်းပြောသည်။ သားကြီး ကျူရှင်ချိန်ပြီးခါနီးလောက်မှာ အဖွားက ဘုန်းကြီးကျောင်း တရားနာစောစော သွားမယ်ဆိုပြီး အိမ်ကထွက်သွားသည်။ ခဏနေတော့ သားကြီးပြန်ရောက်လာသည်။ ကျမ တံခါးသွားဖွင့်ပေးတော့ မြင်လိုက်ရသည်က KFC ကြက်သားကြော်ဆိုင်က ကျွတ်ကျွတ်အိတ်တွေ လက်မှာတ့ိုလို့တွဲလောင်းချိတ်ဆွဲလျက်။ “ဟင် သားက မုန့်တွေ သွားဝယ်စားလာတယ်။ ဘယ်က ပိုက်ဆံနဲ့လဲ။” (ဒီနေ့ ကျူရှင်လခ သူနှင့် ထည့်ပေးလိုက်သေးသည်။) ဟု စီးပြောလိုက်ရာ “ဖွားဖွားလေ သားသားလက်နာသွားလို့ reward လုပ်တာတဲ့ ဝယ်ပေးလိုက်တယ်။ သားက ဆိုင်မှာထိုင်စားရမလား စဉ်းစားသေးတယ်။ အိမ်ယူလာရင် မေမေက ထမင်းတွေရှိရက်နဲ့ ဝယ်လာတယ်ဆိုပြီး ဆူမှာလည်း ကြောက်တယ်။ နောက်တော့ သား honest ဖြစ်ရပါမယ်... မေမေတို့လည်း ဆာချင် ဆာနေမှာ ဆိုပြီး အိမ်ကိုယူလာလိုက်တာ။” ကျမလည်း “အေးအေး မေမေလည်း ဆာနေတာ” ဆိုပြီး KFC one set meal ကို သားနှစ်ယောက်နှင့် မျှတစားလိုက်ကြသည်။

ညဦးပိုင်းရောက်တော့ သားကြီး ကျမတို့ အိပ်ယာမှာ စောင်ခြုံပြီးလာခွေသည်။ “မေမေ သားခေါင်းတွေ မူးတယ်။ ခေါင်းတွေကိုက်တယ်။ ကိုယ်လည်းပူနေတယ်။ ဖျားပြီနဲ့ တူတယ်။” သားကြီးက ဆက်ပြောနေပြန်သည်။ “သွေးအားလည်းနည်းတယ်။ ညနေကလည်း သွေးတွေ ရှုံးသွားသေးတယ်လေ။” (ထီးညပ်၍ လက်မနှင့် လက်ညှိုးခွကြား သွေးခြေဥသွားခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။) သူ့ ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တွေ ကို မသိဟန်ပြုပြီး ကျမက “မိုးမိပြီး အအေးပတ်ပြီနဲ့ တူတယ်။ ခေါင်းတွေ မိုးထိထားသေးလား မှန်းပြစမ်း” ဆိုပြီး (ဒီအချိန်ရောက်ရင် ကျွန်တော့်စိတ်တွေ ဖောက်ဖောက်လာတယ် ဟူသော သီချင်းအသွားလေးကို စိတ်ထဲမှ ငြီးရင်း) “သား ပါရာစီတမော သောက်လိုက်နော်..ရော့ရော့ ဒီမှာ… အနာကို မေမေ ဆေးလိမ်းပေးမယ်သိလား ဆရာခိုလိမ်းလိုက် သွားသွား သင်ခန်းစာတွေ သွားလုပ်လိုက်ဦး” ဟု…
*****
ကျွန်တော်တို့သည်
ဘဝထဲမှ သင်ခန်းစာယူရပါမည် ဆိုလျှင်
ခါးသီးသော အတွေ့အကြုံများကိုသာ
မှတ်မှတ်သားသားရှိနေပါလျှင်
တရားရာကျပါမည်လား…

မှတ်ချက်။ ။ကျွန်တော်သည် မသီတာပင် ဖြစ်ပါသည်။
(စာကို စိတ်ဝင်တစား မလုပ်လိုသော၊ မေမေ့temperကို ဘယ်လိုလုပ်ရမလဲမသိဘူးဟု ငြီးထွားတတ်သော သားကြီး တစ်ချိန်ကျ ဖတ်ဖို့)

13 comments:

သက်ဝေ said...

ကလေးတွေကို စိတ်လိုက်မန်ပါ မလုပ်ရဘူးလေ.. နော်
မလုပ်ရဘူးလေ... မသီတာက လိမ်မာပါတယ်...
ကလေးတွေဆိုတာ ကိုယ်ဒေါသထွက်သမျှ ကိုယ်ဆူပူသမျှ ခံကြရမှာပါ...
စိတ်ရှည်ရှည်ထားနော်...
ဒေါသတွေပွရင် မျက်နှာတွေလဲ ရင့်လာတတ်တယ်လေ...
ပြုံးပြုံးလေးနေနော် မသီတာ...

စုချစ် said...

မမသီတာ... မှတ်မိလား...
တစ်ရက် ရုံးကပြန်လာတော့ စိုနေလို့ လှမ်းထားတဲ့ထီးကို ပေးမဆော့လို့ သူငိုနေခဲ့တာလေ။ မောမောနဲ့ အိပ်ပျော်သွားပြီး တရေးနိုးတော့ ထီးအကြောင်းပြန်သတိရပြီး ထပ်ငိုတာ... ထီးလေး ခဏတဖြုတ်ပေးဆော့လိုက်တော့မှ ကျေနပ်သွားတာ။
ခုအရွယ်မှာ စိုနေတဲ့ ထီးကိုပေးဆော့တောင်မှ သူဘယ်ဆော့ချင်တော့မလဲနော်။ စုချစ်တို့လည်း အိတ်အရွယ်လောက်က စာကြည့်ရမှာကို တီဆားနဲ့ တို့လိုက်သလို တွန့်လိမ်နေတာပဲလို့ မေမေကပြောလေ့ရှိတယ်...း-)

လိမ်မာယဉ်ကျေးပြီး ရိုးသားမှုရှိတဲ့ သားလေးတွေရတာကိုက မမသီတာတို့ ... ကံကောင်းလှပါပြီ။

Welcome said...

အဲဒီအရွယ် ကျောင်းသားလေးတွေက
ကိုယ်တွယ်ရခက်တဲ့ အရွယ်လေးပါ။
အဆော့မက်တဲ့ အရွယ်လေးပါ။
အဆော့လည်း မက်ချင်တယ်
လူကြီးတွေရဲ့ ဆုံးမမှုကိုလည်း မပစ်ပယ်နိုင်ဘူး။
ယောက်ျားလေးဆိုတော့ အမေဖြစ်သူက
ချော့ပြီး ဆုံးမ ပါမှ အဆင်ပြေမှာပါ။ ချောက်လိုက်ရင် ပြန်ကန်လာမဲ့ (ဂန်နကောစ) ရဲ့ဒဏ်ကို အမေခံနိုင်မှာ မဟုတ်ပါဘူး။
နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေဗျာ။

khin oo may said...

အဆင်ပြေပါစေ. ကလေးမရှိတော့ သိတ်မသင်တတ်ဘူး။

ဒါပေမနဲ့ကလေးက ကလေးပေါ့ မသီတာ. သူ့အတွေးလေးနဲ့သူပေါ့ လူကြီးလို့ ရင့်ကျက်ရင် လူကြီးဖြစ်နေပြီပေါ့။

မလုပ်ပါနဲ့ မချစ်ဘဲလဲမနေနိုင်တာမဟုတ်။

SDL said...

မသီတာရေ...
ညီမတို့ ငယ်ငယ်ကလည်း ဒီလိုပါပဲ.. ။ ကျောင်းသွားခါနီးရင် ဗိုက်မူးတယ်၊ ခေါင်းအောင့်တယ်နဲ့ စမ်းသပ်မရတဲ့ရောဂါတွေ ဖြစ်တော့တာ....။
၁၃-၄-၅ နှစ်လောက် ရောက်ရင် သူ့အသိနဲ့သူ စာလုပ်ပါလိမ့်မယ်....။
အခုက ဆော့ဖို့ရာပထမဖြစ်နေတာကိုး..။
ဒေါသတွေ မကြီးနဲ့နော်....။ မျက်လုံးစိမ်းးတွေနဲ့လည်း ကလေးကို မကြည့်ပါနဲ့...။

MANORHARY said...

မသီတာ ပညာရှင်လေးများနှင့်သင်ခန်းစာဆိုပြီး
အခန်းဆက်တောင်ရေးလို့ရဦးမှာ
အိမ်မှာလည်းမဟာပညာကျော်လေတစ်ယောက်..း)

Taungoo said...

ကြက်ကြော်တွေတောင် အိမ်ယူလာသေးတဲ့ သားကိုများ ဒီမေမေမို့ မျက်လုံးစိမ်းရက်တယ်။
ကလေးဆော့တာဟာ သဘာဝပါဗျာ။ လူကြီးတွေသာ ဆော့ရင်သာ သဘာဝမဟုတ်တာပါ။ နော့ဗျာ။

tg.nwai said...

အဲဒီ ကျွန်တော်သည် သိင်္ဂီနွယ်လည်း ဖြစ်နေသေးပေသည်။

သည်တစ်ခါ စာမေးပွဲတော့ ရှောရှောရှူရှူ ပြီးသွားတယ်.. တို့လည်း သမီးငယ် နေမကောင်းတာရယ် ..မအားတာနဲ့ အနီးကပ် ကြည့်ပြီး မကျပ်နိုင်တော့ဘူးလေ.. အဝေးကပဲ စောင့်ကြည့်လိုက်တော့လည်း အေးအေးဆေးဆေးနဲ့ပဲ...။

အောင်သာငယ် said...

မသီတာရေ့... သည်မှာလည်း အဲလိုပဲ စာလုပ်ဖို့ အမြုပ်ထွက်အောင် အော်နေရတယ်... တနေ့တနေ့ တီဗီကြည့်ဖို့ ဂိမ်းကစားဖို့ပဲ ထိုင်စဉ်းစားနေကြတာလေ...

သင်းနွယ်ဇင် said...

ကျမစိတ်တွေလဲဖောက်လာပြီ... CA1 နီးပြီလေ.. ဘယ်လိုလုပ်ရပါ့ ??? :(

sonata-cantata said...

26 Feb 09, 17:16
သက်ဝေ: ဟေး.. တို့ ၁ ကွ... လို့ ရေးဖို့ မေ့သွား... မေ့သွား... မေ့သွား...

26 Feb 09, 23:21
ပေါက်: မသီတာ..ပထမအပိုဒ်က ကျနော်နဲ့ ခံစားချက်တူတူပဲ..သူ့ကိုအနာတရ ဖြစ်အောင်မလုပ်ဖူးဆိုတဲ့..ဆုံးဖြတ်ချက်လေးရ
26 Feb 09, 23:22
ပေါက်: မမနဲ့ ဆင်ဆင်မန့်တာကြည့်ပြီးး ချန်းချန်းကို သူတို့ဆီပို့ပေးလိုက်ချင်တယ်..၁ပတ်လောက်..

ThuHninSee said...

တစ်သက်လုံး စာသင်ရမယ့်ဟာ ။ အေးအေးဆေးဆေးပေါ့ အစ်မတို့ရယ်။
စာကျက်ရတာ ပျော်စရာမကောင်းပါဘူး။
ဒီအရွယ်ကြီးတောင် ငိုချင်နေတာ။
:(

မေအောင် said...

သူ့ ရဲ့ကောင်းတဲ့ အပြုအမူ အနေထိုင်လေးတွေကိုပဲ ရွေးပြီး အမေသိတယ်ဆိုတဲ့ အကြောင်း ခဏ ခဏ
ပြပေးပါ။ မကြိုက်တဲ့ အကြောင်းရှိရင် ပြောလဲ မပြောနဲ့
မျက်လုံးနဲ့လဲ မကြည့်နဲ့နော် ။စိတ်ထိန်း ။
ကျွန်မလို စိတ်နဲ့ လူကြီးဖြစ်လာမဲ့ ကလေးဆိုရင် မျက်လုံးနဲ့ အဲလိုကြည့်တဲ့ လူကြီးတွေကို ခုထိ မှတ်မိပြီး ကိုယ့်အပစ်ကို အမှတ်ရနေတယ်။ ပြင်တော့မပြင်ဘူး ခုထိ...။
ကိုယ့်ကို တော်တယ်ပြောတဲ့ လူတွေရဲ့ စကားကို မှတ်ထားပြီး သူတို့ပြောသလို တော်အောင် အမြဲ ကြိုးစားနေတာလည်း ခုထိပဲ။
ဒါကြောင့် သားသားတို့ အမေရေ ..
မတိုတတ်တဲ့ စိတ်ကို ရှည်ရှည်ထားပါ။
(ဆရာမကြီးလုပ်ချင်နေတာနဲ့ အတော်ပဲ ဟိဟိ)