(ဆရာမ၏ အမည်မှန်မှာ ဒေါ်ယဉ်ယဉ်မြင့် ဖြစ်ပါသည်။)
ဤကရင်ပတ်ဗူးလေးသည် မနေ့ကမှ နှုတ်ခမ်းနီဗူး တစ်ခုနှင့်အတူ ကျမဆီရောက်ရှိခဲ့ခြင်းဖြစ်သည်။ သို့ပါ၍ ကျမ၏ ပကတိရုပ်သွင်ကို ဤကဲ့သို့ သဲသဲကွဲကွဲ မမြင်မိတာကြာပြီဟု ပြော၍ရသည်။ အိမ်နံရံမှာ ချိတ်ဆွဲထားသော မှန်တစ်ချပ်၏ အနီးအနားသို့ နေ့စဉ်ရောက်ခဲသည်။ ဖြတ်သွားဖြတ်လာ အမှုမဲ့ အမှတ်မဲ့ပင် ... အသုံးမပြုခဲ့သည်မှာကြာပြီဖြစ်သော ဒီလို ပစ္စည်းမျိုးတွေကို ကျမ ဘာကြောင့် ၀ယ်ယူခဲ့ပါသလဲ။ လိုအပ်၍ပဲ ဟု မိမိဘာသာ ခပ်လွယ်လွယ်ပင်အဖြေပေးလိုက်သည်။
လိုအပ်လို့ သုံးရပါပြီ။ မျက်နှာ တစ်ပြင်လုံး ဖြူဖွေးသွားသည်။ ၀င်းပသွားခြင်းတော့ မဟုတ်။ ရသလောက်ပေါ့လေ။ နှုတ်ခမ်းဆိုးဆေးကို တင်လိုက်သည်။ ဟင် ဘယ်လိုကြီးပါလိမ့်။ ဒါလည်းမျှော်လင့်ထားသလို ဖြစ်မလာပြန်။ နွမ်းပြီးသားပန်းခြောက် တစ်ခုကို ဆေးရည်စိမ်လိုက်သလိုလို… အို ဘာပဲဖြစ်ဖြစ် မွဲခြောက်နေတာနဲ့ စာရင် သာသေးသည်ဟု မှန်ထဲက ပုံရိပ်ကို ဆင်ခြေပေးလိုက်သည်…။
*****
ရှစ်တန်းတုန်းက ပထ၀ီဝင်ဘာသာသင်သော ဆရာမသည် ဒေါ်ရီရီမြင့် ဖြစ်သည်။ နာမည်နှင့် လိုက်ဖက်စွာ အမြဲ ပြုံးရီနေသော ဆရာမ၏ နှုတ်ခမ်းလေးကို ပန်းနုရောင်ဆေး ချယ်ထားတတ်သည်။ အိအိလုံးလုံး ကိုယ်လုံးလေးနှင့် လိုက်ဖတ်စွာ မျက်နှာလေးမှာလည်း ဖူးဖူးဖွေးဖွေးလေး ဖြစ်သည်။ ဆရာမ၏ ခင်ပွန်းသည်က ဆရာမကို နေ့စဉ်လိုလို E2000 ကားနှင့် ကျောင်းလာပို့လေ့ရှိသည်။ ဌာနဆိုင်ရာ တစ်ခုမှာ အကြီးအကဲဖြစ်ဟန်တူသော ဆရာမ၏ ခင်ပွန်းသည် ရှပ်အဖြူ၊ တိုက်ပုံ အမဲ၊ ကောလိပ်ဂျင်နေ၀င်း မျက်မှန်နှင့်။ အဲ့ဒီတုန်းက ဆရာမသည် ကျမ၏ ယခုအရွယ်ပင်…။
တစ်နေ့သောနံနက်၏ စာသင်ချိန်တွင် ဘယ်လို ဆက်စပ်သွားလေသည်မသိ ကျောင်းသူများက ဆရာမအား ချောတယ်ဟု ပြောလိုက်ကြသည်။ ဒီတော့ ဆရာမက “ဆရာမက မချောပါဘူး။ သမီးတို့က ချောတာပါ။ ဆရာမတို့က ဘယ်ချောတော့ မလဲ တိုက်စားမှု များသွားပြီလေ” ဟု ပြောလိုက်သောအခါ ကျောင်းသူများ ၀ါးကနဲ ရယ်ကြလေသည်။ သူများတွေ ဘာကြောင့် ရယ်မှန်းမသိ ကြောင်နေသောကျမ ရယ်ချိန်ကမရှိတော့ ဆရာမက ဆက်ပြောနေပြီ “နေ၊ ရေ၊ လေ တွေရဲ့ တိုက်စားမှုကြောင့်ပါ” တဲ့။
ဆရာမ ပထ၀ီဝင် သင်နေခြင်းဖြစ်သည်။
*****
လောဘ၊ ဒေါသ၊ မောဟတို့ တိုက်စားမှုကြောင့် တစ်ခါကြည့်တိုင်း တစ်မျိုးဖြစ်နေသည့် ရုပ်သွင်ကို မြင်တိုင်း ထိုစာသင်ချိန်လေး ကို သတိရမိသည်။
Thursday, February 5, 2009
မှန်
ကရင်ပတ်ဗူးရဲ့ မှန်ဝိုင်းလေးထဲမှာ မျက်နှာတစ်ခုပေါ်နေသည်။ လျော့ရိလျော့ရဲ နှင့် မညီညာသော မျက်နှာပြင်မှာ အက်ကြောင်းရာတွေနှင့်ဖြစ်သည်။ အချို့နေရာများတွင်တော့ ချိုင့်ခွက်များနှင့် အမဲကွက်များပါ ဆိုးဝါးစွာ ပေါ်လွင်နေသည်။ မမြင်ဖူးသည့် တစ်မျက်နှာကို မြင်နေရသလိုလို… တနေ့က သူငယ်ချင်းတစ်ယောက်ပြောလိုက်သည့် "ဇရာကို ညာလို့မရဘူး" ဆိုသည့် စကားကို ပြန်လည်ကြားယောင်မိမှ မှန်ထဲက ပုံရိပ်သည် မိမိပင်ဖြစ်မှန်း သတိဝင်တော့သည်။
Subscribe to:
Post Comments (Atom)
17 comments:
စိတ်ထားကောင်းတဲ့ မသီတာက မပြုပြင်လဲ ရှိရင်းစွဲထက်တော့ ပိုနုမှာပါ။ စိတ်ပျို ကိုယ်နု ဆိုတာ ရှိတာပဲလေ။ အရေပြားတထောက်စာအတွက် ခေါင်းမခြောက်ပါနဲ့လေ..စိတ်အေးချမ်းရင် ရင့်ကျက်တဲ့ အလှကို ဒီအရွယ်မှာ ရနိုင်ပါတယ်။
မှန်ကြည့်သူတိုင်း သတိပြုသင့်တဲ့ အချက်ကလေးပါပဲ။
ရုပ်ကိုလည်း ပြင်၊ စိတ်လည်း ပြင်
ပြင်ဆင်တိုင်း လှ၊ ပြုတိုင်း ရ
သုခ နိဗ္ဗာန် တိုင်လိမ့်မယ် ... ဆိုတဲ့ လင်္ကာလေးကို ဒီစာရဲ့ အဆုံးမှာ သွားသတိရမိတယ်။
ကျေးဇူးပါပဲရှင်။
မှန်ကို ငယ်ငယ်တုန်းကလို အချိန်ဆွဲ မကြည့်တာ ကြာပြီ။ အမှန်တွေ မြင်ရလွန်းလို့... စိတ်လေပြီး မကြည့်တော့ဘူး။
နေ ရေ လေ
လောဘ ဒေါသ မောဟ
ဒါတင်ကမလား
ချစ်ခြင်း မုန်းခြင်း သံယောဇဉ်
ဒါတွေကလည်းလူကိုတိုက်စားနိုင်တာပဲ
လောဘ ဒေါသ မောဟတွေ တိုက်စား တယ်တဲ့လား။ မှန်တယ်နော်။
ကိုဧရာ့ မျက်စေ့ထဲမှာတော့ မသီတာက အချိန်တိုင်း ချောပြီးသားပါဗျာ.. စိတ်မပူပါနဲ့....း)
ရင့်ကျက်တည်ငြိမ်တဲ့ အလှပိုင်ရှင်မသီတာရေ.. သူများတွေ သတိထားဖို့ ကိုယ်က အရင်သတိရပြနေရတာလားလို့...။
အရာရာအားလုံးရဲ့တိုက်စားမှုတွေအပြင် အချိန်ရဲ့တိုက်စားမှုကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူးလေ.. လက်ခံလိုက်ကြတာပေါ့..
ဟဲဟဲ..တို့လည်း လက်ခံလို့မှန်မကြည့်ဖြစ်တာတောင်ကြာ...
မရှိမကောင်း ရှိမကောင်းထဲမှာ မှန်လည်းပါတယ်နော်။
မသီတာရေ- ချောတယ်လှတယ်ဆိုတာက.. နုနယ်မူနဲ့ ဆိုင်ချင်ဆိုင်ပေမဲ့.. သူ့အရွယ်စဉ်အတိုင်း ကြည့်လို့တင့်တယ်တဲ့ အလှလည်း ရှိတယ်ဟုတ်။ အ၀တ်အစား အနေအထိုင်က စပေါ့။ ဥပမာ..မို့မို့မြင့်အောင်ကြီး.. ခုမှ ကလက်တတ်တက်ဟန်ကြီးနဲ ပြန်ထွက်လာတာ ကြည့်မကောင်းပေမဲ့.. မေသန်းနုကို အသက်ကြီးပေမဲ့..ယဉ်ယဉ်လေး ကြည့်ကောင်းနေတာမျိုးပေါ့။ အဘွားကြီးတယောက်မှာလည်း သူ့အလှ ရှိသင့်တာပဲကိုး။
ဒါပေမဲ့..ကျမ ကြားတာတော့..မသီတာက..အရမ်းကြည့်လို့ ကောင်းတယ်တဲ့နော်..း)
မကေသွယ် ကြားတဲ့အတိုင်း အမှန်ပဲဗျိုး….. သူတခါက ရေးခဲ့ဖူးတဲ့ ဆိုဖီယာလောရင့်စ် ကြီးအတိုင်းပဲ။ အဲဒါကြောင့်ပဲ (ကိုဧရာဆိုတဲ့)ပန်းချီကားထဲကလူတောင် ငြိမ်သက်မနေနိုင်ပဲ အသက်ဝင်လှုပ်ရှားသွားတာ ဖြစ်ရမယ်။း-)
ကျနော်တော့ ဒီစာကို ဖတ်ပြီး တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ စာအုပ်ထဲမှာ ရွှေဥဒေါင်း ရေးထားတာတခုကို သွားသတိရမိတယ်။
ရွှေဥဒေါင်းလူငယ်ဘ၀ ပွဲကြည့်စဉ်က အလွန်ချောတဲ့ အငြိမ့်မင်းသမီး မစိန်ဆင် ကို နှစ်ယောက်စလုံးလူကြီးဘ၀ရောက်မှ ပြန်တွေ့လိုက်ရသတဲ့။ ဖြစ်ချင်တော့ အဘွားအိုပေါက်စ မစိန်ဆင်ကလည်း ဂျပန်ခေတ်ဗုံးကျင်းထဲက ထလာတာဆိုတော့ အ၀တ်အစားကလည်း ကပိုကရို။ မဖီးမလိမ်း မပြင်မဆင်ပေါ့။ ရွှေဥဒေါင်းကြီး စိတ်ထဲမှာ “အင်း…. ငယ်စဉ်က အလွန်အမင်းကြည့်ကောင်းလှသည်ဟု ငါကိုယ်တိုင်ထင်ခဲ့သည့် မစိန်ဆင်တောင်မှ သည်ရုပ်ရည်မျိုး ဖြစ်နေသည်ဆိုလျှင် ဘယ်တုန်းကမှ ကြည့်ကောင်းခဲ့သည်ဟု မဆိုနိုင်သော ငါ့ရုပ်ရည်မူကား မည်သို့ ရှိချေမည်နည်း” လို့ တွေးမိပြီး မစိန်ဆင်က နှုတ်ဆက်တာကိုတောင် ကောင်းကောင်းပြန်မပြောနိုင်တော့ပဲ တချိုးတည်း လစ်တော့တာပဲတဲ့။ သူ့အတွေးနဲ့သူ “ဘူ” သွားတာ နေမှာပေါ့နော်။
ဒီစာဖတ်မိပါမှ….ကျနော့်ခမြာလည်း တချိုးတည်း လစ်ရကိန်းကြုံနေပါပေါ့လား။
အပေါ်ပိုဒ်က စာတွေက ကိုယ့်ကိုစောင်းရေးထားတာလားလို့...
လန့်တွားတာပဲ..... မှန်ကို အပေါ်ယံပဲကြည့်တော့တယ်..၊
သေချာမကြည့်ဖြစ်တော့ဘူး...:P:P
သေချာဖတ်သွားပါတယ်..
ကော်မန့်န်တွေရော..
ကျောက်စရစ်ခဲလေးတွေဆို တိုက်စားခံရဖန်များလို့ လုံးချောသွားတား-)
ဟာ... တရားရသလိုလိုတောင် ဖြစ်သွားတယ်။
မှန်ကြည့်ချိန်တော့ လျော့လျော့လာတာ အမှန်ပဲ။
မှန်ကို မှားတယ်ထင်ပြီး မယုံတတ်ဘူး..ကြည့်သာ ခဏ ခဏ ကြည့်တာ
.....ခစ် ခစ်။
“နေ၊ ရေ၊ လေ တွေရဲ့ တိုက်စားမှုကြောင့်ပါ” တဲ့။
ဟုတ်တယ်မသီတာ။ နေရောင်က Aging ကိုမြန်စေတယ်။ ကာကွယ်လို့ မရတာတော့မဟုတ်ဘူးလေ။ ရေ၊ လေတွေရဲ့တိုက်စားမှုဆိုတာကတော့ ကိုယ်ပြင်ပြင်ဆင်ဆင်နေချိန်မရတော့တာကိုပြောချင်တာဖြစ်မယ်နော်။
ကျွန်မ မျက်စိထဲမတော့ မ က ကျောင်းတုန်းက LCR ထဲမှာ ပြုံးပြုံးလေးတွေ့ နေရတဲ့ ပုံလေးအတိုင်းပဲ… အမြဲပြုံးနေတဲ့ မ က အမြဲနုပျိုနေပါတယ်… အိမ်ရှင်မတယောက် မိခင်တယောက်ရဲ့ ပြီးပြည့်စုံတဲ့အလှနဲ့  မ ပါ… မြှောက်ပြောတာ မဟုတ်ဘူးနော်… တကယ်မြင်တဲ့အတိုင်းပြောတာ…
ကျွန်မကတော့ မှန်ကို အနီးကပ်သိပ်မကြည့်တော့ဘူး… အဝေးက ကြည့်တယ်…
ကြည့်တော့ကြည့်သေးတယ်… သိသာတာက ဓာတ်ပုံသိပ်မရိုက်ဖြစ်တော့တာပဲ…
အသက်ကြီးကြီးလာတာ အထင်းသားလေ… ခုနောက်ပိုင်း ဓာတ်ပုံရိုက်ရင် ဟိုကွယ်ရ ဒီဖုန်းရဆိုတော့ စိတ်မသက်သာလှဘူး… မ ရေ… မေ့ထားတာတွေ ပြန်မဖော်ကြေးလေ…
Post a Comment