ပြည်နယ် ၇ ခုနှင့် တိုင်း ၇ ခုရဲ့ ပြခန်းတွေ၊ ၀န်ကြီး ဌာနတွေရဲ့ ပြခန်းတွေ၊ ဇတ်ပွဲရုံကြီးတွေက မျက်နှာချင်းဆိုင် အပြိုင်အဆိုင်၊ မုန့်ဆိုင် ဈေးတန်းတွေနှင့် ဆိုင်ခန်း အစုံက ကွင်းပြင်ကျယ်ကြီးထဲတွင် မြို့ကြီးတစ်ခု ညတွင်းချင်း ပေါက်လာသလို…
သူငယ်မလေးသည် ပြခန်းတွေမှ ပြကွက်တွေကို ငေးမောလိုက်၊ မှတ်စုထဲမှာ ရေးမှတ်လိုက်နှင့် တစ်ယောက်ထဲ အလုပ်တွေရှုပ်နေသည်။ ဈေးဆိုင်တွေဘက် ခြေဦးလှည့်ချင်နေပြီဖြစ်သော အစ်မကြီးကတော့ ပါလာသည့်ရေဗူး ဖွင့်သောက်ပြီး ခပ်လှမ်းလှမ်းက စောင့်နေရသည်။ သည်ကလေးမ တစ်စုံတစ်ခု ကို အာရုံစိုက်၍ နေပြီ ဆိုလျှင် သူ့အနား လာတာမကြိုက်တတ်မှန်း တသက်လုံး အရိပ်လို ကြည့်နေခဲ့သည့် အစ်မကြီးက သိသည်။
တနေစောင်းပြီ… ပြခန်းတွေ အကုန်ကြည့်၍ မပြီးသေးသော သူငယ်မက “နောက်တစ်နေ့ ထပ်လာဦးမယ်နော် … မကြီး”ဟု ဆိုကာ အလံတော် ခေတ္တ နားနေရာ စင်မြင့်ဖက်ဆီသို့ ခြေဦးလှည့်လိုက်ကြသည်။
သူငယ်မလေးသည် အလံတော်ကို တိတ်ဆိတ်စွာ အလေးပြု အပြီး ကောင်းကင်ကို မော့ကြည့်လိုက်စဉ်ဝယ် ကြယ်ပွင့်လေးတွေက ပါးစပ်လေးတွေ မှိတ်တုတ် မှိတ်တုတ်ဖြင့် စကားတွေ အများကြီး ပြောလိုက်ကြသည် …
(ငယ်စဉ်က ပြည်ထောင်စုနေ့ အခန်းအနားကျင်းပရာ ကျိုက္ကဆံကွင်းဆီသို့ …)
*****
“သမဂ္ဂါနံ တပေါ သုခေါ” ဆိုသောစကားကြားလျှင် ငယ်စဉ်ကလေးဘ၀ ရုပ်သံအစီအစဉ်တွင် ကြည့်ရသော ပြည်ထောင်စုနေ့ အထိမ်းအမှတ်အငြိမ့်ပွဲများမှ အငြိမ့်မင်းသမီး၏ နှုတ်ခွန်းဆက်စကားကို ပြေးပြေး သတိရသည်။ ကလေးသဘာဝအလျောက် လွတ်လပ်ရေးနေ့, ပြည်ထောင်စုနေ့, အမျိုးသားနေ့တို့ရောက်တိုင်း ပျော်သည်။ သို့သော် ချွင်းချက်တစ်ချို့တော့ရှိပါသည်။
ပြည်ထောင်စုအလံတော် ရောက်လာတော့မည်ဆိုလျှင် ကြိုဆိုရေးအတွက် မလိုက်မနေရ။ နံနက်စောစောထ, အဖြူအစိမ်း ကျောင်းဝတ်စုံများဝတ်, ဝှေ့ရမ်းစရာ အလံတော်လေးများကိုင်၍ ကြိုရသည်။ အချိန်ပဲ မမှန်၍လား, စောစောစီးစီး ကြိုတင်ရောက်နေဖို့ပဲ လို၍လားတော့ မသိ။ နေမထွက်ခင်ကတည်းက တမျှော်မျှော် စောင့်နေရသော်လည်း နေမြင့်သည့်တိုင် ပေါ်မလာတတ်။ လူတွေလည်း လမ်းဘေးတွင် မိုးတိုးမတ်တပ်, ယပ်တခပ်ခပ်, ချွေတလုံးလုံးနှင့် နေပူထဲ စောင့်ကြရသည်။ မရပ်နိုင်လျှင်လည်း ကိုယ့်ဖိနပ်ကို ဖင်ခု၍ ထိုင်ရသည်။ ခရာသံများနှင့် ယာဉ်ထိမ်းရဲဆိုင်ကယ်များ လာပြီဆိုလျှင်တော့ အားရ၀မ်းသာ မတ်တပ်ထ၍ အသင့်ရှိနေသော အလံလေးများကို ဝှေ့ရမ်းကြသည်။ နောက်တော့လည်း မဟုတ်ပြန်၊ အလံတော်က မရောက်သေးဘူးတဲ့။ ဘယ်မှာပဲ ရှိသေးသတဲ့ဆိုကာ, ပြန်ထိုင်သူကထိုင်, အလံလေးများဖြင့် ယပ်ခပ်သူကခပ်ကာ မျှော်ကြရပြန်သည်။ ရောက်မဲ့ရောက်လာတော့လည်း အချို့နှစ်များဆိုလျှင် အလံတော်က အမိုးဖွင့် ကားပေါ်တွင် ခပ်သွက်သွက်လေးပါ သွားသည်။ တိုင်းရင်းသားဝတ်စုံ ကိုယ်စီဝတ်ထားသော အလံကိုင်အဖွဲ့က ခပ်နှေးနှေး ပြေး၍ သယ်လာဆောင်လာသော နှစ်များဆိုလျှင်တော့ တော်ပါသေးသည်။ “မလိုက်မနေရ” ဆိုတာကြီးကြောင့်လားမသိ။ ကျွန်တော်ငယ်ငယ်က ဤသို့ အလံတော်ကြိုရခြင်းကို မကြိုက်ခဲ့, မပျော်ခဲ့။ အာဇာနည်ခေါင်းဆောင်များ, တိုင်းရင်းသားခေါင်းဆောင်များ အသက်ချွေးသွေးရင်း၍ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို ဒီလောက်လေးမှ အပင်ပန်းခံ ဂုဏ်မပြုနိုင်ဘူးလားဟု အပြစ်တင်လျှင်လည်း ခံရုံသာရှိပါသည်။ ငယ်စဉ်ကလေးဘ၀က အမြင်ကို ပွင့်ပွင့်လင်းလင်း ပြန်ပြောခြင်းသာ ဖြစ်သည်။
လွတ်လပ်ရေးရအပြီးတွင် အိန္ဒိယ, ပါကစ္စတန်, ဘင်္ဂလားဒေ့ရှ်ဟု တဖြည်းဖြည်း ကွဲသွားသလိုမျိုး ပြိုကွဲသွားရသည်ကို မလိုလားပါ။ သွေးစည်း ညီညွတ်ခြင်းဖြင့် လွတ်လပ်ရေးကို တစည်းတလုံးတည်း အရယူခဲ့သော ခေါင်းဆောင်ကြီးများ၏ ပြည်ထောင်စုစိတ်ဓာတ်ကို လေးစားပါသည်။ ညီညွှတ်မှုဖြင့် လွတ်လပ်မှုကို အရယူခဲ့ကြသလို, လွတ်လပ်မှုဖြင့်သာ သွေးစည်းညီညွတ်မှုကို တည်ဆောက်နိုင်ပါမည်။ အဓမ္မနည်းများဖြင့် ညီညွတ်ခြင်းကို တည်ဆောက်နိုင်မည်မဟုတ်။ ရသည်ဆိုလျှင်လည်း အတုအယောင် သွေးစည်းခြင်းသာ ဖြစ်မည်။ စစ်မှန်သော လွတ်လပ်ခြင်း, ချစ်ကြည် ရင်းနှီးခြင်းတို့သည်သာ ညီညွတ်ခြင်း ဖြစ်သည်။ ထိုသို့သော ညီညွတ်ခြင်းမျိုးကသာ “သမဂ္ဂါနံ တပေါ သုခေါ” ဟူသော စကားအတိုင်း အေးချမ်းသာယာခြင်း သုခကို ဆောင်ကျဉ်းနိုင်ပါလိမ့်မည်။
သီတာဧရာ
Wednesday, February 11, 2009
ပြည်ထောင်စု
ကွင်းပြင်ကျယ်ကြီးထဲမှာ ယာယီတဲနန်းတွေက အံ့မခန်း တင့်ဆန်းနေသည်။ သူငယ်မလေးတစ်ယောက် ပေါ့ပါးရွှင်လန်းစွာဖြင့် ထိုထို တဲနန်းတွေအလယ် ဟိုမှသည် ပြေးလွှားနေသည်။ လွယ်အိတ်လေးတစ်လုံးလွယ်၍ လက်ထဲမှာလည်း မှတ်စုစာအုပ်လေးနှင့် ခဲတံလေးကိုင်ထားသေးသည်။ မောင်နှမ ၇ ယောက် အနက်မှ အကြီးဆုံး အစ်မကြီးက ချွေးတပြိုက်ပြိုက်ဖြင့် သူငယ်မနောက် အပြေးလိုက်နေရသည်။
Subscribe to:
Post Comments (Atom)
12 comments:
ပြည်ထောင်စုနှင့် ပတ်သက်လျင် အမြဲ ပထမရနေကြ။
(ဟဲ ဟဲ စာစီစာကုံးပြိုင်ပွဲပြောတာနော်..)
ခုလည်း ဖတ်သွားပြီ...ပထမပဲ။
တန်းတူညီမျှမှုကို ဦးတည်သော ညီညွတ်ရေး။
ဉာဏ်ပညာနှင့်ယှဉ်သော ညီညွတ်ရေး
မိမိကိုယ်ကို ယုံကြည်မှုရှိသော ညီညွတ်ရေး၊
အပြန်အလှန် ယုံကြည်မှုရှိသော ညီညွတ်ရေး၊
လွတ်လပ်သော လူမျိုးတမျိုးရဲ့ ညီညွတ်ရေး....ဖြစ်ဖို့ လိုပါသည်။
တူပါသည်။ သဘော-း)
အေးဗျာ - ကိုဧရာနဲ့ မသီတာ ရေးတော့မှပဲ ကျနော်လည်း ငယ်တုန်းက ကျောင်းကို ပြန်လွမ်းသွားတယ်...
ကျနော့် ကျောင်းက တာမွေ အ.ထ.က (၃) လေဗျာ... ကျိုက္ကဆံကွင်းနဲ့ ကပ်လျက်ဆိုတော့ ပြည်ထောင်စုနေ့ နီးလာရင် ကျောင်းလွှတ်တာနဲ့ ကွင်းထဲကို တန်းရောက်တော့တာပဲ... နေ့တိုင်း...
အဲအချိန်လေးတွေကို ပြန်လွမ်းသွားတယ်... ခုခေတ် ကလေးတွေတော့ ကြုံဖူးကြမယ် မထင်ဘူးနော်...
ကျိုက္ကဆံကွင်း သွားရတာ မှတ်မိတယ်... အမေက ကလေးတွေ အားလုံးကို တပျော်တပါးကြီး ခေါ်သွားလေ့ရှိတယ်
နယ်မှာက ဘောလုံးကွင်းထဲမှာ ယာယီတဲတွေထိုးပြီး
ပြည်ထောင်စုနေ့ ပြခန်းလုပ်တာ...။ ဖုံတွေက တထောင်းထောင်းနဲ့ ဒါပေမယ့် အရမ်းပျော်တယ်..။
အလံတော်ကြိုတုံးက အလံသေးသေးကိုင်ရတဲ့ ကလေးပဲရှိသေးတာ..။ အလံတော်ကိုင်တဲ့သူက ညာလက်နဲ့ အလံတော်ကိုမြှောက်ကိုင်၊ ဘယ်လက်က ရင်ညွန့်ရှေ့မှာ ယှက်ထား..။နောက်က လိုက်ရတဲ့ အဖွဲ့ဝင်တွေက လက်၂ ဖက်လုံးရင်ညွန့်ရှေ့ ယှက်ထားပြီး.. ဖြေးဖြေးလေး ပြေးသလို သွားရတာနော်... လွမ်းလိုက်တာ....။
ကျိုက္ကဆံကွင်းက ပြည်ထောင်စုနေ့ ပြခန်းတွေကို မှတ်မိနေသေးတယ်။ နှစ်တိုင်းနီးပါး အဖေက လိုက်ပို့တာ။ မုန့်စားရ။ ပြခန်းကြည့်ရနဲ့ ပျော်စရာ။ ပြည်ထောင်စုနေ့ စာစီကုံး အတွက် ထည့်ရေးချင်တာလေးတွေလည်း မှတ်သားလို့ပေါ့။
ဲပြည်ထောင်စုနေ့ အမှတ်တရကို မသီတာနဲ့ ကိုဧရာ စည်းလုံးညီညွတ်စွာ ပို့စ်လေး တင်လိုက်တာကို သဘောကျသွားပါတယ်။
မသီတာပုံလေးကိုလည်း မြင်မိသလို ကိုဧရာ့ငယ်ငယ်က ပုံကိုလည်း မြင်ကြည့်ရင်း ပြုံးမိတယ်..
ကျမတို့ နယ်မှာနေတုန်းကလည်း အဲဒီလိုပဲ..ပြည်ထောင်စုအလံလာတဲ့ နေ့ဆို လေဆိပ်ကနေ မိုင်ဒါကွင်းအထိ တလမ်းလုံး ပြည်သူတွေ အပြည့်ပဲ။ ကိုယ်တွေကတော့ ကျောင်းမတက်ရပဲ အပြင်မှာနေရတဲ့ ပွဲတွေဆို ပျော်တာပါပဲ။ အလံလေးတွေကိုင်ပြီး စောစောသွားစောင့်ရတယ်။ တခါတလေ ကောက်ညှင်းပေါင်းကျွေးသေးတယ်။
အင်း..ဗိုလ်ချုပ်တို့ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ ပြည်ထောင်စု စိတ်ဓာတ်ကတော့......။
တို့ပြည်ထောင်စု အလံတော်သည် တလူလူလွှင့်လို့ လာနေပြီ ပြည်သူအပေါင်းတို့ပျော်ရွှင်သည် မနှေးယခု အလေးပြုကြပါသည်.. ဆိုတဲ့ သီချင်းလေးနဲ့အတူ ငယ်ငယ်က ပြည်ထောင်စုနေ့ ပွဲတွေကို သတိရသွားပါတယ်။
နယ်မှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်းတွေ လိုက်ကြည့်ရတာ ပြန်အမှတ်ရမိ ပါတယ်။
အခမ်းအနားတက်ဖို့ တစ်အိမ်တစ်ယောက်က တော့ပုံမှန်ပါပဲ။ ပြီးမှ ခွေးတိုးပေါက်ကနေ ပြန်ထွက်ကြတာပါပဲ။
ကျောင်းမှာ ပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲတွေ...
ပြပွဲတွေ... ဟောပြောပွဲတွေ...
မနက်အစောကြီး ကျောင်းကိုသွားပြီး အလံတော် ကို ကြိုရတာတွေ...
ကျိုက္ကဆံကွင်းက ပြည်ထောင်စုနေ့ ပြခန်းတွေ...
အားလုံးကို မျက်စေ့ထဲမှာ မြင်ယောင်လာတယ်...
ကျွန်မ ခုထိမှတ်မိနေတာ အိမ်သေးသေးလေးတွေ သစ်ပင်အတုလေးတွေ တောင်အတုလေးတွေနဲ့  ပြခန်းလေးတွေရယ်… ရုပ်ရှင်ပဒေသာကပွဲရယ်…ပြီးတော့ မြို့ တော်သိန်းအောင်ပြဇာတ်ရယ်… ဆရာ့လိုတော့ အလံတော် မကြိုဖူးဘူး… အိမ်နဲ့ ကျောင်းနဲ့ ဝေးလို့ … ရေဒီယိုပဲ နားထောင်ခဲ့တာ…. ခုချီတက်လာတဲ့ ကိုယ်စားလှယ်တော်ကြီးများကတော့ ကချင်ပြည်နယ်က ကိုယ်စားလှယ်တော်ကြီးများ ဖြစ်ပါတယ်… ကချင်ပြည်နယ်ဟာ ဧရိယာစတုရန်းမိုင်ပေါင်း……………အဲဒီအသံလေးလဲလွမ်းနေမိသေးတယ်..
Post a Comment