Saturday, May 29, 2010

လုလင်ပျိုနှင့် စကားပြောခြင်း

ယမန်နေ့က ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားတဲ့ ပထမအကြိမ် ယဉ်ကျေးလိမ္မာ ကလေးတရားပွဲ (Singapore)ကို သွားရောက်ခဲ့ပါတယ်။

တရားပွဲ အစီအစဉ်ကို နံနက်ပိုင်းမှာ ၁၂-နှစ်အောက် ကလေးများအတွက်၊ ညနေပိုင်းမှာ ၁၂နှစ်မှ ၁၈နှစ်အထိ ကလေးများအတွက် အချိန်ခွဲပြီး ကျင်းပသွားခဲ့ပါတယ်။ မြန်မာကလေး အတော်များများကို မိဘတွေက ပို့ဆောင်၊ ပို့လွှတ်ပေးနိုင်ခဲ့ကြပြီး အောင်မြင်တဲ့ အစီအစဉ်ဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို ဒီနေရာမှာ ဖော်ပြရေးသားခြင်းငှာ မစွမ်းသာပါ။ Vesak Day အလုပ်ပိတ်ရက် ဖြစ်သည်နှင့်အညီ မိဘ၊ ဘိုးဘွားတွေဟာ ရင်သွေးငယ်တွေကို တရားပွဲသို့ လိုက်ပါပို့ဆောင်ခြင်း၊ ကိုယ်တိုင်လည်း ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဘာသာရေး သာသနာရေး ကိစ္စများမှာ သက်ဝင်လှုပ်ရှားနေကြတဲ့ ဒီက မြန်မာလူမျိုး အသိုင်းအ၀ိုင်းရဲ့ တက်ကြွနေတဲ့ ပုံရိပ်တွေကို တပိုင်တနိုင် မှတ်တမ်းတင်ခြင်းမျှသာ ဖြစ်ပါတယ်။
(ဘလော့ဂ်ဂါ မပီသစွာ ဓာတ်ပုံ တပုံမှ မရိုက်ဖြစ်ခဲ့ခြင်းအတွက် သည်းခံပါ။)

*****
ညရောက်တော့ မသီတာ တူရဲ့သား Gtalk online မှာ မီးစိမ်းနေတာတွေ့လို့ စကားပြောဖြစ်ပါတယ်။ ခေတ်လူငယ်တယောက်ဖြစ်သည်နှင့်အညီ အင်တာနက် သိပ်သုံးတယ်ဆိုတာ သိထားပေမဲ့ သူနဲ့ အီးမေးလ် အဆက်အသွယ်လည်းမရှိ၊ chattingလည်း အခုမှသာ ပထမဦးဆုံး ပြောဖြစ်တာပါ။

me:  သားရေ
လုလင်:  ဗျာ တာတာ
me:  online မတွေ့လို့ တာတာက ဒီ account မသုံးတော့ဘူး ထင်နေတာ ဘယ် accountသုံးနေလဲ မေးဦးမလို့
လုလင်:  သားသုံးတယ် တာတာ့အကောင့်က Block List ထဲရောက်နေလို့ သားဟိုနေ့မှ ပြန်ကြည့်မိတယ်
me:  ဟေ အဲ့လိုလဲ ရှိသေးလား ဘယ်သူက ထည့်လိုက်တာတုန်း
လုလင်:  ဟုတ် သား တာတာနဲ့ တိုင်ပင်စရာရှိလို့
me:  ပြော
လုလင်:  သားကျောင်းတက်ဖို့ Scholar တစ်ခုရလို့
me:  ဘယ်မှာလဲ ဘယ်ကလဲ ဘာCourse လဲ
လုလင်:  ဟုတ် Sxxxxx လို့ပြောတယ် advance diploma in networking
သားက သူတို့ စစ်တဲ့ scholar စာမေးပွဲကို ၀င်ဖြေလိုက်တာ အောင်သွားလို့ တဲ့ သားကို အကြောင်းကြားတယ်
me:  ဘယ်မှာ တက်ရမှာလဲ စာမေးပွဲက ဘယ်က စစ်တာလဲ
လုလင်:  ဒီမှာ xxxxx က လုပ်တာ စလုံးမှာပဲ တဲ့
တက်ဖြစ်မတက်ဖြစ်ကို သူတို့ကို အကြောင်းကြားပါ တဲ့ ဒီလ နောက်ဆုံး
အဲ့တာ တက်ရမှာက ၁နှစ်

လုလင်:  ဟဲလို
ကွန်ကျသွားတယ်
တာတာ
အဲ့တာ သူတို့က ပြောတယ်
တက်မယ်ဆိုရင် စင်ကာပူ တစ်သောင်း နှစ်ထောင် ကျတယ် တဲ့
အဲ့တာ သားက စာမေးပွဲအောင်ထားတော့15 percent discount ရတယ်
၂၀၀၀လျော့သွားမယ်ပေါ့နော်
အဲ့တာ သား အိမ်နဲ့ တိုင်ပင်ကြည့်တော့
မေကြီးက တော့ ပြောတယ်
သူက သိပ်နားမလည်လို့ တာတာနဲ့ တိုင်ပင်ကြည့် ဆိုလို့လေ
သားလဲ
တာတာကိုလိုက်ရှာတာ
ဒီနေ့မှပဲ တွေ့ရတော့တယ်

me:  သားစာမေးပွဲ ၀င်ဖြေလိုက်တာ ကောင်းပါတယ်။ အတွေ့အကြုံရတာပေါ့။ အောင်တယ်ဆိုလို့လည်း ၀မ်းသာတယ်။
ဒါပေမဲ့ သားသိထားသင့်တာတွေ ပြောတော့မယ်။
လုလင်:  အင်း.. သား အတွေ့အကြုံရအောင်ပဲ ဖြေလိုက်တာ
ဟုတ်ကဲ့ ပြောပါ တာတာ
သားတို့ နိုင်ငံရဲ့ ကွန်နက်ရှင် ကအဆင်မပြေဘူး
me:  Ixxxxx က ပညာရေးဝန်ဆောင်မှုပေးပြီး စီးပွားရှာနေတဲ့ ကုမ္ပဏီ။
သူကို မကောင်း ပြောတာမဟုတ်ဘူး။
ဒီမှာ NUS လို University ကြီးတွေကလည်း ၀င်ငွေရှာတာပဲမို့
လုလင်:  ဆက်ပြောပါတာတာ ဟုတ်
me:  သူက မြန်မာပြည်က xxxxxx ကုမ္ပဏီလိုမျိုးနဲ့ ချိတ်လိုက်ပြီး သူ့ကျောင်း လူရအောင် ရှာတာ...ရှင်းရှင်းလေးပဲ
လုလင်:  သြော်
me:  ကိုယ်က ပိုက်ဆံပေးပြီး တက်ရမှာ...စိတ်ဝင်စားအောင် စကော်လာ အော်နေပေမဲ့
လုလင်:  အဲ့လိုကြီးကိုး ဟုတ်ကဲ့
me:  စကော်လာ ဆိုရင် Fully Scholar , Partial Scholar ရှိတယ်... သူ့ဟာကြီးက 15% discount ဆိုတော့ ...Partial Scholar လို့တောင် မသုံးပဲ ဈေးကွက်စကား discount ကို သုံးထားတာ ပေါ်တင်ကြီး ဖြစ်နေတယ်.
လုလင်:  ဟုတ်တယ်နော်
me:  တကယ်တော့လည်း Partial Scholar လို့လည်း သုံးမရပါဘူးလေ...Partial Scholar ဆိုရင်တောင် ကျောင်းလခရဲ့ တ၀က်လောက်ထိ ထုတ်ပေးရတာကို သူတို့ ကျောင်းလခက တသောင်း...ဒါကို တသောင်းနှစ်ထောင် လုပ်လိုက်ပြီး... စာမေးပွဲ ခံလိုက်ပြီး နှစ်ထောင်ကို scholar ပြော.... Discount ပြောနဲ့  လူဆွယ်တာပါခင်ဗျာ
လုလင်:  သြော် သားသိပြီ
အဲ့တာကြောင့် သူတို့က ဒီမှာ Seminar တွေ အများကြီး ခဏခဏလုပ်ပီး ရှာနေတာ
သားတို့က တော့ ကိုယ့်အတွက် knowledge တိုးအောင်လို့ လုပ်သမျှ Seminor သွားတက်တယ် နားထောင်တယ် သူတို့ လုပ်တဲ့စာမေးပွဲတွေဖြေကြည့်တယ်
me:  ဒါတွေကတော့ လုပ်သင့်တယ်။ ကိုယ့်ဘက်က အကုန်အကျ သိပ်မများဘူး ဆိုရင်ပေါ့။
လုလင်:  ဟုတ် အခမဲ့တွေကြီးပဲ အဲ့တာကြောင့်ပါ
me:  သူတို့ကျောင်းတွေလည်း ကိုယ့် ဆုံးဖြတ်ချက်နဲ့ကိုယ် တက်တဲ့သူတွေက တက်ကြတာပဲ။
လူဆိုတာအခြေအနေ အမျိုးမျိုးရှိတယ်လေ... တယောက်နဲ့တယောက်မတူဘူး
တာတာကတော့ ဒါကို အားမပေးချင်ပါ။ ဘာကြောင့်လဲ ဆိုတော့ အာမခံချက် မကောင်းလို့
ငွေပေးပြီးတက်တဲ့ကျောင်း ပြီးရင် ငွေ ဘယ်လောက် ပြန်ရမလဲ ဆိုတာနဲ့ပဲ အခုခေတ်မှာ အလွယ်ဆုံး စဉ်းစားရမှာပဲ
လုလင်:  သားလဲ တိုင်ပင်စရာလူမရှိလို့ တာတာ ကိုမေးကြည့်မယ်ဆိုပီး စောင့်နေတာ
ဒီမှာ ဘာမှအဆင်မပြေဘူး မီးတွေကမလာ connection တွေကျနဲ့ အဲ့တာဘာမှလုပ်လို့မရဘူး
me:  တာတာ သိတယ်။ အီးမေလ်ရေးလေ။ ရိုးရိုးစာနဲ့ စာတိုက်ကပို့
လုလင်:  အီးမေးလ်းရေးဖို့ Gmail ထဲဝင်ဖို့က တစ်နာရီလောက် ကြာတယ်
ဟီး
အခုသားဖွင့်ထားတာ ကြာပီ အခုထိတောင်တက်ဘူး
တော်သေးတယ် Gtalk ကောင်းနေလို့
me:  ကျောင်းက ဒီဂရီ ရအောင်လုပ်...လုပ်ငန်းခွင် အတွေ့အကြုံယူ။
လုလင်:  အင်း အလုပ်ရဖို့ကလဲ လုပ်ငန်းအတွေ့အကြုံလိုတယ် တဲ့နော်
me:  အေး..
me:  နောက်တခု အရေးကြီးတာက အလုပ်ရှာရင် အလုပ်အတွေ့အကြုံရှိရမယ်ဆိုတဲ့ (အလုပ်မရှိသေးလို့ အလုပ်ရှာပါတယ်။ အလုပ်အတွေ့အကြုံဆိုတော့ မုန့်လုံးစက္ကူကပ်သလို ရီစရာကြီး ဖြစ်မနေဘူးလား)
ဒါပေမဲ့ ဒါဟာ လောကမှာ တွေ့ကြုံရမဲ့ အမှန်တရားတွေပဲ
လုလင်:  ဟုတ်
me:  ဒီတော့ သား ဘ၀မှာ First Job ဆိုတဲ့ အလုပ်တခု ရဖို့ သိပ်အရေးမကြီးပါဘူးလား။ သိပ်ကိုလည်း ခက်ခဲသလိုပဲနော်။
လုလင်:  ဟုတ်ကဲ့ အလုပ်တွေကတော့ပေါသလိုပဲ ဒါပေမဲ့ တကယ် လုပ်မယ်လို့  စုံစမ်းတော့ မရဘူး
me:  တကယ်တော့ လျှို့ဝှက်ချက်ကို မသိလို့ပါ။
သားက အခု ကျောင်းတက်နေတာ မဟုတ်လား။ အဲ့ဒီတော့ ကျောင်းသားအလုပ် လုပ်နေတာပဲပေါ့။
အလုပ်သွားလျှောက်လို့အတွေ့အကြုံမေးရင် ဟုတ်ကဲ့ ကျောင်းသားမို့ Student မို့ study လုပ်နေတဲ့ အတွေ့အကြုံတွေရှိတယ်။ ဒါတွေ ဒါတွေ စာတွေ့ လေ့လာထားတယ်။ လက်တွေ့ လုပ်ရမည့် အခွင့်အရေး ရမယ်ဆိုရင် အစွမ်းရှိသလောက် ကြိုးစားလုပ်ချင်ပါတယ် ဆိုရင် ပြီးပြီပေါ့ မဟုတ်ဘူးလား။ 
ကိုယ့် မိဘက မွေးကတည်းက တလျှောက်လုံးပြုစု ပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ရဲ့ Personality ရိုးသားတယ်။ ယဉ်ကျေးတယ်။ ဒါတွေကလည်း သူတို့လိုတဲ့ အတွေ့အကြုံထဲ ထည့်မယ်ဆိုရင် ထည့်လို့ရပါတယ်။
me:  သားမှာ CV ရှိလား အလုပ်လျှောက်ရင် CV ကောင်းကောင်းလိုတယ်
လုလင်:  သား CV မရေးဖူးပါဘူး
me:  ရေးရမယ်။ Sample ပို့ထားလိုက်မယ်။
လုလင်:  ဟုတ်
အော် သား ဒီအကောင့်ကလဲ လူများတယ် အဲ့တာကြောင့် တစ်ခြားသီးသန့် အကောင့်တစ်ခုနဲ့ တာတာကိုအပ်မယ်
အဲ့ဒီ အကောင့်ကို ပို့ပေးပါနော်
me:  ok
သူငယ်ချင်းများတာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက် အများအတွက် ဘယ်လောက် အကျိုးဖြစ်သလဲ ဆိုတဲ့ ဘောင်တော့ရှိရမယ်နော်။
လူဘ၀က တိုတိုလေးမို့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်အပေါ် ကျေးဇူးရှိတဲ့သူတွေအတွက် ကိုယ့်အချိန်တွေ များများပေးပါ။
လုလင်:  ဟုတ်တယ်တာတာ
me:  မကောင်းတာ ဆိုရင် ကိုယ့် mind ရော body ကပါ အလိုအလျှောက် လက်မခံအောင် လေ့ကျင့်ထားပါ။
me:  ဘယ်လိုလဲ သိလား လွယ်လွယ်လေး... ကောင်းတာတွေချည်းပဲ သတိထားပြီးလုပ်
အဲ့ဒါဆို ကြာလာရင် အသိမရှိပါဘူး ဆိုတဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးကတောင်  မကောင်းတာကို လက်မခံနိုင်ပါဘူးလို့ body language နဲ့ပြောလာလိမ့်မယ်
very nice to talk with u. I may post it in my blog; about this conversation
Do u feel bored?
then, time for break!
See u

လုလင်:  Good night
thanks!
take care u'r health

သူလေးကတော့ ဆွေတွေ မျိုးတွေထဲမှာ ဆိုးတယ်လို့ ကျော်ကြားသူလေးပါ။
*****
ကလေးကလေး အထင်မသေးနဲ့
ကလေးက လူကြီးဖြစ်တာ
ကလေးကောင်းမှ လူကြီးကောင်းမှာ
လူကြီးကောင်းမှ အားလုံးကောင်းမှာ

(ဆရာတော်ဦးဆေကိန္ဒ၏ ကလေးတရားပွဲ လက်စွဲဆောင်ပုဒ်)
မောင်လုလင်ကို တွေ့တုန်းခဏ ခြောက်လုံး မြှောက်လုံးတွေနဲ့ တော်တော် ပြောဖြစ်လိုက်တာ တရားပွဲကို သားငယ်ရေစင်နှင့်မနက်ပိုင်းရော သားကြီးရေချမ်းနှင့်ညနေပိုင်းပါ နားထောင်ခွင့်ရလိုက်တဲ့ မသီတာဆီ ကလေးတွေကို ကောင်းစေချင်တဲ့ စေတနာ ဆန္ဒတွေ စိမ့်ဝင် ကူးစက်လာခြင်းကြောင့်မှတပါး အခြားမရှိပြီ။

Friday, May 28, 2010

ပျော်ပျော်ပါးပါး ကကြီး ကနေ အ အထိ

"ပျော်ပျော်ပါးပါး ကကြီး ကနေ အ အထိ'' တဲ့ သက်ဝေ က တဂ်ပါတယ်။
စာလုံးလေးတွေကို စဉ်းစားရတာနဲ့တင် ပျော်ပါတယ်။

က - "ကမ္ဘာကြီးကို ကယ်တင်ဖို့ ရေ နဲ့ မီးကို ချွေတာစို့'' ဆိုတာ...

- ခေတ်သစ် အစိမ်းရောင် ကြွေးကြော်သံ ဖြစ်လာတယ်။ (တို့နိုင်ငံက ခေတ်ရှေ့ပြေးနေတယ်။)

ဂ ဃ န ဏ ဆိုတဲ့ စာလုံးက အသေးစိတ်ကြည့်တဲ့ မှန်ဘီလူး

- ကတော့  ငြိမ်း…  ငြိမ်း ကို ငြိမ်းလိုက်ပါ။ ငြိမ်းချမ်းပါစေ ကမ္ဘာမြေ။

လုံး- နဲ့ လိမ်

အစ နဲ့ အဆုံး ကြား

- ဇွဲ… တလုံးထဲနဲ့ ရှည်လျားတဲ့ အသွင်ဆောင်တယ်။

ဈ - ဈေးကွက်စီးပွားရေး စနစ်မှာ

- ညာတာပါတေးတွေနဲ့

-  ဋီကာချဲ့ မနေတော့ပါဘူး

- ဌေးသူတွေက သူဌေးဆိုရင်

- ဍရင်ကောက်ပင်တွေကတော့  သစ်ပင်ကြီးတွေပေါ် တွယ်ကပ်ပေါက်တာ မြင်ဖူးတာပဲ။

ဎ  -

ဏ -

- တုဏှိဘာဝေ

- ထိုင်နေလို့ကတော့

- ဒီမိုကရေစီ ဆိုတာ

- ဓနရှင်တွေအတွက်ပဲ

- နှလုံးသားနဲ့ စစ်တာဝန် (ရုပ်ရှင်နာမည်)

- ပညာ သားပါပါ

- ဖော်လန်ဖားလိုက်ရ ရင်

- ဗလ အင်အားပြလို့ ရပြီ

- ဘိုးတော်ရဲ့

- မေတ္တာကြောင့်

- ယဉ်ကျေးမှုနဲ့

- ရိုးရာလည်း

- လုံးပါး ပါးပြီ။

- ၀ံသာနုစိတ်ဓာတ်နဲ့

- သယံဇာတတွေကို

- ဟိုလူကြီးက

ဠ - (ဘာရေးရမှန်းမသိတော့ပါဘူး)

- အောင်ပါစေ။ အောင်ကြပါစေ။

Wednesday, May 26, 2010

A to F for the Parent

ဒီနေ့သားတို့ ကျောင်းမှာ Empowering Your Child to Excel ခေါင်းစဉ်နဲ့ Elvin Leong ဆိုသူက မိဘများအတွက် ပညာပေးအစီအစဉ်မှာ ဟောပြောသွားပါတယ်။

သူက စကားအစမှာ “ခင်ဗျားတို့ ရေခဲသေတ္တာတို့ အ၀တ်လျှော်စက်တို့ ၀ယ်လာလို့ ပါကင်ဖောက်ပြီးရင် အရင်ဆုံး ဘာလုပ်ပါသလဲ” လို့ ပရိသတ်ကို မေးလိုက်ပါတယ်။ ပရိသတ်ထဲကတယောက်က “Manual Instruction ကို အရင်ဆုံး ဖတ်ပါတယ်” လို့ ဖြေလိုက်တော့ သူက “သိပ်ဟုတ်တဲ့ အဖြေပါပဲ”လို့ ပြောပါတယ်။ နောက်ဆက်ပြီး ကျနော်တို့ရဲ့ ချစ်လှစွာသော ရင်သွေးတွေကို ဆေးရုံမှာ မီးဖွားပြီးတဲ့အခါ သူနာပြုဆရာမလေးက ကလေးကို အနှီးထုတ်ပြီး ကျနော်တို့လက်ထဲလာထည့်တဲ့အခါ Manual လည်း ပါမလာဘူး။ သူ့ကို ပြုစုပျိုးထောင်ဖို့ “ကဲ ကျနော်တို့ ဘယ်လို လုပ်ကြမလဲ” တဲ့။ “ကလေးတွေကို ထိန်းကျောင်းတဲ့ အခါ ကြားဖူးနားဝတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကနေ၊ ကောင်းနိုးရာရာ စာအုပ်တွေ ရှာဖတ်ပြီး အခါအားလျော်စွာ try and error တွေနဲ့ သွားနေတာ များပါတယ်” တဲ့။

ပြောသွားတာတွေက…
Parenting Styles မှာ တပ်မှူးတယောက်လို တသွေးတသံတမိန့်နဲ့ ခက်ထန်နေရမှာ မဟုတ်သလို၊ ကျောရိုးမပါတဲ့ ပက်ကျိလို ခပ်ပျော့ပျော့လုပ်နေရမှာလည်း မဟုတ်ပါဘူး။ အချိန်ပြည့် အလုပ်တွေ မနိုင်မနင်းဖြစ်နေရင်လည်း ကလေးနဲ့ အလှမ်းကွာဝေးသွားတတ်ပါတယ်။ မိဘဟာ ကလေးအတွက် နည်းပြဆရာကောင်း တစ်ယောက်, အတုယူစရာ စံပြကောင်းတစ်ဦး ဖြစ်သင့်ပါတယ်။

အကျဉ်းချုပ် အနေနဲ့ကတော့ The “ABCDEF” of a Parent Coach ဆိုပြီး ချပြသွားပါတယ်။

A is for Atmosphere of Love, Trust at home. မိဘတွေက အိမ်မှာ မေတ္တာတရားနဲ့ ယုံကြည်မှုတွေကို ပေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်အောင် ဖန်တီးပေးရပါမယ်။
B is for Boundaries
ဘာတွေကို ဘယ်အတိုင်းအတာ အထိလုပ်နိုင်တယ်ဆိုတဲ့ နယ်စည်းကို နားလည်အောင် သင်ပေးရတယ်။ ကွန်ပြူတာ၊ တယ်လီဖုန်း အသုံးပြုတဲ့အချိန်၊ အပြင်သွားရင် ဘယ်အချိန်ပြန်ရောက်မယ် ဆိုတာ ပြောသွားတတ်တဲ့အလေ့အကျင့်ရှိဖို့၊ ကျောင်းမှာ နောက်ကျမယ်ဆိုရင် မိဘကို ဆက်သွယ်အသိပေးတတ်ဖို့၊ မုန့်ဖိုး အသုံးစားရိတ် ချင့်ချိန်တတ်ဖို့ ဥပမာတွေ ပေးသွားပါတယ်။ စည်းကမ်းရဲ့ အခြေခံပဲ ဆိုပါစို့။
Children feel more secure & thus tend to flourish when they know where the boundaries are.      (Dr James Dobson)
C is for Communication
ခန္ဓာကိုယ်ထဲမှာ သွေးလည်ပတ်မှု မရှိတော့ရင် သေသွားသလိုပဲ … Communication မရှိရင် Relationship က သေသွားရော။ Communication ဆိုတဲ့နေရာမှာ နားထောင်ပေးတာ, သူတို့အတွက် အချိန်ပေးတာ, သူတို့ရဲ့ ကမ္ဘာလေးထဲကို ကိုယ်လိုက်ဝင်ပေးတာမျိုးတွေ ပါပဲ။
D is for Discipline
စည်းကမ်းဆိုတာက စရိုက်ကို ပုံသွင်းပေးတဲ့ နည်းလမ်းပါပဲ။ စည်းကမ်းရဲ့ ပန်းတိုင်ကတော့ မိမိကိုယ်ကို စောင့်ထိန်းနိုင်ဖို့ပဲ ဖြစ်သင့်ပါတယ်။
E is for Esteem and Expectation
ကလေးတွေရဲ့ အမြင်နဲ့ အကြံပေးချက်တွေကို နားထောင်ပေးတာမျိုး, အသိမှတ်ပြုပေးတာမျိုးနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်လေးစားစိတ်, မျှော်လင့်ချက်တွေကို တည်ဆောက် ပေးရပါတယ်။ သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကောင်း, မကောင်းဆိုတဲ့ ရလဒ်တစ်ခုတည်းကြည့် မဆုံးဖြတ်ပဲ၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အားပေးချီးမြှောက်ဖို့ လိုပါတယ်။ သူတို့တွေရဲ့ မျှော်လင့်ချက်တွေ, ရည်မှန်းချက်တွေက ရှင်းလင်းပြီး လက်တွေ့ဆန်ဖို့လိုပါတယ်။ ပြီးတော့ စာတစ်ခုတည်းမဟုတ်ဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသင့်ပါတယ်။
F is for Future Focus
ကလေးတွေဟာ အနာဂတ်ကို ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်နေအောင် ပြင်ဆင်ပေးရတယ်။ လေတံခွန်လွှတ်သလိုပဲ တင်းအောင်ဆွဲတဲ့အခါ ဆွဲရပေမယ့် ကြိုးကိုလျှော့ပေးမှ မြင့်မြင့်တက်နိုင်မှာပါ။ ကလေးတွေဟာ ကြိုးနွံပြီး မိဘစကားကို တသွေမတိမ်း မြေ၀ယ်မကျ နာခံတတ်ဖို့ထက် တာဝန်ယူတတ်အောင် လေ့ကျင့်ပေးရပါတယ်။
သူတို့နဲ့ သင့်တော်မယ့်၊ သူတို့နှစ်သက်တဲ့ သင်ယူနည်းပုံစံကို သုံးပြီး သင်ယူစေရပါမယ်။
*****
ဒီနေ့ ဟောပြောပွဲကို မိခင်တွေသာမက ဖခင်တွေပါ အချိုးညီညီတက်ရောက်လာတာ အံ့သြဖွယ်တွေ့ရပါတယ်လို့ ဟောပြောသူက ပြောပါသေးတယ်။ ဒီပွဲက မလာမနေရ မဟုတ်ပါဘူး။ အခမဲ့ဖြစ်ပြီး ၁၁နာရီက စလို့ ၁နာရီမှာ ပြီးသွားတဲ့ အခါ နာဆီလမက် ထမင်းဗူးတွေလည်း မိဘတွေကို ဝေပါသေးတယ်။

ဒါတွေ သူတို့ ဘာကြောင့် လုပ်နေကြတာပါလဲ။
မယောင်ရာဆီလူးနေကြတာပါလား။
ဟောပြောပွဲအပြီးမှာ ဖြည့်ထားတဲ့ Feedback Form ကို ပြန်ပေး၊ ကိုယ့်ဝေစု ထမင်းထုတ်ယူအပြီး ခေါင်းထဲ ၀င်လာတဲ့ မေးခွန်းတွေပါ။
နောက်ဆုံးပိတ် မှာလိုက်ပါသေးတယ်။ “သူပြောသွားတာတွေက အကျိုးရှိပါရဲ့လား။ အကျိုးရှိတယ် ဆိုရင် လက်တွေ့ကျင့်သုံး လိုက်နာပါ။ မလိုက်နာဘူး မကျင့်သုံးဘူး ဆိုရင်တော့ ဟောပြောပွဲတွေ ဘယ်နှစ်ခုပဲ လိုက်နားထောင်ထောင် အလဟဿ အချည်းနှီးပါ” တဲ့။

ကိုယ့်ကိုယ်ကို မေးပါတယ်။ သူပြောသွားတာတွေမှာ ငါသိပြီးသား လက်ရှိ ကျင့်သုံးနေတာတွေနဲ့ တိုက်ဆိုင်မှု ဘယ်လောက်ရှိလဲ။ ဘာတွေ အသစ်ရလိုက်လဲ။ မိဘတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ အဖြေကို ရလိုက်လား။ ဆက်တွေးပါတယ်။ ဟောပြောပွဲ တခုတည်းနဲ့တော့ အားလုံးကို ပြီးပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။

ကျမကို ပြုစုပျိုးထောင်ပေးလိုက်တဲ့ မိဘနှစ်ပါးဟာ အဲ့လို သင်တန်းမျိုးတွေကို တကြိမ်တခါမှ မတက်ရောက်ခဲ့ဘူးဆိုတာ အလွန်သေချာပါတယ်။ ဒါပေမဲ့ သူတို့နည်း သူတို့ဟန်နဲ့ ပုံဖော်မှုအောက်မှာ လူလားမြောက်ခဲ့တဲ့ ကျမဟာ အကောင်းကြီးမဟုတ်သလို အဆိုးကြီးလည်း မဟုတ်ပါဘူး။ ဒီတော့ ကျမတို့တတွေဟာ ရှေးအစဉ်အလာအတိုင်း…. သွားမယ်ဆိုကြပါစို့… ယေဘုယျ သိပ်ဆန်သွားပြီး ရလဒ်အတွက် ခန့်မှန်းခြေ အဖြေကိုသာ ပေးနိုင်ပါလိမ့်မယ်။

ကိုယ့်ရင်သွေးကို အကောင်းဆုံးရဲ့ အညွန့်အဖူးတွေသာ ရစေချင် ဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့ စေတနာပါ။ ဒါပေမဲ့ လမ်းကြောင်းမှန်ဖြင့် တစိုက်မတ်မတ် ချည်းကပ်ခြင်းမျိုး မဟုတ်ဘဲ၊ ရလဒ်ကိုသာ အာရုံစူးစိုက်လွန်းတဲ့အခါ မသမာတဲ့ နည်းလမ်းတွေ သုံးလိုသုံး၊ အမှားကို အမှန်ထင် ရွှေသမင်အလိုက်လွဲပြီး တလွဲတချော်တွေ ဖြစ်လိုဖြစ်နဲ့ လိုအပ်သည်ထက် ပိုပင်ပန်းကြတာ သတိမူစရာပါ။

Tuesday, May 25, 2010

မရေးဖြစ်သော ပို့စ်များနှင့် မွေးနေ့ဆုတောင်း

ဒီလထဲမှာ ပို့စ်တပုဒ်မှ မရေးရသေးဘူး။
မရေးချင်လို့ မဟုတ်ပါပဲ မရေးဖြစ်ခဲ့တာ…

မသီတာအတွက် ဘဘော့ဂ်ပေါ်ကနေ သူငယ်ချင်းတွေကို စကားလှမ်းလှမ်းပြောရတာမို့ ပို့စ်မရေးတော့ စကားမပြောပဲ သွေးကြီးနေသလိုလို… မဟုတ်ရပါဘူး။ မသီတာမှာ တိုင်တည်စရာဆိုလို့ ဒီသူငယ်ချင်းတွေပဲ ရှိတာ… ယုန်ရုပ်လေး ရေးမပြတော့ဘူးနော် ယုံပါ။

အမေများနေ့တုန်းကလည်း မရေးလိုက်ရဘူး။
အမေ့ပုံ… မသီတာကို မမွေးခင် ၁၉၆၈ က ရိုက်ထားတဲ့ ပုံလေး (မသီတာရဲ့ အခု အသက်အရွယ်လောက်မှာ ရိုက်ထားတဲ့ပုံပေါ့) တင်ချင်မိခဲ့တယ်။ နောက်မှ အမေ့ပုံမြင်ပြီး သမီးကို အထင်ကြီးသွားမှာစိုးလို့ မတင်တော့ပါဘူး… သက်ပြင်းချ လက်လျော့လိုက်တယ်။ (ပို့စ်ရေးတယ်ဆိုတာ အဲ့လို ပိုပိုသာသာလေးတွေနဲ့မှ ဖတ်ကောင်းမှာပေါ့နော့)

မေလ ၁ရက်နေ့ (မေဒေးနေ့)က မကြီးတို့ရဲ့ နှစ်လေးဆယ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့…
အောင်ဇေယျတု သဗ္ဗမင်္ဂလာ ဘာညာကွိကွ မရေးဖြစ်လိုက်ပါဘူး။

မန္တလေးက အာဂန္တု ကိုယ်တော်တွေ ကြွလာလို့ အိမ်မှာ ဘုန်းကြီး ဆွမ်းကပ်ဖြစ်လိုက်သေးတယ်။ လင်မယားနှစ်ယောက် လှူရေး တန်းရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်လိုက်ကြပုံများ ပို့စ်အဖြစ် မှတ်တမ်းတင်ထားစရာပေါ့။ ဒါလည်း မရေးဖြစ်လိုက်ပြန်ဘူး။

မေလ ၂၁ ရက်နေ့က ကိုလေးရဲ့ ရွှေရတုမွေးနေ့ပါ။ အကိုသုံးယောက်အနက် အကြီးနှစ်ယောက်က မဟာယောက်ျားသားဝါဒကို ကိုင်ဆွဲပြီး ညီမတွေအပေါ် ဖိနှိပ်ချုပ်ချယ်ခဲ့မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးနောက် ညှာတာထောက်ထား သနားငဲ့ညှာမှုတွေနဲ့ တလျှောက်လုံး ဆက်ဆံခဲ့တဲ့ သူ့အကြောင်းတွေကလည်း ပို့စ်တခု ရေးလောက်ပါတယ်။ (ချစ်သော ဇနီး၊ သား၊ သမီး တို့နဲ့ အတူ အဖေနဲ့အမေကို ဆတက်ထမ်းပိုး တိုးပြီး ကျေးဇူးဆပ် စောင့်ရှောက်နိုင်ပါစေ။ )

ဒီနေ့ကတော့ သူငယ်ချင်း သိင်္ဂီရဲ့ မွေးနေ့…
သူ့ဘလော့ဂ်မှာ ကျေးဇူးတင်ထိုက်တဲ့သူတွေကို သူကျေးဇူးတင်ထားတယ်။
မသီတာအတွက်တော့ သိင်္ဂီက ကျေးဇူးတင်ထိုက်သူထဲမှာ ပါနေတယ်…။
“စင်္ကာပူမြို့ကြီးကိုတဲ့ ယောင်လည်လည်ရောက်လာခဲ့တယ်” ဆိုတဲ့ ပို့စ်ရဲ့ အဆက်အဖြစ် မျဉ်းကြားမကူးလို့ ရုတ်တရက်ဖမ်းကာ ဒဏ်ရိုက်ခံရတယ် ဆိုတဲ့ ပို့စ် ဆက်ရေးရင် မသီတာကို သိင်္ဂီ ဘယ်လို ကယ်တင်ခဲ့ရပုံတွေ ပါလာမှာပါ။ ဒါလည်း မရေးဖြစ်သေးပါ။ သူငယ်ချင်း သိင်္ဂီကတော့ မသီတာရဲ့ မွေးနေ့မှာ “ပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေ… သူငယ်ချင်း” လို့ ပို့စ်တစ်ခု ရေးပေးဖူးပါတယ်။ အဲ့ဒီ ပို့စ်ထဲမှာ သူရေးခဲ့သလိုပဲ … သူငယ်ချင်းရဲ့ မွေးနေ့အတွက် ပြန်လည် ဆုတောင်းပေးလိုက်ပါတယ်။

သူငယ်ချင်းရဲ့ မွေးနေ့မှသည်... ချစ်သော မိသားစုနဲ့ အတူ... အေးအတူ ပူအမျှ ပျော်ရွှင်စွာ နေထိုင်ရင်း... နောက်ဆုံး အန္တိမပန်းတိုင်ကို မိတ်ကောင်းဆွေကောင်းနဲ့ အတူ အဆုံးတိုင် လျှောက်လှမ်းနိုင်ပါစေလို့.... ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်....။

Saturday, May 22, 2010

ကလေးများအတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအခြေခံသင်တန်း

စင်္ကာပူရောက် မြန်မာကလေးငယ်များအား ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအခြေခံ ရရှိစေရန် ရည်ရွယ်၍ Satipatthana Meditation Centre (SMC) နာယကဆရာတော် ဦးရာဇိန္ဒ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ၂၀၀၅ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇွန်ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်ခဲ့ရာ ယခုနှစ် အတွက် သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပါသဖြင့် သင်တန်းတက်ရောက်လိုသူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။


 
သင်တန်းနေရာ--- No. 8 Jalan Shaer Road (S) 769335
သင်တန်းကာလ--- မေလ ၃၁-ရက် (တနင်္လာနေ့) မှ ဇွန်လ ၁၃-ရက် (တနင်္ဂနွေနေ့) အထိ
သင်တန်းချိန်--- နေ့လည် ၂း၃၀ နာရီမှ ၆း၀၀ နာရီထိ


ဝင်ခွင့်လျှောက်လွှာ www.smcmeditation.org မှလည်းကောင်း SMC မှလည်းကောင်း ရယူနိုင်ပါသည်။
သင်တန်း စာရင်းပေးသွင်းရန်နှင့် မုန့်၊ အအေး လှူဒါန်းလိုသူများ
ဒေါ်မြမြလွင် (ဖုံး - 94251195)
ဒေါ်ကြူကြူလှိုင် (ဖုံး - 97996503) တို့ထံ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။

Thursday, May 13, 2010

အနီး - အဝေး, အတွင်း - အပြင် - ၂


“အနီး - အဝေး, အတွင်း - အပြင်” တွင် အသိအမြင် သုံးမျိုးကို ဖော်ပြခဲ့သည်။ ပထမအဆင့်သည် ဗဟုသုတ အချက်အလက်ကို သိမြင်သော အသိဖြစ်သည်။ ထိုအသိတရားများသည် ပြင်ပလောကရှိ အသိခံ အာရုံများအား သိသောအသိဖြစ်သည်။ သဒ္ဒါအားဖြင့် ကံပိုင်း (Object) ကိုသိသော အသိဖြစ်သည်။ မိမိ၏ ပတ်ဝန်းကျင်ကို စူးစမ်းသော အသိဖြစ်သည်။ သိပ္ပံ, သမိုင်း, ပထ၀ီစသော ဘာသာရပ်များက ထိုပတ်ဝန်းကျင်သိအား အလေးပေးသည်။ သိပ္ပံ, သမိုင်းစသော ဘာသာရပ်များမှ ပေးသော အသိပညာတို့ဖြင့် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် အစဉ် အားထုတ်ကြသည်။

ဒုတိယအဆင့်သည် ဗဟုသုတ, အချက်အလက်တို့ကို ကျော်လွန်၍ မိမိကိုယ် မိမိ စူးစမ်းရှာဖွေသော အသိမျိုးဖြစ်သည်။ ပြင်ပလောက ပတ်ဝန်းကျင်ကို ကျော်လွန်၍ “မိမိ” ဟူသော အတွင်း အဇ္ဈတ္တိကလောကကို စူးစမ်းသော အသိဖြစ်သည်။ အတွင်းစိတ် အာရမ္မဏိကကို သိသော အသိဖြစ်သည်။ သဒ္ဒါသဘောအားဖြင့် ကတ္တားပိုင်း (Subject) ကို သိသော အသိဖြစ်သည်။ “ဘ၀တွင် မည်သို့ ကျင့်ကြံ နေထိုင်ရမည်” ဟု လမ်းညွှန်ပေးသော အသိမျိုးဖြစ်၍ နီတိ, ဒဿန, ကိုးကွယ်ယုံကြည်မှု ဘာသာတရားတို့က ဤအသိမျိုးကို ဦးစားပေးသည်။ ထိုအသိတရားတို့ဖြင့် လူကောင်းတစ်ဦး ဖြစ်စေရန် အားထုတ်ကြသည်။

ဗုဒ္ဓဘုရားရှင် လက်ထက်က မိမိတို့၏ လက်ဝတ်ရတနာများအား ခိုးယူသွားသည့် ပြည့်တန်ဆာမအား လိုက်လံရှာဖွေနေကြသော ဘဒ္ဒ၀ဂ္ဂီခေါ် မင်းသားသုံးဆယ်တို့အား “မိန်းမကို ရှာဖွေခြင်းသည် မြတ်သလော, မိမိကိုယ် မိမိရှာဖွေခြင်းသည် မြတ်သလော” ဟု ဘုရားရှင်က မေးခွန်းထုတ်ခဲ့ဖူးသည်။ Soul Searching ခေါ် မိမိကိုယ် မိမိရှာဖွေခြင်း (အတ္တာနံ ဂဝေသနာ) သည် ဘာသာတရား၏ အစခြေလှမ်းဖြစ်၏။ သို့သော် လမ်းဆုံးကား မဟုတ်။ ဗုဒ္ဓ၀ါဒအမြင်အရ “အရာခပ်သိမ်းတို့သည် အတ္တမဟုတ်, ငါ, ငါ့ဥစ္စာ မဟုတ်” ဟူသော အနတ္တ အသိအမြင်ဖြစ်သည်။ အတွင်း-အပြင်နှစ်လောကလုံးအား “ငါ, ငါ့ဟာ” ဟူ၍ စွဲလမ်းခြင်းကင်းသော အမြင်ဖြစ်သည်။ ငါ့ဟာဟု ထင်သော တဏှာ, ငါဟု ထင်သော မာန, ငါ့အတ္တဟု ထင်သော ဒိဋ္ဌိတို့ ကင်းကွာသော အမြင်ဖြစ်သည်။

မိမိကိုယ် မိမိရှာဖွေသည့်အခါတွင် အချို့အချို့သော ဒဿနဆရာတို့သည် မိမိတို့ “ငါ” ဟုထင်ထားသည့် အတ္တ ပျောက်ဆုံးနေသည်ကို သိမြင်ကြသည်။ အထူးသဖြင့် ဖြစ်တည်မှုဝါဒီတို့ဖြစ်ကြသော Camus က “မိမိသည် မိမိအတွက် တစိမ်းတရံစာ” ဖြစ်နေသည်ဟု ဆို၏။ Sartre က အသိစိတ်သည် “ဤသို့ ဤဟာဟု သတ်မှတ်၍ မရ အမြဲအနာဂတ်သို့ ညွှတ်နေသည့် နတ္ထိတရား” အဖြစ်မြင်သည်။ သူတို့အရင်ကျသော Hume ကလည်း အတ္တဆိုသည်ကို ရှာမရ … ပူခြင်း, အေးခြင်း, ချစ်ခြင်း, မုန်းခြင်း စသဖြင့်သော အစဉ်တစိုက်ပြောင်းလဲနေသည့် သိမှုအစုအဝေးသာ ဖြစ်သည်” ဟု မြင်သည်။ ထိုသို့သိမြင်ခြင်းကိုပင် “ဗုဒ္ဓဒေသနာများအား မကြားနာဖူးပါလျှက် မိမိတို့၏ စိန္တာမယအသိဉာဏ်အလျောက် အနတ္တအမြင်ပေါက်သွားကြသည်” ဟု အချို့က အထင်ရောက်ကြသည်။ စင်စစ် ယင်းအသိအမြင်တို့သည်ကား အနတ္တအမြင် အစစ်မဟုတ်သေး။ “ငါ့တွင် ခိုင်မြဲသော အတ္တ မရှိပါတကား။ ငါ့တွင် အားကိုးစရာ အတ္တ မရှိပါတကား” ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိသာ ဖြစ်သည်။ အတ္တဒိဋ္ဌိကင်းစဉ်သော အသိတရား မဟုတ်သေး။ တဏှာကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်မည့် အသိတရား မဟုတ်သေးပေ။

ပုထုဇဉ်တို့သည် အများအားဖြင့် “ရှိခြင်း” နှင့် “မရှိခြင်း” ဟူသော အစွန်းတခုခုတွင် ငြိတွယ်နေကြသည်။ “ငါသေလွန်က ဆက်ရှိနေမည်။ မနေ့က ငါသည် ဒီနေ့ ငါနှင့် အတူတူပင်ဖြစ်သည်” စသဖြင့် ယူဆခြင်းများသည် “ရှိမှုအစွန်း” သဿတဒိဋ္ဌိ ဖြစ်သည်။ “ငါသေလွန်က မရှိတော့။ မနေ့က ငါသည် ဒီနေ့ ငါမဟုတ်တော့” စသဖြင့် ယူဆခြင်းများသည် “မရှိမှုအစွန်း” ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သည်။ ထိုအစွန်းတရားများတွင် ငြိတွယ်နေခြင်းသည်လည်း အကြောင်းအကျိုးဆက်နွယ်မှုကို မသိမြင်သေး၍ ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်တရားအား မသိမြင်သေး၍ ဖြစ်သည်။ အကြောင်းတရားတို့အားမှီ၍ အကျိုးတရားတို့ ဖြစ်သည်ကို မှန်စွာ သိမြင်ပါက “မရှိတော့, မဖြစ်တော့” ဟူသော ဥစ္ဆေဒအစွန်းကို ပယ်နိုင်သည်။ အကြောင်းတရားတို့ ချုပ်သောအခါ ယင်းအားမှီနေသည့် အကျိုးတရားတို့လည်း ချုပ်ကြရသည်ကို မှန်စွာ သိမြင်သောအခါ “ဆက်ရှိနေသည်, ခိုင်မြဲသည်” ဟူသော သဿတအစွန်းကို ပယ်၏။ အစွန်းတရားနှစ်ပါးလွတ်ကာ အကြောင်းကြောင့် အကျိုးဖြစ်ရသည်ကို သိမြင်သောအခါ အတ္တအမြင်ကင်းစင်၍ မှန်ကန်သော အနတ္တအသိ အမြင်ဖြစ်ပေါ်သည်။ မှန်ကန်သော အနတ္တအသိအမြင်သည်သာ တပ်မက်ခြင်း တဏှာကုန်ရာသို့ ပို့ဆောင်နိုင်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော ဒုက္ခချုပ်ငြိမ်းမှုကို မျက်မှောက်ပြုစေနိုင်သည်။

ဗဟုသုတအသိများဖြင့် လောက ကောင်းကျိုးကို ဆောင်ရသည်။ အဇ္ဈတ္တအသိတရားတို့ဖြင့် မိမိကိုယ် မိမိ ကောင်းမွန်အောင် တည့်မတ်ရသည် (အတ္တ သမ္မာ ပဏိဓိ)။ ဘ၀ ကောင်းကျိုးကို ဆောင်ရွက်ရသည်။ အကြောင်းအကျိုး, အဖြစ်အပျက်တို့ကို ဘာဝနာပွားများ၍ရသော အနတ္တအသိအမြင်ဖြင့် အတ္တနှင့် လောကမှ လွန်မြောက်ခြင်းဟူသော လောကုတ္တရာအကျိုးကို ဆောင်ရွက်ရသည်။ ဘ၀မှ လွတ်မြောက်အောင် အားထုတ်ရသည်။

Monday, May 3, 2010

အနီး - အဝေး, အတွင်း - အပြင်

ဟေတီတွင် ငလျှင်လှုပ်တော့ တရုတ်ပြည် စီချွမ်ငလျှင်လောက် စင်္ကာပူတွင် လှုပ်လှုပ်ရှားရှားမဖြစ်ခဲ့။ ထိုင်း, သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံမှာ လူပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆူနာမီသည်လည်း နာဂစ်မုန်တိုင်းလောက် မြန်မာတို့ကို စိတ်ထိခိုက်စေခဲ့မည် မဟုတ်ပါ။ အကယ်၍ အင်္ဂါဂြိုဟ်ပေါ်တွင် အလွန်ပြင်းထန်သော စူပါမုန်တိုင်းများတိုက်၍ ငလျှင်အကြီးအကျယ် လှုပ်ခဲ့ပါက သတင်းခေါင်းကြီး တစ်ပုဒ်ဖြစ်လာပါမည်လော … ။ အဖြစ်အပျက်များ၏ အရေးပါမှုသည် ထိုအဖြစ်အပျက်တို့၏ ပမာဏအကြီးအသေးထက် မိမိတို့အပေါ် သက်ရောက်မှု အတိမ်အနက်နှင့် ပို၍ သက်ဆိုင်နေပါလိမ့်မည်။

“ရှမ်းပြည်နယ်စပ်မှ ရွာလေးတစ်ရွာတွင် အလောင်းစည်သူမင်း ဖောင်ဆိုက်ခဲ့ခြင်း ရှိ-မရှိ” ဟူသော ပြဿနာသည် သမိုင်းသဘောအရ အချက်အလက်မှန်ကန်မှု ရှိမရှိ စစ်တမ်းထုတ်သင့်သော ပြဿနာဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သမိုင်းအထောက်အထားများ, သိပ္ပံနည်းပညာများဖြင့် ဆန်းစစ်၍လည်း ရကောင်း, ရနိုင်ပါလိမ့်မည်။ သို့သော် ထိုအချက်အလက် မှန်ခြင်း, မှားခြင်းအတွက် မိမိတို့၏ ဘ၀တွင် အရေးပါသော အပြောင်းအလဲတစ်ခုတော့ ဖြစ်ပေါ်စေနိုင်မည် မဟုတ်။ ထိုသို့သော အမှန်တရားတို့အား Objective truth ဟုခေါ်သည်။ ဤနေရာတွင် Objective အား ဓမ္မဓိဋ္ဌာန်ဟု ဘာသာပြန်မည့်အစား ဗဟိဒ္ဓအမှန်တရားဟု (စကားလုံးအသုံးအနှုန်းကြောင့် အဂတိမရောက်စေရန်) ပြန်ကြည့်ချင်ပါသည်။ Object သည် အသိခံ အာရုံဖြစ်သည်။

အကယ်၍ ဆေးစစ်ချက်တစ်ခုအရ “မိမိတွင် ဦးဏှောက်ကင်ဆာ ဖြစ်နေသည်” ဟု သိရသော အချက်အလက်မျိုးသည်လည်း သိပ္ပံနည်းပညာများဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ စမ်းသပ်သက်သေပြနိုင်သော ဗဟိဒ္ဓအမှန်တရားမျိုး ဖြစ်ပါသည်။ သို့သော်လည်း ထိုအချက်အလက်မှားခြင်း, မှန်ခြင်းသည် “ငါ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်သင့် သလဲ” ဟူသော မေးခွန်းအား ဖြေဆိုရန် တောင်းဆိုလာသည့် ပြဿနာဖြစ်သည်။ မိမိတို့၏ ဘ၀တွင် မည်သို့နေထိုင်သွားမည်, မည်သို့ရင်ဆိုင်သွားမည်ဟူသော အသိတရားသည် အမေးတူသည့်တိုင် လူတစ်ဦးချင်းစီအလိုက် အဖြေမတူညီနိုင်သည့် ပြဿနာများ ဖြစ်သည်။ ထိုအဖြေတို့၏ အမှန်အမှားသည် မိမိတို့၏ ဘ၀အရွေ့အပြောင်းကို လမ်းကြောင်းပေးနေကြသည်။ ထိုအမှန်တရားတို့အား Subjective truth ဟုခေါ်ပါသည်။ ပုဂ္ဂလဓိဋ္ဌာန်ဟု ပြန်လေ့ရှိကြသော်လည်း အဇ္ဈတ္တိကအမှန်တရားဟု ပြန်ကြည့်ပါမည်။ စင်စစ် အဇ္ဈတ္တိက (အတွင်း) ဟူသော စကားသည်လည်း “အတ္တကို ထောက်ဆ၍ သိသော (အဇ္ဈတ္တိက = အဓိ + အတ္တ + ဣက)” ဟုအဓိပ္ပါယ်ရပါသည်။ Subject သည် ပုထုဇဉ်တို့က အတ္တဟု စွဲယူထားကြသော သိစိတ် အာရမ္မဏိကဖြစ်သည်။

ဗဟိဒ္ဓအမှန်တရားများ, အချက်အလက် အသိအမြင်များ, သိပ္ပံအသိအမြင်များသည် သူ့နေရာနှင့်သူ အလွန် အရေးပါကြသော်လည်း အဇ္ဈတ္တိကအမှန်တရားများ, အတွင်းသိအမြင်များလောက် ဘ၀အတွက် သေရေးရှင်ရေးတမျှ အရေးမကြီးလှပါ။ ဖြစ်တည်မှုဝါဒီတို့က ထိုအချက်ကို သိမြင်ကြသည်။ မိမိတို့၏ ဘ၀နေရေး သေရေးအတွက် ဦးဆောင်လမ်းပြနိုင်မည့် အမှန်တရားကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။ Scientific method တွင် ဘ၀ပြဿနာတို့၏ အဖြေအား ပြင်ပအာရုံပိုင်း, ရုပ်ပိုင်းတွင် ရှာဖွေကြသည်။ ဖြစ်တည်မှုဝါဒီတို့၏ phenomenological method တွင် ဘ၀ပြဿနာ၏ အဖြေအား အတွင်းအာရမ္မဏိကပိုင်း, စိတ်ပိုင်းတွင် ရှာဖွေကြသည်။
“To find a truth which is true for me, to find the idea for which I can live and die.” (Søren Kierkegaard)
-------
“ငါ့မှာ နှလုံးသား ရှိတယ်။ ငါကိုယ်တိုင် ခံစားနိုင်လို့ ရှိတယ်လို့ ကောက်ချက်ချတယ်။ ဒီလောကကြီးလည်း ရှိတယ်။ ငါကိုယ်တိုင် ထိတွေ့သိနိုင်လို့ ဒီလောကကြီး ရှိတယ်လို့ သိနိုင်ပြန်ပါတယ်။ ငါ့ အသိတရားအားလုံးက ဒီတင် ရပ်သွားသည်။ ကျန်တာတွေက လုပ်ကြံထားတဲ့ အသိတွေပါ။ ငါ သေခြာပေါက်ပြောခဲ့တဲ့ ငါ့ကိုယ် ငါ ဖမ်းဆုပ်ဖို့ အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးပမ်းလိုက်တဲ့အခါ၊ ငါ့ရဲ့ လက်ချောင်းတွေအကြား စီးဝင်သွားတဲ့ အရည်တစ်ခုထက် မထူးခြားတော့။ … ငါ့ရဲ့ စိတ်နှလုံးဟာ ငါ့အတွက်တော့ အဓိပ္ပါယ် ဖွင့်ဆိုရ ခက်ခဲနေဆဲပါပဲ။ … ငါဟာ ငါ့အတွက်တော့ အမြဲတမ်း တစိမ်းပြင်ပြင် ဖြစ်နေခဲ့တယ်။ သူတို့ရဲ့ ကြမ်းတမ်းမှုတွေကို တွေ့ထိကြည့်နိုင်တဲ့ သစ်ပင်တွေ, သူတို့ရဲ့ အရသာကို ငါ ခံစားကြည့်နိုင်တဲ့ ရေတွေ, … မြက်ခင်းစိမ်းစိမ်းရဲ့ ရနံ့တွေ, ကြယ်တာရာတွေ, ညချမ်းတွေ, ငါ့စိတ်ကို ပေါ့ပါးစေခဲ့တဲ့ ညနေခင်းတွေ, … သူတို့တွေရဲ့ အင်အားတွေကို ငါကိုယ်တိုင်ခံစားသိမြင်နေလျှက်နဲ့ ဒီလောကကြီးကို ဘယ်လို ငြင်းဆန်နိုင်ပါ့မလဲ…။ ဒါပေမယ့် ဒီကမ္ဘာမြေမှာရှိသမျှ သိပ္ပံပညာတွေအားလုံးက ဒီလောကကြီးဟာ ငါ့ရဲ့ လောကကြီးပါဆိုတဲ့ သေခြာမှုမျိုးကို မပေးနိုင်ပါဘူး။ (Camus – The Myth of Sisyphus and Other Essays)

ဘ၀ပြဿနာ၏ အဖြေကို ပြင်ပအချက်သိများတွင် မရှာပဲ၊ အဇ္ဈတ္တသို့ နှိုက်၍ ရှာဖွေသောအခါ ဖြစ်တည်မှုဝါဒီတို့ တွေ့မြင်သည်ကား အဖြေမဟုတ်။ ဒွိဟပြဿနာတစ်ခုသာ ဖြစ်နေသည်။ ကမူးအတွက် မိမိကိုယ်တိုင်သည် မိမိအတွက် “အပြင်လူ” ဖြစ်နေသည်။ အသိစိတ်သည် ရုပ်တရားကြီးကဲ့သို့ ဟိုဟာ, ဒီဟာ ညွှန်ပြ၍ မရ အမြဲ အငြင်းသဘောဆောင်နေသည့် နတ္ထိတရား (Nothingness) ဖြစ်နေသည်။ ဤသို့ ဆုပ်ကိုင်မရသည်ကိုပင် သူတို့က လွတ်လပ်မှုဟု ကြွေးကြော်ကြသည်။ သို့သော် သူတို့၏ လွတ်လပ်မှုသည် ချမ်းသာသုခနှင့် ယှဉ်သော လွတ်လပ်မှုမျိုးကား မဟုတ်။ စိုးရိမ်မှု သောကများနှင့် ပြည့်နှက်နေသော ဒဏ်ခတ်ခံရသည့် လွတ်လပ်မှုမျိုးဖြစ်သည်။

ဗုဒ္ဓမြတ်စွာဒေသနာအရ အတ္တမဟုတ်ဟု သိမြင်သောအမြင်သည် မှန်ကန်သောအမြင်ဖြစ်သည်။ သို့သော်လည်း ဖြစ်တည်မှုဝါဒီတို့၏ အတ္တ ပျောက်ဆုံးနေမှုသည် အနတ္တအမြင် အစစ်မဟုတ်။ “နတ္ထိ မေ အတ္တာတိ - ငါ့အား အတ္တ မရှိ” ဟူသော အတ္တဖြင့် အနတ္တကို ရှုမြင်သော အယူဖြစ်နေသည်။ ဖြစ်တည်မှုဝါဒီတို့ကို မဆိုထားလင့် ဘုရားရှင်လက်ထက်က (ပရိနိဗ္ဗာန်စံပြီးစ) အရှင်ဆန္နမထေရ်သည်ပင် “အနိစ္စ, အနတ္တ” ဟု ရှုပွားလျှက်ပင် “အထ ကော စရဟိ မေ အတ္တာတိ - သို့ဆိုလျှင် ငါ၏ အတ္တသည် အဘယ်နည်း” ဟု ပြန်၍ စိတ်လည်ကာ တရားမရ ဖြစ်ရသည်။ အသိစိတ် အာရမ္မဏိကတရားတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းမှန်ကို မသုံးသပ်နိုင်၍ ဖြစ်သေည်။ အတွင်း အာရမ္မဏိကတရားတို့အား ကပ်ငြိနေ၍ ဖြစ်သည်။ ဗုဒ္ဓဘာသာအရ အမှန်တရား ရှာဖွေခြင်းသည် ဗဟိဒ္ဓအာရုံပိုင်းနှင့် အဇ္ဈတ္တိက, လောကနှင့် အတ္တ, အတ္တနှင့် အတ္တနိယ, ရှိခြင်းနှင့် မရှိခြင်းစသော အစွန်းတရားများတွင် မကပ်ငြိသည့် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြစ်သည်။

အရာရာအား ငါ (အတ္တ), ငါနှင့် ပတ်သက်သောအရာ (အတ္တနိယ) မဟုတ်ဟု နှလုံးသွင်းနိုင်ပါက စိုးရိမ်ခြင်း, ကြောက်ရွံခြင်း, စိတ်မချမ်းမြေ့ခြင်း မရှိနိုင်တော့ပါ။ လူတို့သည် ဇေတ၀န်ကျောင်းမှ အမှိုက်တို့အား ယူဆောင်၍ မီးရှို့ကြပါက ငါ့တို့၏ အမှိုက်များအား ယူကြလေခြင်း, မီးရှို့ကြလေခြင်းဟု စိတ်နှလုံးမသာမယာ ဖြစ်ကြမည်မဟုတ်။ ထို့အတူပင် ခန္ဓာငါးပါးတို့အား အတ္တမဟုတ်, အတ္တနိယမဟုတ်ဟု ပယ်စွန့်နိုင်ပါက ချမ်းသာမှုကိုရကြမည်ဟု နတုမှာကသုတ်တွင် ဟောကြားထားသည်။ ရဟန္တာအရှင်မြတ်တို့၏ စိတ်သည်ကား ဘ၀အနိမ့်အမြင့်များ, လောကဖြစ်ရပ်များအားလုံးအား အင်္ဂါဂြိုဟ်ပေါ်မှာ စူပါမုန်တိုင်းတိုက်ခတ်မှုများပမာ အတ္တ, အတ္တနိယတို့ဖြင့် မငြိတွယ်သောအမြင် ထားရှိနိုင်ကြပါသည်။

မှတ်ချက်။ ဒီပို့စ်ပါအချက် အချို့ကို “အတ္တရုပ်ကြွင်းအား တူးဆွခြင်း” လို့ရေးခဲ့ ဖူးပါတယ်။ ရေးဖို့စိတ်ကူးထားတဲ့ စာတမ်းကတော့ ချ မရေးဖြစ်သေးပါ။


စာညွန်း
မ-၁-၁၉၊ မူလပဏ္ဏာသ၊ မူလပရိယာယ၀ဂ်၊ သဗ္ဗာသ၀သုတ်
သံ-၃-၉၀၊ ခန္ဓသံယုတ်ပါဠိတော်၊ ခန္ဓသံယုတ်၊ ထေရ၀ဂ်၊ ဆန္နသုတ်
သံ-၃-၃၃၊ ခန္ဓသံယုတ်ပါဠိတော်၊ ခန္ဓသံယုတ်၊ နတုမှာက၀ဂ်၊ နတုမှာကသုတ်