Sunday, November 14, 2010

လွတ်မြောက်မှုသို့ ကိုင်းညွှတ်ခြင်း

ငှက်တစ်ကောင်၏ ကျော့ကွင်းမှ လွတ်မြောက်မှု, လူသားတစ်ဦး၏ နိုင်ငံရေး, စီးပွားရေး, လူမှုရေး လွတ်မြောက်မှု, အရိယာ သူတော်စဉ်တို့၏ ကိလေသာမှ လွတ်မြောက်မှုတို့သည် သဘောသဘာဝချင်း, အဆင့်အတန်းချင်း ကွဲပြားခြားနားကြသော်လည်း “အနှောင်အဖွဲ့မှ လွတ်လပ်ခြင်း” ဟူသော အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ နိမိတ် သင်္ကေတများသည်လည်း အတူတူပင် ဖြစ်သည်။

အမှောင်ခွင်း၍ အလင်းကိုဆောင်သော နေမင်းသည် လောကသားတို့၏ အကြောက်တရားကို ပယ်ရှား၍ ရဲဝံ့ခြင်းကို ပေးတတ်သောကြောင့် “သူရိယ” ဟု အမည်တွင်သည်။ အဝိဇ္ဇာအမှောင်ကို ခွင်း၍ သစ္စာအလင်းရောင် ပေးသော သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးသည့် ဘုရားရှင်တို့အား နေမင်း (အာဒိစ္စ) ဟု တင်စားခေါ်ဝေါ်ကြသည်။

ပွင့်တော်မူပြီးကုန်သော ဘုရားရှင်များ, ဘုရားရှင်တို့၏ ဗောဓိဉာဏ်, ကိလေသာမှ လွတ်မြောက်သူများနှင့် လွတ်မြောက်မှု ဝိမုတ္တိတရားတို့အား ရည်မှန်း၍ နံနက် နေထွက် အစာရှာထွက်ချိန်, ညနေ နေဝင်ချိန် အိပ်တန်းတက်ချိန်တို့တွင် နေမင်းအား ကိုင်းညွှတ် ရှိခိုး၍ အရံအတားပြုသောကြောင့်၊ အလောင်းတော် ဥဒေါင်းမင်းသည် မုဆိုးတို့၏ ကျော့ကွင်းရန်မှ နှစ်ပေါင်းများစွာ လွတ်မြောက်ခဲ့ဖူးသည်ကို ဒုကနိပါတ် မောရဇာတ်တွင် ဟောကြားထားသည်။

မိမိတို့၏ အနှောင်အဖွဲ့ဘေးတို့မှ လွတ်မြောက်နိုင်ရန် ထိုမောရဇာတ်လာ ဂါထာတို့အား အရံအတား ပရိတ် မန္တန်အဖြစ် ရွတ်ဖတ် သရဇ္ဈာယ်ကြသည်။ လွတ်မြောက်မှုကို အလိုရှိသူသည် လွတ်မြောက်သူတို့နှင့် လွတ်မြောက်မှုတရားအား ရည်မှန်း ဦးခိုက်ကာ အစဉ်သတိတရား လက်ကိုင်ထား၍ ကျင့်ကြံနေထိုင် သွားကြရသည်။

ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။

စိရဿံ ဝါယမန္တာပိ၊ နေဝသက္ခိံသု ဂဏှိတုံ၊
ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

ဗောဓိဉာဏ်၏ အဆောက်အဦဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်လျက် ဥဒေါင်းငှက်မျိုး၌ ဖြစ်စဉ်
အကြင်ပရိတ်တော်ဖြင့် စီမံ စောင့်ရှောက်ထားသော ဘုရားအလောင်း ဥဒေါင်းမင်းကို တောမုဆိုးတို့သည်
ဖမ်းယူရန် နှစ်ပေါင်းများစွာ ကြိုးစားကြသော်လည်း မဖမ်းနိုင်ကြ။
အိုသူတော်ကောင်းတို့… “ဗြဟ္မမန္တန်” ဟု ဆိုအပ်သော (ဤမောရသုတ်) ပရိတ်တော်ကို ရွတ်ဖတ်ကြပါကုန်စို့။

ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော၊ ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ၊ ပထဝိပ္ပဘာသံ။
တယာ’ဇ္ဇာ ဂုတ္တာ ဝိဟရေမု ဒိဝသံ။

(အမှောင်ခွင်း၍ အလင်းဆောင်ကာ) အမြင်ဓာတ်ကို ပေးတတ်သူတို့တွင် မင်းမြတ်ဧကရာဇ်ဖြစ်သော၊ ရွှေအဆင်းနှင့်တူသော အလင်းဖြင့် ကမ္ဘာမြေကို ထွန်းလင်းစေသော ရှင်နေမင်းသည် အရှေ့လောကဓာတ်မှ ထွက်ပေါ်၍ လာ၏။ ထို ရွှေအဆင်းနှင့်တူသော အလင်းဖြင့် ကမ္ဘာမြေကို ထွန်းလင်းစေသော ရှင်နေမင်းအား ရှိခိုးပါ၏။ ယနေ့အဖို့ ရှင်နေမင်း၏ အစောင့်အရှောက်ကို ခံယူ၍ ကျွနု်ပ်သည် ဤတစ်နေ့တာ ကာလပတ်လုံး ချမ်းသာစွာ နေရပါလို၏။

ယေဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော စရတိ ဧသနာ။

အလွန်စင်ကြယ် မြင့်မြတ်သော ဘုရားရှင်တို့သည် တရားအလုံးစုံကို သိမြင်တော်မူကြ၏။ ထိုဘုရားရှင်တို့သည် အကျွနု်ပ်၏ ရှိခိုးခြင်းကို ခံတော်မူကြပါကုန်။ ထိုဘုရားရှင်တို့သည် အကျွနု်ပ်အားလည်း စောင့်ရှောက်တော်မူကြပါကုန်။ (ပရိနိဗ္ဗာန်ဝင်စံပြီးကုန်သော) ဘုရားရှင်တို့အား အကျွနု်ပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ။ ထိုဘုရားရှင်တို့၏ ဗောဓိဉာဏ်တော်ကို အကျွနု်ပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ။ ကိလေသာမှ လွတ်မြောက်ကြကုန်သော ဘုရားရှင်တို့အား ရှိခိုးပါ၏။ ထိုဘုရားရှင်တို့၏ လွတ်မြောက်မှု ဝိမုတ္တိတရားအားလည်း ရှိခိုးပါ၏။ ဤသို့ အရံအတားကိုပြုလုပ်၍ လှည့်လည် အစာရှာဖွေ၏။

အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော၊ ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ၊ ပထဝိပ္ပဘာသံ။
တယာ’ဇ္ဇာ ဂုတ္တာ ဝိဟရေမု ရတ္တိံ။

(အမှောင်ခွင်း၍ အလင်းဆောင်ကာ) အမြင်ဓာတ်ကို ပေးတတ်သူတို့တွင် မင်းမြတ်ဧကရာဇ်ဖြစ်သော၊ ရွှေအဆင်းနှင့်တူသော အလင်းဖြင့် ကမ္ဘာမြေကို ထွန်းလင်းစေသော ရှင်နေမင်းသည် အနောက်လောကဓာတ်သို့ ဝင်လေပြီ။ ထို ရွှေအဆင်းနှင့်တူသော အလင်းဖြင့် ကမ္ဘာမြေကို ထွန်းလင်းစေသော ရှင်နေမင်းအား ရှိခိုးပါ၏။ ယနေ့အဖို့ ရှင်နေမင်း၏ အစောင့်အရှောက်ကို ခံယူ၍ ကျွနု်ပ်သည် ဤတစ်ညတာ ကာလပတ်လုံး ချမ်းသာစွာ နေရပါလို၏။

ယေဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော, တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသ’မကပ္ပယိ။

အလွန်စင်ကြယ် မြင့်မြတ်သော ဘုရားရှင်တို့သည် တရားအလုံးစုံကို သိမြင်တော်မူကြ၏။ ထိုဘုရားရှင်တို့သည် အကျွနု်ပ်၏ ရှိခိုးခြင်းကို ခံတော်မူကြပါကုန်။ ထိုဘုရားရှင်တို့သည် အကျွနု်ပ်အားလည်း စောင့်ရှောက်တော်မူကြပါကုန်။ (ပရိနိဗ္ဗာန်ဝင်စံပြီးကုန်သော) ဘုရားရှင်တို့အား အကျွနု်ပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ။ ထိုဘုရားရှင်တို့၏ ဗောဓိဉာဏ်တော်ကို အကျွနု်ပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ။ ကိလေသာမှ လွတ်မြောက်ကြကုန်သော ဘုရားရှင်တို့အား ရှိခိုးပါ၏။ ထိုဘုရားရှင်တို့၏ လွတ်မြောက်မှု ဝိမုတ္တိတရားအားလည်း ရှိခိုးပါ၏။ ဤသို့ အရံအတားကိုပြုလုပ်၍ မိမိ၏နေရာ၌ နေ၏ (အိပ်တန်းတက်၏)။

(ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ… မတရားသဖြင့် အချုပ်အနှောင်ခံနေကြရသူများ အားလုံး လွတ်မြောက်ကြပါစေ … )

စာညွှန်း
၁။ ဇာတက-၁၅၉၊ ဒုကနိပါတ်-မောရဇာတ်
၂။ ဦးပညာသာမိ (မာဂဓီ-သာစည်) - ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း
၃။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ - ပရိတ်ပါဠိ, ပရိတ်ကြီးနိဿယနှင့် ပရိတ်တရားတော်များ
၄။ The Jataka - Stories of the Buddha’s former births, translated by E.B. Cowell 
(http://www.sacred-texts.com/bud/j2/j2012.htm)

Friday, November 12, 2010

လွတ်လွတ် ချစ်သူ…


လောကဝတ်တွေနဲ့ ထိန်းချုပ်၊ အပြင်လူတွေ မသိစေရတဲ့ ကိုယ့်စိတ်ရိုင်းတွေ လွှင့်ထုတ်သမျှ
တိတ်တဆိတ်ခံယူသူ…

အမှား ဆိုရင် အမှား၊ အမှန်ဆိုရင်တော့ အမှန်၊ အချစ်အတွက် အဆစ်ကလေးပေး ဘယ်တော့မှ ဘက်မလိုက်သူ…

လောကဓံမုန်တိုင်းတွေ ကြမ်းချင်သလောက်ကြမ်း၊ မောပြီဟေ့လို့ မှော်ရုံတောမှာ မထားခဲ့သူ…

သံသာလေ ကမ်းတိုင် ♫ ရွှေသစ္စာ (မဏ္ဍိုင်)၂ တူပြိုင်ပြိုင် စိုက်စို့မောင်ရယ် ♪
အော်..♫ မခိုင်လို့ ကျိုးတောင်မှ ♪(တိုင်ဖိုးကို)၂ လျော်ပါ့မယ်… ♪♪ ဆိုတဲ့ သီချင်းမျိုးပင် မဆိုစေလိုသူ…

ရိုးရိုးကြီး… သူ၊
လွတ်လွတ် ချစ်သူ…

(ကိုဧရာအတွက် မွေးနေ့ အမှတ်တရ)

Monday, November 8, 2010

နှုတ်ဆက်ပါတယ်ဆရာ

ပုံရိပ်ဟောင်းများ - ၁ ကို ရေးနေစဉ်က အော်တိုစာအုပ်ဟောင်းလေးကို ထုတ်ကြည့်တော့ ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ စာမျက်နှာတွေအရောက်မှာ ကိုယ့်စိတ်ကို ကိုယ် တည်ငြိမ်အောင် သတိထားဆောက်တည်ခဲ့ရပါတယ်။ အထူးသဖြင့် ဆရာကြီး ဒေါက်တာစန်းတင့်နဲ့ ဆရာမဒေါ်ညွန့်ညွန့်ရီတို့ရဲ့ စာမျက်နှာတွေပါ။ အော်တိုမှာ မပါတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရုပ်ပုံလွှာတွေကိုလည်း စိတ်အာရုံမှာ ပြန်လည် ပုံဖော်ရင်း အောက်မေ့သတိရခဲ့ပါတယ်။

နောက် မနှစ်က ၂၀၀၉ခုနှစ်ကမှ လုပ်ခဲ့တဲ့ အာစရိယပူဇော်ပွဲ လက်ကမ်းစာစောင် စာမျက်နှာတွေကို ဆက်ပြီး လှန်လှောနေမိပါတယ်။
*****
ဆရာနဲ့ စတွေ့တာ ကျမတို့ ဒုတိယနှစ်။ စက်မှှုဌာနက ဖြစ်တဲ့ဆရာက Engineering Drawing နဲ့ Engineering Mechanics နှစ်ဘာသာကို သင်ပါတယ်။ ဆရာရဲ့ ထူးခြားချက်ကတော့ စာသင်လာရင် ရောင်စုံမြေဖြူတွေ တပွေ့တပိုက်နဲ့ လာတတ်ပြီး၊ ကျောက်သင်ပုန်းပေါ်မှာ ရေးချလိုက်တဲ့ ဆရာ့လက်ရေးလေးတွေ၊ ဆွဲချလိုက်တဲ့ မျဉ်းကွေးတွေ မျဉ်းဖြောင့်တွေရဲ့ တိကျ သေသပ် လှပမှုတွေနဲ့ တပည့်တွေကို သင်ခန်းစာတွေဆီ ဆွဲခေါ်တတ်ခြင်းပါပဲ။ ကျောင်းသားကျောင်းသူတွေ ပုံစံမကျလို့ ကရုဏာဒေါသောနဲ့ ဆူရ ကြိမ်းရရင်လည်း  နာသွား၊ မှတ်သွားအောင်ကို အပီအပြင်ပြောတတ်သူ။ ကော်ရစ်ဒါမင်းသမီးတွေလို့ ဆရာ ဆူခဲ့တာ၊ နောက်မကြာမီ အချိန်မှာပဲ ဆရာ့ကို ကျေးဇူးတင်ရကောင်းမှန်း သိခဲ့ပါတယ်။ ဆရာ့ကို မျက်နှာလိုက်တတ်သူ အဖြစ်လည်း အချို့က ငြိုငြင်ခဲ့ကြပါသေးသတဲ့။ ငယ်ရွယ်သူတွေရဲ့ မရင့်ကျက်မှုတွေအတွက် ဆရာအပြစ်မယူဘူးလို့ အကြွင်းမဲ့ ယုံကြည်သလို၊ ဆရာ့ဘက်ကလည်း “မမှားသောရှေ့နေ၊ မသေသောဆေးသမား” ဆိုရိုးစကားအလား သေးသေးမွှားမွှား ချို့ယွင်းချက်လေးများ ရှိခဲ့ပါလျှင်လည်း အတုံ့အလှည့် မယူ ကြည်ဖြူပါတယ်လို့ နှုတ်ဆက်လိုက်ပါတယ်.. ဆရာ အေးချမ်းပါစေ…


ဆရာ့ နှုတ်ဆက်စကား  ... "တို့ မြန်မာနိုင်ငံကို သုညကနေ ပြန်စ ကြပါစို့ကွာ ... ဆရာ ကတော့ မြန်မာလေးတွေကို စာသင်ပေးရင် လူ့ဘဝက ထွက်တော့မယ်လို့ အဓိဋ္ဌာန် ချထားပါတယ်။"

07/ 11/ 2010 ရွေးကောက်ပွဲနေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာဦးသိန်းထွန်းအောင်သို့...

Sunday, November 7, 2010

ရွေးကောက်ပွဲနေ့

အိမ်၏ဘေးခန်းတွင် ဖွင့်ထားသည့် ဆေးခန်းအလယ်… ဧည့်ခန်းကနေ ရွှေ့ယူလာသည့် စားပွဲပေါ်မှာ ရွေးကောက်ပွဲ မတိုင်မီ ကာလများဆီက ထုတ်ဝေခဲ့သည့် ဂျာနယ်၊ စာစောင်တွေက တောင်ပုံယာပုံ… ဘေးနံရံမှာပါ စာအုပ်အငှားဆိုင်များ၏ အထားအသိုလို ကြိုးတန်းတွေ တန်းပြီး ချိတ်ဆွဲထားရသေးသည်။ ကိုယ့်အလှည့်ကို စောင့်ဆိုင်းနေရသည့် လူနာများနှင့် အဖော်လိုက်ပါလာသူများအား နိုင်ငံရေး အယူအဆများ မမောတန်းဒိုင်ခံပြောရင်း ဧည့်ခံနေသည့် ဖခင်ကြီးလည်း သားဆရာဝန်ဆေးခန်းမှာ ဂျူတီဝင်လျက်။ ခေါင်းတဆတ်ဆတ်နှင့် ငြိမ်၍ နားထောင်နေသူများ၊ အပြန်အလှန်ဆွေးနွေးသူများနှင့် ကိုယ်လုပ်ရမည့် အလုပ်တခုအပေါ် စိတ်ဝင်စားမှု ကိုယ်စီဖြင့် ညနေပိုင်းအချိန်များသည် နေ့စဉ်ရက်ဆက် ဆိုသလို အသက်ဝင်နေခဲ့သည်။ နောက်တနေ့ မလာတော့သည့် လူနာ ဆိုရင်တော့ သဘောပေါက်လိုက်ပြီ သူက တ.စ.ည။ အင်္ကျီအဖြူ၊ လုံချည်အပြာလေးတွေ ၀တ်ထားသည့် အမျိုးသမီးငယ်တသိုက် အိမ်ထဲဝင်လာကြပြီး ကျမတို့ တ.စ.ည ပါတီ ရွေးကောက်ပွဲ ရန်ပုံငွေအတွက် လက်ဖက်သုတ် အားပေးပါဦး အန်တီ ဆိုတော့ အမေက နှစ်ထုတ်လား သုံးထုတ်လား ၀ယ်ထားလိုက်သည်။

အလုံမြို့နယ် သည်လောက်ကျယ်မှန်း ရွေးကောက်ပွဲ စည်းရုံးရေးကာလ ရောက်မှ သိရတော့သည်။ ရွာရိုးကိုးပေါက် လျှောက်သွားခဲ့သည်။ မဲရုံက ကိုယ်မူလတန်းပညာသင်ကြားခဲ့သည့် အ.မ.က ကျောင်း။ မဲပုံးစောင့် အမျိုးသားတယောက် အမျိုးသမီးတယောက် လာခေါ်တော့ သူ့အလုပ်တွေနဲ့သူ အချိန်ပြည့် အလုပ်ရှုပ်နေသည့် အကိုကြီးက ပုဆိုးလေး ဖုတ်ဖတ်ခါပြီး ပေါ့ပေါ့ပါးပါး လိုလိုလားလား ထလိုက်သွားခဲ့သည်။ နောက် မျက်စောင်းထိုးအိမ်က ရဲမေဟောင်း အန်တီ…။ အလုပ်လုပ်စဉ်က မြန်မာချည်ချိတ်လုံချည်လေးတွေ နေ့စဉ်ဝတ်လို့ ရုံးတက်ခဲ့သည့် အန်တီ… သူ ၀တ်နေကျ ချည်အချိတ်လုံချည်လေးနှင့်ပင် ထွက်လိုက်လာသည်။ အဖြူအစိမ်းမဟုတ်သလို ပင်နီပင် ၀တ်မထား။ ဘယ်မလဲ ပါတီစွဲ။ ထိုနေ့က အိမ်နဲ့ မဲရုံရှေ့နား ဘယ်နှစ်ခေါက်မှန်းမသိ ကူးလူးခေါက်တုံ သွားနေခဲ့သည်။
(မဲပေးဖူးသလား မေမေ ဟု မေးလာသည့် သားကြီးသို့… ၁၉၉၀ ရွေးကောက်ပွဲအကြောင်းအမှတ်တရ)

***** ***** *****
၁၉၉၀ ရွေးကောက်ပွဲကာလ အချိန်တစ်ချို့ကို ပြန်အမှတ်ရမိတယ်။ ဘယ်ပါတီမှ မ၀င်ထားပေမယ့် သူငယ်ချင်းတွေစုပြီး တစ်အိမ်တက်ဆင်း စည်းရုံးရေး ဆင်းခဲ့ကြဖူးတယ်။ အိမ်တွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး လက်ဖက်သုတ်, ရေနွေးကြမ်းနဲ့ ဧည့်ခံကြတယ်။ လူတိုင်းဟာ စိတ်လှုပ်ရှားနေခဲ့ကြတယ်။ စိတ်ဝင်စားနေခဲ့ကြတယ်။

ရွေးကောက်ပွဲအကြိုညမှာ အချို့ပါတီတွေက “သူတို့ပါတီကို မဲထည့်ဖို့ ဆုံးဖြတ်ထားတဲ့သူများ NLD ပါတီကိုပဲ မဲပေးကြပါတော”့လို့ လှည့်ပြီး စည်းရုံးနေတာကို ကြားရတော့ ကြက်သီး တဖြန်းဖြန်း ထခဲ့မိတယ်။ သူတို့ပါတီအနိုင်ရရေးထက် “ဒီမိုကရေစီ အင်အားစုတွေ မဲပြားသွားမှာ” စိုးရိမ်ခဲ့ကြတယ်။

ရွေးကောက်ပွဲနေ့ မနက်မှာတော့ တစ်အိမ်လုံး အစောကြီးထကြပြီး မဲရုံကို သွားကြတယ်။ ကိုယ်လိုပဲ အခြားသူတွေ အတော်များများလည်း အစောကြီး မဲရုံမဖွင့်ခင်ကတည်းက ကြိုရောက်နှင့် နေကြပြီ။ မဲပေးဖို့ တန်းစီနေတဲ့ လူတွေရဲ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေ, ပျော်ရွင်မှုတွေကို ပြန်မြင်ယောင်နေမိတယ်။ မဲထည့်အပြီး အိမ်ကို တန်းမပြန်သေးဘဲ မြို့ထဲကို လမ်းလျှောက် ထွက်ခဲ့တယ်။ အံသြစရာ ကောင်းလောက်အောင် မန္တလေးမြို့ကြီးက တိတ်ဆိတ်နေတယ်။ လမ်းတွေပေါ်မှာ လူတွေ, ကား, စက်ဘီး, ဆိုင်ကယ်တွေ မတွေ့ရသလောက် ငြိမ်သက်နေတယ်။ တည်ကြည် ငြိမ်သက်နေတဲ့ မန္တလေးမြို့ရဲ့ မြင်ကွင်းကိုကြည့်ရင်း “မကြာမီမှာ မှန်ကန်တိုးတက်တဲ့ လမ်းကြောင်းပေါ်ကို ရောက်တော့မှာပါလား” ဆိုတဲ့ အတွေးဝင်လာပြီး ဒီအဓိပ္ပါယ်တွေရဲ့ နိမိတ်ပုံရိပ်လေအလား ပီတိဖြစ်ခဲ့ရတယ်။

*****
၁၉၉၀ ရွေးကောက်ပွဲမှာ (တစညအပါအ၀င်) ရှုံးနိမ့်ခဲ့တဲ့ ပါတီတွေက NLD ဟာ ညစ်တယ်, ရွေးကောက်ပွဲ ကော်မရှင်ဟာ ဘက်လိုက်တယ်လို့ စွတ်စွဲတဲ့အသံတွေ မကြားမိခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကတော့ မစခင်ကတည်းက တစညပါတီလို အစိုးရအပေါ် အလွန်သဘောထားကြီးတဲ့ ပါတီတွေကတောင် မသမာမှုတွေ, ညစ်ညမ်းမှုတွေ, ဘက်လိုက်မှုတွေကို ပြောဆိုနေပါပြီ။ ဒီမိုကရေစီအင်အားစုဆိုတဲ့ သူတွေရဲ့ စည်းရုံးရေးလှုပ်ရှားမှုတွေကို တီဗွီမှာ မြင်လိုက်ရပြန်တော့ အော်လံနဲ့ ဆေးလှည့်ရောင်းတဲ့သူတို့သာသာ အခွင့်ရတာ တွေ့လိုက်ရတယ်။ ဘေးကလူများကလည်း စိတ်ဝင်စားဟန် အလျဉ်းမရှိ။ ရသမျှ နိုင်ငံရေး space လေးကို ယူပြီး ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်မယ်ဆိုတဲ့ သူတို့စိတ်စေတနာကို အားနာပေမယ့်၊ သူတို့ပြောတဲ့ space ဟာ ၈၈-အရေးအခင်းအကြိုကာလ စာတွေဝေ, စာတွေကပ်ခဲ့ကြတဲ့ လှုပ်ရှားမှုတွေ လောက်တောင် ဂုဏ်သိက္ခာမရှိပါလားလို့ ကရုဏာ ဖြစ်မိပါတယ်။ ဒီလောက် မမျှတ, မသမာ, မလွတ်လပ်, မတရားတဲ့ ရွေးကောက်ပွဲကိုမှ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပါလို့ ဆိုကြမယ် ဆိုရင်ဖြင့် “တို့နိုင်ငံမှာ ဘာလုပ်လုပ် တရားမျှတတယ်” ဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပေလိမ့်မယ်။ ၁၉၉၀ ကနေ ၂၀၁၀ ဆိုတဲ့ အနှစ် ၂၀ ကာလအကြာမှာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုကတော့ မအီမသာ အော်ဂလီဆန်စရာပါ …. ။

*****

Wednesday, November 3, 2010

ပုံရိပ်ဟောင်းများ - ၁

ပုံရိပ်ဟောင်းများ တဲ့ ကေ က တဂ်ပါတယ်။
ဒီတဂ်ပို့စ်ကို အပိုင်းခွဲပြီး ရေးမယ် စိတ်ကူးပါတယ်။

အချို့လူများ မှတ်ဉာဏ် သိပ်ကောင်းပါတယ်။ အချို့ကတော့ မေ့မေ့ပျောက်ပျောက် နေတတ်တဲ့ သဘာဝရှိပါတယ်။ အချို့ကလည်း အစ လေး ဖော်ပေးရတယ်။ အချို့များကျတော့ မှတ်မိနေအောင် ခဏခဏ ပြန်စဉ်းစားနေတတ်တယ်…။

နောက်ဆုံးနှစ်က အော်တို စာအုပ်လေးနဲ့ စ ပါရစေ…။
လာမည့် ဒီဇင်ဘာမှာ ကျင်းပမည့် ဆရာကန်တော့ပွဲ အကြိုလည်း ဖြစ်အောင် ဆရာတို့ရဲ့ အမှတ်တရ စကားလေးတွေကို ဆလိုက်ရှိုးနဲ့ တင်ထားပါတယ်။ စာအုပ်က နောက်ဆုံးနှစ်မှ ထုတ်တာဖြစ်တဲ့အတွက် ပထမနှစ်နဲ့ ဒုတိယနှစ်က ဆရာ၊ ဆရာမတွေရယ်…၊ တတိယနှစ် စတုတ္ထနှစ်က minor ဘာသာသင်တဲ့ ဆရာ ဆရာမတွေရဲ့ အမှတ်တရ ရုပ်ပုံတွေ မပါတော့ပါဘူး။
YIT AutoGraph 1993-94
ဆလိုက်ရှိုးကြည့်ရန် ပုံကို ကလစ်နှိပ်ပါ။
ဘယ်ဆရာတွေက ဘယ်ဘာသာ သင်တယ် ဆိုတာကို ပြန်ပြောင်းအောက်မေ့ သတိရနိုင်အောင် Grading Certificate ကိုပါ တင်ပေးလိုက်ပါတယ်။ ကိုယ်ပိုင် အချက်အလက်တွေကို ဖျက်ထားလိုက်ပေမဲ့ စာသင်နှစ်တွေကိုတော့ ဘယ်လိုဆိုတာ အများသိရအောင် ချန်ထားလိုက်ပါတယ်။

သူငယ်ချင်းတွေ ရေးပေးတဲ့ အထဲကတော့ တခုကိုပဲ တင်လိုက်ပါတော့တယ်။
(ခဲတံနဲ့ ရေးထားတာက ကျောင်းသူ ကျောင်းသားတို့ သဘာဝ အချင်းချင်း နောက်ပြောင်ထားကြတာပါ။)
အော်တိုထဲမှာ ပါတဲ့ ကာတွန်းလေးတွေ…
ကျောင်းတော်သာမှာ သုံးဆောင်ခွင့်ရခဲ့သော ပညာရင်နို့မှ ဖြစ်သောအားကို လောကနှင့် လူသားများ ကောင်းကျိုးအတွက် အသုံးချသူများ၊ အသုံးမချနိုင်သူများ အားလုံးကိုယ်စား ပုံရိပ်ဟောင်းမျာ…. ဆက်ရန်

ပုံရိပ်ဟောင်းများ (၂)