Sunday, November 7, 2010

ရွေးကောက်ပွဲနေ့

အိမ်၏ဘေးခန်းတွင် ဖွင့်ထားသည့် ဆေးခန်းအလယ်… ဧည့်ခန်းကနေ ရွှေ့ယူလာသည့် စားပွဲပေါ်မှာ ရွေးကောက်ပွဲ မတိုင်မီ ကာလများဆီက ထုတ်ဝေခဲ့သည့် ဂျာနယ်၊ စာစောင်တွေက တောင်ပုံယာပုံ… ဘေးနံရံမှာပါ စာအုပ်အငှားဆိုင်များ၏ အထားအသိုလို ကြိုးတန်းတွေ တန်းပြီး ချိတ်ဆွဲထားရသေးသည်။ ကိုယ့်အလှည့်ကို စောင့်ဆိုင်းနေရသည့် လူနာများနှင့် အဖော်လိုက်ပါလာသူများအား နိုင်ငံရေး အယူအဆများ မမောတန်းဒိုင်ခံပြောရင်း ဧည့်ခံနေသည့် ဖခင်ကြီးလည်း သားဆရာဝန်ဆေးခန်းမှာ ဂျူတီဝင်လျက်။ ခေါင်းတဆတ်ဆတ်နှင့် ငြိမ်၍ နားထောင်နေသူများ၊ အပြန်အလှန်ဆွေးနွေးသူများနှင့် ကိုယ်လုပ်ရမည့် အလုပ်တခုအပေါ် စိတ်ဝင်စားမှု ကိုယ်စီဖြင့် ညနေပိုင်းအချိန်များသည် နေ့စဉ်ရက်ဆက် ဆိုသလို အသက်ဝင်နေခဲ့သည်။ နောက်တနေ့ မလာတော့သည့် လူနာ ဆိုရင်တော့ သဘောပေါက်လိုက်ပြီ သူက တ.စ.ည။ အင်္ကျီအဖြူ၊ လုံချည်အပြာလေးတွေ ၀တ်ထားသည့် အမျိုးသမီးငယ်တသိုက် အိမ်ထဲဝင်လာကြပြီး ကျမတို့ တ.စ.ည ပါတီ ရွေးကောက်ပွဲ ရန်ပုံငွေအတွက် လက်ဖက်သုတ် အားပေးပါဦး အန်တီ ဆိုတော့ အမေက နှစ်ထုတ်လား သုံးထုတ်လား ၀ယ်ထားလိုက်သည်။

အလုံမြို့နယ် သည်လောက်ကျယ်မှန်း ရွေးကောက်ပွဲ စည်းရုံးရေးကာလ ရောက်မှ သိရတော့သည်။ ရွာရိုးကိုးပေါက် လျှောက်သွားခဲ့သည်။ မဲရုံက ကိုယ်မူလတန်းပညာသင်ကြားခဲ့သည့် အ.မ.က ကျောင်း။ မဲပုံးစောင့် အမျိုးသားတယောက် အမျိုးသမီးတယောက် လာခေါ်တော့ သူ့အလုပ်တွေနဲ့သူ အချိန်ပြည့် အလုပ်ရှုပ်နေသည့် အကိုကြီးက ပုဆိုးလေး ဖုတ်ဖတ်ခါပြီး ပေါ့ပေါ့ပါးပါး လိုလိုလားလား ထလိုက်သွားခဲ့သည်။ နောက် မျက်စောင်းထိုးအိမ်က ရဲမေဟောင်း အန်တီ…။ အလုပ်လုပ်စဉ်က မြန်မာချည်ချိတ်လုံချည်လေးတွေ နေ့စဉ်ဝတ်လို့ ရုံးတက်ခဲ့သည့် အန်တီ… သူ ၀တ်နေကျ ချည်အချိတ်လုံချည်လေးနှင့်ပင် ထွက်လိုက်လာသည်။ အဖြူအစိမ်းမဟုတ်သလို ပင်နီပင် ၀တ်မထား။ ဘယ်မလဲ ပါတီစွဲ။ ထိုနေ့က အိမ်နဲ့ မဲရုံရှေ့နား ဘယ်နှစ်ခေါက်မှန်းမသိ ကူးလူးခေါက်တုံ သွားနေခဲ့သည်။
(မဲပေးဖူးသလား မေမေ ဟု မေးလာသည့် သားကြီးသို့… ၁၉၉၀ ရွေးကောက်ပွဲအကြောင်းအမှတ်တရ)

***** ***** *****
၁၉၉၀ ရွေးကောက်ပွဲကာလ အချိန်တစ်ချို့ကို ပြန်အမှတ်ရမိတယ်။ ဘယ်ပါတီမှ မ၀င်ထားပေမယ့် သူငယ်ချင်းတွေစုပြီး တစ်အိမ်တက်ဆင်း စည်းရုံးရေး ဆင်းခဲ့ကြဖူးတယ်။ အိမ်တွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး လက်ဖက်သုတ်, ရေနွေးကြမ်းနဲ့ ဧည့်ခံကြတယ်။ လူတိုင်းဟာ စိတ်လှုပ်ရှားနေခဲ့ကြတယ်။ စိတ်ဝင်စားနေခဲ့ကြတယ်။

ရွေးကောက်ပွဲအကြိုညမှာ အချို့ပါတီတွေက “သူတို့ပါတီကို မဲထည့်ဖို့ ဆုံးဖြတ်ထားတဲ့သူများ NLD ပါတီကိုပဲ မဲပေးကြပါတော”့လို့ လှည့်ပြီး စည်းရုံးနေတာကို ကြားရတော့ ကြက်သီး တဖြန်းဖြန်း ထခဲ့မိတယ်။ သူတို့ပါတီအနိုင်ရရေးထက် “ဒီမိုကရေစီ အင်အားစုတွေ မဲပြားသွားမှာ” စိုးရိမ်ခဲ့ကြတယ်။

ရွေးကောက်ပွဲနေ့ မနက်မှာတော့ တစ်အိမ်လုံး အစောကြီးထကြပြီး မဲရုံကို သွားကြတယ်။ ကိုယ်လိုပဲ အခြားသူတွေ အတော်များများလည်း အစောကြီး မဲရုံမဖွင့်ခင်ကတည်းက ကြိုရောက်နှင့် နေကြပြီ။ မဲပေးဖို့ တန်းစီနေတဲ့ လူတွေရဲ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေ, ပျော်ရွင်မှုတွေကို ပြန်မြင်ယောင်နေမိတယ်။ မဲထည့်အပြီး အိမ်ကို တန်းမပြန်သေးဘဲ မြို့ထဲကို လမ်းလျှောက် ထွက်ခဲ့တယ်။ အံသြစရာ ကောင်းလောက်အောင် မန္တလေးမြို့ကြီးက တိတ်ဆိတ်နေတယ်။ လမ်းတွေပေါ်မှာ လူတွေ, ကား, စက်ဘီး, ဆိုင်ကယ်တွေ မတွေ့ရသလောက် ငြိမ်သက်နေတယ်။ တည်ကြည် ငြိမ်သက်နေတဲ့ မန္တလေးမြို့ရဲ့ မြင်ကွင်းကိုကြည့်ရင်း “မကြာမီမှာ မှန်ကန်တိုးတက်တဲ့ လမ်းကြောင်းပေါ်ကို ရောက်တော့မှာပါလား” ဆိုတဲ့ အတွေးဝင်လာပြီး ဒီအဓိပ္ပါယ်တွေရဲ့ နိမိတ်ပုံရိပ်လေအလား ပီတိဖြစ်ခဲ့ရတယ်။

*****
၁၉၉၀ ရွေးကောက်ပွဲမှာ (တစညအပါအ၀င်) ရှုံးနိမ့်ခဲ့တဲ့ ပါတီတွေက NLD ဟာ ညစ်တယ်, ရွေးကောက်ပွဲ ကော်မရှင်ဟာ ဘက်လိုက်တယ်လို့ စွတ်စွဲတဲ့အသံတွေ မကြားမိခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကတော့ မစခင်ကတည်းက တစညပါတီလို အစိုးရအပေါ် အလွန်သဘောထားကြီးတဲ့ ပါတီတွေကတောင် မသမာမှုတွေ, ညစ်ညမ်းမှုတွေ, ဘက်လိုက်မှုတွေကို ပြောဆိုနေပါပြီ။ ဒီမိုကရေစီအင်အားစုဆိုတဲ့ သူတွေရဲ့ စည်းရုံးရေးလှုပ်ရှားမှုတွေကို တီဗွီမှာ မြင်လိုက်ရပြန်တော့ အော်လံနဲ့ ဆေးလှည့်ရောင်းတဲ့သူတို့သာသာ အခွင့်ရတာ တွေ့လိုက်ရတယ်။ ဘေးကလူများကလည်း စိတ်ဝင်စားဟန် အလျဉ်းမရှိ။ ရသမျှ နိုင်ငံရေး space လေးကို ယူပြီး ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်မယ်ဆိုတဲ့ သူတို့စိတ်စေတနာကို အားနာပေမယ့်၊ သူတို့ပြောတဲ့ space ဟာ ၈၈-အရေးအခင်းအကြိုကာလ စာတွေဝေ, စာတွေကပ်ခဲ့ကြတဲ့ လှုပ်ရှားမှုတွေ လောက်တောင် ဂုဏ်သိက္ခာမရှိပါလားလို့ ကရုဏာ ဖြစ်မိပါတယ်။ ဒီလောက် မမျှတ, မသမာ, မလွတ်လပ်, မတရားတဲ့ ရွေးကောက်ပွဲကိုမှ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပါလို့ ဆိုကြမယ် ဆိုရင်ဖြင့် “တို့နိုင်ငံမှာ ဘာလုပ်လုပ် တရားမျှတတယ်” ဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပေလိမ့်မယ်။ ၁၉၉၀ ကနေ ၂၀၁၀ ဆိုတဲ့ အနှစ် ၂၀ ကာလအကြာမှာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုကတော့ မအီမသာ အော်ဂလီဆန်စရာပါ …. ။

*****

17 comments:

Anonymous said...

ရင်ထဲမှာ
နိုင်ငံရေးတွေ..
ဘာသာရေးတွေ..
လူမျိုးရေးတွေ..ကို မေ့ပျောက်ထားတာ ကြာပါပြီလေ။
(အမှန်က မေ့ချင်ယောင်ဆောင်ထားတာ..
ကိုယ့်မှာ ယုံကြည်တဲ့ အရာတွေတော့ ရှိတာပေါ့..)

လောဘ..မောဟတွေ ပြည့်နှက်နေသော..
အလယ်အလတ် လမ်းစဉ်လိုက်သော...
ကြားနေသော..
သာပေါင်း ညာစားသော..
ပေါက်

Nge Naing said...

လွှတ်တော်ထဲကနေ ပြည်သူလူထုအတွက် ရသလောက် ယူပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မတရားမှန်းသိသိကြီးနဲ့ ရွေးကောက်ပွဲ သွားဝင်သူတွေကို တကယ်ပဲ ဂရုဏာသက်မိပါတယ်။

လသာည said...

မမသီတာ..

ဒီနေ့ရွေးကောက်ပွဲလုပ်နေပြီလို့ တွေးမိကတဲက ပြောင်းလဲမှုတစ်ခုခုကို စိတ်လှုပ်ရှားနေမိတယ်။

၁၉၉၀တုန်းက ကိုယ့်အသက်မပြည့်သေးတော့ မဲမပေးခဲ့ရပေမယ့် အိမ်ကလူစုံမဲရုံကို သွားခဲ့ရတာကို မှတ်မိနေသေးတယ်။ စိတ်လှုပ်ရှားစရာ သိပ်ကောင်းတာပဲ။ အဲဒီတုန်းက ရလာဒ်ကတော့ နောက်ပိုင်းမြို့နယ်က NLDအမတ် အဖမ်းခံခဲ့ရတာနဲ့ အဆုံးသတ်သွားတယ် :'(

Moe Cho Thinn said...

၉၀ ရွေးကောက်ပွဲတုန်းက မိုးလေးဖွဲဖွဲကျနေတာကို ထီးလေးတချောင်း အတူဆောင်းပြီး အဖေ နဲ့ အမေ အစောကြီးထ မဲသွားထည့်ကြတဲ့ မြင်ကွင်းကို သတိရနေမိတယ်။

အခုအချိန်များဖြင့် မိဘများ မရှိတာပဲ ကောင်းသေးတယ် လို့ စိတ်ထဲမှာ ဖြစ်မိပါတယ် မမသီတာရယ်..။ စိတ်ကုန် လို့ပါ။

Moe Cho Thinn said...

ညနေကျတော့ ပထမဆုံး ရေဒီယိုမှာ ကြေငြာတာက ဆိပ်ကမ်းမြို့နယ် အမတ် ဒေါ်စန်းစန်း။ နောက် ဆက်တိုက် NLD တွေချည်း.. ။ ပျော်လွန်းလို့ လှည်းတန်းဖက်ကို မိသားစု အသိတယောက် ကားနဲ့ ထွက်ကြတယ်။ လမ်းမှာ ကားဆရာကလဲ ပျော်လို့ ဟွန်းတွေတီး၊ တခြားကားတွေကလဲ ဟွန်းတွေ တီးး။ လူတိုင်း ပြုံးလို့ ပျော်လို့။
အခုများတော့ လူတိုင်း ကြောက်လို့၊ မုန်းလို့..။

Moe Cho Thinn said...

အဲဒီတုန်းက ချိုသင်းက ကျောင်းတွေ ပိတ်ထားတော့ အမေ့ကျောင်းမှာ ဆရာမ ကူလုပ်နေတာ..။ ကလေး တွေ စာအုပ်ထဲမှာ NLD ကို မဲပေးပါ လို့ ရေးပြီး မိဘတွေကို message ပေးလိုက်သေး။ ကျောင်းသား မိဘတွေကလဲ နောက်တနေ့ တွေ့တော့ ပေးမှာ ဆရာမ၊ စိတ်ချ တဲ့။ မမသီတာတို့လို ချိုသင်းတို့လဲ ပါတီဝင် မဟုတ်ခဲ့ပါဘူး။

Moe Cho Thinn said...

အခု မဲပေးတဲ့ ဗီဒီယိုလေး ပြန်ကြည့်တော့ အဲဒီတုန်းက ကာလတွေကို အတော် သတိရသွားသေးတယ်။ အဖေက “ခမောက်ဘေးမှာ ကြက်ခြေခတ်၊ ပြည်သူ့ အောင်ပွဲ မှတ်” တဲ့၊ စာသားလေး ရေးပေးသေးတာ။

အဲဒီအထဲက ဦးစောမောင် ပြောသွားသလို “whoever wins, it is not my business” လို့ ဖြစ်ရင်လဲ အကောင်းသား။ အခုဟာက It is my main business လို့ ပြောင်းပြောရမလိုပဲ။

ကဲ တော်မှ၊ တော်မှ။ ကော်မန့်တွေ တမိုးလုံး ဖျောက်ဆိတ် ဖြစ်နေပြီ။

ချစ်ကြည်အေး said...

စိတ်ညစ်စရာကြီးပါ သီတာရယ်....။ ဗြောင်လိမ်ဗြောင်စားတွေ...လူညစ်ပတ်တွေ ဦးစီးတဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုများ တရားမျှတ သန့်ရှင်းပါ့မလဲ....

kay said...

မျက်ရည် တကယ် လည်သွားပြီ။
အဲဒီ တုန်းက..ကျမ ကတော့..တအိမ်လုံးမှာ..ချစ်စနိုး နဲ့ အနောက်ခံ ခဲ့ရတာ မမေ့ဘူး။ မဲပေးနိုင်ဖို့.. လ နည်းနည်း လေး လို နေခဲ့လို့.. မပေးခဲရ ဘူး လေ။

မချိုသင်းရဲ့..တမိုးလုံးဖျေက်ဆိတ် ကွန်မန့် အောက်က..
မျက်ရည်တစက်..ကွန်မန့်..
း(

ကိုပေါ said...

၉၀ ရွေးကောက်ပွဲတုန်းက ကျနော်လည်း မဲပေးခွင့် ရခဲ့ဘူးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို အာဏာပိုင်တွေက (ကတိအတိုင်း) အသိအမှတ်မပြုတဲ့အခါ တိုင်းပြည်ကလည်း ဆင်းရဲတွင်းထဲမှာ နစ်သထက် နစ်ဆင်းသွားတော့တာပါပဲ။

မယ့်ကိုး said...

အဲဒီခေတ်တုန်းက တော်တော်ငယ်သေးတာတော့ သိတယ် မမ။ သေချာသိနေတာက ဦးလေးတစ်ယာက်က မဲပေးတဲ့နေ့မှာပဲ ဆုံးသွားတယ်။
တစ်မျိုးလုံး ရောက်လာပြီး မသာအိမ်မှာ သေသူကို မေ့ပြီး အားလုံးက မဲကို စိတ်ဝင်စားနေကြတာ မှတ်မိသေးတယ်။
အဒေါ်ယောက်ကျားဦးလေးက စစ်ဖက်က အဲဒီတုန်းကတော့ ဗိုလ်ကြီးပေါ့ သူလည်း ခမောက်ကိုပဲ မဲပေးခဲ့တာ သိနေတယ်။ ဦးလေးတွေ ( ယောက်ဖတွေ) သိပ်ညီညွတ် ချစ်ခင်ခဲ့ကြတဲ့အခါပေါ့ ။

ညီလင်းသစ် said...

၉၀ ရွေးကောက်ပွဲတုန်းကတော့ ကျနော်တို့အားလုံး ကြက်သီးတွေ တဖြန်းဖြန်းထပြီး လန်းဆန်းတက်ကြွ ခဲ့ကြဖူးတယ်...၊

အခုတော့လည်း မစခင်ကတည်းကကို ပျို့အန်ချင်စရာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မရှက်တတ်သူတွေရဲ့ လုပ်ရပ်အတွက်
ဘေးက ရပ်ကြည့်သူတွေက ရှက်နေကြရတယ်..
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ဆိုပေမဲ့
သွေဖယ်သွားတာ ကြာခဲ့ပါပြီ။

ဂျူနို said...

၉၀ ရွေးကောက်ပွဲက တကယ့်ဆန္ဒ အမှန် ဖော်ထုတ်ခွင့်ရခဲ့တာပဲ။ တသက်မမေ့နိုင်ဖြစ်နေရတာတော့ ဝမ်းနည်းမဆုံးပဲ။

မအယ်

Anonymous said...

1990တုန်းကအသက်မပြည့်လို့ မေးမပေးခဲ့ရဘူး။ အိမ်မှာ အဘိုးနဲ့ဦးလေးက မဆလ အမာခံတွေဆိုတော့ တစည။ အဒေါ်တွေနဲ့ အစ်ကိုအစ်မ၀မ်းကွဲတွေက NLD။ ခမောက်နိုင်ရင် ဒီဘက်က ဟေးလိုက်၊ စပါးနှံနိုင်ရင် ဟိုဘက်က ဟေးလိုက်နဲ့။ တစ်အိမ်ထဲမှာ ဘယ်သူနိုင်နိုင်..ဟေး နေကြတာ သတိရတယ်။ ဘေးအိမ်တွေကတော့ထင်မှာပဲ ..ဒိအိမ်ဘယ်ဘက်က ပါလဲလို့။
mm

ZT said...

ညနေဖက် ရေဒီယိုက ကြေငြာတော့ NLD တစ်ခါ နိုင်တိုင်း လက်ဖက်ရည်ဆိုင်မှာ လူတွေ ဟေး ကနဲ ဝိုင်းအော်ပြီး အားပေးကြတာ သတိရတယ်။

နောက်ဆို မဲပေးရမယ်လို့ ထင်ခဲ့ပေမယ့် တစ်ခါမှ မကြုံတော့ပါဘူး။

ဇွန်မိုးစက် said...

အဲဒီတုန်းက ဇွန်ဆို ခမောက်ကို မဲပေးချင်လွန်းလို့ အသက်မပြည့်ဘဲ အများကြီးလိုနေတာ စိတ်မကောင်းကိုဖြစ်ရော။ အိမ်မှာလဲ စာစောင်တွေ၊ ဂျာနယ်တွေအများကြီးပဲ။
ခမောက်ပုံ ခေါင်းစီးကြိုးလေးတွေ၊ ခမောက်တွေပါတဲ့အဆင်နဲ့ပိတ်စကို အမေ၊ဇွန်နဲ့မောင်လေး သုံးယောက်သား အင်္ကျီချုပ်ဝတ်ခဲ့တာ အမှတ်ရသွားတယ်။
ခုများတော့...