Thursday, November 12, 2015

ဆန့် (ကျင်) ကြင် ဖက် လူ

ငါ့အယူအဆ ငါယုံကြည်တာတွေက
ငါအလွယ်တကူ လက်မလွှတ်မယ့်
ငါ့ရဲ့ ဖြစ်တည်မှုတွေ…။

အသက်ကြီးလာတာနဲ့အမျှ
မကြာခဏလို ပြောနေရတာက
“ဟင်! နားမလည်ဘူး” ဆိုတဲ့ ဝန်ခံမေးခွန်းတွေ…။

Mind map, Flow chart
Reference တွေ တပွေ့တပိုက်နဲ့
အားထည့်ကာ ဘာလာလာ ရှင်းပြတော့
“အင်း… အင်း…” လို့ အချို့ကိုလည်း ခေါင်းညိမ့်
အခါများစွာမှာတော့ ပြန်အငြင်းထူ
“စာမဖတ်ဘူး” လို့
မင်း ငြူစူမယ် ဆိုလည်း သဘောပဲ
ကိုယ်က ထုဆစ်ဖို့ မလွယ်တဲ့သူ…။

တဝမ်းထဲတောင် တစိတ်တည်း မဖြစ်နိုင်တော့
ကန့်လန့်တွေတိုက်မိတာက
မင်း အပျင်းပြေဖို့သာ ရည်ရွယ်
ကိုယ်ဟာ မင်းရဲ့ ပြိုင်ဘက်ကောင်းမဟုတ်တာ
မင်းလည်းသိတယ် ကိုယ်လည်း အသိပါကွယ်…။

ဆိုသလောက် မကြမ်းသေးပေမည့်
အဆုံးထိ လှမ်းရမည့်ခရီးမှာ
ကိုယ့်ဒေါသတွေ
မင်းသည်းခံခြင်းမှာ အရည်ပျော်နေသေးသရွေ့
ကိုယ့်ရလဒ်က သုညဆိုလည်း ကျေနပ်တယ်
ကျေနပ်ပါတယ်…။

ဆန့် (ကျင်) ကြင် ဖက် လူ ကိုဧရာ အတွက် မွေးနေ့ အမှတ်တရ

Thursday, September 24, 2015

ရှင်ဒေဝဒတ်ကို ခေါင်းဆောင် တင်လိုကြသူများ

ရှင်ဒေဝဒတ်ဟု ဆိုလျှင် ရဟန်းဆိုးတစ်ပါးဟု ဗုဒ္ဓဘာသာအများစုက လက်ခံထားကြသည်။ ငါးရာငါးဆယ် ဇာတ်ပေါင်းခန်းတို့ကို ကြည့်လိုက်လျှင်လည်း လူဆိုးလူမိုက် အများစုသည် ဒေဝဒတ် အလောင်းလျာ ဖြစ်နေတတ်ပါသည်။ မြတ်စွာဘုရားကို လုပ်ကြံသတ်ဖြတ်ရန်၊ သံဃာကို သင်းခွဲရန် ကြိုးပမ်းခဲ့သည့် ရှင်ဒေဝဒတ်ကို ရဟန်းဆိုးတစ်ပါး အဖြစ် သတ်မှတ်ကြခြင်းသည် လွန်သည်ဟု မဆိုနိုင်။ သို့သော် Reginald Ray ၏ Buddhist Saints in India (1994) စာအုပ်တွင် ရှင်ဒေဝဒတ်အား မတရားသဖြင့် “အပြစ်တင်ခံရသည့် သူတော်စဉ် တစ်ပါး (A Condemned Saint)” အဖြစ် ရေးသားထားကို တွေ့ရသည်။ ထိုစာအုပ်ကို ဖွင့်ဖတ်ရန် မလိုဘဲပင် “ဘယ်လိုများ တွေးပြီး ရေးလိုက်ပါလိမ့်” ဟု ဝေဖန်ချင်ကြပါလိမ့်မည်။ သို့သော် လောကတွင် မိမိက လူယုတ်မာတစ်ဦးဟု မြင်ထားသူကို အခြားသူများက သူတော်စဉ်တစ်ဦး အဖြစ် မြင်ကောင်း မြင်နိုင်ပါသေးသည်။

အေဒီ ၄၀၄-ခုနှစ်ခန့်က မဇ္ဈိမဒေသသို့ ဘုရားဖူး ခရီးသွားခဲ့သည့် တရုတ်ရဟန်းတော် ဖာဟီယန် (ဖာရှန် Faxian) ၏ မှတ်တမ်းအရ ထိုစဉ်က သာဝတ္ထိမြို့ အနီးတွင် ဒေဝဒတ်၏ နောက်လိုက် ဂိုဏ်းသား ရဟန်းများကို ရှိနေသေးကြောင်း၊ ထိုရဟန်းများသည် ရှေးဘုရားသုံးဆူကို ကိုးကွယ်ကြသော်လည်း သကျမုနိဘုရားကို မကိုးကွယ်ကြောင်း ဆိုသည်။ အေဒီ ၆၃၆-ခုနှစ်ခန့်က မဇ္ဈိမဒေသသို့ ဘုရားဖူးသွားခဲ့သည့် တရုတ်ရဟန်းတော် ရွှန်ကျန် (Xuanzang) ကလည်း အင်္ဂတိုင်းမှ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းတွင် ရှင်ဒေဝဒတ်၏ အဆုံးအမအတိုင်း နို့ထွက် အစားအစာများကို ဘုဉ်းမပေးကြဟု မှတ်တမ်းတင်ခဲ့သည်။ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း အတော်ကြာသည့်တိုင် အိန္ဒိယတွင် ရှင်ဒေဝဒတ်ကို ခေါင်းဆောင်တင်လိုသူများ ရှိနေခဲ့ကြောင်း သမိုင်းအထောက်အထား အချို့ပင် ဖြစ်သည်။ ရှင်ဒေဝဒတ် နောက်လိုက်များသည် ရှင်ဒေဝဒတ် ချမှတ်ခဲ့သည့် လမ်းစဉ်များအပေါ် ရိုးသားယုံကြည်စွာ လိုက်နာကြသူများလည်း ဖြစ်နိုင်သည်။ ထိုလမ်းစဉ်ကို အကြောင်းပြ၍ လာဘသက္ကာယကို ရှာမှီးလိုသူများလည်း ဖြစ်နိုင်ပါသည်။

လူတစ်ဦးအား လူဆိုး လူကောင်း ခွဲခြားသတ်မှတ်ရခြင်းသည် လွယ်သည့် ကိစ္စမဟုတ်။ ပုထုဇဉ် လူသားတစ်ဦးသည် ရာခိုင်နှုန်းပြည့် ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်မနေနိုင်သလို၊ ရာနှုန်းပြည့် လူယုတ်မာ တစ်ဦးလည်း ဖြစ်နေလိမ့်မည် မဟုတ်။ ဇာတ်တော်များနှင့် ရှင်ဒေဝဒတ်၏ နောက်ပိုင်းဘဝကိုသာ ရင်းနှီးသူတို့က ဒေဝဒတ်ကို မွေးရာပါ လူယုတ်မာ တစ်ဦးအဖြစ် အလွယ်တကူ သတ်မှတ်ကြပါလိမ့်မည်။ လလိတဝိတ္ထာရ၊ ဒိဗျာဝဒါန စသည့် သက္ကတဗုဒ္ဓဝင် ကျမ်းစာများတွင်ဆိုလျှင် ဒေဝဒတ်နှင့် သိဒ္ဓတ္ထမင်းသားတို့ိသည် ငယ်စဉ်ကပင် ပြိုင်ဖက်များဖြစ်ကြောင်း ဇာတ်လမ်းဆန်ဆန် သရုပ်ဖော်ထားပါသည်။

သို့သော် ပါဠိစာပေများအရ အစောပိုင်းကာလ ဒေဝဒတ်ကို လူဆိုး လူမိုက်တစ်ဦး အဖြစ် သတ်မှတ်၍ မရ။ ဒေဝဒတ်သည် အာနန္ဒာ၊ အနုရုဒ္ဓါစသည့် အခြားသော သာကီဝင်မင်းသားများနှင့် အတူ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၍ ပုထုဇဉ်အဖြစ်ဖြင့်ပင် ဈာန် တန်ခိုးဣဒ္ဓိပါဒ်များ ရခဲ့သူ ဖြစ်သည်။ အရှင်သာရိပုတ္တရာ ကိုယ်တိုင်က ရှင်ဒေဝဒတ်သည် ဘုန်းတန်ခိုးကြီးသူ ဖြစ်ကြောင်း ဖော်ထုတ် ချီးမွမ်းခဲ့ဖူးသည်။ ထို့အပြင် ရှင်ဒေဝဒတ် ဟောသည့် တရားတစ်ပုဒ်ကိုလည်း အရှင်သာရိပုတ္တရာက ထောက်ခံချက်ပေးဖူးသည်။ နောင်မှသာ ရှင် ဒေဝဒတ်သည် ဣဿာမစ္ဆရိယနှင့် လာဘသက္ကာယကို အကြောင်းပြုကာ လမ်းမှားသို့ လျှောက်ခဲ့ခြင်း ဖြစ်သည်။

သံဃာကို ခေါင်းဆောင်၍ ဘုရားတစ်ဆူလုပ်ရန် အကြံဆိုး ဖြစ်လာသောအခါ ရှင်ဒေဝဒတ်၏ ဈာန် အဘိညာဉ်တန်ခိုးများလည်း ပျက်စီးသွားတော့သည်။ ကျူသီးသည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ယုတ်မာသော စိတ်အကြံက ဒေဝဒတ်ကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ သံဃာကို ခေါင်းဆောင်လိုသည့် အကြံဆိုးကို ထင်ထင်ရှားရှားပင် ထုတ်ဖော် ပြောဆိုလာတော့သည်။ ထိုအခါတွင် ရှင်ဒေဝဒတ်အား သံဃာအဖွဲ့အစည်းက ပကာသနိယကံပြုကာ “ရှင်ဒေဝဒတ်သည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ အမူအကျင့်ပြောင်းသွားပြီ ဖြစ်ကြောင်း၊ ရှင်ဒေဝဒတ် ပြုမူပြောဆိုသည်တို့သည် ဘုရား၊ တရား၊ သံဃာနှင့် မသက်ဆိုင်တော့ကြောင်း” ကို ရာဇဂြိုဟ်မြို့၌ လှည့်လည် ကြေညာစေသည်။ ယခင်က ရှင်ဒေဝဒတ်အား ထုတ်ဖော် ချီးမွမ်းခဲ့ဖူးသော အရှင်သာရိပုတ္တရာသည် ထိုသို့ကြေညာရန်အတွက် အစောပိုင်းတွင် ဝန်လေးနေခဲ့သည်။ ယခင်က အမှန်အတိုင်း ထုတ်ဖော် ချီးမွမ်းခဲ့သလိုပင်၊ ယခုကဲ့သို့ ရှင်ဒေဝဒတ် မူပြောင်းသွားသည့် အခါတွင်လည်း အမှန်အတိုင်းပင် ထုတ်ဖော်ကြေညာရန် ဘုရားရှင်က တိုက်တွန်းရသည်။ အကယ်၍သာ ဤနေရာတွင် ပြတ်သားမှု မရှိဘဲ ဆိတ်ဆိတ်နေခဲ့ပါက၊ ရှင်ဒေဝဒတ် ကျူးလွန်မည့် မကောင်းမှုများသည် ဘုရား၊ တရား၊ သံဃာ၏ ဂုဏ်သိက္ခာကို ထိခိုက်လာမည်ဖြစ်သည်။ နောင်တွင် ရှင်ဒေဝဒတ်သည် အဇာတသတ်ကို မြှောက်ပင့်၍ ဖခင်ကို သတ်ကာ မင်းအာဏာကို ရယူစေခဲ့သည်။ ဘုရားရှင်အားလည်း လုပ်ကြံသတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။

အကြမ်းနည်းဖြင့် သံဃာကို ဦးစီးနိုင်ရန် ကြိုးပမ်းမှုများ မအောင်မြင်တော့သောအခါ၊ မြို့သူမြို့သားများ၏ အကြည်ညိုပါ လျော့ပါးသွားလေသည်။ ထိုအခါတွင် မြို့သူမြို့သားများ၏ ကြည်ညိုမှုကို ပြန်လည်ရယူရန်နှင့် သံဃာထုကို စည်းရုံးနိုင်ရန်အတွက် ရှင်ဒေဝဒတ်သည် အနုနည်းကို ပြောင်း၍ ကျင့်သုံးသည်။ သံဃာကို သင်းခွဲ၍ သီးခြား ဂိုဏ်းထူထောင်ရန် အားထုတ်သည်။ အောက်ပါ စည်းကမ်းချက် ၅-ချက်ကို ရဟန်းတို့ အသက်ထက်ဆုံး လိုက်နာရမည့် စည်းကမ်းချက်များအဖြစ် ပြဌာန်းပေးရန် ဒေဝဒတ်က ဗုဒ္ဓထံ တောင်းဆိုသည်။

(၁) မြို့ကျောင်းရွာကျောင်းတွင် မနေဘဲ တော၌သာ သီတင်းသုံးရန်၊
(၂) ပင့်ဖိတ်သော ဆွမ်းကို မစားဘဲ ဆွမ်းခံ၍သာ စားရန်၊
(၃) ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို မဝတ်ဘဲ ပံသုကူသင်္ကန်းကိုသာ ဝတ်ရုံရန်၊
(၄) အမိုးအကာရှိသောကျောင်းတွင် မနေဘဲ သစ်ပင်ရင်း၌သာ သီတင်းသုံးရန်၊
(၅) အသားငါး မစားဘဲ သက်သတ်လွတ် ဆွမ်းကိုသာ စားရန်ဟူ၍ ဖြစ်သည်။

သို့သော် ရှင်ဒေဝဒတ် တောင်းဆိုသည့် စည်းကမ်းချက်များကို ဗုဒ္ဓက ပယ်ချခဲ့သည်။ ရဟန်းဂေါတမက လက်မခံသော်လည်း ထိုစည်းကမ်းချက်များကို မိမိတို့ လိုက်နာတော့မည်ဟု ရှင်ဒေဝဒတ်က ကြေညာကာ သံဃာထုကို သင်းခွဲသည်။ မသိနားမလည်သော ရဟန်းငယ်များနှင့် ရာဇဂြိုဟ် မြို့သူမြို့သားအချို့က ရှင်ဒေဝဒတ် နောက်သို့ ပါသွားကြသည်။

စင်စစ် ရှင်ဒေဝဒတ် တောင်းဆိုသည့် စည်းကမ်းချက် ၅-ချက်သည် အလွန်ကောင်းမွန်သည့် စည်းကမ်းချက်များ ဖြစ်သည်။ ပထမ ၄-ချက်သည် ရဟန်းတော်တို့ ကျင့်သုံးရန် ခွင့်ပြုထားခဲ့သည့် ဓူတင်အကျင့် လေးပါးပင် ဖြစ်သည်။ ထိုဓူတင်အကျင့်များကို အလိုနည်းခြင်း၊ ကိလေသာခေါင်းပါးခြင်း၊ ဒါယကာတို့က ပြုစု မွေးမြူလွယ်ခြင်းစသည့် ဂုဏ်များဖြင့် ဘုရားရှင်က ချီးမွမ်းတော်မူ လေ့ရှိသည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ဘုရားရှင်က ငြင်းပယ်ခဲ့ပါသနည်း။ ကောင်းပင် ကောင်းငြားသော်လည်း မဖြစ်မနေ လိုက်နာရန် လိုအပ်ခြင်း မရှိ၍ ဖြစ်သည်။ သဒ္ဓါတရား ထက်မြက်၍ စွမ်းနိုင်ပါက ဓူတင်အကျင့်များကို လိုက်နာနိုင်သည်။ အကယ်၍ ကျန်းမာရေးကြောင့် ဖြစ်စေ၊ အခြား အကြောင်း တစ်ခုခုကြောင့် ဖြစ်စေ ဓူတင်အကျင့်များကို မလိုက်နာနိုင်သော်လည်း တရားဓမ္မကို လိုက်နာကျင့်သုံးနိုင်သည်သာ ဖြစ်သည်။ မဖြစ်မနေ လိုအပ်ခြင်း မရှိပါဘဲ ဝိနည်း ဥပဒေတရပ်အနေဖြင့် သတ်မှတ်လိုက်ပါက ကောင်းကျိုးထက် ဆိုးပြစ်က ပိုများနေပါလိမ့်မည်။

သို့သော် အသိဉာဏ် နည်းပါးသူများ၊ အဂတိမကင်းသူများကမူ ဤအချက်ကို နားလည်သဘောပေါက်မည် မဟုတ်။ ရှင်ဒေဝဒတ်ကိုပင် ပို၍ ကြည်ညို အားကျနေကြပါလိမ့်မည်။ ထို့ကြောင့်ပင် ဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်ရာချီသည့်တိုင် အိန္ဒိယတွင် ရှင်ဒေဝဒတ် ဂိုဏ်းသား ရဟန်းများ ကျန်နေခဲ့ခြင်း ဖြစ်သည်။ ထိုသူတို့က ရှင်ဒေဝဒတ် ကျူးလွန်ခဲ့သည်ဆိုသည့် အပြစ်များအား အပြစ်ဟု မမြင်ကြ။ အဇာတသတ်အား မြှောက်ပင့်ပေးခြင်း၊ ဗုဒ္ဓအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် ဇာတ်လမ်းများသည်လည်း သူတို့ဆရာ ရှင်ဒေဝဒတ်ပေါ် အပြစ်ပုံချရန်အတွက် ပါဠိတော်များတွင် ထိုးဇာတ်အဖြစ် ဖန်တီး ထည့်သွင်းထား သယောင်ပင် ယူဆခဲ့ကြပေလိမ့်မည်။ ထို့ကြောင့်ပင် Ray က ယင်း၏ Buddhist Saint in India စာအုပ်တွင် ရှင်ဒေဝဒတ်အား အာရညက ဆောက်တည်သည့် သူတော်စဉ်တစ်ပါး အဖြစ် ရေးသားခဲ့ခြင်း ဖြစ်သည်။ စင်စစ် ရှင်ဒေဝဒတ် အဆိုတင်သွင်းခဲ့သည့် စည်းကမ်းချက်များကို အပေါ်ယံမျှကြည့်၍ ရှင်ဒေဝဒတ်သည် သူတော်စဉ်တစ်ပါး ဟုတ်-မဟုတ်ကို အလွယ်တကူ ဆုံးဖြတ်၍ မရ။ ရှင်ဒေဝဒတ်၏ လုပ်ရပ်များ၊ ထိုစည်းကမ်းချက်များ၏ နောက်ကွယ်မှ အကြံအစည်များကို အဂတိကင်းကင်း ပိုင်းခြားဝေဖန်နိုင်မှသာ ရှင်ဒေဝဒတ်သည် ရဟန်းဆိုးတစ်ပါး ဖြစ်ကြောင်း ဆုံးဖြတ်နိုင်ပါလိမ့်မည်။ ထို့အပြင် ရှင်ဒေဝဒတ် သူတော်စဉ် ဖြစ်ခဲ့သည့် အစောပိုင်းဘဝကာလနှင့် ဣဿာမစ္ဆရိယ၊ လာဘသက္ကာယ လွှမ်းမိုးခံရသည့် ရဟန်းဆိုးဘဝ နောက်ပိုင်းကာလတို့ကိုလည်း ရောထွေးခြင်း မပြုဘဲ ကွဲပြားပြတ်သားစွာ နားလည်ရန် လိုအပ်ပါသည်။

ဧရာ (မန္တလေး)
စာညွှန်း။
၁။ ဝိနည်း စူဠဝါ သံဃဘေဒကက္ခန္ဓ
၂။ အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် ကကုဓထေရသုတ် (အံ.၅.၁၀၀)
၃။ အင်္ဂုတ္တရနိကာယ် နဝကနိပါတ် သိလာယူပသုတ်(အံ.၉.၂၆)
၄။ Ray, Reginald, Buddhist Saints in India. Oxford University Press, 1994
၅။ Max Deeg, The Sangha of Devadatta: Fiction and History of a Hearsay in the Buddhist Tradition, 1999.
၆။ Bhikkhu Sujato, Why Devadatta was No Saint

Wednesday, September 16, 2015

အစားအသောက်ဆိုင်ရာဒဿန

အသက် ၅၇နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ပက်ဂီ ဆိုတဲ့ အမျိုးသမီးကြီးက နေ့လည်စာ စားရင်း သူရဲ့ အစားအသောက်ဆိုင်ရာဒဿနကို ပြောလာတယ်။

ငယ်ရွယ်စဉ် အခါမှာ…
အစားတွေကို ချစ်ပါ။
ကိုယ်က ချက်ကျွေးရတဲ့ အရွယ်မှာ…
အချစ်တွေနဲ့ ချက်ပါ။
အသက်ကြီးလာတဲ့အခါမှာတော့
အချစ်တွေကို စားပါ… တဲ့။

ငယ်တုန်းမှာ ကြိုက်သလောက်စားပါ။ မတည့်တာလည်း မရှိသလောက်ဆိုတော့ အစားတွေကို ချစ်လို့ရပါတယ်။ အစားဆိုတာ စားကောင်းတဲ့ အရာလို့ ကြွေးကြော်ပြီးကို စားပါ။

ကိုယ်က ချက်ပြုတ်ကျွေးရတဲ့ အရွယ်ရောက်လာရင်တော့ ဘယ်ဟာလေးကို ဘယ်လိုချက်ရင် စားကောင်းမယ် ဆိုတာမျိုး အမြဲလို စူးစမ်းပါ၊ လေ့လာပါ။ ကိုယ့်မိဘ၊ ကိုယ့်ခင်ပွန်း၊ ကိုယ့်ကလေးတွေ (ကိုယ်ချက်တာကို စားရမည့်သူတွေ) စားကောင်းစေချင်တဲ့ စိတ်နဲ့ အချစ်တွေနဲ့ ချက်ပါ။ ချက်ပြုတ်နေတဲ့ လက်မှာ အချစ်တွေ စီးဆင်းနေပါစေလို့ သူက ဖြည့်စွက်လိုက်ပါသေးတယ်။ ဒါပေမဲ့ ငယ်တုန်းကလို အစားတွေကို ချစ်လို့တော့ မရတော့ပါဘူး။ ကိုယ်နဲ့ မတည့်တာဆို ရှောင်ပါ။ အစားအစာမှာ အတိုင်းအရှည်ကို သိပါ။

ဒီထက် အသက်ကြီးလာလို့ သူများချက်တာကို စားရမည့် အရွယ်ရောက်လာပြီ ဆိုရင်တော့ အချစ်တွေကို စားပါတဲ့။ အသက်ကြီးလာတဲ့ အရွယ်ကို ယောက္ခမအရွယ်လို့ သူက ထပ်ကာထပ်ကာ ရည်ညွှန်းပါတယ်။ ကိုယ့်သမီး ချက်ထားတာ ဖြစ်စေ၊ ကိုယ့်ချွေးမ ချက်ထားတာ ဖြစ်စေ၊ ဘယ်သူချက်ထားတာ ဖြစ်ဖြစ် ကောင်းတယ်၊ မကောင်းဘူး၊ ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာတွေ မရှိတော့ပါဘူး။ မရှိပါနဲ့တော့။ စားချိန်ကျလို့ စားရရင် အချစ်တွေကိုသာ စားသုံးပါ…တဲ့။

*****
လက်ခံရင် လက်ခံ၊ သဘောမတူရင်လည်းနေ.. ဒါကတော့ ငါ့ဒဿန ဆိုပြီး သူ့စကားကို အဆုံးသတ်လိုက်တယ်။

Sunday, January 25, 2015

ဘုရားရှေ့မှ ခြင်္သေ့ကြီးများ

ဘီလူးသဘက်တို့နှင့် တိုက်ခိုက်မည့်သူသည် မိမိတို့ကိုယ်တိုင် ဘီလူးသဘက် ဖြစ်မသွားစေရန် သတိထားဖို့လိုသည်။ (နီရှေး)

မြန်မာပြည်သို့ ခေတ္တပြန်စဉ် မိတ်ဆွေသူငယ်ချင်းအချို့က မျိုးစောင့်ဥပဒေအပေါ် မိမိ၏ သဘောထားကို တီးခေါက်ကြည့်ကြသည်။ မိမိကလည်း သူတို့အမြင်ကို စူးစမ်းမိခဲ့သည်။ အင်တာနက်နှင့် ဖေ့ဘုတ်စာမျက်နှာများတွင် တဖက်နှင့် တဖက် အပြန်အလှန် ညစ်ညမ်း ကြမ်းတမ်းသော စကားများဖြင့် ဆဲဆိုဝေဖန် တိုက်ခိုက်နေကြသည့် ထိရှလွယ်သည့် အကြောင်းရာ ဖြစ်သဖြင့် လက်လွတ်စပယ်လည်း မှတ်ချက် မပေးလို။ Politically correct ဖြစ်ရန် သိပ်အားထုတ်နေလျှင်လည်း မပြတ်မသား၊ မရိုးမသား ဖြစ်နေနိုင်သည်။ မိမိက တစ်လင်တစ်မယားစနစ်မှ တပါး ကျန်ဥပဒေများကို သဘောမတူကြောင်း ဖြေ ဖြစ်ခဲ့သည်။ အထူးသဖြင့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို လုံးဝ အတည်မဖြစ်စေလိုကြောင်း ပြောဖြစ်သည်။

မျိုးစောင့်ဥပဒေကို ထောက်ခံသူတို့က အခြားဘာသာများတွင် မိမိတို့ဘာသာတရားကို ကာကွယ်ရန်ရှိပြီး၊ ဗုဒ္ဓဘာသာတွင်သာ မရှိသဖြင့် ဤဥပဒေများသည် တရားမျှတသည်ဟု အကြောင်းပြကြသည်။ အစ္စလာမ်အစွန်းရောက်ဝါဒ၏ အန္တရာယ်ကို ကာကွယ်ရန်လိုကြောင်း ထောက်ပြကြသည်။ မိမိတို့ ဘာသာ၊ သာသနာကို ထိမ်းသိမ်းစောင့်ရှောက်ခြင်းသည် ကောင်းမြတ်သည်ဟု လက်ခံပါသည်။ အစ္စလာမ်အစွန်းရောက်ဝါဒ၏ အန္တရာယ်ရှိမှုကိုလည်း လက်ခံပါသည်။ လူဦးရေပေါက်ကွဲမှု ဖြစ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသဖြင့် အစ္စလာမ်အစွန်းရောက်ဝါဒ၏ အန္တရာယ်ကို ပို၍ သတိထားသင့်သည်။ သို့သော် အစွန်းရောက်ဝါဒကို ဆန့်ကျင် တုန့်ပြန်သောအခါတွင် အစွန်းရောက်ဝါဒကို မကျင့်သုံးမိရန် အရေးကြီးသည်။ အဓမ္မကို အဓမ္မဖြင့် တုန့်ပြန်ခြင်းသည် တရားမျှတသည်ဟု အကြောင်းပြရန် မသင့်။ ထိုနည်းလမ်းများသည် ပျော့ပြောင်းသော မွတ်စလင်များကို အစွန်းရောက်ဝါဒီများ အဖြစ်သို့ တွန်းပို့ရာရောက်စေနိုင်သည်။ ပဋိပက္ခများကို ဖြေရှင်းပေးမည့်အစား ပိုမိုကြီးထွားစေနိုင်သည်။ မိမိကိုယ်တိုင်လည်း အစွန်းရောက် အဓမ္မဝါဒီများ ဖြစ်သွားပေလိမ့်မည်။ ဤနေရာတွင် အသေခံ ဗုန်းခွဲ၊ အကြမ်းဖက်တိုက်ခိုက်သူများကိုသာ အစွန်းရောက်ဝါဒီဟု ဆိုသည်မဟုတ်။ အစွန်းရောက်သော အတွေးအခေါ်များနှင့် အမုန်းတရားအပေါ်အခြေခံသည့် အတွေးအခေါ်များကို လက်ခံ၊ ဟောပြော၊ ဖြန့်ဖြူးသူများသည် အစွန်းရောက်ဝါဒီများပင် ဖြစ်သည်။

မိမိအနေဖြင့် အစ္စလာမ်အစွန်းရောက်ဝါဒအား အန္တရာယ်အဖြစ် ယူဆသည့် အဓိကအကြောင်းရင်းမှာ (၁) နိုင်ငံရေးအာဏာရယူ၍ ရှရီယာ (shariʿa) ဥပဒေဖြင့် ကျင့်သုံးသည့် အစ္စလာမ်နိုင်ငံထူထောင်လိုခြင်း (၂) ဘာသာခြားတို့အား ရန်သူသဖွယ် ဆက်ဆံခြင်း (၃) အစ္စလာမ်ဘာသာကို စွန့်လွှတ်သူများအား သေဒဏ် အထိ ကြီးလေးသော အပြစ်များပေးခြင်း (၄) အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံခြင်းတို့ ဖြစ်သည်။ အလားတူ အမြင်အယူအဆများဖြင့်ပင် အစ္စလာမ်အစွန်းရောက်ဝါဒကို ဆန့်ကျင် တုန့်ပြန်မည်ဆိုပါက မိမိတို့ကိုယ်တိုင်လည်း အစွန်းရောက်သွားမည် ဖြစ်သည်။

မိမိအမြင်အရ ဗုဒ္ဓဘာသာနိုင်ငံ ထူထောင်ရန် ကြိုးပမ်းမည့်အစား၊ နိုင်ငံရေး, အုပ်ချုပ်ရေး, တရားဥပဒေပြုရေး, တရားစီရင်ရေးတို့တွင် ဘာသာတရား၏ သြဇာလွှမ်းမိုးမှု ကင်းရှင်းစေရန် ကြိုးပမ်းသင့်သည်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုသည် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် အခွင့်အရေး ဖြစ်သည်။ မိမိယုံကြည်သည့် ဘာသာတရားကို မိမိ ရွေးချယ် ကူးပြောင်းကိုးကွယ်ခွင့် မရှိဘဲ၊ (မိဘဆွေမျိုးနှင့် အိမ်ထောင်ဖက်တို့မှ အစ) အခြားဘေးလူ တစ်ဦးတစ်ယောက်က ခွင့်ပြုပါမှ ယုံကြည်ကိုးကွယ်နိုင်သည် ဆိုခြင်းမှာ အတော်လေး အဓိပ္ပါယ်မဲ့လွန်းသည်။ စင်စစ် လွတ်လပ်စွာ ကိုးကွယ်မှု၊ လွတ်လပ်စွာ ဘာသာကူးပြောင်းမှုကို ဥပဒေက အပြည့်အဝ အာမခံချက်ပေးခြင်း၊ အတင်းအကြပ် ဘာသာကူးပြောင်းစေခြင်းကို ဥပဒေဖြင့် တားဆီး ကာကွယ်ပေးခြင်းတို့ကသာ လွတ်လပ် ယဉ်ကျေးသော လူ့အဖွဲ့အစည်းနှင့် ဆီလျော်ပါလိမ့်မည်။

အကယ်၍ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများကို ကာကွယ် စောင့်ရှောက်ရန်အတွက် လူမျိုးရေး, ဘာသာရေး, ကျားမ ခွဲခြားမှုကို အားပေးသည့် အမြင်များဖြင့် ဘာသာရေး ချုပ်ချယ်ဖိနှိပ်မှုများကို ဥပဒေအဖြစ် ပြဋ္ဌာန်းမည်ဆိုပါက ဆန့်ကျင်ဖက် အကျိုးဆက်များသာ ရနိုင်ပါသည်။ နိုင်ငံတကာမှ ဗုဒ္ဓဘာသာဝင် အများစုကလည်း ဤဥပဒေများကို ထောက်ခံ အားပေးကြလိမ့်မည်မဟုတ်။ ကမ္ဘာအလယ်တွင် မြန်မာဗုဒ္ဓဘာသာတို့အတွက် အရှက်ရစရာသာ ဖြစ်ပါလိမ့်မည်။ ပိုင်းခြားဝေဖန်တတ်သော မြန်မာလူငယ်များ ဗုဒ္ဓဘာသာနှင့် ရဟန်းသံဃာတို့အပေါ် အကြည်ညို ပျက်ကာ၊ သူတို့အား ဘာသာမဲ့များ အဖြစ်သို့ တွန်းပို့သလို ဖြစ်သွားနိုင်သည်။ ဗုဒ္ဓမြတ်စွာ၏ မေတ္တာတရား၊ ခန္တီတရား၊ ဗြဟ္မစိုရ်တရား အဆုံးအမများတို့ကို ပျက်ရယ်ပြု စော်ကားရာ ရောက်သွားနိုင်သည်။

ဤနေရာတွင် ဆရာတော်တစ်ပါး၏ ဥပမာကို ယူသုံးချင်ပါသည်။ ဘုရားရှေ့မှ ခြင်္သေ့ကြီးများကို ရှေ့မှကြည့်လျှင် ဘုရားကို ရန်ပြုမည့်သူများအား ကာကွယ်မည့်ဟန်ဖြင့် ခန့်ခန့်ငြားငြား ရှိလှသော်လည်း၊ ဘုရားဖက်မှ ကြည့်လိုက်လျှင်မူ အမြီးကို ထောင်ထားသဖြင့် အမြင်မတော်ဘဲ ဖင်ပေါ်နေပါလိမ့်မည်။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်းသည် ကောင်းမြတ်သည့် ကိစ္စဖြစ်သော်လည်း၊ မုန်းတီးမှုများ၊ အာဃာတများဖြင့် အစွန်းရောက်ပြီး မာန်ဖီနေလျှင်မူ ဘုရားရှေ့မှ ခြင်္သေ့ကြီးများကဲ့သို့သာ ဖြစ်နေပါလိမ့်မည်။