Wednesday, June 22, 2011

ချမ်းသာခြင်းသည် ဂုဏ်ရှိ၏။ သို့သော်… (၃)

စီးပွားဥစ္စာ ကြွယ်ဝခြင်းအား အကြောင်းပြု၍ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းအား ဗုဒ္ဓဒေသနာအရ သာယာဖွယ်အပိုင်း (အဿာဒ) ဟု ခေါ်၏။ အိမ်ယာထူထောင်သူ လောကီသားတို့သည် ဆင်းရဲချို့တဲ့စွာ မနေလိုသည့်အားလျှော်စွာ စီးပွားဥစ္စာ ပြည်စုံ ကြွယ်ဝစေရန် ရှာဖွေကြရသည်။ ထိုသို့ ရှာဖွေ အသက်မွေးရာတွင် မတရား အနိုင်ထက်မပြုဘဲ သမာအာဇီဝဖြစ်အောင် အားထုတ်ရ၏။ ရရှိလာသော စည်းစိမ်ဥစ္စာတို့ကို အသုံးချရာတွင်လည်း မိမိအတွက် သာမက မိမိနှင့်တကွ မိမိ၏ ပတ်ဝန်းကျင် ကောင်းစားရေးကို ရှေးရှုရသည်။ ဤနည်းအားဖြင့် ဘဝ၏ သာယာဖွယ်ကို ရှာမှီးရာတွင် ဗုဒ္ဓအဆုံးအမနှင့် အညီ ဖြစ်စေနိုင်သည်။

သို့သော် လောကသားတို့သည် ထိုသာယာဖွယ်တွင် အနှောင်ဖွဲ့ခံရ တတ်၏။ ထိုသာယာဖွယ်၌ မိန်းမော ယစ်မူးသွားတတ်၏။ ထိုသာယာဖွယ်၏ အလွှမ်းမိုး ခံရတတ်၏။ ကုသိုလ်ကောင်းမှုပြုရန်, အများ အကျိုးအတွက် ဆောင်ရွက်ရန်ဟု ဦးတည်ချက်ထားကာ စီးပွားဥစ္စာ ရှာဖွေနေသူများပင်လျှင် ထိုစည်းစိမ်ဥစ္စာများ, လုပ်ငန်းများအပေါ် “ငါ့စီးပွား, ငါ့လုပ်ငန်း, ငါ့အလှူ” ဟူ၍ တဏှာ၏ လွှမ်းမိုးမှုကို ခံရတတ်၏။ ဤသို့ဖြစ်ရခြင်းသည် ထိုစည်းစိမ်ဥစ္စာတို့၏ သာယာဖွယ် (အဿဒ)ဟူသော ရှုထောင့် တစ်ခုတည်းကသာ ကြည့်မြင်ခြင်းကြောင့်ဖြစ်သည်။ ထိုစည်းစိမ်ဥစ္စာတို့၏ “မမြဲ, ဖောက်ပြန် ပျက်စီးတတ်သော သဘော” ဟူသည့် ချို့ယွင်းချက် (တနည်းအားဖြင့်) ငြီးငွေ့ဖွယ်အပိုင်း (အာဒီနဝ) ကိုလည်း နှလုံးသွင်း ဆင်ခြင်နိုင်ရန် လိုအပ်၏။ သို့မှသာလျှင် “ငါ့စီးပွား, ငါ့လုပ်ငန်း, ငါ့အလှူ” ဟူ၍ တဏှာ၏ လွှမ်းမိုးမှုမှ ထွတ်မြောက်သည့် (နိဿရဏ) အသိဉာဏ် ရရှိနိုင်မည် ဖြစ်သည်။

ချမ်းသာကြွယ်ဝခြင်းသည် လောက သဘောအရ ဂုဏ်ရှိပါ၏။ သို့သော် ဗုဒ္ဓ၏ အဆုံးအမဒေသနာအရ …
(၁) အနိုင်ထက်မပြုဘဲ တရားသဖြင့် စီးပွားရှာဖွေခြင်း ဟုတ်, မဟုတ်၊
(၂) ရရှိလာသော စည်းစိမ်ဥစ္စာဖြင့် မိမိကိုယ်ကို ချမ်းသာ နှစ်သက်စေခြင်း ရှိ, မရှိ၊
(၃) (ပတ်ဝန်းကျင် လူ့အဖွဲအစည်း အတွက်) မျှဝေသုံးစွဲ၍ ကောင်းမှုပြုခြင်း ရှိ, မရှိ၊
(၄) စည်းစိမ်ချမ်းသာအား မမိန်းမော, မယစ်မူး, အလွှမ်းမိုး မခံဘဲ၊ လွတ်မြောက်သည့် အသိဉာဏ် စိတ်ထားဖြင့် သုံးစွဲခြင်း ဟုတ်, မဟုတ် ဆန်းစစ် ဝေဖန်ရသည်။ ဤအချက် လေးချက်ပေါ် မူတည်ကာ စီးပွားရှာဖွေ သုံးစွဲကြသော လောကီသားတို့အား အဆင့်အတန်း အမျိုးမျိုး ခွဲခြားနိုင်၏။ အဆင့်အလိုက် ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းကို ပြုနိုင်၏။

စာညွှန်း။
၁။ အံ-၁၀-၉၁၊ အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်၊ ဥပါလိဝဂ်၊ ကာမဘောဂီသုတ်
၂။ အံ-၃-၁၀၄။ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သမ္ဗောဓဝဂ်၊ ပုဗ္ဗေဝသမ္ဗောဓသုတ်

Sunday, June 19, 2011

Sand Stupa @ East Coast



လောကချမ်းသာ သဲပုံစေတီ


 လှိုဏ်ဂူအတွင်း ကိန်းအောင် စံပျော်တော်မူပါ

 အနေကဇာတိ သံသာရံ...


ဆီမီးထိန်ထိန်သာ...

Saturday, June 18, 2011

ချမ်းသာခြင်းသည် ဂုဏ်ရှိ၏။ သို့သော်… (၂)

ချမ်းသာခြင်းဟူသော မြန်မာဝေါဟာရသည် ဓနဥစ္စာကြွယ်၀ ချမ်းသာခြင်းနှင့် ကိုယ်စိတ် ချမ်းသာခြင်းဟူသော အဓိပ္ပါယ် နှစ်မျိုး ရသည်။ ဓနဥစ္စာကြွယ်ဝခြင်း (ငွေကြေးရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်ခြင်း) အား ဗုဒ္ဓစာပေအရ ရှိခြင်း ချမ်းသာ (အတ္ထိသုခ) ဟုခေါ်သည်။ ထိုရုပ်ဝတ္ထုစည်းစိမ်တို့ကို သုံးဆောင်မှီဝဲရခြင်းအား သုံးဆောင်မှု ချမ်းသာ (ဘောဂသုခ)ဟု ခေါ်သည်။ ထိုသို့ သုံးဆောင်မှီဝဲရသဖြင့် ကိုယ်စိတ် ချမ်းသာခြင်းကို ဖြစ်စေ၏။ ထို့ကြောင့် စည်းစိမ်ဥစ္စာတို့အား အသုံးပြု၍ မိမိ၏ ကိုယ်စိတ်ကို ချမ်းသာစေမှ ဓနဥစ္စာ ရှာဖွေရခြင်း၏ ရည်ရွယ်ချက်သည် အထမြောက်၏။ သို့သော် ပြည့်စုံပြီဟုကား မဆိုနိုင်။ မိမိနှင့်အတူတကွ မိဘ,သားသမီး, ဆွေမျိုး အစထားကာ အများအကျိုးအတွက် ပြန်လည်မျှေ၀ အသုံးပြုရသည်။

ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေးအား စီးပွားဥစ္စာ ရှာဖွေရာတွင် ထားရှိအပ်သော ရည်ရွယ်ချက် (၅) ပါးကို ဟောကြားထား၏။
(၁) မိမိနှင့်တကွသော မိဘ, သားမယား, အစေခံ အလုပ်သမားတို့ကို ချမ်းသာ နှစ်သက်စေရန်
(၂) မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့ကို ချမ်းသာ နှစ်သက်စေရန်
(၃) ရန်သူမျိုးငါးပါးနှင့်ကြုံတွေ့သောအခါ မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက် နိုင်ရန်
(၄) ဆွေမျိုးတို့အား ပေးကမ်းခြင်း, ဧည့်သည်တို့အား ကျွေးမွေးခြင်း, ကွယ်လွန်သူတို့ အတွက် ရည်စူး၍ ပေးလှူခြင်း, မင်းအား အခွန် ဆက်သခြင်း, နတ် ပူဇော်ခြင်းဟူသော ပူဇော်ခြင်းငါးမျိုး (ပဉ္စဗလိ) ပြုရန် (ဤငါးမျိုးသည် ဗုဒ္ဓခေတ် အိန္ဒိယနိုင်ငံတွင် ကျင့်သုံးခဲ့သော ရိုးရာအစဉ်အလာ လူမှုရေး, နိုင်ငံရေး, ဘာသာရေး ဝတ္တရားဖြစ်၍ ဗြာဟ္မဏ ပုရဏ်ကျမ်းများတွင် ယဇ်ကြီးငါးပါး “ပဉ္စမဟာယည” ဟု ခေါ်သည်။)
(၅) ရဟန်းပုဏ္ဏားတို့အား မြတ်သော အလှူပေးရန်

ထိုငါးချက်အား အနှစ်ချုပ်လျှင်
(၁) မိမိကိုယ်ကို ချမ်းသာနှစ်သက်စေသည် (အတ္တာနံ သုခေတိ ပိဏေတိ),
(၂) သူတစ်ပါးအား မျှဝေသည်, ကောင်းမှု ကုသိုလ်ပြုသည် (သံဝိဘဇတိ ပုညာနံ ကရောတိ) ဖြစ်၏။
ဤကဲ့သို့ အသုံးချသူသည် စီးပွားဥစ္စာ တိုးတက်သည် ဖြစ်စေ၊ ဆုတ်ယုတ်သည် ဖြစ်စေ စိတ်နှလုံးမသာမယာ မဖြစ်။ “ငါသည် စည်းစိမ်ဥစ္စာတို့အား မိမိအကျိုး, အများအကျိုးအတွက် အသုံးချခဲ့ပြီ” ဟု ဝမ်းမြောက် ကျေနပ်ခြင်း ဖြစ်လေသည်။

စာညွှန်း။
၁။ အံ-၁၀-၉၁၊ အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်၊ ဥပါလိဝဂ်၊ ကာမဘောဂီသုတ်
၂။ အံ-၅-၄၁၊ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ မုဏ္ဍရာဇဝဂ်၊ အာဒိယသုတ်
၃။ အံ-၄-၆၂၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ ပတ္တကမ္မဝဂ်၊ အာနဏျသုတ်

Thursday, June 16, 2011

လောကချမ်းသာ သဲပုံစေတီတည်ထားကိုးကွယ် ပူဇော်ပွဲ နှိုးဆော်လွှာ

အဘိဓမ္မာအသင်းကြီး ပန္နက်ချ မင်္ဂလာ တစ်လပြည့် အထိမ်းအမှတ် နှင့်
 ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး ၏ နာယက ဗန်းမော်ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တကုမာရာဘိဝံသ ဂုဏပူဇာပွဲ အထိမ်းအမှတ်

Wednesday, June 15, 2011

ချမ်းသာခြင်းသည် ဂုဏ်ရှိ၏။ သို့သော်…

လက်ဝဲ အယူဝါဒ ထွန်းကားစဉ်ကာလက “အရင်းရှင်, ဓနရှင်” ဟူသော အမည်များတပ်ကာ ချမ်းသာကြွယ်ဝသူတို့အား ဝေဖန် တိုက်ခိုက်ခဲ့ကြသည်များ ရှိ၏။ သို့သော်လည်း ယေဘုယျအားဖြင့် မြန်မာလူမျိုးတို့သည် ချမ်းသာ ကြွယ်ဝအောင် ကြိုးပမ်း အားထုတ်ခြင်းအား အပြစ်တစ်ခုအဖြစ် ရှုမြင်လေ့ မရှိပါ။ လောကီ စည်းစိမ်ချမ်းသာတို့အား စွန့်ပယ်၍ သပိတ်, သင်္ကန်း အသုံးအဆောင်မျှနှင့်သာ ရောင့်ရဲပြီး သံသရာဝဋ်မှ လွတ်ကင်းရန် ကျင့်ကြံကြသည့် သံဃာအဖွဲ့အစည်းအား ထူထောင်တော်မူခဲ့သော ဗုဒ္ဓသည်ပင် လောကီဘောင်သားတို့၏ ချမ်းသာကြွယ်ဝမှုအား အပြစ်တင် ဝေဖန်ခဲ့ခြင်း မရှိ။

သို့သော် (၁) စီးပွားဥစ္စာ ရှာဖွေသည့် နည်းလမ်း (၂) ရရှိလာသည့် စည်းစိမ်အား မိမိ အတွက် အကျိုးရှိအောင် အသုံးချမှု (၃) ပတ်ဝန်းကျင် လူ့အဖွဲအစည်း အတွက် မျှဝေသုံးစွဲမှု (၄) ထိုစည်းစိမ်ချမ်းသာ အပေါ်၌ ထားရှိသည့် စိတ်နေသဘောထား ဟူသည့် အချက်များပေါ်တွင် မူတည်၍ ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းကို ပြုရသည်။

မတရားသဖြင့် အနိုင်ထက်ပြု၍ စီးပွားရှာဖွေကာ ချမ်းသာကြွယ်ဝခြင်းသည် ချီးမွမ်းထိုက်သည် မဟုတ်။ မတရားသဖြင့် စီးပွားရှာခြင်းဟူသည် ဒုစရိုက်ဖြင့် စီးပွားရှာခြင်းဖြစ်သည်။ ဒုစရိုက်ဖြင့် စီးပွားရှာခြင်းဟူသည် အကြမ်းအားဖြင့် ငါးပါးသီလအား ချိုးဖောက်၍, ကျိုးပေါက်စေ၍ စီးပွားရှာဖွေခြင်း ဖြစ်သည်။

(၁) သတ္တဝါတို့အား သေကြေ ပျက်စီးစေ၍ စီးပွားရှာခြင်း, သေကြေ ပျက်စီးစေသော အဆိပ်, လက်နက်များ ရောင်းဝယ် ဖောက်ကားခြင်း။
(၂) ပိုင်ရှင် မပေးသော ဓနဥစ္စာအား ခိုးယူ၍ ဖြစ်စေ, အနိုင်ထက် သိမ်းယူ၍ ဖြစ်စေ စီးပွားရှာခြင်း။
(၃) ကာမဂုဏ်အား မှားယွင်း ဖောက်ပြန်စေရန် အားပေးသည့် လုပ်ငန်းများဖြင့် စီးပွားရှာခြင်း။
(၄) တစ်ပါးသူအား လိမ်လည်လှည့်ဖျား၍ စီးပွားရှာခြင်း။
(၅) မူးယစ်ဆေး, အရက်သေစာများ ရောင်းဝယ်ဖောက်ကား၍ စီးပွားရှာခြင်း။

ထိုသို့သော စီးပွားရှာခြင်းမျိုးတို့ဖြင့် ရရှိလာသော စည်းစိမ်းချမ်းသာသည် ဂုဏ်ယူ ချီးမွမ်းထိုက်သော ချမ်းသာမှုမျိုး မဟုတ်။ တရားနှင့် အညီ ရှာဖွေ အသက်မွေးမှုမျိုးကသာ ချီးမွမ်းထိုက်၏။ သို့သော် တရားနှင့် အညီရှာဖွေ အသက်မွေးရခြင်းသည် အစုန်လမ်း မဟုတ်။ အဆန်လမ်းဖြစ်၍ လွယ်ကူလှသည်တော့ မဟုတ်။ စိတ်ဓာတ် ခိုင်ကြည်ရန် လိုအပ်သည်။ အနိုင်ထက်ပြု၍ စီးပွားရှာဖွေခြင်းကား အစုန်လမ်းဖြစ်၍ မခက်လှ။ အရှက်ကင်းမဲ့ရန်သာ လိုသည်။ ဤသို့သော အသက်မွေးမှု၏ အသွင်စရိုက်အား ဓမ္မပဒ ဂါထာအမှတ် ၂၄၄ တွင် ဟောကြားထားရာ ဆရာဦးရွှေအောင်၏ မြန်မာဘာသာပြန်သည် ထိမိပေါ်လွင် လှပါသည်။

သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခန္ဒိနာ ပဂဗ္ဘေန၊ သံကိလိဋ္ဌေန ဇီဝိတံ။ (ဓမ္မပဒ၊ ဂါထာအမှတ် ၂၄၄)

လူသည် တကယ်တမ်း လွယ်ကူစွာ အသက်မွေးမြူလိုပါက အရှက်မရှိရ။ ကျီးကန်းလိုလည်း လုယူရဲရ၏။ သူတစ်ပါး၏ သိက္ခာကိုလည်း ချရဲရ၏။ သာရာဖက်သို့လည်း ပြေးကပ်ရဲရ၏။ ညစ်ပတ်သော စိတ်လည်း ရှိရ၏။ ဤသို့ပြုလျှင် လောက၌ အသက်မွေးရ လွယ်လေ၏။

စာညွှန်း။
၁။ အံ-၁၀-၉၁၊ အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်၊ ဥပါလိဝဂ်၊ ကာမဘောဂီသုတ်
၂။ အံ-၅-၁၇၇၊ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဥပါသကဝဂ်၊ ဝဏိဇ္ဇာသုတ်
၃။ ဓမ္မပဒ၊ ဂါထာအမှတ် ၂၄၄
၄။ ဦးရွှေအောင်- ကိုယ်ကျင့်သိက္ခာဖြူစင်ခြင်း (ဓမ္မဂီရိစာစောင်၊ ဒီဇင်ဘာလ ၁၉၉၂)

Monday, June 6, 2011

ဘေလာ့ဂ္တာ…(၇)


“Google က အလကားတွေပေးပြီး အကုန်မှတ်ထားတာနော်… နောင်နှစ်လေးဆယ်လောက်ကျရင် အမှတ်မထင် ကိုယ်ရေးခဲ့တာတွေက ကိုယ့်ကို ပြန်ချောက်လှန့်မှာတဲ့…” ကိုဧရာက သတင်းနားထောင်ပြီး မသီတာကို တဆင့်လှမ်းပြောလိုက်ခြင်းပါ။
“အမလေး ချောက်ပါစေ လှန့်ပါစေတော်… ချောက်စေ လှန့်စေချင်လွန်းလို့ပါ” လို့ ပြန်ပြောလိုက်တော့
သူကလည်း “အေးလေ” တဲ့။

ဘလော့ဂ်လုပ်တာကို အားပေးပေမဲ့ မသီတာ စာရေးရင် ကိုယ်ရေးကိုယ်တာတွေချည်း ရေးတယ်ဆိုပြီး ကိုဧရာက သိပ်သဘောမကျချင်ပါဘူး။ သားတော်ကြီး ရေချမ်းကလည်း ပြောလာသေးတယ်။ “ဖေဖေတို့ မေမေတို့ စာရေးတယ် ဆိုရင်လည်း နာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းအရာတွေ ရေးမှပေါ့” … “ဒါမှပိုက်ဆံရမှာပေါ့” တဲ့။ တိန်)))
ဖအေလုပ်သူကတော့ “အဲ့လိုမျိုးတွေ ရေးတယ်ဆိုတာ လွယ်တာမဟုတ်ဘူးကွ” လို့ ပြန်ဖြေနေရှာသေးတယ်။

၂၀၀၄ခုနှစ်၊ ဧပြီလထုတ် ယဉ်ကျေးမှုမဂ္ဂဇင်း၊
မနုဿကျော်ဝင်း ရေးသားတဲ့ နှလုံးသည်းပွတ်ကို ထုတ်ယူခြင်း ဆောင်းပါးမှာ-

မောင်လင်းသည် ဦးသက်ဝင်းပေးသော မှတ်စုစာအုပ်ကလေးကို ဖွင့်လိုက်ရာ မှတ်စုအတိုအထွာကလေးများကို အောက်ပါအတိုင်း တွေ့ရှိရ၏။ ထိုမှတ်စုကလေးများ၏ အောက်ခြေ၌လည်း မည်သည့်စာအုပ်စာပေမှ ထုတ်နုတ်မှတ်သားထားကြောင်း မှတ်ချက်ဖြင့် ရေးသားဖော်ပြထားသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရလေသည်။
စာဖတ်ခြင်းကား ပြည့်ဝစေ၏။ ဆွေးနွေးခြင်းကား ဖျတ်လတ်တက်ကြွစေ၏။ ရေးသားခြင်းကား တိကျစေ၏။
(………)
ဆိုတာလေး အမှတ်မထင် ဖတ်လိုက်ရတော့ ကိုယ်ပိုင်ဘလော့ဂ်ထောင်ပြီး လုပ်နေတဲ့ ဘလော့ဂ်ပို့စ်များ ဖတ်ခြင်း၊ ကော်မန့်များ ရေးခြင်း၊ ကိုယ်တိုင် ဘလော့ဂ်ပို့စ်များ ရေးသားခြင်း၏ ရည်ရွယ်ချက်၊ အနှစ်သာရနှင့် အကျိုးတရားတို့ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ရပါတယ်။

"Reading makes a full man; conference a ready man; and writing an exact man."

Friday, June 3, 2011

နှစ်ဆယ်ရာစု ဖွားဖွားတာ

နှစ်ဆယ်ရာစု သုဘဒ္ဒါ ဆိုတဲ့ အမည်နဲ့ ၀ါဝါ၀င်းရွှေရဲ့ ရုပ်ရှင်ဇာတ်ကား ရှိခဲ့ဖူးတယ်။ ကျော်ဟိန်းရဲ့ နှစ်ဆယ်ရာစု လက်ဝှေ့ကျော် ဆိုတဲ့ဇာတ်ကားလည်း နာမည်ကျော်ခဲ့တယ်။ ခေတ်မှီခြင်း၊ ခေတ်နဲ့အညီလိုက်ခြင်းကို ဖော်ပြလိုတဲ့အခါ ဒီစကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်။ နှစ်ဆယ်ရာစု ဆိုတဲ့ စကားလုံးလေးကလှသလို နှစ်ဆယ်ရာစုရဲ့ သားပျို၊ သမီးပျိုတွေကလည်း လှပ နုနယ် ချစ်စဖွယ် အသွင်ကိုဆောင်ခဲ့ကြတယ်။ နှစ်ဆယ်ရာစုရဲ့ သစ်လွင် လှပပုံကို ကျမ်းတစောင်၊ စာတဖွဲ့ ရေးလို့ ကုန်နိုင်မယ် မထင်ဘူး။ အဆုံးသတ်သွားတာတောင် Y2K တဲ့… ဘယ်လောက် လှလိုက်လေသလဲ။
*****
နှစ်ဆယ်ရာစုရဲ့ သမီးပျိုလေးတယောက်ဟာ နှစ်ဆယ်တစ်ရာစု အရောက်မှာတော့ အိုမင်းမစွမ်းတော့ပါဘူး။ ဒါဟာ သဘာဝပဲလေ…။ သောင်းကျန်းတဲ့ ရောဂါဆိုးတွေရဲ့ အနှိပ်စက် မခံရသေးပေမည့် မွေးကတည်းက ပါလာတဲ့ အိုနာက ပါးပါးလေး အစွမ်းပြနေပြီ။ ရေအိမ်သွားရင် စာအုပ်အဖေါ်လေး ခေါ်သွားမြဲအတိုင်း ခေါ်သွားမိပေမည့် ဖတ်မရတော့ပါဘူးကွယ်။ ဘာကြောင့်များ ဒီလောက်သေးတဲ့ စာလုံးနဲ့ ပုံနှိပ်ကြပါလိမ့်။ စာအုပ်တွေ စာစောင်တွေ ပြောင်းသွားပေမည့် ဘာလာလာ ဖတ်မရတော့မှ လက်လျှော့ရတဲ့အဖြစ်ရောက်တယ်။ ဘတ်စ်ကား ဂိတ်မှာ ကားစောင့်ရင်လည်း မှတ်တိုင်ဆီလာနေတဲ့ ဘတ်စ်ကားနံပါတ်ကို ကိုယ်စီးလိုတဲ့ နံပါတ်ချည်းသာ မြင်နေမိတော့တယ်။ အနားရောက်လို့ မဟုတ်မှန်းသိမှ ကိန်းဂဏန်းတွေဟာ ဘာကြောင့်များ ဒီလောက်တောင် ဆင်တူရိုးမှား ဖြစ်နေရတာလဲလို့ အယောင်ယောင်အမှားမှားလည်း တွေးမိရဲ့။

ခေါင်းပေါ်မှာ ဖွာလန်ကျဲနေတဲ့ ဆံပင်ဖြူတွေ…။ ငွေမှင်ရောင် လှသလောက်… သူတို့ကျမှ ဘာကြောင့် ဒီလောက်အရုပ်ဆိုးရတာလဲ စဉ်းစားမိပြန်တော့ ဆံပင်တွေ ပိုဖြူသွားမှာစိုးလို့ ရပ်တန်းကရပ်ရတယ်။ တချိန်က ထိန်းမနိုင် သိမ်းမရ အုပ်ခဲနေတဲ့ ဆံပင်တွေ… ခုများဖြင့် ထိပ်မှာ အကွက်လိုက်ကြီးကို ပြောင်လို့…။ ဒါနဲ့ပဲ ကြည့်မရတဲ့ ဆံပင်ဖြူတွေကိုလည်း မနှုတ်ရက်တော့ပါဘူး။ သူတို့လေးတွေ ရှိနေပေလို့ အပြောင် သက်သာရာရပေတယ်ပေါ့။

ဂလုံဂလွမ်… ချလွင်ချလန်… အသံတွေ ကြားရရင်တော့ အခြားမတွေးပါနဲ့။ ဒီလက်က လွတ်ကျတာပါ။ အမလေး…ကုန်ပါပြီ ဆိုတဲ့ အသံမျိုးတွေ ကြားရရင်လည်း အထိတ်တလန့် မဖြစ်ကြပါနဲ့။ ဟင်းအိုးတွေ၊ ဟင်းခွက်တွေ ခူးရင်းခပ်ရင်း မှောက်ပြန်တာပါ။ ဦးနှောက်က စေ့စပ် သေချာစွာ အမိန့်ပေး ခိုင်းစေတဲ့အတိုင်း တသွေမတိမ်း လိုက်နာလို့ မြဲမြံခိုင်ခံ့ခဲ့တဲ့ လက်တွေ… ခုတော့လည်း သူတို့ မဟုတ်သလိုပဲ။ တခုခုတော့ မှားနေပြီ… တနေရာရာမှာတော့ မှားနေပြီ။ ဘယ်သူ့ကြောင့်လဲလို့ ကျေးဇူးပြုပြီး တရားခံ မရှာပါနဲ့တော့။

တနေ့လုံး မိုးတိုးမတ်တပ်နဲ့ သူ့အပေါ် အားပြုရပ်ရတဲ့ ခြေထောက်တွေ… ညတိုင်ရင်တော့ ဖောယောင်နေပြီ။ ဘယ်လာ ကျော့ကျော့မော့မော့ လှမ်းနိုင်တော့မလဲ။ သူတို့ကို ညှာရင်း ပုံမကျပန်းမကျ ကွတတနဲ့ ကျိုးကျိုးကျွတ်ကျွတ် အော်ရင်း မြည်ရင်း နောက်ဆုံးတော့ အိပ်ယာဖျာကပ်ရတာပါပဲ။
*****
ကိုယ့်မှာဖြင့် ကိုယ့်ဒုက္ခနဲ့ကိုယ်။ ငယ်ငယ်ရွယ်ရွယ် မသိမိုက်မှားတဲ့အရွယ်က တရားသူကြီးရှေ့သွားပြီး အေးအတူ ပူအမျှ အပေးအယူ သူနဲ့ကျမ ဆိုပြီး မဟုတ်က ဟုတ်ကတွေ ကျမ်းသစ္စာ ကျိန်ဆိုမိခဲ့လို့ အပိုဆု တွဲပါလာတဲ့ ဒုက္ခအိုးကြီးကလည်း တမှောင့်။ ဘယ်သူ့အကြောင်းလေးဖြင့် သူ့ပြောမိရင် ရာဇ၀င် ပြန်လှန်ရတော့တာ…။ ဥပမာ သာဂိအကြောင်း ပြောကြတယ် ဆိုကြပါစို့။ သာဂိလေ…ကိုဖိုးထောင် သားလေ… ငယ်ငယ်က ရှင်နဲ့တောင် ထန်းရည် အတူတူ ခိုးသောက်ကြသေးဆို… ဆိုတာမျိုး ပဝေသဏီ ရှစ်ထပ်က အကြောင်းတွေ ပြန်အစဖော်ပြီးမှ ရှေ့ဆက်လို့ရတယ်။ မောထှာ။ တခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်။ အော် သူ့ခင်မျာ ဖာသိဖာသာ နေတတ်ရှာတာပါလို့ ခွင့်လွှတ်ခဲ့သမျှ အခုများဖြင့် တယ် စိတ်မရှည်ချင်ဘူး။ သူက ယောင်တောင်ပေါင်တောင်တွေ လုပ်တော့ ကိုယ်ပါ ဝေေ၀၀ါးဝါးတွေ ဖြစ်ကုန်ရော။ အော် ငါ့နှယ် မျက်မှောင်တွေကျုံ့မိပြန်ပြီ… နဖူးရေတွေ တွန့်ကုန်ပါပေါ့။

နှစ်ဆယ်ရာစု ဖွားဖွားတာ
*****
မှတ်ဉာဏ်တွေ မကောင်းတော့တဲ့အကြောင်း သက်ဝေနဲ့ ချောကို ပြောချင်လို့ (ချိုပေစွ ဟင်းချိုကဗျာကို အလွတ်ရသေးတယ် ထင်နေကြလို့)
အသက်ချင်းပြိုင်ရင် ကိုယ်ကနိုင်မယ် ထင်နေတဲ့ Gyidaw နဲ့
နောက်ပြီး နှစ်ဆယ့်တစ်ရာစုမှာ ခေတ်စားတဲ့ သွေးစုတ်လူ ဇာတ်ကားတွေ ကြည့်ခိုင်းတဲ့ ခရေတွန်နဲ့
တနေ့တည်း နှစ်ပုဒ် သုံးပုဒ်တင်ရင် စိတ်မဆိုးတဲ့ စစ တို့အတွက်

မာလကာနှင့် ဆီးဖြူ

ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ ကူးလူး ဆက်ဆံ ပြောင်းလဲနေတတ်ကြောင်းကို “မန္တလေးသားစစ်စစ်နှင့် မလကာထန်းလျက်” တွင် ရေးခဲ့ဖူးသည်။ မလကာထန်းလျက် ရေးစဉ်က မလက္ကာ (Melacca) ကို မရောက်ဖူးသေးပါ။ မလေးရှားနိုင်ငံ နိရောဓာရာမကျောင်းတိုက် ကထိန်အလှူပွဲသို့ လိုက်ရင်း မလက္ကာသို့ ရောက်ဖြစ်သည်။ ဘတ်စ်ကားနှင့် အတူပါလာသည့် ဧည့်လမ်းညွှန်က “မလက္ကာဆိုတာ အပင်နာမည်ကို စွဲပြီး ခေါ်တာ” ဟု မြို့အ၀င်ကပင် ရှင်းပြထားပါသည်။ တစ်နေရာ ရောက်တော့ “ဒီ အပင်ကို ခေါ်တာပေါ့” ဟု လက်ညိုးထိုးပြတော့ အမှတ်တရ ဓာတ်ပုံ လှမ်းရိုက် လိုက်သည်။ “မောင်ရင် အဲဒီအပင် မဟုတ်ဘူး၊ နောက်က ဆီးဖြူသီးပင်ကို ပြောတာ” ဟု မလက္ကာနှင့် ရင်းနှီးနေသည့် ဦးလေးကြီးတစ်ဦးက ပြောပါသည်။ ခပ်သုတ်သုတ်ဆိုတော့ နောက်တစ်ပုံ ထပ်မရိုက်ဖြစ်တော့ပါ။ ဤဦးလေးကြီးသာ ၀င်၍ အမှားပြင် မပေးခဲ့လျှင်လည်း “မလက္ကာဆိုတာ ထန်းပင်လိုလို အပင်မျိုး” လို့ အမှားကို မှတ်ကောင်း မှတ်နေမိပါလိမ့်မည်။
မြန်မာတို့က Guava ကို မာလကာဟု ခေါ်သည်။ မလက္ကာနယ်မှ လာသောအသီးကို မျိုးယူ၍ စိုက်ပျိုးခဲ့သောကြာင့် မာလကာသီး, မာလကာပင်ဟု တွင်ခဲ့ကြောင်း ဖတ်ဖူးပါသည်။ သို့သော် မလက္ကာနယ် ဟူသောအမည်က ဆီးဖြူသီးပင် (Indian Gooseberry) ကို မှီ၍ ရလာသည်။ ဆီးဖြူသီးကို ပါဠိသက္ကတဘာသာတွင် “အာမလက āmalaka” ဟုခေါ်သည်။ အိန္ဒိယမှ āmalaka က မလေးရောက်တော့ melaka (malacca) ဖြစ်သွားသည်။ တဖန် မြန်မာတို့က မာလကာဟုခေါ်သော အသီးကို ရခိုင်တို့က ဂိုယံသီးဟုခေါ်သည်။ ဂိုယံသီးဟူသော အမည်ကလည်း Guava ၏ စပိန်ဘာသာအမည် Guaya မှ ဆင်းသက်လာကြောင်း ဘီဘီစီရေဒီယို အစီအစဉ်တစ်ခုတွင် နားထောင်ဖူးသည်။ “အာမလက, မလက္ကာ, မာလကာ, ဂိုယံ” ဟူသော အမည်ဆက်နွယ်မှုများက အိန္ဒိယ, မလေးရှား ကျွန်းဆွယ်, ရခိုင် ကမ်းရိုးတန်းဒေသ, ဥရောပနိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံခဲ့ကြသည်ကို ဖော်ညွန်းနေသည်။

Thursday, June 2, 2011

ချို ပေစွ ဟင်းချို

ဒီမှာ အမ တစ်ယောက်နဲ့ သွားရင်းလာရင်း တနေရာအရောက် အမက “ဟယ် ဟိုမှာ ပရန္န၀ါတွေ ပရန္န၀ါ တွေ…” လို့ ပြပါတယ်။ “သိတယ် မဟုတ်လား… ငယ်ငယ်က သင်ခဲ့ရဖူးတယ်လေ” ဆိုပြီး ကဗျာလေး တပိုင်းတစကို ရွတ်ပြပါတယ်။ ဟုတ်ပါတယ် သင်ခဲ့ရဖူးတယ် ဒါပေမဲ့ လက်တွေ့နဲ့ မဆက်စပ်ခဲ့တော့ ကိုယ့်ဘေးနားရောက်နေတာတောင် မသိဘူးပေါ့။

punarvana (boerhavia diffusa) လို့ ရေးထားပါတယ်။ အာယုဗေဒ ဆိုဒ်တခုမှ ရပါတယ်။
*****
ချို ပေစွ ဟင်းချို

တောင်ခါးပန်းရယ်နှင့်၊ ခင်တန်းငယ် ကုန်းမြောင်၊ ကျော့ကွင်းကို ထောင်သည်၊ ခွေးညီနောင် တခင်ခင်နှင့်၊ ယုန်ရှင်ကို ဖမ်းခဲ့ပါ၊ လေးထမ်းတဲ့သည်ဖေကိုယ်၊ တဲအိမ်နေ ကြင်သူက၊ တအူအူ ဟစ်ခေါ်လို့၊ အမှာတော်ပါးလိုက်ရှာတယ်လေး။

အိမ်ကိုပြန်လျှင်၊ အကျွန်ကျွန်ုပ်၊ ယုန်တစ်တုတ်ကို၊ ခွာဆုတ်ရေလှန်၊ ကျပ်ခိုးခံလို့၊ ပရန္န၀ါ၊ ရွက်နုညှာကို၊ ၀ါးပြာထည့်ကျို၊ အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ၊ ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်၊ ချိုပေစွဟင်းချိုကို၊ စလောင်းတို အခြေပဲ့နှင့်၊ အာခေါင်မှာ ပူအောင်ထည့်လို၊ မျိုလှည့်ကွဲ့လေး။

(ပဉ္စမတန်း မြန်မာဖတ်စာမှ)
 

ခက်ဆစ်အဖွင့်
၁။ တောင်ခါးပန်း = တောင်ထိပ်နှင့် တောင်ခြေအကြားရှိ တောင်စောင်းအရပ်။
၂။ ခင်တန်း = ကုန်းမြင့်တောင်တန်း။
၃။ ကုန်းမြောင် = ကုန်းမြင့်နှစ်ခုကြား အလျားရှည်၍ အနံကျဉ်းသော ချိုင့်ဝှမ်း။
၎။ ကျော့ကွင်း = ယုန်စသည်တို့ကို ကျော့ပစ်ရန် ကြိုးကွင်း၊ ညွတ်ကွင်း။
၅။ တခင်ခင် = ကိန်ကိန်၊ အိုင်အိုင် အသံမျိုးပြုလျက်။
၆။ တအူအူ = ဆွဲဆွဲငင်ငင် အော်မြည်သည်။
၇။ ယုန်တစ်တုတ် = ယုန်တစ်ကောင်။
၈။ ကျပ်ခိုးခံ = မီးဖိုအထက်တွင်လုပ်ထားသော စင်(ကျပ်စင်)တွင် သားကောင်များကို အခြောက်ခံသည်။
၉။ ပရန္န၀ါ = မြေတွင် တွား၍ပေါက်သော အခက်အလက်အရိုးကြွပ်ဆတ်သည့် ဆေးဖက်ဝင်သည့် အပင်တစ်မျိုး။
၁၀။ ၀ါးပြာ = ဆားအဖြစ်အသုံးပြုရန် ၀ါးကို မီးရှို့၍ရသောပြာ။
၁၁။ ခပ်ချို = ယောက်ချို၊ ဟင်းခပ်ဇွန်းကြီး။
၁၂။ စလောင်း = မြေအိုးအဖုံး စလောင်းဖုံး။

*****
အခု အချိန်မှာ ကဗျာကို ပြန်ဖတ်တော့ ယောက်ျားဖြစ်သူက ဟင်းစားကို ကိုယ်တိုင်ရှာပြီး၊ ကိုယ်တိုင် ချက်ပြုတ် ခူးခပ် ကျွေးပုံပဲ… သူ့ အိမ်ရှင်မကို…။ မသီတာတို့နဲ့ ဘာတွေများကွာနေပါလိမ့်…အင်း နောက်ဆုံးတော့ မသီတာ တအူအူ မလုပ်တတ်လို့ပဲ နေမှာပါလေလို့ ကောက်ချက်ချလိုက်ပါတယ်။
*****
ဘလော့ဂ်တွေကို အမြဲ အားပေးတဲ့၊ ဘလော့ဂါတွေ စာမရေးရင်လည်း တယောက်ချင်းစီ နာမည်ခေါ်ပြီး ဂရုတစိုက်မေးတတ်တဲ့ အမအတွက် အမှတ်တရ…


Wednesday, June 1, 2011

စိတ်လမ်းချိုး

ဘ၀မှာ လျှောက်ခဲ့တဲ့ လမ်းတွေ… လမ်းဖြောင့် လမ်းကောက် လမ်းသွယ် လမ်းကျယ် အမျိုးမျိုးပါပဲ…။
မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့ လမ်းထောင့် လမ်းဆုံ လမ်းကွေး လမ်းလေးတွေလည်း ရှိတတ်ကြတယ်။

အဲ့ဒီလမ်းလေးကတော့ ကွေးကွေးလေး…။ ကိုယ်လမ်းပေါ်ရောက်တဲ့ အချိန်ကလည်း ရောင်နီလာခါစ မှောင်ရီဝိုးတ၀ါးမို့ ၀ါဖန့်ဖန့် ဓာတ်မီးတိုင်လေးတွေကို အားပြုရင်း…။ လမ်းကွေးလေးက ရထားဘူတာ တစ်ခုကို ဦးတည်နေတာမို့ လူသွားလူလာတော့ မပြတ်ပေဘူး။ အများစုကတော့ ကျောင်းသူကျောင်းသားလေးတွေ…။ နောက်… သားသမီးကို ဘူတာထိ လိုက်ပို့တဲ့ ကိုယ်လို အမေတွေ…။

အပြန်လမ်းလို့ပဲ ဆိုကြပါစို့… လာရင်းကိစ္စ သားကို ပို့ပြီး၊ လာရာလမ်းကို ပြန်တာမို့…။ သူစိမ်းဆန်တဲ့ မြို့ပြတိုက်တာတွေရဲ့ အချို့သော အခန်းတွေမှာ မီးရောင်လေးတွေ တစွန်းတစမြင်နေရတယ်။ ခပ်မှုန်မှုန် အဆင်တွေက ကိုယ့်ရဲ့အာရုံတွေကို ဆွဲမယူလို့ ကျေနပ်ခြင်းနဲ့အတူ ဖြေးဖြေးရွေ့ရွေ့ လှမ်းနေမိတယ်။ လမ်းချိုး… ကိုယ် ချိုးဝင်ရတော့မယ့် လမ်းချိုးရဲ့ လမ်းထောင့်အရောက်မှာတော့… အမျိုးသမီးတယောက်ရဲ့ အဆက်မပြတ် စကားပြောနေတဲ့ အသံမှာ ကိုယ့်အာရုံတွေ စူးနစ် ၀င်သွားတော့တယ်။

သူဘာတွေ ပြောနေလဲ… ဘယ်နေရာက ပြောနေတာလဲ…။ စူးစမ်းရှာဖွေမိတယ်။ သွက်သွက်ကြီး ပြောနေတဲ့ သူ့အသံမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အပြည့်ပါတယ်။ သူပြောနေတာတွေကို လုံးစေ့ ပတ်စေ့တော့ နားမလည်ဘူး။ MRT… MRT… ဆိုတာ ကြားတယ်… ဘယ်ဘက်ကို ကွေ့၊ ဆယ်မိနစ်လောက် လမ်းလျှောက်လိုက်ရင်ရောက်မယ် ဆိုတဲ့ လမ်းညွှန်စကားတွေကို ဖုန်းနဲ့ ပြောသလိုမျိုး ပြောနေတယ်။ စေ့စေ့စပ်စပ်၊ သေသေချာချာ၊ ဟန်ကျပန်ကျ ပြောနေလိုက်ပုံများ။ ခက်တာက ထပ်ခါထပ်ခါ အကျယ်ကြီးကို ပြောနေတာ။ အော်… သူ စိတ်နေမကောင်းရှာဘူးကိုး…။

စူးရှတဲ့ သူ့အသံ လှိုင်းတွေက ကိုယ့်ရင်ကို ဒိန်းကနဲ ဒိန်းကနဲ လာလာစောင့်တယ်။ အဲ့ဒီ လှိုင်းတွေကို သတိနဲ့ ဖွဖွလေး ဖမ်းယူ… မေတ္တာလှိုင်းတွေ အဖြစ် အသွင်ပြောင်းပြီး သူ့ဆီကို တန်ပြန်ပို့လိုက်ပါတယ်။ အေးချမ်းပါစေ…။ အေးချမ်းပါစေ...။

*****
ဒီလမ်းပေါ်ရောက်တိုင်း သူ့အသံကို နားစွင့်မိတယ်။ အသံ မကြားမိတော့ ကိုယ့် မေတ္တာတွေ အစွမ်းထက်ပါရဲ့လို့ တွေးထင်နေတုန်း…ဟော ကြားရပြီ…။ တိုးသဲ့သဲ့လေး။ အော် သူ့သားလေးအကြောင်း ပြောနေတာကိုး။ သူ့သားက ကျောင်းပြီးလို့ NS တောင် သွားနေပြီ … တဲ့။

NS = National Service

MRT = Mass Rapid Transport
*****
သူငယ်ချင်း သက်ဝေက စိတ်၏ခေါ်ဆောင်ရာကို ရေးပြီး… မမKOMကလည်း ရူးချင်ယောင် ခဏခဏ ဆောင်ပြ… ချစ်ပေါက်ကလည်း စာရင်းကောက်...  ဆိုတော့ ဒီကလည်း ရေးရပြီပေါ့… 

တယောက်ရှိသေးတယ်... ဘလော့ဂ်ပိတ်ထားပြီး စိတ်ပေါက်ရင် လာလာချွဲတယ်...