Friday, May 17, 2013

ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၉) လုမ္ဗိနီ

လုမ္ဗိနီမြန်မာရွှေကျောင်း
 ကပိလဝတ်မြို့ဟောင်းကို ကြည့်ရှု လေ့လာပြီးတဲ့နောက် လုမ္ဗိနီဥယျာဉ် အတွင်းမှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကို ညအိပ် တည်းခိုဖို့ ထွက်ခွာခဲ့ကြပါတယ်။ မြန်မာနိုင်ငံ သာသနာရေးဦးစီဌာနက ကြီးမှူးပြီး မြန်မာ့ရိုးရာဆန်ဆန် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ မန္တလေးမြို့က ရွှေကျောင်းနဲ့ ပုံစံတူ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် လုမ္ဗိနီ မြန်မာရွှေကျောင်းလို့ အသိများပါတယ်။ ရွှေတိဂုံဘုရားနဲ့ ပုံစံတူတည်ထားတဲ့ လောကမဏိစူဠာစေတီ၊ သိမ်ကျောင်း၊ ဓမ္မာရုံနဲ့ တည်းခိုဆောင်တွေ ပါဝင်ပါတယ်။ သာသနာရေးဦးစီးဌာနကပဲ ရဟန်းတော် ၂-ပါးနဲ့ ကပ္ပိယ ၁-ယောက်တို့ကို ၂-နှစ် တစ်ကြိမ် အလှည့်ကျ ပို့ပြီး ကျောင်းထိုင်စေတာလို့ သိရပါတယ်။ နောက်တစ်နေ့ မနက်စောစော နှင်းမကွဲသေးခင် အချိန်လောက်မှာ ဘုရားအလောင်းတော် ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ကို သွားရောက် ဖူးမြော်ကြပါတယ်။

ရှုမောဖွယ်ရာ ပန်းမာလာတို့ဖြင့်
အလှဆင်ထားသော လုမ္ဗိနီသည်
လုလင်ပျိုတို့ စိတ်လှုပ်ရှားလောက်အောင်
အဆင်တန်ဆာ ပန်းမာလာတို့ဖြင့် အလှဆင်ထားသည့်
မိန်းမပျိုတစ်ဦးက ဖမ်းစားငြို့ယူသည့်နှယ်
တင့်တယ်လှပါပေ၏။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ဂေါတမဗုဒ္ဓဝံသဝဏ္ဏနာ)

အင်ကြင်းပန်းတွေ ပင်လုံးကျွတ်ပွင့်နေတဲ့ လုမ္ဗိနီဥယျာဉ်ရဲ့ အလှကို ကဗျာဆန်ဆန် ရေးဖွဲ့လေ့ရှိတတ်တဲ့ အဋ္ဌကထာဆရာ အရှင်ဗုဒ္ဓဒတ္တက ဗုဒ္ဓဝင်အဋ္ဌကထာမှာ အထက်ပါအတိုင်း ရေးစပ်ခဲ့ဖူးပါတယ်။ မယ်တော်မာယာက ကပိလဝတ်ကနေ ဇာတိအရပ်ဖြစ်တဲ့ ဒေဝဒဟကို အသွားလမ်းခရီးမှာ ကြည်နှုးဖွယ်ကောင်းလှတဲ့ လုမ္ဗိနီအင်ကြင်းဥယျာဉ်ကိုဝင်ရင်း အလောင်းတော်ကို ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ အင်ကြင်းကို ပါဠိဘာသာနဲ့ “သာလ” လို့ ခေါ်ပြီး အင်္ဂလိပ်လို Sal tree လို့ပဲ အသံဖလှယ်ပြီးခေါ်ပါတယ်။ ရုက္ခဗေဒ အမည်ကတော့ Shorea robusta ပါ။

အင်ကြင်းပင်လို့ အမှတ်မှားတတ်ကြတဲ့ Cannon Ball Tree

Cannon Ball Tree flower
အင်တာနက်ပေါ်မှာ Sal tree, Shorea robusta ဆိုပြီး ရှာကြည့်ရင် ပင်စည်နားမှာကပ်ပြီး လိမ္မော်နဲ့ အနီရောင် အပွင့်ကြီးတွေ ပွင့်လေ့ရှိတဲ့ Cannon ball tree (ရုက္ခဗေဒအမည် Couroupita guianensis) တွေပဲ ထွက်လာတာ များပါတယ်။ အမြောက်ဆံလို အညိုရောင် အသီးလုံးကြီးတွေ ပင်စည်မှာ ကပ်ပြီး သီးလေ့ရှိတဲ့အတွက် Cannon ball tree လို့ခေါ်တာပါ။ သီရိလင်္ကာနဲ့ ထိုင်းဘုန်းကြီး ကျောင်းဝင်တွေမှာလည်း ဒီလို အပင်မျိုးတွေကို တွေ့ရတတ်တဲ့ အတွက် “အင်ကြင်းပင်ဆိုတာ ဒါမျိုးပဲ” လို့ အရင်က အမှတ် မှားခဲ့ဖူးပါတယ်။ တကယ်တော့ Cannon ball tree က ဟိမဝန္တာ တောင်ခြေတဝိုက်နဲ့ မြန်မာပြည်မှာ ပေါက်တဲ့ အပင်မျိုး မဟုတ်ပါဘူး။ အမေဇုန် သစ်တောတွေမှာ ပေါက်လေ့ရှိတဲ့ အပင်မျိုးဖြစ်ပြီး၊ ပေါ်တူဂီတွေက သီရိလင်္ကာနိုင်ငံကို ၁၈၈၁-ခုနှစ်လောက်ကမှ သယ်ဆောင်လာခဲ့တာလို့ သိရပါတယ်။ အပွင့်က သီဝလိင်ကို မြွေနဂါးကနေ ပါးပြင်းမိုးပြီး စောင့်နေတဲ့ပုံစံရှိတယ်လို့ ဟိန္ဒူတွေက ယူဆကြပြီး ဟိန္ဒူဘုရားကျောင်းတွေမှာ တလေးတစား စိုက်ပျိုး ပူဇော်ထားလေ့ရှိပါတယ်။ တမီလ်၊ ဟန္ဒီ စတဲ့ဘာသာစကားတွေမှာ နာဂလိင်္ဂံ၊ သီဝလိင်္ဂံ စသဖြင့် ခေါ်လေ့ရှိကြပါတယ်။

အင်ကြင်းပန်း

ဟိမဝန္တာ တောင်ခြေနဲ့ မြန်မာပြည်မှာ ပေါက်တဲ့ အင်ကြင်းပင်ကတော့ အင်ပင်၊ သစ်ရာပင်တို့လို သစ်မာအမျိုးအစားမှာ ပါဝင်ပြီး အမြင့်ပေ ၆၀၊ လုံးပတ် ၅-ပေ ၆-ပေလောက် အထိ ရှိတတ်ပါတယ်။ ပန်းပွင့်ချိန်ရောက်ရင် ငှက်အတောင်လို အဝါရောင် အပွင့်တွေနဲ့ တစ်တောလုံး သင်းကြိုင်နေအောင် ပွင့်လေ့ရှိတယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ မဟာဂေါသိင်္ဂသုတ်မှာ ပင်လုံးကျွတ်ပွင့်နေတဲ့ အင်ကြင်းပန်းတွေရဲ့ ရနံ့ကို နတ်ပန်းရနံ့နဲ့ တင်စားထားပါတယ်။ ဖြောင့်စင်းတဲ့ ပင်စည်၊ စိမ်းညိုရောင် အရွက်ရှိပြီး၊ အကိုင်းအခက်တွေက အထက်မိုးတိမ်မှာ အချင်းချင်း ရောယှက်နေကြတယ်လို့ အင်ကြင်းပင်ရဲ့ပုံစံကို သောဏကဇာတ် (ဇာတကအမှတ် ၅၂၉) ဂါထာမှာ ရေးဖွဲ့ထားပါတယ်။ အင်ကြင်ပင်ကြီးတွေကို တောစိုးသစ်ပင် (ဝနပ္ပတိ) လို့လည်း ပါဠိစာတွေမှာ ခေါ်လေ့ရှိပါတယ်။
ခေတ်သစ် လုမ္ဗိနီဥယျာဉ်

ယခုခေတ် လုမ္ဗိနီဥယျာဉ်မှာတော့ တောစိုးသစ်ပင်လို့ ခေါ်ရလောက်တဲ့ အင်ကြင်းပင်ကြီးတွေ မရှိတော့ပါဘူး။ နောက်မှ အသစ်ပြန်စိုက်ထားတဲ့ အင်ကြင်းပင်ပျိုတွေပဲ ရှိပါတယ်။ ယခုခေတ် လုမ္ဗိနီဒေသ ဖွံ့ဖြိုးရေးအဖွဲ့(Lumbini Development Trust) က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဥယျာဉ်က တောင်မြောက် အလျား ၃-မိုင်၊ အရှေ့အနောက် ၁-မိုင် ကျယ်ပါတယ်။ တောင်ဖက်ဆုံးမှာ ဗုဒ္ဓမြတ်စွာ အလောင်းလျာ ဖွားမြင်တော်မူရာ မြေမြတ်မဟာ နယ်မြေ၊ အလယ်ပိုင်းမှာ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ တည်ရှိရာ နယ်မြေ၊ မြောက်ဖက်ဆုံးမှာတော့ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေရှိတဲ့ လုမ္ဗိနီ ရွာသစ်ဆိုပြီး နယ်မြေ သုံးခုခွဲထားပါတယ်။ နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်းများ နယ်မြေမှာ တောင်မြောက် တူးမြောင်းဖောက်လုပ်ထားပြီး၊ အရှေ့ဖက်ခြမ်းမှာ ထေရဝါဒ နိုင်ငံတွေက ဘုန်းတော်ကြီးကျောင်းတွေ တွေရှိပါတယ်။ အနောက်ဖက်ခြမ်းမှာတော့ မဟာယာနနဲ့ တိဘက် ဘုန်းတော်ကြီးကျောင်းတွေ ရှိပါတယ်။ ချွင်းချက်အနေနဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာကတော့ အနောက်ဖက်ခြမ်းမှာ ရှိပါတယ်။ တူးမြောင်းရဲ့ တောင်ဖက်ထိပ်မှာ ငြိမ်းချမ်းရေးခေါင်းလောင်းနဲ့ ငြိမ်းချမ်းရေး မီးရှုးတိုင်တို့ ရှိပါတယ်။
ငြိမ်းချမ်းရေး မီးရှုးတိုင်

မာယာဒေဝီ ကျောင်းဆောင်နှင့် အသောကကျောက်တိုင်
 အလောင်းတော် ဖွားမြင်ရာ မြေမြတ်မဟာ နယ်မြေမှာ ဖူးမြော်လေ့လာစရာတွေအနေနဲ့ မာယာဒေဝီကျောင်းဆောင်၊ အသောကကျောက်တိုင်၊ ပေါက္ခရဏီရေကန်နှင့် အခြားစေတီပုထိုးပျက်များ ရှိပါတယ်။ ယခုရှိနေတဲ့ မာယာဒေဝီ ကျောင်းဆောင် အဆောက်အအုံက ၂၀၀၃-ခုနှစ်ကမှ ရှေးအဆောက်အအုံကို ငုံပြီး ဆောက်လုပ်ထားတာပါ။ ရှေးဟောင်းအဆောက်အအုံမှာ မယ်တော်မာယာက အင်ကြင်းကိုင်းကို ကိုင်ပြီး အလောင်းတော်ကို ဖွားမြင်နေဟန် ဂုတ္တခေတ်လက်ရာ ကျောက်ရုပ်တစ်ခု ရှိပါတယ်။ ဒေသခံ ဟိန္ဒူဘာသာဝင်တွေကတော့ ရုမ္မိနိဒေဝီ (Rumminidevi) နတ်သမီး ရုပ်တုလို့ ယူဆပြီး ကိုးကွယ်ကြပါတယ်။ ၁၉၉၆-ခုနှစ် ထပ်မံတူးဖော်တဲ့အခါ အသောကမင်းက အမှတ်အသားအဖြစ် ထားခဲ့တဲ့ ကျောက်တုံး (marker stone) ကို တွေ့ခဲ့ရပါတယ်။ ဧည့်လမ်းညွှန်တွေက အလောင်းတော်ရဲ့ ခြေတော်ရာလို့ ရှင်းပြလေ့ရှိပါတယ်။ ယခုအခါမှာ ကြည်ကာမှန်အတွင်းမှာ ထည့်သွင်းပြီး စောင့်ရှောက်ထားပါတယ်။

အလောင်းတော်ဖွားမြင်ခန်း

Marker Stone (credit: wikipedia)

မာယာဒေဝီကျောင်းဆောင်ရဲ့ နံဘေးမှာ အသောကမင်း စိုက်ထူခဲ့တဲ့ ကျောက်စာတိုင် ရှိပါတယ်။ ဒီနေရာကို ၇-ရာစုကရောက်ခဲ့တဲ့ တရုတ်ရဟန်းတော် ရွှန်ကျန်က ကျောက်စာတိုင်ရဲ့ ထိပ်မှာ မြင်းရုပ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အခုအခါမှာတော့ ကျောက်စာတိုင် ထိပ်ပိုင်းမရှိတော့ပါဘူး။ ကျောက်စာတိုင် ထိပ်ပိုင်းရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ ကျောက်တုံး တစ်တုံးကို ခြံဝင်းအတွင်းမှာ ကျောက်စာတိုင်နဲ့ အတူထားပါတယ်။ အတော်လေး ပျက်စီးနေတဲ့အတွက် မြင်းရုပ်ပုံတော့ မပေါ်တော့ပါဘူး။

အသောကကျောက်စာတိုင် ထိပ်ပိုင်း
အသောက ကျောက်စာ
အသောက ကျောက်စာ ဘာသာပြန်

ကျောက်စာတိုင်မှာ ရေးထိုးထားတဲ့စာက “နန်းသိမ်းပွဲခံပြီး အနှစ် ၂၀-မြောက်အကြာတွင် နတ်တို့ချစ်သော ပိယဒဿီမင်းကြီးသည် သကျမုနိ ဗုဒ္ဓ ဖွားမြင်တော်မူရာ ဤအရပ်သို့ လာရောက်၍ ရှိခိုး ပူဇော်တော်မူခဲ့သည်။ ဖွားမြင်တော်မူရာတွင် ကျောက်သား တိုက်ခန်းကို တည်ထား၍ ကမ္ဗည်းကျောက်စာတိုင်ကို စိုက်ထူတော်မူခဲ့သည်။ ဘုရားရှင် ဖွားမြင်တော်မူရာဖြစ်သော ဤလုမ္ဗိနီရွာအား အခွန် ကင်းလွတ်စေပြီး၊ ရှစ်ဖို့ တဖို့ကိုသာလျှင် ပေးဆောင်စေရမည်” လို့ အဓိပ္ပါယ်ရကြောင်း သိရပါတယ်။ (မှတ်ချက်။ နောက်ဆုံးဝါကျက “ဥဗလိကေ ကတေ အဌဘာဂိယေ စ” ကို ဘာသာပြန်ရာမှာတော့ မူကွဲ အမျိုးမျိုး ရှိပါတယ်။ ဘာသာရေး အထွတ်အမြတ် နေရာတွေကို လာရောက်တဲ့ အခါပေးရတဲ့ အခွန်ကို ကင်းလွတ်စေပြီး၊ မြေခွန်အဖြစ် ထမ်းဆောင်ရလေ့ရှိတဲ့ ထွက်ကုန်ရဲ့ ခြောက်ဖို့ တစ်ဖို့၊ လေးဖို့ တစ်ဖို့သော ခိုင်ကြေး (အခွန်) အစားလျော့ပြီး ရှစ်ဖို့ တစ်ဖို့ကိုသာ ထမ်းဆောင်စေတယ်လို့ အချို့က ယူဆပါတယ်။ အချို့ကလည်း “အခွန်ကို လျှော့ပေါ့၍ ရှစ်ဖို့တစ်ဖို့သာ ထမ်းဆောင်စေသည်” လို့ ခပ်ရိုးရိုး ဘာသာပြန်ပါတယ်။ အရှင်အာဒိစ္စဝံသကတော့ ပါဠိဘာသာနဲ့ “အတ္ထံ စ ဘာဇယေ” လို့ ဖလှယ်ယူပြီး “မိမိပြုသော ကုသိုလ်အဖို့ကို ဝေခြမ်းပါ၏” လို့ ဘာသာပြန်ပါတယ်။)

ကျောက်စာတိုင်ရဲ့ အထက်နားမှာတော့ နောက်ပိုင်းခေတ်ရောက်မှ တိဘက်ဘာသာနဲ့ ရေးထိုးထားတဲ့ “ဥုံမဏိ ပဒမေဟုံ” ဆိုတဲ့ စာတမ်းရှိပါတယ်။ ကျောက်စာတိုင်က အက်ကွဲနေတဲ့အတွက် အရှည်တည်တံ့အောင် ကုသိနာရုံကျောင်း မြန်မာဆရာတော် ဦးစန္ဒြမုနိက သံပြားနဲ့ ပတ်ပေးထားခဲ့တယ်လို့ သိရပါတယ်။
ပေါက္ခရဏီကန်

ကျောက်စာတိုင်ရဲ့ တောင်ဖက်မှာတော့ ပေါက္ခရဏီ ရေကန်ရှိတယ်။ အလောင်းတော်ကို ဖွားတော်မူစဉ်က ကောင်းကင်က ရေပူ၊ ရေအေး အလျဉ်အစုံကျလာပြီး၊ (အပူအအေး မျှတစေရန်) မယ်တော်နဲ့ အလောင်းတော်တို့ ရေချိုးတော်မူခဲ့တဲ့ နေရာလို့ ယူဆကြပါတယ်။ အလောင်းတော် ဖွားမြင်ချိန်မှာ ကောင်းကင်က ရေပူရေအေး အလျဉ်တွေ ကျလာတဲ့ ဖြစ်ရပ်အပါအဝင် မြေငလျှင်တုန်လှုပ်ခြင်း၊ အထက် ဗြဟ္မာပြည်ကနေ အောက် လောကန္တရိတ်ငရဲတိုင်အောင် အတိုင်းအဆမရှိ ထွန်းလင်းတောက်ပတဲ့ အလင်းရောင်ကြီး ပေါ်ထွန်းလာခြင်း စသဖြင့်သော အလွန်ထူးခြား အံ့သြဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ မဇ္ဈိမနိကာယ် အစ္ဆရိယအဗ္ဘုတသုတ်နဲ့ ဒီဃနိကာယ် မဟာပဒါနသုတ်တို့မှာ ဟောကြားထားတာကို တွေ့ရပါတယ်။ အဲဒီလို ထူးဆန်းတဲ့ အခြင်းအရာတွေအနက် စိတ်ဝင်စားစရာ ဖြစ်ရပ် တစ်ခုကတော့၊ ဖွားမြင်စ အလောင်းတော်က ညီညွတ်တဲ့ ခြေအစုံနဲ့ မြေမှာရပ်ပြီး မြောက်ဖက်အရပ်ကို ရှေုးရှုကာ ခြေဖဝါး ၇-လှမ်း လှမ်းကြွတော်မူပြီးတဲ့နောက် အောက်ပါ စကားကို ကြုံးဝါးတော်မူတယ်လို့ အဆိုရှိပါတယ်။

“အဂ္ဂေါဟမသ္မိ လောကဿ။
ဇေဋ္ဌောဟမသ္မိ လောကဿ။
သေဋ္ဌောဟမသ္မိ လောကဿ။
အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ”တိ။

“ငါသည် လောကတွင် အမြင့်ဆုံးဖြစ်၏။
ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။
ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။
ဤမွေးဖွားခြင်းသည်ကား နောက်ဆုံးမွေးဖွားခြင်းတည်း။
နောင်တစ်ဖန် ဘဝဖြစ်ခြင်း မရှိတော့ပြီ။”
*****

စာကြွင်း။  ။ လုမ္ဗိနီ အနာဂတ်...

သတင်းများအရ တရုတ်အစိုးရကို ကျောထောက် နောက်ခံပြုထားတဲ့ Asia Pacific Exchange and Cooperation Foundation (APECF) ဥက္ကဋ္ဌ Xiao Wunan နဲ့ နီပေါနိုင်ငံ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သလို နီပေါနိုင်ငံ လုမ္ဗိနီဖွံ့ဖြိုးရေး လမ်းညွှန်ကော်မတီ (LDNDC) ဥက္ကဖြစ်တဲ့ Pushpa Kamal Dahal တို့က မက္ကာမြို့ကို နမူနာယူပြီး လုမ္ဗိနီကို ဘုရားဖူးနဲ့ ကမ္ဘာလှည့် ခရီးသွားမြို့တော်ကြီး အဖြစ်ဖန်တီးဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကားလမ်း၊ ရထားလမ်းနဲ့ တည်းခိုခန်းတွေ၊ ဗုဒ္ဓတက္ကသိုလ်စတာ တွေပါဝင်မှာ ဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် Vertical Theme Park (VTP) အုပ်စုနဲ့ ဖက်စပ်ပြီး Lumbini Cloud Tower နဲ့ Theme Park တွေလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းက ဒေါ်လာသန်း သုံးထောင်ကနေ ငါးထောင်အထိ ကုန်ကျမှာဖြစ်ပြီး ထက်ဝက်လောက်ကို (APECF) ကနေ မတည် ရင်းနှီးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ရင်းနှီးမြုတ်နှံမှုအတွက် နိုင်ငံတကာက တရုတ်ကုမ္ပဏီတွေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။ “ကမ္ဘာငြိမ်းချမ်းရေးမြို့တော်” လို့ အမည်ပေးထားပါတယ်။ 

ဒီစာချုပ်နဲ့ ပတ်သက်ပြီး လုမ္ဗိနီဖွံ့ဖြိုးရေး လမ်းညွှန်ကော်မတီ အတွင်းမှာတောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာ မရှိခဲ့သလို၊ “… စာချုပ် ချုပ်တယ်ဆိုတာ သိလိုက်ရတော့ အံအားသင့်သွားတယ်” လို့ ကော်မတီဝင် တစ်ဦးက ဆိုပါတယ်။ ဒါအပြင် ဒီစီမံကိန်းက ဘာသာရေးထက် စီးပွားရေး ဆန်လွန်းနေရုံသာမက၊ ဒီဒေသတဝိုက်ကို တရုတ်ရဲ့ နိုင်ငံရေး သြဇာချဲ့ထွင်မှုလည်း ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံသားတွေနဲ့ တိဗက်လွတ်မြောက်ရေး လှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါတယ်။ ထိုအတူပဲ ဒီစီမံကိန်းအကြောင်းကို ကြားသိရတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေကလည်း လုမ္ဗိနီရဲ့ ဘာသာရေး အနှစ်သာရနဲ့ ရှေးဟောင်း အမွေအနှစ်တွေ ကွယ်ပျောက်သွားမှာ စိုးရိမ်ပူပန်နေကြပါတယ်။ ဒါကြောင့် ဒီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ကုလသမဂ္ဂထံ အသနားခံစာ တင်မယ့် လှုပ်ရှားမှုတစ်ခု လုပ်နေကြပါတယ်။ စိတ်ဝင်စားသူများက Dhamma Download ရဲ့ ဒီစာမျက်နှာမှာ သွားရောက် လေ့လာပြီး ပါဝင် လက်မှတ်ရေးထိုး နိုင်ပါတယ်။

 
*****