သင်ယူလိုစိတ်ရှိမှ ပညာရတယ် (သုဿူသံ လဘတေ ပညံ)၊ ‘သင်ယူလိုစိတ်’ (သုဿူသာ)နဲ့ ‘ဆိုဆုံးမလွယ်ခြင်း’ (သောဝစဿတာ) တို့က ဆက်စပ်နေတယ်၊ ဆရာ, ကိုယ်သင်ယူမယ့် ပညာနဲ့ သင်ယူလေ့ကျင့်မှုတို့ကို ရိုသေ လေးစား တန်ဖိုးထားမှု (သတ္ထုဂါရဝတာ, ဓမ္မဂါရဝတာ, သိက္ခာဂါရဝတာ) တွေရှိမှ ‘သောဝစဿတာ’ မင်္ဂလာနဲ့ ပြည့်စုံနိုင်တယ်၊ တနည်းအားဖြင့် ‘သောဝစဿတာ’ မင်္ဂလာရှိဖို့ အတွက် Howard Gardner ပြောတဲ့ Respectful Mind မျိုးကို မွေးမြူလေ့ကျင့်ထားဖို့ လိုအပ်တယ်လို့ ရေးခဲ့ပါတယ်။ ဒါက အခြေခံ စိတ်ထားအနေနဲ့ ပြောတာပါ။ သင်ယူလိုစိတ်နဲ့ နားထောင်တော့မယ်ဆိုရင် နားထောင်ခြင်း အတတ်ပညာလည်း လိုအပ်ပါသေးတယ်။
‘နားထောင်ခြင်း အတတ်ပညာ’ (art of listening) လို့ ပြောရတာက မွေးရာပါ နားအကြားအာရုံ ရှိတာနဲ့ သူ့အလိုလို နားထောင်တတ်တာမျိုး မဟုတ်ဘဲ၊ ပြုစုပျိုးထောင်ယူရတဲ့ အရည်အချင်းတစ်မျိုး ဖြစ်နေလို့ပါ။ ဒီနေ့ခေတ် ခေါင်းဆောင်မှု သင်တန်း, စီမံခန့်ခွဲမှု သင်တန်းတွေမှာ ဆိုရင် နားထောင်ခြင်း အတတ်ပညာကို Active Listening, Listening Intelligence စတဲ့ အမည်တွေ တပ်ပြီး ဘာသာရပ်တစ်ခု အနေနဲ့ တခုတ်တရ သင်ကြားကြရတယ်။
‘နားထောင်ခြင်း အတတ်ပညာ’ ဆိုတာ လွယ်မယောင် ထင်ရပေမယ့် အလွန်ခက်ပါတယ်။ ကျွန်တော်တို့ အများစုက နားမထောင်တတ်ကြပါဘူး။ တခါတလေမှာ တဖက်လူရဲ့ စကားကို အာရုံစိုက်ပြီး နားမထောင်ဘဲ၊ ကိုယ်ပြောချင်တာကို ပြောဖို့ အတွက် အခွင့်အရေးကို စောင့်နေတာမျိုး၊ ဒါမှမဟုတ် စောင့်တောင် မစောင့်တော့ဘဲ စကားဖြတ်ပြီး ပြောချင်ရာ ဝင်ပြောတာမျိုး ဖြစ်နေနိုင်ပါတယ်။ တခါတလေမှာ တဖက်လူရဲ့ စကားကို ဆုံးအောင် နားမထောင်ဘဲ၊ သူ့စကားကို အဆောတလျင် ဝေဖန်ဆုံးဖြတ်တတ်တယ်။ နားလည်အောင် အားမထုတ်ဘဲ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်ကို ဆွဲယူလိုက်တယ်။ ပိုဆိုးတာကတော့ အဲဒီလို လိုရာဆွဲထားတဲ့ အချက်ကို ပစ်မှတ်တခုလို သဘောထားပြီး ဝေဖန်တိုက်ခိုက်တာပါဘဲ။ ဒါမျိုးကို straw-man argument လို့ ခေါ်လေ့ရှိပါတယ်။
နားထောင်တတ်ဖို့ အတွက် စိတ်က အခြားကို ပြန့်လွင့်မနေဘဲ အာရုံစိုက်ထား ရတယ်။ စိတ်ရှည်ရတယ်။ အဆောတလျင် ဝေဖန်ရေး မလုပ်သေးဘဲ နားလည်အောင် အားထုတ်ရတယ်။ နားမလည်သေးရင် နားလည်အောင် ပြန်မေးရတယ်။ နားလည်ထားတာကို တိုတိုရှင်းရှင်း ပြန်ပြောနိုင်အောင် ကြိုးစားရတယ်။ တဖက်သားရဲ့ စကားကို ဝေဖန်တော့မယ် ဆိုရင်လည်း လိုရာဆွဲထားတဲ့ အပေါ် ဝေဖန်တာမျိုး မဟုတ်ဘဲ၊ သူ့စကားကို သေခြာနားလည်ပြီးမှ အချက်ကျကျ ဝေဖန်ရပါတယ်။ သင်ယူမှုအတွက် နားထောင်ရင်လည်း ဒီအချက်တွေက လိုအပ်တာပါပဲ။
“ကျွန်တော်တို့ အများစုက နားမထောင်တတ်ကြဘူး။ နားထောင်ဖို့ထက် ဝေဖန်အကဲဖြတ်ဖို့ကို ရှေ့တန်းတင်ကြတယ်။ ဘာလို့လဲဆိုတော့ နားထောင်ရတာက သိပ်အန္တရာယ်ကြီးတယ်။ ဒါကြောင့် နားထောင်ဖို့ အတွက် သတ္တိရှိဖို့ လိုတယ်” လို့ စိတ်ကုပညာရှင် Carl Rogers က ပြောဖူးတယ်။ သူပြောနေတဲ့ “အန္တရာယ်” ဆိုတာက နားထောင်ခြင်းကနေ လူတစ်ယောက်ရဲ့ အတွေးအမြင်နဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားစေနိုင်တဲ့ အန္တရာယ်ကို ဆိုလိုတာပါ။ တကယ်တော့ အပြောင်းအလဲ ဆိုတာက တိုးတက်တဲ့ ပြောင်းလဲခြင်း ရှိသလို၊ ဆုတ်ယုတ်နိမ့်ကျတဲ့ ပြောင်းလဲခြင်းလည်း ရှိပါတယ်။
ဗုဒ္ဓစာပေတွေအရ မှန်ကန်တဲ့ အတွေးအမြင်တွေရဖို့ အတွက် ‘တဖက်သားရဲ့ စကား’ (ပရတော ဃောသော) ဆိုတဲ့ ပြင်ပအကြောင်းရင်းက သူတော်ကောင်းပညာရှိတွေရဲ့ စကားဖြစ်ဖို့ လိုတယ်။ ထို့အတူဘဲ အတွင်းအဇ္ဈတ္တ အကြောင်းတရားဖြစ်တဲ့ သင့်တင့်မှန်ကန်တဲ့ နှလုံးသွင်းမှု (ယောနိသော မနသိကာရော) လည်း လိုအပ်ပါတယ်။ သူတော်ကောင်း ပညာရှိရဲ့ စကားကို ကြားနာရတာ မှန်ပေမယ့် ‘နားထောင်မှု အတတ်ပညာ’ ချို့တဲ့ နေရင်တော့ တိုးတက်မှန်ကန်တဲ့ အပြောင်းလဲကို ဖြစ်စေမှာ မဟုတ်ပါဘူး။ ‘နားထောင်မှု အတတ်ပညာ’ နဲ့ ပတ်သက်ပြီး အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ်က သုဿူသာသုတ်မှာ အောက်ပါ အချက် (၆) ကို ထုတ်ပြီး ဟောထားပါတယ်။
၁။ သင်ယူနာကြားလိုစိတ် ရှိတယ် (သုဿူသတိ)။
၂။ အာရုံစိုက်ပြီး နားထောင်တယ် (သောတံ ဩဒဟတိ)။
၃။ အသိဉာဏ်ရရန် စိတ်ကို ရှေးရှုထားတယ် (နားလည်ဖို့ စိတ်ဝင်စားတယ်) (အညာ စိတ္တံ ဥပဋ္ဌာပေတိ)။
၄။ အကျိုးရှိတာ, အဓိပ္ပါယ်ရှိတာကို ယူတယ် (အတ္ထံ ဂဏှာတိ)။
၅။ အကျိုးမရှိ, အဓိပ္ပါယ် မရှိတာကို စွန့်တယ် (အနတ္ထံ ရိဉ္စတိ)။
၆။ အမှန်တရားနဲ့ ဆီလျော်တာကို နှစ်သက်လက်ခံတယ် (အနုလောမိကာယ ခန္တိယာ သမန္နာဂတော ဟောတိ)။
‘နားထောင်မှု အတတ်ပညာ’ နဲ့ ပြည့်စုံတဲ့ သင်ယူနာကြားမှုမျိုးက တိုးတက်မှန်ကန်တဲ့ အပြောင်းအလဲ ကို ဖြစ်စေနိုင်ပါတယ်။
0 comments:
Post a Comment