Saturday, July 10, 2021

မကြောက်အောင် ကျင့်တဲ့ခရီး

ဗုဒ္ဓဟူးနေ့ ညဘက် ကျွန်မ မြန်မာပြည်မှကလေးများအား Online မှ စာသင်နေချိန်၊ သားကြီးက အခန်းဝ မှ နေ၍ “မေမေ ဒီအပတ် သောကြာ စနေ တနင်္ဂနွေ ခရီးသွားမလား” ဟု မေးလာခဲ့သည်။ “သွားချင် သွားပေါ့” ဟုသာ ပြီးစလွယ် ပြန်ဖြေလိုက်သည်။ ဒီလိုနှင့် သောကြာနေ့ နေ့လည် ၁၁ နာရီခွဲမှာ အိမ်မှ စထွက် ဖြစ်ခဲ့ကြသည်။ Arches National Park နှင့် Canyonlands National Park သို့ လည်ပတ်ရန် Utah State သို့ ဖြစ်သည်။ Utah သည် Rocky Mountain တောင်တန်းများရှိရာ Colorado နှင့် Nevada သဲကန္တာရကြီး၏ ကြားတွင်ရှိသည်။ ယခုအချိန်တွင် ကန္တာရနှင်းဆီဖြစ်နေရရှာသည့် သံမဏိနှင်းဆီ မိခင်ကြီးထံ “ခွင့်ပြုပါအမေ” ဟု စိတ်ထဲမှ ခွင့်တောင်းလိုက်သေးသည်။ Moab မြို့၌ တည်းကြမည်။

Inter State I-70 လမ်းမှ သွားကြသည်။ ဒီလမ်းကို မနှစ်က Aspen (a ski resort town) သို့ သွားတုန်းက ရောက်ဖူးသည်။ တောင်တက် တောက်ဆင်း နှင့် အလွန်သာယာသောလမ်း ဖြစ်သည်။ အန္တရာယ်လည်း အလွန်များ၍ မကြာခဏ ပိတ်ရသော လမ်း ဖြစ်သည်။ Colorado မှ California ပြည်နယ်သို့ သွားလျှင်လည်း ဒီလမ်းကို အသုံးပြုရသဖြင့် ကားစည်သော လမ်းလည်း ဖြစ်သည်။ မိုးလေးရွာလိုက်၊ နေသာလိုက်နှင့် သာသာယာယာပင် ဖြစ်သည်။ Summit County ၌ တောမီးများလောင်နေ၍ သတိထားပါရန် Alarm ပေးသည့် message ဖုန်းထဲသို့ ဝင်လာသည်။ တောမီး မြန်မြန်ငြိမ်းရန် မိုးများများရွာပါစေဟု ဆုတောင်းမိသည်။ တနေရာမှာ မိုးများလျှင်၊ အခြား တစ်နေရာမှာ မိုးနည်းသွားဦးမှာကို တဆက်တည်း သတိရမိပြန်တော့ “ဒီနေရာမှာ ဒီခဏတော့ မိုးများများလေး ရွာပေးပါ” ဟု ပြင် ဆုတောင်းရပြန်သည်။ မီးခိုးလုံးများ တွေ့မြင်ရခြင်း ဖြင့်သာ ထို လမ်းပိုင်းကို ဖြတ်ကျော်နိုင်ခဲ့သည်။ Vail ၌ ညစာ စားရင်း ခရီး တစ်ထောက်နားကြသည်။

Utah သို့ ဝင်ပြီ ဆိုကတည်းက အသွင်သစ်နဲ့ အမြင်သစ်နဲ့ အရာရာဟာ ပြောင်းလဲခဲ့ပါပြီ။ ဟိုးရှေးပဝေသဏီက ဒိုင်နိုဆောများ၏ နေရာသည် မြင်မြင်သမျှ လိမ္မော်ရောင်များများ ဖြင့်သာ စီးကြိုနေခဲ့သည်။ ခရီးသွား မြို့ငယ်လေးသာ ဖြစ်သော Moab သို့ရောက်ချိန်၌ နွေရာသီ ဖြစ်သဖြင့် အလင်းရောင် ကောင်းစွာရှိသေးသည်။ မြို့ထဲ လမ်းမပေါ် လမ်းလျှောက်ခဲ့ကြသည်။ ကလေးငယ်လေးများပါသည့် Jeep ကားပေါ်မှ မိသားစုက ပျော်ရွှင်မြူးတူးစွာဖြင့် ကျွန်မတို့ကို လက်ပြနှုတ်ဆက်ကြသည်။ အော် သူတို့မှာ mask များတပ်ထားစရာ မလိုတော့။ Moab တံဆိပ်ပါသည့် T shirt တထည်ကို souvenir shop အမှတ်တရ ပစ္စည်းဆိုင်မှ ဝယ်လိုက်သည်။ သူတို့အဖေကိုလည်း ဂုတ်ကိုပါနေရောင်ကာသည့် ဦးထုတ် ဝယ်ပေးလိုက်သည်။ နောက်နေ့အတွက် ဖြစ်သည်။

နောက်နေ့ မနက် ၅နာရီတွင် ကျွန်မတို့ မိသားစု Arches National Park ဂိတ်ဝသို့ ရောက်နေပြီ ဖြစ်သည်။ ဂိတ်၌ ဝန်ထမ်းများ မရှိသေး၍ ဝင်ကြေး မပေးရ။ (နေ့လည် Canyonlands National Park သို့ သွားမှသာ တစ်ပေါင်းတည်း ပေးခဲ့ရသည်။)

Park ထဲမှာ လမ်းတွေ လျှောက်ပြီးရင်း လျှောက်ကြရသည်။ Devils Garden ထဲ တနေရာရောက်တော့ ကျောက်တုံးကြီးတွေ တစ်ဆင့်ပြီးတစ်ဆင့် ဘေးမှာလည်း ချောက်ကြီးနဲ့၊ မောဟိုက်နေပြီ ဖြစ်သော ကျွန်မ “သားတို့သာ တက်ကြတော့၊ မေမေ ဒီနားကနေ စောင့်နေတော့မယ်” ဟု လက်လျော့လိုက်သည်။ သူတို့ အဖေကလည်း ကျွန်မအနားမှာသာ ကျန်နေခဲ့သည်။ သားတို့ကတော့ ကျောက်တုန်းထိပ်ပေါ် ရောက်သွားပြီ။ အနားသို့ ရောက်လာသော ကျွန်မတို့ အသက်တန်းလောက်ပင်ရှိမည့် အာရှနွယ်ဖွား အမျိုးသားတစ်ဦးက “ဟိုဘက်မှာ ဘာတွေ ရှိမလဲ မသိဘူးနော်” ဟု စကား စ,ရာ သူတို့ အဖေက “ ငါလည်းပဲ သေချာမသိဘူး၊ ရှုခင်းတွေတော့ သိပ်လှမှာပဲ” ဟု ဖြေလိုက်ရာ၊ “သူပြောမှလား” ဟု စိတ်ထဲက ပြောရင်း မျက်စောင်းထိုးမိသေးသည်။ ထိုလူက “ကမ္ဘာပေါ်မှာ ငါမရောက်ဖူးသေးတဲ့ နေရာတွေ အများကြီး ရှိသေးပါတယ်လေ” ဟု ပြုံးစစနှင့် ရေရွတ်ပြီး လှည့်ထွက်သွားလေတော့သည်။ ကျွန်မ စဉ်းစားသည်။ ကျွန်မတို့ ခရီးက သည်နေရာမှာပင် ဆုံးပြီလား။ ရှေ့ ဆက်သွားစရာတွေ ကျန်သေးလျှင် ကျွန်မတွက်တာကြောင့် သားတို့ ခရီးမဆက်နိုင်ပဲ လမ်းတစ်ဝက်နှင့် လှည့်ပြန်ရမည်။ ဒီတောင်ကို မေကျော်ဖို့ ဆုံးဖြတ်လိုက်သည်။ လေးဘက်ထောက်ပြီး ကုတ်ကပ်တက်သည်။ သူတို့အဖေက နောက်နားမှ ကျွန်မကို စောင့်ရှောက်ရင်း ကပ်၍ ပါလာသည်။ ကျွန်မကို လမ်းပေါ်တင်ပေးရ၍ အဖျားအနားမှ ကပ်လျှောက်ရသော သူ့အတွက်လည်း စိုးရိမ်ရသေးသဖြင့်၊ စုပြုံတိုးလာသော အတွေးပေါင်းစုံကို တစ်ခုချင်း ဖြည်ချနေရသည်။

သက်သာမည့် ထင်သည့် လမ်းခွဲကို ရွေးခဲ့သော်လည်း ဘယ်လှမ်းရမှာလား၊ ညာလှမ်းရမှာလား မသိနိုင်တော့သည့် ကိုးလို့ကန့်လန့် အခြေအနေမျိုးတွင် “မရဘူး။ သွား ဆက်သွား” ဟု နောက်က ကြိမ်းမောင်းနေသော သူတို့အဖေကိုလည်း “ဟုတ်ကဲ့ ဟုတ်ကဲ့” ဟု ပြန်ဖြေရင်း၊ တစ်လှမ်းချင်း တိုးခဲ့ရသည်။ ပြန်စဉ်းစားလျှင်ပင် ထိုအချိန်ကကဲ့သို့ လက်ဖျားများ အေးစက် ထုံကျဉ်မိသည်။ ကျွန်မကို လမ်းပေးရင်း စောင့်နေကြသူများ၏ You can do it! You are brave. ဆိုသည့် အားပေးစကားများကိုလည်း Thank you အခါခါ တုန်တုန်ရင်ရင် ဆိုခဲ့ရသည်။ trail tracking မှာ ကျွန်မလို အဆင့်အတန်းတူများကို ကျွန်မ၏ ပုံမကျ ပန်းမကျ လက်ဘက်ထောက်၊ ထိုင် ဒရွတ်ဆွဲ လျောချ နည်းများဖြင့် ရှေ့ဆောင်နည်းပြ လုပ်ခဲ့ရသေးသည်။ သားကြီးကလည်း “PDF တွေဆို တောထဲမှာ လျှောက်နေရတာဟု အားပေးသေးသည်။ စုစုပေါင်း (၇)မိုင်နီးပါး လျှောက်ခဲ့ရသည်။ ခြေထိပ်များ အထိမခံနိုင်အောင် နာ နေချေပြီ။ ဖိနပ်ကောင်းကောင်း၊ လက်အိတ်၊ ဒူးစွတ်၊ တောင်ဝှေး စသည်တို့ သေချာပြင်ဆင်လာသင့်ကြောင်း သင်ခန်းစာ ရသည်။

နေ့လည်စာ စားကြသည်။ ပြီးနောက် Canyonlands National Park သို့ ဆက်လည်ကြသည်။ စိတ်ဝင်စားစရာနေရာများ ကျွန်မ ဆင်းမကြည့်နိုင်တော့ပါ။ ကားပေါ်မှာသာ စောင့်ရင်းကျန်ခဲ့ရသည်။ သူတို့ အဖေက အလုပ်ပေးသွားသေးသည်။ “မေတ္တာသုတ် ရွတ်နေ” တဲ့။ ပါးစပ်ပါ မလှုပ်နိုင်တော့သော ကျွန်မသည် မင်းကွန်းဆရာတော်ကြီး၏ ပရိတ်ကြီး ၁၁ သုတ်ကို ဖွင့်ထားရင်း အိပ်ပျော်မသွားအောင် သတိထားနေရခြင်းသည်ပင် ပင်ပန်းလွန်းလှလေသည်။

ဟော်တယ်ပြန် ရေမိုးချိုးကြသည်။ သားကြီးက လုပ်လာပြန်သည်။ Arches National Park ထဲမှာ ညဘက် stargazing ကြယ်ကြည့်ချင်ပြန်သေးသတဲ့။ ည ၈နာရီခွဲ ကျော်လာသည်ထိ နေမဝင်သေး။ အချိန်ရှိတုန်း Park ထဲ ပြန်သွားရင် သွားလေဟု အမေက ပြောလာလျှင် ညဘက် အစီအစဉ် ပျက်နိုင်သဖြင့် ညစာကို အေးအေးဆေးဆေး စားရန် သားကြီးက ပြောလာသည်။ သူလုပ်ချင်ရ လုပ်ရဖို့အရေး မအေကို ကျုံးသွင်းနေသည့် Gen Z ၏ အကွက်များကို ထုံးစံအတိုင်း အောင့်သက်သက်နှင့် ငြိမ်နေရသည်။

stargazing လုပ်ရန် ကျွန်မတို့ ရွေးချယ်လိုက်သည့် Balanced Rock နေရာတွင် Three generations အဖိုးအဖေသား မျိုးဆက် ၃ ခု ဖြစ်နိုင်သည့် မိသားစု တစ်စုလည်း မလှမ်းမကမ်းမှာ ရှိနေသည်။ သူတို့သည် စနစ်တကျ ပြင်ဆင်လာကြသူများဖြစ်သည်။ အတောက်ပဆုံး သောကြာဂြိုလ် Venus ကို အယင်ဆုံးတွေ့ရသည်။ ဟိုအဖွဲ့မှ အဖိုးနှင့် သားဖြစ်သူမှာ tablet မှ Application တွင် ခေါင်းဆိုင်နေစဉ် မူလတန်း အရွယ်လောက်ရှိမည့် မြေးကလေးက ကောင်းကင်ကို ကြည့်ပြီး Gen alpha ပီပီ Pluto ကိုပင်သူမြင်ရကြောင်း ရွှီးတုတ်လေသည်။

လေတွေက ပြင်းလှသည်။ ဘာမဆို ကြောက်ဖို့သာ အသင့်ပြင်နေသော Gen L ကျွန်မသည် မှောင်နေတာကိုလည်း ကြောက်သည်၊ လေထန်နေတာကိုလည်း ကြောက်သည်၊ ပတ်ဝန်းကျင်စိမ်းနေတာကိုလည်း ကြောက်သည်။ သူတို့အဖေကတော့ ဒီနေရာတွေမှာ မေတ္တာသုတ် ရွတ်ဖူးမှာ မဟုတ်ဘူး ဟုဆိုကာသာ ရွတ်နေလေတော့သည်။ တဖြေးဖြေးနှင့် ကောင်းကင်မှာ ကြယ်ကလေးတွေ ဆုံလာကာ ကျွန်မတို့ကို ထွေးပွေ့ထားသလို ခံစားလာရတော့ အကြောက်နည်းနည်း ပြေချင်သည်။ ထိုကြယ်လေးတိုင်း၏ အမည်ကို ကျွန်မတို့ မသိနိုင်ပါ။ ဟိုးတစ်နေရာက ကျွန်မတို့ကို အကြောက်တရားမှ ကင်းဝေးနိုင်စေရန် လောင်ကျွမ်း လင်းလက်သွားသော ကြယ်လေးများကို မေတ္တာပို့ရင်း တိတ်ဆိတ်စွာ ပြန်ခဲ့ပါသည်။


photo credit to original uploader

0 comments: