Sunday, May 19, 2019

The Life of the Buddha – According to the Pali Canon

ဗုဒ္ဓဝင်စာအုပ်များအား မှီငြမ်းကိုးကားသည့် ကျမ်းများပေါ်တွင် မူတည်၍ အကြမ်းအားဖြင့် သုံးမျိုးခန့် ခွဲနိုင်သည်။

(၁) ကျမ်းရင်း ပါဠိတော် (Canonical Texts) ကိုသာ မှီငြမ်း ရေးသားသည့် စာအုပ်
(၂) ကျမ်းရင်း ပါဠိတော်အပြင် အဋ္ဌကထာ၊ ဋီကာများကို မှီငြမ်း ရေးသားသည့် စာအုပ်
(၃) သက္ကတဘာသာဖြင့်ရှိသည့် မဟာယာနကျမ်းများကို မှီငြမ်း ရေးသားသည့် စာအုပ်

ဗုဒ္ဓဝင် စာအုပ်အများစုမှာ ဒုတိယအမျိုးအစားတွင် ပါဝင်သည်။

ဗုဒ္ဓ၏ ဘဝဖြစ်တော်စဉ်ကို ရေးသည့် စာအုပ်များကို အကြမ်းအားဖြင့် “ဗုဒ္ဓဝင်” ဟုသာ သုံးသွားပါမည်။ သို့သော် အတိအကျအားဖြင့် ဆိုရလျှင် “ဗုဒ္ဓဝင်” သည် “ဗုဒ္ဓဝံသ” ပါဠိတော်ကို ခေါ်သော အမည် ဖြစ်သည်။ “ဝံသ” ဟူသည် မျိုးနွယ် အစဉ်အဆက်ဟု အဓိပ္ပါယ်ရသည်။ “ဗုဒ္ဓဝံသ” ပါဠိတော်သည် သုမေဓာ ရှင်ရသေ့ဘဝဖြင့် ဗျာဒိတ်တော်ခံယူခဲ့သည့် ဒီပင်္ကရာ မြတ်စွာဘုရားမှသည် ဂေါတမ မြတ်စွာဘုရားတိုင် ၂၅-ဆူသော မြတ်စွာဘုရားရှင်တို့၏ ဖြစ်တော်စဉ် အကျဉ်းချုပ်များကို ဟောကြားထားသည့် ကျမ်းဖြစ်သည်။

ဗုဒ္ဓဝင်ပါဠိတော်တွင် ဂေါတမ မြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်ကို “ငါ၏ မြို့သည် ကပိလဝတ္ထု၊ ခမည်းတော်သည် သုဒ္ဓေါဒနမင်း၊ မယ်တော်သည် မာယာဒေဝီမည်၏” စသဖြင့် ဂါထာ ၂၄ ပုဒ် (စာမျက်နှာ ၂-မျက်နှာခန့်) ဖြင့်သာ ခပ်ကျဉ်းကျဉ်း ဟောကြားထားသည်။ အသေးစိတ် အချက်လက်များ မပါဝင်ပေ။ အရှင်ဗုဒ္ဓဒတ္ထရေးသားသည့် မဓုရတ္ထဝိလာသိနီ ခေါ် ဗုဒ္ဓဝင်အဋ္ဌကထာနှင့် အရှင်ဗုဒ္ဓဃောသ ရေးသားသည့် ဇာတကအဋ္ဌကထာနိဒါန်းတွင် ဂေါတမဗုဒ္ဓ ဘဝဖြစ်တော်စဉ်များကို အကျယ်ချဲ့ရေးသားထားသည်။

နှောင်းခေတ် ဗုဒ္ဓဝင်စာအုပ် အများစုမှာ ဗုဒ္ဓဝင်အဋ္ဌကထာနှင့် ဇာတကအဋ္ဌကထာ နိဒါန်းတို့ကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ ၂၅-ဆူသော ဘုရားရှင်တို့၏ မျိုးနွယ်အစဉ်ထက် ဂေါတမဗုဒ္ဓ ဘဝဖြစ်တော်စဉ်ကို ဦးစားပေး၍ အကျယ်ချဲ့၍ ရေးသားကြသည်။ သို့သော်လည်း အလွယ်အားဖြင့် ထိုထိုစာအုပ်များကို ဗုဒ္ဓဝင်ဟုသာ ခေါ်သွားပါမည်။ မြန်မာပြည်တွင် ထင်ရှားခဲ့သည့် တထာဂတုပတ္တိ၊ မာလာလင်္ကာရ၊ ဇိနတ္ထပကာသနီ၊ တထာဂတဥဒါနဒီပနီ စသည့် ဗုဒ္ဓဝင်ကျမ်းများနှင့် မင်းကွန်း ဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်ကျမ်းတို့သည် ဗုဒ္ဓဝင်အဋ္ဌကထာကို အခြေတည်ကာ ကျမ်းရင်းပါဠိတော်နှင့် ဇာတ်အဋ္ဌကထာ၊ ဓမ္မပဒအဋ္ဌကထာစသည့် အဋ္ဌကထာဋီကာများကို မှီငြမ်းပြုရေးသားထားခြင်း ဖြစ်သည်။ မှတ်ချက် (မှတ်ချက် -- ဒီပဲရင်းဆရာတော်ပြုစုသည့် တထာဂတဥဒါနဒီပနီတွင်မူ ထေရဝါဒကျမ်းများတွင် မပါဝင်သည့် ဝသုန္ဒြေမြေစောင့်နတ်က ဆံရေညစ်ချ၍ မာန်နတ်ပြေးရခြင်း၊ မန္တလေးမဟာမြတ်မုနိ ရုပ်ပွားတော်တွင်ကဲ့သို့ မြတ်စွာဘုရားက မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်၍ ဇမ္ဗုပတိမင်းအား ချွတ်ခြင်းစသည့် အကြောင်းအရာများ ပါဝင်သည်။)

အချို့သော ဗုဒ္ဓဝင်စာအုပ်များမှာ မဟာဝတ္ထု၊ လလိတဝိတ္ထာရ၊ ဗုဒ္ဓစရိတစသည့် မဟာယာနကျမ်းစာများကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။ မဟာယာနကျမ်းစာများမှ ဗုဒ္ဓဘဝ ဖြစ်တော်စဉ်များသည် ထေရဝါဒကျမ်းများထက် ပို၍ အသေးစိတ်ပြီး ဇာတ်လမ်းဆန်သဖြင့် ဝတ္ထု၊ ကဗျာနှင့် ရုပ်ရှင်ဇာတ်လမ်းတွဲများက မဟာယာနကျမ်းစာများကို ကိုးကားလေ့ရှိကြသည်။ ဥပမာအားဖြင့် ဆာအက်ဒဝင်အာနိုး ရေးသားသည့် အာရှတိုက်၏ အလင်းရောင် (Sir Edwin Arnold’s Light of Asia) ကဗျာသည် စာရေးသူက ကျမ်းကိုးပြ မထားသော်လည်း လလိတဝိတ္ထာရကို အခြေခံ၍ စိတ်ကူးဉာဏ်ကွန့်ကာ ရေးသားထားဟန် တူသည်။

https://store.pariyatti.org/Life-of-the-Buddha--According-to-the-Pali-Canon_p_1375.html

အင်္ဂလိပ်ရဟန်းတော် ဘိက္ခုဉာဏမောဠိ ရေးသားပြုစုသည့် “ကျမ်းရင်း ပါဠိတော်လာ ဗုဒ္ဓဘဝဖြစ်စဉ်” The Life of the Buddha – According to the Pali Canon (1972) စာအုပ်သည် စာအုပ်အမည်အတိုင်းပင် ကျမ်းရင်း ပါဠိတော်ကိုသာ မူရင်းအတိုင်း ကောက်နှုတ်စုစည်း ဖော်ပြထားသော ကျမ်းစာဖြစ်သည်။ ဖြစ်ရပ်များအား အနုသန္ဓေစပ်ရန်အတွက်သာ အဋ္ဌကထာလာ အချက်အလက်အချို့ကို ထည့်သွင်း ဖော်ပြထားသည်။ ထူးဆန်းသည်မှာ ထုတ်နှုတ်ကိုးကားထားသည့် ပါဠိတော်များတွင် ဗုဒ္ဓဝင်ပါဠိတော် မပါခြင်း ဖြစ်သည်။ စာရေးသူက ထိုအကြောင်းနှင့် စပ်၍ မည်သည့် မှတ်ချက်မျှ ပေးမထား။ ဒီဃနိကာယ်ဆောင် မထေရ်တို့က ဗုဒ္ဓဝင်၊ စရိယာပိဋကနှင့် အပါဒါန်ကျမ်းတို့ကို သံဂါယနာတင် ပါဠိတော် ကျမ်းရင်း စာရင်းတွင် ထည့်သွင်း မထားခဲ့၍လည်း ဖြစ်နိုင်သည်။

ဗုဒ္ဓဝင်နှင့် အဋ္ဌကထာ၊ ဋီကာတို့ကို မကိုးကားသော်လည်း ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ် အစိတ်အပိုင်းများ၊ ဗုဒ္ဓသည် မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်ဆိုသည့် အကြောင်းရာများကို သုတ္တန်နှင့် ဝိနည်း ပါဠိတော်တို့တွင် တွေ့နိုင်သည်။ မဇ္ဈိမနိကာယ် အစ္ဆရိယအဗ္ဘုတသုတ်နှင့် သုတ္တနိပါတ်တို့တွင် ဗုဒ္ဓလောင်းလျာ ဖွားမြင်တော်မူပုံ၊ မဇ္ဈိမနိကာယ် အရိယာပရိယေသနသုတ်နှင့် မဟာသစ္စကသုတ် စသည့် ဒေသနာတို့တွင် တောထွက်ပုံ၊ အာဠာရနှင့် ဥဒက ရသေ့တို့ထံ နည်းခံပုံ၊ ဒုက္ကရစရိယာကျင့်ပုံ၊ ငယ်စဉ်ဘဝ ပဌမဈာန် ဝင်စားဘူးသည်ကို သတိရ၍ အစာရေစာ ပြန်လည် စားသောက်ပုံ၊ ဘုရားအဖြစ်သို့ ရောက်တော်မူပုံများကို ဟောကြားထားသည်။ ဝိနည်းမဟာဝါ ပါဠိတော်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသည်မှ သံဃာ့အဖွဲ့အစည်း ဖြစ်ပေါ်လာပုံ၊ သာသနာပြုပုံနှင့် ဝိနည်းပညတ်ချက်များ ပေါ်ပေါက်လာပုံတို့ ပါဝင်သည်။ ဝိနည်း စူဠဝါတွင် ဒေဝဒတ်၏ အဖျက်အမှောင့်လုပ်ရများ အကြောင်းပါသည်။ ဒီဃနိကာယ် မဟာပရိနိဗ္ဗာနသုတ်တွင် မြတ်စွာဘုရား၏ နောက်ဆုံးကာလ ဖြစ်စဉ် အသေးစိတ်ကို ဟောကြားထားသည်။

အခြားသော သုတ္တန်နှင့် ဝိနည်းဒေသနာတော်များတွင်လည်း ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်ရပ် အပိုင်းအစများစွာကို ကျိုးကြားကျိုးကြား တွေ့နိုင်သော်လည်း ထိုဖြစ်ရပ်များ မည်သည့် အချိန်က ဖြစ်ပျက်ခဲ့သည်ကို ပါဠိတော်တို့တွင် မှတ်တမ်း တင်မထား။ သုတ္တန်ဒေသနာ အများစုမှာ “အခါတပါးတွင် မြတ်စွာဘုရားသည် ---- အရပ်၌ သီတင်းသုံး နေတော်မူ၏” စသဖြင့် အချိန်ကာလ အတိအကျ မပြဘဲ “အခါတပါးတွင် (ဧကံ သမယံ)” ဟုသာ သံဂါယနာတွင် မှတ်တမ်းတင်ခဲ့သည်။ ဗုဒ္ဓခေတ်က စာပေအရေးအသား မတွင်ကျယ်သေးဘဲ နှုတ်ဖြင့် သင်ယူပို့ချကာ အာဂုံဆောင်ခဲ့ကြသဖြင့် ကျက်မှတ်ရ လွယ်ကူစေရန် နေ့လခုနှစ်များ အတိအကျ မထည့်သွင်းခဲ့ကြခြင်း ဖြစ်နိုင်သည်။ နေ့လခုနှစ်များက သမိုင်းဆရာနှင့် အတ္ထုပ္ပတ္တိရေးသူတို့ အတွက် အရေးကြီးသော်လည်း တရားဓမ္မသဘောတို့ကို နားလည်စေရန်အတွက် ပဓာနမကျသောကြောင့်လည်း ဖြစ်နိုင်သည်။

သို့သော် ဗုဒ္ဓဝင်ကျမ်းပြုသူတို့ အတွက်ကို ဖြစ်ရပ်များကို ရှေ့နောက်စီစဉ်ရာတွင် အခက်အခဲကြုံရသည်။ ထိုအခါတွင် ဗုဒ္ဓဝင်အဋ္ဌကထာ၏ ကျမ်းဦးနိဒါန်းတွင် ဖော်ပြထားသည့် ဝါဆိုအစဉ် ဝါဆိုအရပ်ကို မှီငြမ်းကြရသည်။ ဗုဒ္ဓဝင်ကျမ်းပြုသူတို့က ထိုဝါဆိုအစဉ်ကို မှီး၍ ဖြစ်ရပ်များကို ယုတ္တိသင့်တော်အောင် ထည့်သွင်း စီစဉ်ကြရသည်။

ဘိက္ခုဉာဏမောဠိ၏ “ကျမ်းရင်း ပါဠိတော်လာ ဗုဒ္ဓဘဝဖြစ်စဉ်” စာအုပ်တွင် အဋ္ဌကထာလာ အကြောင်းအရာများကို ထည့်သွင်း မထားသော်လည်း၊ တပိုင်းတစစီ ဖြစ်နေသည့် ပါဠိတော်များမှ အကြောင်းအရာတို့ကို ရှေ့နောက်စီစဉ်ရာတွင် အဋ္ဌကထာနှင့် မာလာလင်္ကာရဝတ္ထုတို့ကို မှီးငြမ်းထားသည်။ ဤစာအုပ်တွင် ဗုဒ္ဓဘဝဖြစ်စဉ်ကိုသာမက ဗုဒ္ဓ ဟောကြားခဲ့သည့် တရားဓမ္မများနှင့် ဗုဒ္ဓ၏ ပုဂ္ဂိုလ်ရေး ထူးခြားမှုများကို သီးခြားအခန်း တခုစီ ထည့်သွင်းရေးသားထားသည်။

မူရင်း ပါဠိတော်လာများကိုသာ စုစည်း ရေးသားထားသည့် အခြားစာအုပ် အချို့လည်း ရှိသည်။ ပထမစာအုပ်မှာ E.H. Brewster’s The Life of Gotama the Buddha: Compiled Exclusively from the Pali Cannon ဖြစ်သည်။ ဒုတိယစာအုပ်မှာ ဦးအေးမောင်၏ “ပိဋကတ်မှ ဗုဒ္ဓနှင့်ဓမ္မ” စာအုပ် ဖြစ်သည်။ ထိုစာအုပ်များနှင့် ယှဉ်လျှင်မူ ဘိက္ခုဉာဏမောဠိ၏ စာအုပ်က ပို၍ ပြည့်စုံသည်ဟု ဆိုနိုင်သည်။

0 comments: