Thursday, May 30, 2019

လောကဇာတ်ခုံ

"လောကဇာတ်ခုံ" ဆိုသည့် စကားရှိသည်။

အများအားဖြင့် မိမိတို့သည် လောကဇာတ်ခုံတွင် ဇာတ်ဆရာ အလိုကျ ကပြနေရသည့် ဇာတ်ကောင်များဟု ယူဆထားကြသည်။ ထိုဇာတ်ဆရာ ဆိုသူသည် မည်သူနည်း။ အချို့က ကံကြမ္မာ ဟုဆိုမည်။ အချို့ကလည်း ထာရဝဘုရားသခင်ဟု ဆိုမည်။

အခြားအယူအဆ တစ်ခုလည်း ရှိပါသေးသည်။ ယင်းမှာ မိမိတို့သည်ပင် ဇာတ်ဆရာ ဖြစ်၍ မိမိအပါအဝင် လောကကြီးသည် မိမိ ဖန်ဆင်း တည်ဆောက်ထားသည့် ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်ဟူသော အယူ အဆဖြစ်သည်။ မိမိ ကရမည့် ဇာတ်ရုပ် တစ်ရုပ်ကို မိမိကိုယ်တိုင် ရွေးချယ်လိုက်သည်။ ဗဟိဒ္ဓလောကနှင့် ဆက်ဆံရသောအခါတွင် မိမိ၏ ဇာတ်ရုပ်အလိုက် မင်းသားခေါင်း ဆောင်းသူက ဆောင်းသည်။ ဘီလူးခေါင်း ဆောင်းသူက ဆောင်းသည်။ မိမိ ဇာတ်ရုပ်နှင့် လိုက်မည့် ဇာတ်လမ်းနှင့် ဇာတ်ခုံကို ရွေးသည်။ ကိုယ့်ဇာတ်ရုပ်နှင့် မလိုက်မည့် ဇာတ်လမ်းမျိုး ဇာတ်ခုံမျိုးကို မရွေးလို။ အကယ်၍ ရှောင်မရ ထိုသို့သော ဇာတ်ခုံမျိုးတွင် ကရလျှင် ကိုယ်က အံဝင်ခွင်ကျ ဖြစ်မနေတတ်။ အလွမ်းဇာတ်ရုပ်ကို ရွေးချယ်ထားမိသူက လူကြမ်းဇာတ်ကို ကရလျှင် သိပ် အဆင်မပြေ။ လူကြမ်းမျက်နှာဖုံး တပ်ထားသည့်တိုင် ဓာတ်ခံ အလွမ်းရုပ်ကို ဖျောက်၍ မရ။ ထို့ကြောင့်ပင် မိမိနှင့် လိုက်မည့် ဇာတ်ကို ကရန်၊ မိမိနှင့် အံဝင်မည့် လောကဇာတ်ခုံကို ရွေးချယ်လိုကြသည်။ ဘယ်ဇာတ် လာလာ က၍ မရနိုင်တော့ပြီလော။ မရနိုင်ဟု အလွယ်တကူ ဖြေကောင်း ဖြေကြပါလိမ့်မည်။

တချိန်လုံး မျက်နှာဖုံးကြီးကို တပ်ထားရသည်မှာ စင်စစ် ဝန်လေးလွန်းလှသည်။ ကိုယ်တပ်ထားသည့် မျက်နှာဖုံးနှင့် မကိုက်ညီသည့် ဇာတ်ခုံပေါ်တွင် ကပြရသည်က စိတ်ပင်ပန်းစရာ ဖြစ်သည်။ ကိုယ် ရွေးထားသည့် ဇာတ်ရုပ်နှင့် လိုက်မည့် ဇာတ်လမ်းမျိုးကို ချပေးဖို့ ဇာတ်ဆရာ၏ မျက်နှာသာရရန် အားထုတ်ကြရသည်..။ ဘုရားသခင်ထံပါးတွင် ဝပ်စင်းဆုပန်ရသည်။ ကံကြမ္မာကို မျက်နှာလုပ်ကြရသည်။ အကယ်၍ ဇာတ်ဆရာသည် ကံကြမ္မာ မဟုတ်၊ ဘုရားသခင်လည်း မဟုတ်၊ မိမိကိုယ်တိုင်သာ ဖြစ်သည်ဟု ဆိုပါက ဘာကြောင့် အခြား ဇာတ်ရုပ်တခုကို မပြောင်းနိုင်ရပါသလဲ…။ ဘာကြောင့် မျက်နှာဖုံးကြီးကို တပ်ထားရပါသလဲ …။

ဇာတ်ဆရာသည် မိမိတို့၏ အတွင်းမှ မိမိတို့ကို နေ့ညမလပ် ခိုင်းစေ နေသူ တစ်ဦးလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ ထိုသူသည် မိမိ ကိုယ်တိုင် မဟုတ်ဘဲ၊ မိမိ အဖြစ် ဟန်ဆောင်ထားသည့် ကပ်ပါးတစ္ဆေ တစ်ကောင်လည်း ဖြစ်နေနိုင်ပါသေးသည်။ မိမိ၏ စိတ်အယဉ်ကို ပူးကပ်နေသည့် ထိုတစ္ဆေကို မောင်းနှင် ထုတ်လိုက်နိုင်ပါက မိမိသည် မိမိ အဖြစ် ဟန်ဆောင်ထားခြင်း ကင်းသူ တဦး ဖြစ်လာနိုင်ပါသည်။

ဘဝ တလျှောက်လုံး တပ်ဆင်လာခဲ့ရသည့် မျက်နှာဖုံး၏ ဝန်ကို ချလိုက်နိုင်ခြင်းသည် လောကဇာတ်ခုံ၏ အနှောင်အဖွဲ့မှ ရုန်းထွက် လွန်မြောက်ခြင်းပင် ဖြစ်ပါလိမ့်မည်။


Ref: Pierre Grimes, Philosophical Midwifery: A New Paradigm for Understanding Human Problems and Its Validation. 
(Contemplation on Persona, Milieu and Pathologos ...)

0 comments: