ကျမ အမျိုးသားရဲ့ ညီဝမ်းကွဲတယောက်က အုတ်၊သဲ၊ ထုံး၊ ကျောက် ရောင်းဝယ်ရေးဆိုင် ဖွင့်ထားပါတယ်။ အရောင်းအဝယ်လိုက်လာတော့ ညီမဖြစ်သူကို စာရင်းကိုင်ရင်း ဆိုင်ထိုင်စေပါတယ်။ ဆိုင်က အလုပ်သမားတယောက် မင်္ဂလာဆောင်တော့ ဖိတ်စာမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်ဝါတို့၏ သား ဆိုတာသာမက (သူ့ထက် အသက်သိပ်မကြီးတဲ့) အလုပ်ရှင်ဖြစ်သူ ဇနီးမောင်နှံတို့၏ ကိတ္တိမသားဖြစ်သူ မောင် ဘယ်သူ ဆိုပြီးတော့ (ကြိုတင် ခွင့်တောင်းခြင်းလည်း မပြုပဲ) ထည့်ရိုက်ပါတယ်။ သတို့သားဟာ သူဘယ်သူ ဖြစ်တယ် ဆိုတာကို မင်္ဂလာဆောင်ဖိတ်စာမှာ ပို၍ ခမ်းနားအောင် ဖော်ပြလိုဟန် ရှိပါတယ်။ ဆိုင်ထိုင်တဲ့ ဆိုင်ပိုင်ရှင့် ညီမကိုလည်း ဖိတ်စာနဲ့ တကွ မင်္ဂလာဆောင် ဖိတ်ပါတယ်။ ဖိတ်စာပေါ်မှာ ရေးထားတာက
မနွယ်နွယ်
စာရေမ
…တဲ့။(စာရေးမ လို့ ရေးလိုတာ ဖြစ်ပါတယ်။)
*****
လူတိုင်း လူတိုင်းဟာ လူရာဝင်ဖို့ရာ အနည်းနည်းနဲ့ ဘဝတလျှောက်လုံး ကြိုးစားနေကြရပါတယ်။ ဘယ်လောက်ပဲ တော်နေ၊ တတ်နေ၊ ချမ်းသာကြွယ်ဝနေပါစေ လူရာမဝင်ရင် ဒါတွေဟာ ဘာမှ အသုံးမတည့်တော့ပါဘူး။ ဒါကြောင့် လူရာဝင်ဖို့ရာဟာ ဘဝမှာ အရေးအကြီးဆုံးလို့တောင် ဆိုချင်ပါတယ်။
လူရာဝင်ဖို့ အတွက် လူပါးဝဖို့လိုပါတယ်။ လူပါးဝတယ်ဆိုတဲ့ စကားဟာ အဓိပ္ပါယ် အမျိုးမျိုး ထွက်စေပါတယ်။ ပါးရည်နပ်ရည်ရှိတယ်၊ အရိပ်အကဲသိတယ်ဆိုတဲ့ လူပါးဝခြင်းရဲ့ တိုက်ရိုက်အဓိပ္ပါယ်နဲ့ လူရာဝင်ဖို့ ကြိုးပမ်းကြသလို တခါတရံ မလိမ့်တပတ်၊ လက်တလုံးခြား လုပ်ပြီး လူပါးဝစွာ လူရာဝင်ဖို့ ကြိုးစားမိတတ်ကြပါတယ်။ နောက် လူပါးဝခြင်းမှာ တင်စီးခြင်း၊ မောက်မာခြင်း၊ လက်ပေါက်ကပ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်မျိုးတွေလည်း ရှိပါသေးတယ်။ ငါဟာ သာမာန်လူမဟုတ်ဘူး၊ ဒီလို ဒီလို ခံယူချက်တွေရှိတယ်၊ (ကိုယ်မှန်တယ်လို့ ခံယူထားတဲ့) အမှန်တရားကို ဆုပ်ကိုင်ပြီး၊ ကိုယ်နဲ့ အလိုတူအလိုပါတွေရဲ့ လူရာသွင်းခြင်းကို ခံယူရင်း၊ ကိုယ်နဲ့ အလိုမတူသူတွေကို တွန်းတိုက်လို့ လူတောတိုးပါတယ်။
ငါဟာ ဘာ မှ မဟုတ်လို့ ခံယူထားသူတယောက်ကိုပင် မိဘ၊ဆွေမျိုး၊ အသိုင်းအဝိုင်းထဲ ထည့်ကြည့်လိုက်ပါ။ Who am I က ခေါင်းထောင်ထလာပါလိမ့်မယ်။ ဒါကြောင့် လူရာဝင်ဖို့ရာ အုပ်စုလိုပါတယ်။ အုပ်စုဆိုတာ တူရာ တူရာ နီးစပ်ရာ ဖွဲ့ကြတာမို့ လူရာဝင်လိုသူတယောက် အဖြစ် ကိုယ်ပိုင်ဘလော့ဂ်မှာ ခုတလော အတွေးရတဲ့ ဒီတဂ်ပို့စ်ကို ရေးပါတယ်။

3 comments:
လူရာဝင်ချင်သူများ သူတပါးကိုကျော်ခွတက်နင်းပြီး ဆရာ့ဆရာကြီးလုပ်မသွားရင်ပဲ တော်ပါပြီ။ တချို့သော လူရာဝင်ချင်သူများက စာလဲသေချာမဖတ်၊ ကြားဖူးနားဝနဲ့ နားထောင်ဖူးတယ်၊ ရှေးရိုးကြီးအတိုင်း ကတ်သတ်သတ်လုပ်တာလဲ ကြုံဖူးတယ်။ ဟူးးးးတော်ပါပြီ မငုံ လူရာမ၀င်ချင်တော့ဘူး။ :))
လူရယ်လို့ဖြစ်လာရင် လူ့အသိုင်းအ၀န်းနဲ့ ကင်းကွာလို့ မရသလို လူထဲကလူတစ်ယောက်အဖြစ် လူတိုင်းရဲ့ အသိအမှတ်ပြုတာကိုခံချင်ကြတာတော့ သဘာဝပါ။ သီတာရဲ့ စိတ်ကူးအတွေးလေးကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုယ်လူရာဝင်ဖို့ သူများကိုချနင်းတတ်သူတွေတချို့ ဘဝမှာတွေ့ ဘူးတယ်. ဘယ်လိုမှလေးစားလို့ မရတဲ့လူတွေပါ.
Post a Comment