ကျွန်တော်သည် ဤစာစုကို အတ္တိဿရဝုတ္တိ လင်္ကာများဖြင့် လွန်လွန်ကျူးကျူး ဖွဲ့သီပါ၏။ သို့ပါသော်လည်း ကျွန်တော့် အဖို့မှာကား ရင်တွင်းအာသီသ တင်းတိမ်ပြည့်ဝခြင်း အလျဉ်း မရှိပါဘဲ၊ တတ်နိုင်ပါလျှင် ထို့ထက် ထွန့်တက်၍ ဖွဲ့လိုက်ချင်မိပါ၏။
စင်္ကြာဝဠာကြီး၏ နှလုံးသည်းပွတ်သည် လူသားတို့ နေထိုင်ရာ ကမ္ဘာကြီးဖြစ်၍၊ ကမ္ဘာကြီး၏ အသည်းနှလုံးသည် အမိမြန်မာပြည် သာလျှင်ဖြစ်ပြီး၊ ထိုပြည်နှင့် ဆက်စပ်သမျှသည် နှလုံးသားများဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်လေသည်ကို သိရှိနားလည်လိုက်ရပေပြီ။ ထိုနှလုံးသားများကို မျက်ဝါးထင်ထင် မြင်ရသလို၊ နားစိုက်၍လည်း ထောင်မိပါ၏။ အခါခါ နမ်းရှိုက်မိသည်လည်းရှိသလို၊ မြိန်ရည် ယှက်ရည်လည်း စားသုံးမိပါ၏။ လက်ဖဝါးများဖြင့်လည်း ထွေးပွေ့မိသလို ခြေဖွဖွဖြင့်လည်း နင်းလျှောက်မိပါလေ၏။ ထိုသောအခါ ကျွန်တော့်နှလုံးအိမ်အတွင်းဝယ် အသံ တသံသည်လည်း ပဲ့တင်ထပ်လာနေ၏။ ထိုအသံကို သည်းကွဲစွာလည်း ကြားနာနေရပါ၏။ ပီသလွန်းလှ၍ ကြည်မြလွန်းလှသည်မှာလည်း ဆိုဖွယ်ရာမရှိ။ နရီတေးသွားလို စည်းချက်ကျနေသော ထိုအသံကား ချစ်တယ်... ချစ်တယ်... ဟူသတည်း။
တဆက်တည်း ဆိုသလိုပင် အချစ်များဖြင့် ခရီးသွားခြင်း ဟူသော ခေါင်းစဉ်တခုသည် ရင်တွင်းသို့ တိုးဝင်လာရကား၊ ကျွန်တော် ငမိုက်သားသည် ချစ်ဖူးသည့် အချစ်များနှင့် နှိုင်းဆခြင်း အမှုကို ပြုရန် အချစ်ဦးနှင့် ရင်ခုန်ဖူးသည့် အဖြစ်ကို အစောတလျင် ပြန်ပြောင်း တသလိုက်မိပါသေး၏။ မတူ.. မတူ.. မတူရေးချ မတူပါတကား။ သို့သော် အစွဲကြီးစွဲမိ၍ အခက်ကြီး ခက်ရပေပြီဟု ပူပင်ရန် မရှိ။ အချစ်ပြီးတော့ အချစ်ဟုသာ ဆိုဖွယ်ရာ ရှိချေတော့သည်။
ကျွန်တော့်အား လွန်လွန်ကျူးကျူး တဏှာရူးဟု အပြစ်ဆိုလိုသူတို့ကို တပိုင်တနိုင် ချေပခြင်းငှာ ကျွန်တော့် ရင်ထဲက လှတန်ဆောင်၏ ရုပ်ပုံလွှာအချို့ကို တစေ့တစောင်း ဖော်ပြလိုက်ရပေသည်။ ရှုစားတော်မူကြပါကုန်။ ကျွန်တော်သည် တွန့်တိုခြင်း အလျဉ်းကင်းစွာဖြင့် အတူတကွ ချစ်ကြရန် မျှဝေလိုက်ရပါလေပြီ…။ ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်တော်နှင့် သူသည်…။
ဘဝသံသရာတံတား
တောင်ကြီးမြို့ တနေရာ
မွေတော်ကက္ကူဘုရား
ထမ်ဆမ်လှိုဏ်ဂူ
ကျွန်းမျောဘောင်ပေါ်တွင် မထိုင်ရ (ထမ်ဆမ်လှိုဏ်ဂူ)
အင်းလေးကန်
ကျွန်းမျော
လိမ္မော်ခြံ
ပင်းတယသို့
မဟာအံ့ထူးကံသာဘုရားကြီး ရင်ပြင်မှ ရှုမျှော်သော်...
ပိတ်ချင်းမြောင် - သုံးဆင့်ရေတံခွန် အသွားလမ်းတနေရာ...
ပွဲကောက်ရေတံခွန်
မေမြို့မှ အဆင်းလမ်း
မြောက်မှတောင်သို့ စီးဆင်းနေသည့် မြစ်မင်းဧရာ...
အရှေ့မှအနောက်သို့ စီးဆင်းလေသော တနေရာ
မြစ်ဧရာနဒီကျောဝယ်...
သားနှစ်ဦးအား ကရေကရာနှင့် မိတ်ဆက်ခြင်း (စစ်ကိုင်း၊ ကောင်းမှုတော်ဘုရား)
မြစ်ဝကျွန်းပေါ်သို့ ထွက်ပြီ... Golden Gate မဟုတ်သည့် တွံတေးတံတား
ဂုံညင်းတန်းတံတား
ဓ ဓနိတန်း ပင်လယ်ကမ်း
ရေပျော်ငှက်လေး သုံးကောင်... အမျိုးတွေ...
ခရာ ဆူးခြုံ ဟိုအထဲက မျှော့နက်မဲကြီး တွယ်တတ်တယ်
အိမ်၊ လမ်း၊ ရွာ၊ ကျောင်း၊ သန့်ရှင်းကြောင်း...
နတ်ရေကန် (သောက်ရေကန်)
ဗေဒါ
၀န်ခံချက်။ ။ပျော်ရွှင်သောစိတ်နှလုံးဖြင့် ဆရာဗန်းမော်တင်အောင်နှင့် တက္ကသိုလ်ဘုန်းနိုင်တို့အား သတိရရင်း ရေးသားပါသည်။ (မသီတာ)
17 Dec 2011 မှ 26 Dec 2011 ထိ သွားခဲ့သော ခရီးစဉ်
17-12-2011 မန္တလေးမှ ကလော၊ အောင်ပန်းလမ်းကနေ တောင်ကြီး(၄၇၁၂ပေ) ကိုသွားတယ်။ နေ့လည်စာ - ကလောမြို့က ရှမ်းမလေး စားသောက်ဆိုင်မှာ စားတယ်။ ထမင်းစားပြီး အချိုပွဲတဲ့ လိမ္မော်သီး အလကားကျွေးတယ်။ ထမင်းစားပြီး ဆိုင်ကအထွက် ဆွမ်းဆန်စိမ်းလောက်းလှူပွဲနဲ့ တိုးတယ်။ ကြည်နူးစရာပဲ...။
တောင်ကြီးကို ညနေစောင်းရောက်တော့ ရွှေငါး ဟော်တယ်မှာ တည်းခိုပြီး၊ ညစာကို မြင်းပေါ်ကလူကို အောက်က လဲနေတဲ့လူက စာချွန်လှမ်းပေးနေတဲ့ ရုပ်ထုနားက ရှမ်းဘူဖေးဆိုင်မှာ စားတယ်။ ညစာစားအပြီး စူဠာမုနိလောကချမ်းသာ စေတီတော်ကို ဖူးမျှော်တယ်။
18-12-2011 မနက်အစောစာစားပြီး တောင်ကြီးကထွက်ပြီ...။ နောင်ကားဘူတာ နားမှာ ပြည်နယ်အဆင့် ဘောလုံးပြိုင်ပွဲ အကျိတ်အနယ် ပြိုင်နေကြတယ်။ ကြက်သွန်စိုက်ခင်းတွေကို ရေသွယ်၊ ရေဖျန်းနေပုံက အမြင်ဆန်းတယ်။ အရာရာဟာ လှနေတော့လည်း ပါးမို့နီလေးတွေ လှတာ ဘယ်ဆန်းတော့မလဲ။ အမြဲတန်းလှနေတဲ့ အလှတရားပါပဲ။ မွေတော်ကက္ကူဘုရားဖူးတယ်။ အေးချမ်းတဲ့အရိပ်မှာ တခုခုရှိနေတယ်။ ဒါလည်းမဆန်းပါဘူး။ အေးချမ်းတဲ့အရာတွေကို ပေးစွမ်းနိုင်တာတွေ ရှိနေတာပေါ့။ လမ်းလေးကလည်း အေးချမ်းတယ်။ သစ်ပင်ကလည်း အေးချမ်းတယ်။ ဟိုးဝေးဝေးက လယ်တောတွေထဲ ဖြတ်စီးနေတဲ့ ချောင်းလေးကလည်း အေးချမ်းတယ်။ ဆည်းလည်းသံလေးတွေကလည်း အေးချမ်းနေတယ်။ ပင်လုံကနေ ဘုရားလာဖူးတဲ့ ပအို့ဝ်လူမျိုး အကိုကြီးနဲ့ အမကြီး သုံးယောက်ကို ကိုယ်ပေးတဲ့ အပြုံးတွေကလည်း အေးချမ်းမယ်ဆိုတာ သေချာပါတယ်။ အုပ်စုလိုက်ရိုက်ထားတဲ့ပုံကို ထုတ်ကြည့်မိရင် သတိရကြပေါ့နော်။
ဟိုပုံးမြို့(၃၅၇၂ပေ) စဉ့်ဟယ်ဈေးနားမှာ နေ့လည်စာ စားတယ်။ စစ်သင်တန်းသားလေးတွေ ဟိုတစုဒီတစုတွေ့တယ်။ တပ်မြို့ပေပဲကိုး..။
ဟိုပုံးကိုရင်လေး အရှင်ပေါရိဿတရားကျင့်တဲ့ မေတ္တာခမ်းတန် - ထမ်စမ်လှိုဏ်ဂူကို သွားကြတယ်။ အတွေ့အထိက တမျိုးပဲ...စိမ်းတော့စိမ်းတယ်။ မရင်းဘူး မကျက်ဘူးလို့ပြောတာ...။ မနွေးထွေးဘူးပေါ့ ဒါပေမဲ့ အေးပါတယ်။
ဧည့်ကြို ဆန်းမြင့်ထွန်းရဲ့ ဆိုင်ကယ်ခေါ်ဆောင်ရာနောက်ကို ကားနဲ့လိုက်ရင်း ရေပူစမ်းရွာကို ရောက်တော့ မှောင်နေပြီ။ နောက်နေ့ မနက် ဖောင်တော်ဦးဘုရားကို အာရုံဆွမ်းကပ်ချင်လို့ အင်းထဲကို စက်လှေနဲ့ ဇွတ်သွားတယ်။ ၄၅မိနစ်လောက်စီးလိုက်ရတယ်။ ရေပူစမ်းရွာနဲ့ ဖောင်တော်ဦးဘုရားက အင်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကိုး... တည်းခိုခန်းရောက်မှ မြေပုံကြည့်မိတာလေ။ ကြယ်တွေ မြင်ရတာပေါ့။ ဖောင်တော်ဦးဘုရားကို ရောက်အောင်သွား... အင်းသူ အင်းသားများက ဖော်ရွေတယ်...။
19-12-2011 ဖောင်တော်ဦးဘုရားမှာ အာရုံဆွမ်းကပ်လှူပြီး၊ အင်းထဲ စက်လှေနဲ့ လည်ကြတယ်။ တောင်တွေကာရံထားတဲ့ အလယ်မှာ အင်းလေး ရေပြင်ပြာ... အင်းသားတွေ စကားပြောတာ... ဗျ..ဗျ နဲ့ အဆုံးသတ်တာလေးက တမျိုးချစ်စရာကောင်းပါတယ်။ အင်းသူလေးတွေကလည်း ကိုယ်တို့လို စိတ်ရောင်စုံတွေနဲ့ နှိုင်းစာတော့ ဖြူစင်နေတုန်းပါပဲ...။ ငွေထည်ပစ္စည်း အတုတွေလှေနဲ့ ကပ်ရောင်းတာကတော့ ဆိုးတယ်။
မန္တလေးမြို့ကြီးမတည်မီကတည်းက ရှိနေတဲ့ ငါးဖယ်ချောင်းကျောင်းက ရှေးဟောင်းဆင်းတုတော်တွေ မှန်လုံခန်းနဲ့ ထားချင်လိုက်တာ..။ကြောင်လေးတွေ ခဏခဏခုန်ခုန်ပြရတာ ညောင်းရင်လည်း သူ့ဟာသူနေပါစေတော့...။ ကြောင်ဆိုတာ ကျားလို မခုန်မဖြစ်မှမဟုတ်ပဲ။ တိုင်လုံးပေါင်း ၆၅၄လုံးမှာ ရွှေချထားတာက တိုင်၂၀၀။
သဘာဝရေပူစမ်းကို ပိုက်လိုင်းနဲ့ သွယ်ပြီး Resort လုပ်ထားသေးတယ်။ အဖြူမတယောက်ကတော့ လူနှစ်ပြန်စာလောက် ရေကူးကန်လေးထဲမှာ လူးလာခေါက်ပြန် ကူးနေလေရဲ့။ တရွာလုံးကို တဦးက ဝယ်ထားပြီးပြီ ဆိုလား...။ ငါနဲ့ ဆိုင်ပြီး ငါမပိုင်တာတွေပေါ့။
အောင်ပန်းမှာ လိမ္မော်သီးတွေ ဝယ်တယ်။ ထောပတ်သီးတွေဝယ်တယ်။ လက်ဖက်ခြောက်တွေလည်း ဝယ်သေးတယ်။ အကိုအမတွေဝယ်တာပါ။ ပင်းတယဘက်ကို ဆက်မောင်းတယ်။ ကားလမ်းဘေးက လိမ္မော်ခြံကို ဝင်ကြပြန်တယ်။ ကြည့်ရုံသာ ကြည့်ပါ ထိတော့မထိပါနဲ့တဲ့.. အဒေါ်ကြီးက။ ဟုတ်တယ်လေ... အသီးတရာ အညှာတခုမဟုတ်လား... အညှာလေးတွေ ကျိုးသွားမှဖြင့်...။
ပင်းတယ(၃၈၈၀ပေ) ကလည်း အနေအထားတမျိုးနဲ့ ကြိုနေပြန်တာပါပဲ။ ဘုတ်တလုတ်ရေကန်ကို ဖြတ်ပြီး လှိုဏ်ဂူရောက်တော့ ညနေ၅နာရီ။ ရှမ်းသံဝဲ၀ဲနဲ့ ဘကြီးက လိုက်ရှင်းပြတော့ သိရတာပေါ့။ ရန်ကုန်ကလူတွေ ချမ်းသာတယ်နော်တဲ့...လှူထားတာတွေ ကြည့်လိုက် ရန်ကုန်..ရန်ကုန်ချည်းပဲတဲ့...။ စေတီပေါင်း ၈၀၉၄ဆူရှိတယ်..ပေပေါင်း ၄၉၀အထိ အထဲဝင်လို့ရတယ်။ ကျောက်စက်မိုးမျှော်နဲ့ ကျောက်စက်ပန်းဆွဲ နှစ်ခုပေါင်းမိတော့ ကျောက်တိုင်ကြီး ဖြစ်သွားရော..။ ကျောက်စည်နဲ့ ကျောက်မောင်းကတော့ ဘယ်လို ဖြစ်နေတယ်မသိ...။
ပွေးလှ(၄၄၄၄ပေ) ကိုလည်း ရောက်ခဲ့သေးတယ်လေ...။
မန္တလေးကို ရွာငံလမ်းကနေ ပြန်ခဲ့ကြတယ်...။ ယူကလစ်ပင်တွေ စီတန်းနေတဲ့ လမ်းလေးမှာ ကားက မောင်းရင်းမောင်းရင်း အမှောင်ထုထဲ ထိုးခွဲသွားခဲ့ရတော့တယ်။ ကွေ့တယ်...ကောက်တယ်...ကြောက်တယ်...။
ရွာငံက ဓနု စားသောက်ဆိုင်လေးမှာ ခေါက်ဆွဲကြော် ညစာစားတော့ ဆိုင်ရှင့်သားပေါက်စလေးက အတီးနဲ့ ဧည့်ခံတယ်။ မန်းလေးအိမ်ရှေ့ ကားထိုးဆိုက်လိုက်တော့ ငါတို့ ဘယ်အိမ်ဝင်အိပ်ကြမှာပါလိမ့်လို့ အတွေးဝင်တယ်...။ ထူးဆန်းတယ်နော်..။ အာရုံတွေကို ဘာသာပြန်တာ... တော်တော်ကြီးကို အလွဲလွဲအမှားမှားနဲ့... ငါ့ကိုယ်ငါ မပိုင်ခြင်းရဲ့ သေချာမှုတခုပါပဲ။
23 comments:
မမသီတာ...
ဓာတ်ပုံလေးတွေ လှလိုက်တာ..
ညဥ့်နက်နေလို့ အကြီးချဲ့မကြည့်ရသေးဘူး..
မနက်ဖြန်မှ ပြန်လာကြည့်မယ်။
စင်စင်
မရေ ...
အဲဒီနေရာတွေ အကုန်လုံးကို လျှောက်လည်ဘူးတယ်.... သတိရလိုက်တာ အခွင့်သင့်ရင် ထပ်သွားဦးမယ်....
ပြင်ဦးလွင်မြို့ကို လွမ်းသွားတယ်ဗျို့.......
ပြောလို့ ပြောတာ မဟုတ်ဖူး..
၂၇ပုံမြှောက်ပုံ အလှဆုံးပဲ..။
တိုက်တိုက်ဆိုင်ဆိုင် ၉ဂဏန်းလဲ ဖြစ်ပြန်တယ်..။
၉နဝင်းကြေတာပေါ့နော်..။
အဟီးး..စတာ...။
ပုံတွေ အားလုံးလိုလို လှပါတယ်..။
၁၀၀%တော့ မဟုတ်..။
ပုံ..။
xမြို့သူတဥ
ပျော်ရွှင်သော စိတ်နှလုံးနဲ့ ရေးတဲ့ပို့စ်ကို ဖတ်ပြီး အပျော်တွေ ကူးစက်သွားတယ် မသီတာ..၊ ဘယ်နှစ်ခါ ကြည့်ကြည့် မရိုးနိုင်တဲ့ နေရာတွေပါပဲ..၊ ကောင်းမှုတော်က ဇီးကွက်ရုပ်လေးတွေလည်း သဘောကျတယ်၊
May I know the location of train crossing please ? Thank you.
ပျော်ရွှင်ကြည်နူးစွာနဲ့ ကြည့်သွားပြီဗျို့....
to Anonymous
မန္တလေးမှ သာစည်သို့ အသွား လမ်းတနေရာပါ။
ပျော်စရာကလေး နော်...။
ကြည်နူးပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ခရီးလေးပါလား။
ရှမ်းပြည်ဘက်ကို ခရီးထွက်ချင်သေးတယ် မသီတာရေ။
အခုဓာတ်ပုံတွေမြင်ရတော့ လတ်တလောကို
ထသွားချင်စိတ်ပေါ်လာပြီ ဘယ်လိုလုပ်မလဲ?း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖတ်သူများလည်း ပျော်ရွှင်သောစိတ်နှလုံးဖြစ်မိပါတယ်း)
စိတ်ချမ်းသာဖို့ကောင်းတဲ့ခရီးစဉ်လေးတစ်ခုဖြစ်မယ်ဆိုတာအသေအချာပါပဲမမရေ
ခင်မင်လျှက်
မဒိုးကန်
မိသားစုအလည်သွားရတာလောက် ပျော်စရာကောင်းတာမရှိဘူးဗျာ.. :D
အားပါးတရပါပဲ မသီတာ၊
စာတွေ အများကြီးရေးအုံးနော်။
ရောက်ခဲ့တဲ့ နေရာတွေ စုံလိုက်တာ.
ရှုခင်းတွေ လှတယ်။ ဘဝသံသရာရထားဖြတ်တဲ့ ဂုတ်ထိပ်တံတားလည်းလှတယ်။
ခရီးသွားရတာ စိတ်ရွှင်လန်း ချမ်းမြေ့ဖို့ ကောင်းတယ်နော်။။
အဲ...သီတာရေးတာလားးးး။ ကိုဧရာကြီးမှတ်နေတာ...
ဖတ်ရုံနဲ့တင် အရမ်းပျော်ခဲ့မှန်း သိသာပါ့တော်း)))
It is so true saying that " Home is Where the Heart is".
မမသီတာရေ..
ကျွန်မလည်း တကယ်ချစ်ပါတယ်း) ဓါတ်ပုံလေးတွေ တအားလှတယ်။
ဦးဇင်းတို့ ပင်းတယကိုလဲ ရောက်ခဲ့တာပဲ..။ ပျော်ခဲ့သလားတော့မသိပါဘူး..။ဓာတ်ပုံတွေက အရမ်းသေးနေသလိုပဲ.. အကြီးဆိုက်လေးတင်ရင် ပိုကောင်းမယ်ထင်တယ်..။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ပုံကို click ရင်... ပုံအကြီးပေါ်လာပါမယ် ဘုရား...။
ချစ်တယ်၊ ချစ်တယ်... အရမ်းချစ်တယ်၊ ဘယ်နေရာဖြစ်ဖြစ် ချစ်နေတာ အသွေးထဲ အသားထဲကပဲ မမရေ။
ဇွန်က ဒီတစ်ခေါက် ကျောက်ကွင်း၊ မန်းလေးနဲ့ မေမြို့ပဲ ရောက်ခဲ့တယ်။ တစ်ခါမှ မရောက်ဖူးသေးတဲ့ တောင်ကြီး၊ အင်းလေး၊ ပုဂံတော့ နောက်အခေါက်လို့ အားခဲထားတယ်။
သားတို့ ကရေကရာ ကြိုက်ကြလား၊ ဇွန်တော့ သိပ်ကြိုက်။ :D
ပုံလေးတွေ လှတယ် မမ။ :)
တို့အမကြီးကတော့..လုပ်ပြီ..
အသောလုံးလေး နဲ့ ။း)
အတော်လည်း စုံခဲ့သပေါ့လေ..။
သီချင်း ကို ကြားထဲက..လာညင်းပေးလို့..ကျေးဇူး အထူးတင်ရပါအိ။း)
ဓာတ်ပုံတွေ အလွမ်းပြေလာငေးသွားပါတယ်ရှင်..
သောက်ရေကန်ရယ် နေ၀င်တဲ့ပုံလေးရယ် အလွန်နှစ်သက်ပါသည်။
ချစ်ခင်လျှက်..
မလေး
Post a Comment