Tuesday, September 6, 2011

စံပယ်၊ လောကပါလနှင့် အောက်တိုဘာ လှုပ်ရှားမှု

တချိန်က အာရပ်ကမ္ဘာတွင် “ဒီမိုကရေစီနှင့် လူ့အခွင့်ရေး” ဟူသော စကားများအား အနောက်တိုင်း စံနှုန်းများ၊သဘောတရားများဟု မှတ်ယူခဲ့ကြသည်။ စကပ်တိုတို ဝတ်သော မိန်းမပျိုလေးများ၏ ပွင့်လင်းမြင်သာမှုကို ထောက်ပြ ဝေဖန်တတ်ကြသော်လည်း၊ ပွင့်လင်းသော လူအဖွဲ့အစည်းများ၏ တိုးတက်မှုများကို မျက်ကွယ်ပြုခဲ့ကြသည်။ မျက်ကွယ်ပြုရုံမျှမဟုတ် အာရပ်လူ့အဖွဲ့အစည်းအတွက် အရှက်ရစရာအဖြစ် အပြင်းအထန် ဆန့်ကျင်ခဲ့ကြသည်။ သို့သော် သူတို့ ဆန့်ကျင်ခဲ့ကြသော Globalization ကပင် အာရပ်ကမ္ဘာအား မျက်စိဖွင့် ပေးခဲ့သည်။ သူတို့အား ဆင်းရဲမွဲတေ အရှက်ရစေခဲ့သည့် အကြောင်းရင်း အစစ်သည် Globalization မဟုတ်၊ သူတို့အား ဖိနှိပ် အုပ်ချုပ်နေသော အကျင့်ပျက် အာဏာရှင် အစိုးရများသာဖြစ်ကြောင်း သဘောပေါက်သွားသည်။ တူနီးရှားနိုင်ငံ စံပယ်တော်လှန်ရေးမှ အစပြုခဲ့သော အာဏာရှင်တော်လှန်ရေး လှိုင်းလုံးကြီးသည် အာရပ်နိုင်ငံ တနိုင်ငံပြီး တနိုင်ငံ လျင်မြန်စွာ ကူးစက်သွားခဲ့သည်။ စံပယ်တော်လှန်ရေးနှင့် အာရပ်နွေဦး (Arab spring) လှုပ်ရှားမှုများသည် အာရပ်နိုင်ငံများသာမက တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့လည်း ရိုက်ခတ်သွားသည်။

လတ်တလော ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံမှ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် အာရပ်တော်လှန်ရေးတို့ကို နှိုင်းယှဉ်ပြခြင်းအား အချို့ အိန္ဒိယနိုင်ငံသားတို့က သိပ် ဘဝင်ကျမည် မဟုတ်။ အိန္ဒိယတွင် အာရပ်နိုင်ငံများတွင်ကဲ့သို့ အာဏာရှင် အစိုးရ မရှိ။ စင်စစ် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဂုဏ်ယူစရာ ဖြစ်သော်လည်း နိုင်ငံသားတို့သည် သူတို့၏ ဒီမိုကရေစီအား သိပ် ကျေနပ်လှသည်ကား မဟုတ်။ အိန္ဒိယနိုင်ငံတွင် လူတန်းစားကွာဟမှု အလွန်ကြီးမားသည်။ အိန္ဒိယနိုင်ငံ၏ သန်းကြွယ်သူဌေး ၅၅-ဦး ပိုင်ဆိုင်သော ငွေကြေးပမာဏသည် ဒေါ်လာ၂၅၀ ဘီလီယံ ရှိသည်။ သို့သော်လည်း အိန္ဒိယ နိုင်ငံသား သန်းပေါင်း ၅၀၀ မျှသည် သောက်သုံးရေသန့် ကောင်းကောင်း မရကြ။ “ရေသိုးမြောင်းမရှိ, လျှပ်စစ်မီးမရှိ, လမ်းပမ်းဆက်သွယ်ရေး ကောင်းကောင်းမရှိပေမယ့် ဒီမိုကရေစီတော့ရှိတယ်” ဟု The White Tiger (http://sonata-cantata.blogspot.com/2010/02/white-tiger.html) ၀တ္ထုတွင် ခပ်ထေ့ထေ့ ဝေဖန်ခဲ့ဖူးသည်။ နိုင်ငံရေး အကျင့်ပျက်ခြစားမှုများကြောင့် ပြည်သူအများစုတို့သည် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေကြရသည်။ အာရပ်နွေဦးလှုပ်ရှားမှုများအား လှုံ့ဆော်ပေးခဲ့သော “ဂုဏ်သိက္ခာရှိရ၊ လူတန်းစေ့စေ့ နေနိုင်ရေး” ဟူသော ရည်မှန်းချက်တို့ အိန္ဒိယနိုင်ငံသားများတွင် ရှိခဲ့ကြသည်။ ထိုရည်မှန်းချက်များဖြင့်ပင် မဟတ္တမဂန္ဓီ၏ အကြမ်းမဖက် လမ်းစဉ်ကို စွဲကိုင်၍ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြ၏။ အစိုးရမဟုတ်သည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများက အကျင့်ပျက်ခြစားမှုများအား စုံစမ်းစစ်ဆေးရန် ခွင့်ပြုသည့် ဇန လောကပါလ ဥပဒေကြမ်း (Jan Lokpal Bill) အတည်ပြုနိုင်ရေးအတွက် အလုပ်လက်မဲ့ လူငယ်များ၊ ကျောင်းဆရာများ၊ ဆရာဝန်များ၊ ရုပ်ရှင်သရုပ်ဆောင်များပါဝင်သော ပြည်သူအများစုက ကြိုးပမ်းခဲ့ကြသည်။ ဤလှုပ်ရှားမှုတွင် ထင်ရှားလာခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည့် Anna Hazare က အစာငတ်ခံ ဆန္ဒပြခဲ့သည်။ အစိုးရက ဤဥပဒေကြမ်းအား ပါလီမန်တွင် တင်ပြဆွေးနွေးရန် သဘောတူခဲ့ရ၏။ အရိုးစွဲနေသော အကျင့်ပျက်ခြစားမှုအား အလွယ်တကူနှင့် အဆုံးသတ် တိုက်ဖျက်နိုင်မည် မဟုတ်သော်လည်း ခြေလှမ်းအစ ချနိုင်ပြီဟု ဆိုကောင်း ဆိုနိုင်ပါသည်။

“ဂုဏ်သိက္ခာရှိရှိ၊ လူတန်းစေ့စေ့ နေနိုင်ရေး” ဟူသော ပြဿနာသည် အာဏာရှင်နိုင်ငံများ၏ ပြဿနာသာမဟုတ် ဒီမိုကရေစီနိုင်ငံအချို့၏ ပြဿနာလည်း ဖြစ်နေနိုင်၏။ အခြေခံဥပဒေများ၊ ရွေးကောက်ပွဲများ ရှိရံမျှုဖြင့် ဒီမိုကရေစီ သဘောတရားများ သက်ဝင်ရှင်သန်နေသည်ဟုကား မဆိုနိုင်။ စီးပွားရေးသမားများနှင့် နိုင်ငံရေးသမားများ ပေါင်းစားကြသော ဒီမိုကရေစီဖြစ်သွားနိုင်၏။ အရင်းရှင်စနစ်၏ လွတ်လပ်စွာ ပြိုင်ဆိုင်မှုသည် ဒီမိုကရေစီ၏ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် လိုက်လျောညီထွေ ဖြစ်ခဲ့ကြသည်ကား မှန်၏။ သို့သော် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကမူ ဒီမိုကရေစီ၏ ရန်သူဖြစ်၏။

အစောပိုင်းကာလက စီးပွားရေးလုပ်ငန်းများ၊ အသိပညာများကို လက်ဝါးကြီးအုပ်မှုမှ ကာကွယ်ရန် Anti-trust law ဥပဒေများကို သတ်မှတ်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင် ထိုဥပဒေအချို့သည် လူတစ်ဦးချင်းစီ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ခြင်းမရှိတော့ဘဲ၊ ရှေ့နေနှင့် ကော်ပိုရေးရှင်းကြီးများ အတွက်သာ ဖြစ်လာ၏။ စီးပွားရေးသမားများ၏ အမြတ်အစွန်းရလိုမှုနှင့် နိုင်ငံရေးသမားများ၏ ဥပဒေပြုခွင့်အာဏာ၊ လုပ်ပိုင်ခွင့်အာဏာတို့ ပေါင်းစပ်လိုက်သောအခါ အာဏာ အလွဲသုံးစားလုပ်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ အများပြည်သူအတွက် အကျိုးမပြုသော မူဝါဒဥပဒေများကို မွေးထုတ်ပေး၏။ စီးပွားရေး လုပ်ငန်းကြီးများ၏ နိုင်ငံရေးသြဇာသည် တနေ့တခြား ကြီးထွားလာသည်။ အရင်းရှင်စနစ်သည် မဟာအရင်းရှင်စနစ် (Supercapitalism) အသွင်ကူးပြောင်းလာက ဒီမိုကရေစီအား ခြိမ်းခြောက်လာပြီဖြစ်ကြောင်း၊ ထိုအန္တရာယ်မှ ကာကွယ်ရန်အတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများတွင် အဓိကတာဝန်ရှိလာကြောင်း Robert Reich က Supercapitalism: The Transformation of Business, Democracy, and Everyday Life (2008) စာအုပ်တွင် ရေးသား ဖော်ပြခဲ့ဖူး၏။

ထိုထိုသော ပြဿနာများကြောင့် အာရပ်နွေဦးတော်လှန်ရေး၏ အရှိန်သည် တရုတ်နှင့် အိန္ဒိယသာမဟုတ်၊ ဒီမိုကရေစီ ဦးဆောင်နိုင်ငံဟု ဆိုနိုင်သော အမေရိကန်နိုင်ငံသို့ပင် ရိုက်ခတ်လာ၏။ စစ်အသုံးစရိတ် လျှော့ချရေး၊ ချမ်းသာကြွယ်ဝသူများနှင့် ကော်ပိုရေးရှင်းကြီးများအား အခွန် ပိုမိုကောက်ခံရေး၊ ပြည်သူအများစုအတွက် လူမှုရေးလုံခြုံမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ တိုးမြှင့်ရေး၊ ကော်ပိုရေးရှင်းကြီးများ၏ အကျိုးစီးပွားကိုသာ ကြည့်သောမူဝါဒများ အဆုံးသတ်စေရေး စသော ကြွေးကျော်သံများနှင့်အတူ digital media များ အကူအညီဖြင့် လူမှုကွန်ယက်များဖွဲ့ကာ လူထုလှုပ်ရှားမှုတစ်ခုကို စည်းရုံးနေ၏။ အမေရိကန်တပ်များ အာဖကန်နစ္စတန်တွင် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၆-ရက်အထိ ဆက်လက် တည်ရှိနေမည်ဆိုပါက ဝါရှင်တန်ဒီစီမြို့ရှိ Freedom Plaza တွင် လူထုအစည်းအဝေးလုပ်ကာ အကြမ်းမဖက်လှုပ်ရှားမှုကြီးဖြင့် တုန့်ပြန်မည်ဟု ရာဇသံပေးထားသည်။ “ထိုအောက်တိုဘာ လှုပ်ရှားမှုသည် အမှန်တကယ် ဖြစ်ပေါ်လာမည်လော၊ ထိုဖြစ်ရပ်သည် မည်သည့် အတိုင်းအတာအထိ အရေးပါမည်လော” ဟူသော မေးခွန်းများအား အတိအကျ ဖြေဆိုရန် ခက်ခဲသေးသော်လည်း၊ အစိုးရများအား စောင့်ကြည့် ဝေဖန်နိုင်လောက်သည့် သီးခြားလွတ်လပ်သော လူမှုအဖွဲ့အစည်းများ၊ သမဂ္ဂများ၏ အခန်းကဏ္ဍသည် တနေ့တခြား အရေးပါလာသည်ဟုကား ဆိုနိုင်ပါသည်။

စာညွှန်း
http://www.time.com/time/magazine/article/0,9171,2091395,00.html
http://en.wikipedia.org/wiki/2011_Indian_anti-corruption_movement
http://en.wikipedia.org/wiki/Jan_Lokpal_Bill
http://sonata-cantata.blogspot.com/2010/02/white-tiger.html
http://october2011.org/welcome
http://www.thinkonthat.com/archives/4357
http://www.washingtonpost.com/world/asia-pacific/indias-anti-corruption-movement-aims-to-re-energize-democracy/2011/08/09/gIQAWMVWAJ_story.html

6 comments:

Anonymous said...

ဒီမိုကရေစီခေတ်မှာ လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေ အားကောင်းဖို့ လိုတယ်။ ဒါမှလဲ ဒီမိုကရေစီသဘောသဘာဝ အရ ထိန်းညှိပေးနိုင်လိမ့်မယ်လို့ မြင်ပါတယ်။ လူထုအခြေပြုလူမှုအဖွဲ့အစည်းဆိုရာမှာလဲ လူထုအတွက် လိုအပ်ချက်တွေကို အမှန်ကို အမှန်အတိုင်း အစိုးရကို တင်ပြရဲရမယ်။ ဝေဖန်ရဲရမယ်။ အဲလိုလဲလုပ်ပိုင်ခွင့်တွေ ရထားမှ စစ်မှန်တဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ ရှင်သန်ကြီးထွားလာမယ်လို့ ယုံကြည်မိပါတယ်။ အနာဂါတ်အတွက် ကျမတို့ ပြင်ဆင်ကြတာပေါ့ ကိုဧရာ။ ဒီပို့စ်အတွက် ကျေးဇူးပါ။
ပို့စ်ကနေ ဆင့်ပွားတွေးမိတာလေး ရေးလိုက်တာပါ။
အမခင်မင်းဇော်

seesein said...

စစတို့လည်း နွေဦးကို မျှော်နေပါတယ်ဗျာ.....
ဂုဏ်သိက္ခာရှိရှိ လူတန်းစေ့စေ့ နေနိုင်ရေးးးးးးးးးးးးးးးး
ဒီပို့စ်လေးဖတ်ရလို့ ကျေးဇူးအထူးးးးးးးး


ခင်မင်တဲ့
seesein

kay said...

အိန္ဒိယ က.. အဲဒီ လှုပ်ရှားမူ ကို..အားကျ စိတ်ဝင်စား နေ တာ..။
တကယ်တော့.. ပြောင်းလဲခြင်းသည်သာ မပြောင်းလဲသော အပြောင်းအလဲ ဆိုသလိုပဲ..။ ကမ္ဘာစံချိန် ..ဒီမိုကရေစီ ဆိုတာကြီးတွေ လည်း ကြာလာတော့.. ဟိုက ယို..ဒီကပေါက်.. ပြင်ဆင်ဖို့ လို လာခဲ့ပြီ ထင်ပါ့..

ကိုအောင်(ပျူနိုင်ငံ) said...

ကဒါဖီတို့ဆီမှာ ရေနံ ရှိတယ်၊ နံဘေးမှာ တရုတ် မရှိဘူး၊ ဒီမိုကရေစီ နေတိုးတွေက ပြည်သူ့ဆန္ဒခံယူဖို့ မပြောဘူး၊ ကဒါဖီ ကြိုးစင်တက်ဖို့ ၀ိုင်းအော်ပေးတယ် ... ကျနော် အဲလိုပြောရင်း ကဒါဖီကို ထောက်ခံတယ်လို့တော့ မထင်ပါနဲ့၊ ကမ္ဘာ့လူ့အဖွဲ့အစည်းလည်း သာတဲ့ဖက်ကူးတတ်တဲ့ သာကူးတွေပါပဲ၊ လှိုင်းတွေ ရိုက်ခတ်လာတာလား ... ရိုးအီသွားလို့ အသစ်အဆန်း အိမ်မက်ကို ထ'မက်တာလား ... ဒီမိုကရေစီကို တကယ်ပဲ ဂဃနဏ သိတာလား ... ရှုဒေါင့်တွေက များပါတယ်၊ အရိုးသားဆုံးက ရုရှားကလွဲရင် အမေရိကန်တောင် တရုတ်ပြည်ကို ပေးရမယ့် အကြွေးတွေ တပုံတပင် ဖြစ်နေပါပြီ၊ ဒါကြောင့် တောင်တရုတ်ပင်လယ်ထဲ တရုတ် လူပါးဝနေတာကို စွာကျယ်စွာကျယ် ၀င်မလုပ်ရဲတာပေါ့၊ သီခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတွေဟာ “တည်ကြက်” တွေ မဖြစ်ဖို့ ဆုတောင်းပါတယ်၊ ကိုဧရာ ဆိုလိုချင်တာနဲ့ ကျနော့်ကော်မန့် ဆိုင်ရာဆိုင်ရဲ့လား မပြောတတ်ဘူး ... :P

ကိုရင် said...


တကယ်ဖတ်ရတာ ဗဟုသုတအပြည့်ပေးတဲ့ blog တစ်ခုပဲ အကို အမတို့ရေ.. ဆက်လက်မျှဝေပေးပါဗျာ..

sosegado said...

အိန္ဒိယပြည်မှာ ဆယ်ရက်လောက်နေကြည့် အိန္ဒိယဘာလဲဆိုတာသိသွားလိမ့်မယ်၊
လွတ်လပ်စွာ သေးပေါက်ခွင့်ရှိသည်၊ လွတ်လပ်စွာ ချီးပါခွင့်ရှိသည်၊ လူများရင် ရှေ့ထွက်လာက ကြိုက်သလို လုပ်ကြသည်၊ လူနည်းလာလျှင် နောက်ကနေမည်၊ ပိုက်ဆံရရင် မဲထည့်မည်၊ ဆန္ဒပြမည်၊ ကာကီဝတ်တွေ ထင်တိုင်းကျဲသည်၊……… တော်လောက်ပြီ။