သန္တိသုခကျောင်းတိုက်ကို ညအချိန်မတော် ဝင်ရောက် စီးနင်းပြီး ချိတ်ပိတ်လိုက်တယ် ဆိုတဲ့သတင်းက သာသနာ့ သမိုင်းမှာ အမည်းစက်တခုလို့ဘဲ မြင်မိပါတယ်။ ဒီနေရာမှာ ဒီကျောင်းတိုက်ကို ဘယ်သူ ပိုင်ဆိုင်သင့်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အာဏာစက်ရဲ့ အဓိပ္ပါယ်ကို အလွဲသုံးစားလုပ်ပြီး မရိုးဖြောင့်တဲ့ နည်းလမ်းတွေနဲ့ ပြဿနာကို ဖြေရှင်းနေကြလို့ပါ။
ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ပြီးတဲ့နောက် ရှင်မဟာကဿပ အမှူးရှိတဲ့ သံဃာတော်တွေက သံဂါယနာတင်မယ့်အကြောင်း အဇာတသတ်မင်းကို အသိပေးတဲ့အခါ အဇာတသတ်မင်းက “တပည့်တော်က အာဏာစက်ကို ဖြစ်စေပါမယ်။ အရှင်ဘုရားတို့က ဓမ္မစက်ကို ဖြစ်စေတော်မူပါ” ဆိုတဲ့စကား ပြန်လျှောက်ဖူးပါတယ်။ ဒီစကားက ခေတ်အဆက်ဆက် အုပ်ချုပ်သူ အာဏာပိုင်တွေ အကြိုက် လက်သုံးစကား ဖြစ်လာပါတယ်။ ဒီနေရာမှာ အုပ်ချုပ်သူ မင်းတွေရဲ့ အမိန့်အာဏာကို အာဏာစက်လို့ သုံးစွဲသလို၊ ဘုရားရှင် ပညတ်တော်မူတဲ့ ဝိနည်း အဆုံးအမတွေကိုလည်း အာဏာစက်လို့ သုံးစွဲတာကို သတိပြုမိဖို့လိုပါတယ်။ ဓမ္မစက်နဲ့ အာဏာစက်က ဓမ္မနဲ့ ဝိနယ (Principle and Law) ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သာသနာရေးကိစ္စတွေကို ဆောင်ရွက်တဲ့အခါ အုပ်ချုပ်ရေး အာဏာစက်ကို လက်လွတ်စပယ် သုံးစွဲတာထက်၊ ဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်း စည်းကမ်း လုပ်ထုံးလုပ်နည်းတွေကို ဦးထိပ်ပန်ဆင်ပြီး လိုက်နာတာက ဗုဒ္ဓသာသနာနဲ့ ပိုပြီး အံဝင်ပါလိမ့်မယ်။ ယခုလို ပဋိပက္ခတွေကို ဖြေရှင်းဖို့ အတွက် ဘုရားရှင်က နည်းလမ်း ၇-သွယ် ညွှန်ကြားတော်မူခဲ့ပါတယ်။ မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းခြင်း၊ မဲခွဲ ဆုံးဖြတ်ခြင်း၊ သတိပေးခြင်း၊ ဝန်ခံစေခြင်း၊ သင်ပုန်းချေခြင်း စတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ အကြမ်းဖက် အင်အားသုံးဖြေရှင်းဖို့၊ အုပ်ချုပ်ရေး အာဏာရဲ့ အကူအညီယူဖို့ ဆိုတာတွေ မပါပါဘူး။ ရဟန်းတော်တွေအတွက် ပညတ်ခဲ့တယ်ဆိုပေမယ့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်း အတုယူလိုက်နာသင့်တဲ့ ပဋိပက္ခဖြေရှင်းနည်းတွေဖြစ်လို့ “အဓိရုဏ်း နှိမ်နင်းရေး (http://sonata-cantata.blogspot.sg/2009/03/blog-post_9600.html)” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တပုဒ် ရေးခဲ့ဖူးပါတယ်။ ဒီလောက်ကောင်းတဲ့ ဘုရားရှင် အလိုကျ နည်းလမ်းတွေ ရှိပါလျှက်၊ ဘုရားရှင်ရဲ့ အာဏာစက်ကို ကျော်လွန်ပြီး တထစ်ရှိတိုင်း အုပ်ချုပ်ရေးက သာသနာရေးမှာ ဝင်ရောက်စွက်ဖက် အင်အားသုံးဖြေရှင်းတာကို “ဓမ္မစက်ကို အာဏာစက် နဲ့ အကူအညီပေးတယ်”လို့ စကားလုံးလှလှ သုံးတော့၊ “အာဏာသိမ်းတာကို Aid to Civil Power” လို့ တခါတလေ စကားလုံး လှလှသုံးတတ်ကြတာကိုပဲ ပြေးပြေး သတိရပါတယ်။

ယခုဖြစ်ရပ်နဲ့စပ်ပြီး သီတဂူဆရာတော်ကြီးကလည်း “ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စမှာ ဘုရားဟော ပါဠိတော်ထဲမှာ ပါတဲ့အတိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ ဆွေးနွေး ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အခိုက် တိတ်တဆိတ် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော် မသင့်လျော်တဲ့ကိစ္စဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။ ယခုလို နည်းလမ်းမကျဘဲ ဖြေရှင်းမှုကို အ ကြောင်းပြုပြီး ရဟန်းသံဃာအချင်းချင်း စိတ်ဝမ်းကွဲစရာ ဖြစ်လာစေနိုင်သလို၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပေါ်လည်း အထင်အမြင် လွဲမှားစရာ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဗုဒ္ဓသာသနာရဲ့ ဂုဏ်သိမ်ကို ငြိုးမှိန်စေတာပါပဲ။
ဒါပေမယ့် သာသနာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ “အကြမ်းဖက်တယ်လို့ ယူဆရင် အကုသိုလ်ဖြစ်တယ်။ အကယ်၍ သာသနာတော် သန့်ရှင်းအောင်ဆောင်ရွက်တာလို့ လက်ခံရင် ကုသိုလ်တောင် ဖြစ်နိုင်ပါတယ်” ဆိုတဲ့သဘောမျိုး တရားချသွားပါတယ်။ အခုလို အကြမ်းဖက် ဖြေရှင်းရတာကို “ဒေါသမထွက်ဘဲ သည်းခံပေးကြရင် ခန္တီ ကုသိုလ်ဖြစ်ပါတယ်” ပြောခဲ့ရင် မထောင်းတာပေမယ့်၊ ဒီလုပ်ရပ်ကို “သာဓု အနုမောဒနာ ခေါ်စရာ ကုသိုလ်” သဘောရောက်အောင် ပြောသွားတာကတော့ သာသနာတော်အတွက် အတော်လေး ရင်လေးစရာပါ။
အခုတလောမှာ စာနယ်ဇင်းတွေမှာ နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးမှုကိစ္စကို ပြောဆိုနေကြတာ ရှိပါတယ်။ မိမိတဦးချင်း အမြင်ကတော့ ရဟန်းတော်တွေကို နိုင်ငံရေးမှာ လုံး၀ မပါဝင် မပတ်သက်ဖို့ တားမြစ် မရနိုင်သလို၊ နိုင်ငံရေးသမားတွေ အုပ်ချုပ်ရေးအာဏာပိုင်တွေ ဘာသာရေး မလုပ်ရလို့လဲ တားမြစ်စရာ မလိုပါဘူး။ ဒါပေမယ့် ရဟန်းတော်တွေက ဘာသာရေး သြဇာသုံးပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေမှာ ဝင်ရောက် စွက်ဖက်ကြမယ်၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက နိုင်ငံရေး သြဇာ၊ အုပ်ချုပ်ရေးအာဏာတွေသုံးပြီး သာသနာရေး ကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်ကြမယ် ဆိုရင်တော့ မကြာခင်မှာ သာသနာတော်လည်း ပျက်စီး၊ ပျက်စီးပြီးသား တိုင်းပြည်လည်း နလံပြန်ထူနိုင်ဖို့ မလွယ်ဘူးလို့ အတွေးဝင်မိပါတယ်။

5 comments:
သိပ်ကောင်းတာပဲ ကိုဧရာ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်ကအာဏာနဲ့ မထသအဝေးပြေးကနေ ယာဉ်ခြောက်စီးတောင်းယူခဲ့လို့ ယာဉ်လိုင်းတွေအပေါ် လူထုအထင်လွဲသွားတဲ့ ကိစ္စလည်း ဖြစ်သွားတယ်။ တကယ်လို့ ကျောင်းတိုက်ချိတ်ပိတ်ဖို့အတွက် တောင်းမှန်းသိရင် မထသက မပေးဘဲ ငြင်းလိုက်နိုင်ပေမယ့် သူတို့က ဘာကိစ္စအတွက်သုံးမယ်လို့ မပြောဘဲ အာဏာစက်သုံးပြီး ဒီအတိုင်းတောင်းလိုက်တာ။ ခုတော့ ဒီအရေးအတွက် သူတို့ကားတွေ အသုံးပြုတာခံလိုက်ရလို့ မထသက တာဝန်ရှိသူတွေကလည်း စိတ်မကောင်းဖြစ်နေကြတယ်။ တိုင်းပြည်အရေးက တွေးလေမောလေပါပဲ ကိုဧရာရေ။ အယ်လ်ခိုင်းဒါးလ်အဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့နေရာမှာ စံတင်သလိုမျိုး၊ ဇွန်တို့မြန်မာစစ်ခေါင်းဆောင်နဲ့အစိုးရအဖွဲ့က ကောက်ကျစ်စဉ်းလဲဉာဏ်များတဲ့နေရမှာ ထိပ်ဆုံးပဲ။ နဂိုကတည်းက မြန်မာလူမျိုးတွေက ကိုယ်ပိုင်အတွေးအခေါ်နဲ့ စဉ်းစားဆင်ခြင်ဉာဏ်နည်းကြတော့ အခုဆို အတိုက်အခံအဖွဲ့တွေကြားမှာလည်း အများကြီးကွဲ၊ ဘုန်းကြီးတွေကြားမှာလည်း အထင်အမြင်တွေလွဲပြီး အဖွဲ့တွေကွဲနေကြသိရတော့ တကယ်ပဲ စိတ်မကောင်းဘူး။ တကယ်ဆို ဒီအချိန်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံး စောင့်စည်းထိန်းသိမ်းပြီး ဖြေရှင်းစရာရှိရင်တောင်မှ သိုသိုဝှက်ဝှက် ပညာရှိနည်းနဲ့ ဆောင်ရွက်ပေးရမှာ။ ခုတော့...း(

စာကြွင်း။ ။ ပြည်သူရော၊ ဘုန်းကြီးရော၊ နိုင်ငံရေးသမားတွေရော... သူတို့ဆင်တဲ့ အကွက်ထဲ တစ်ခုပြီးတစ်ခုဝင်နေတာ မြင်ရတာ တကယ့်ကို စိတ်မချမ်းသာစရာ၊ တိုင်းပြည်အတွက် ရင်လေးစရာ ဖြစ်နေတော့တာ။
အမနဲ့ အကို.... စာလာဖတ်ပါတယ် :)
These r v good key points... and they totally don't understand ....
ဒီနေ့ ဒီမိုကရေစီ ခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် မှာလည်း ဒေါ်စု ဖြေသွားတယ်။ တရားမျှတ တဲ့ အလုပ်ဆို နေ့ ဖက်မှာ လုပ်သင့်တာပေါ့ တဲ့။ ဘယ်လို စကားလုံးတွေနဲ့ ဖုံးကွယ် ဖာထေး လည်း စေတနာ နဲ့ ကာယကံ ကတော့ဖြင့် ထင်ရှားနေခဲ့ပြီ။ ဒါကိုမှ..မျက်နှာပြောင်တိုက်ပြီး မသာ အဖွဲ့ ကြီး အဖြစ် တာဝန်ခံ ပြီး အစိုးရ ခိုင်းတာ လိုက်လုပ်နေရင်... ပြောသလို ရင်လေး စရာ အကြီးကြီးပါပဲ.. သာသနာ သင်းကွဲ မူ ပဲ.. အပြစ်ကြီးပါတယ်
Post a Comment