ရဟန်းတို့ “သတ္တဝါသည် အကြင် အခြင်းအရာအားဖြင့် ကံကို ပြု၏။ ထိုထို အခြင်းအရာအားဖြင့် ခံစားရ၏” (ယထာ ယထာယံ ပုရိသော ကမ္မံ ကရောတိ, တထာ တထာ တံ ပဋိသံဝေဒိယတိ) ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့၊ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု မဖြစ်တော့ချေ၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်မရှိတော့ချေ။ (အံ-၃-၁၀၁၊ လောဏကပလ္လသုတ်)
ရဟန်းတို့ ''သတ္တဝါသည် အကြင် အခြင်းအရာအားဖြင့် ခံစားအပ်သော ကံကို ပြု၏။ ထိုထို ကံ၏ အကျိုးကို ခံစားရ၏'' (ယထာ ယထာ ဝေဒနီယံ အယံ ပုရိသော ကမ္မံ ကရောတိ, တထာ တထဿ ဝိပါကံ ပဋိသံဝေဒိယတိ) ဟု တစ်စုံတစ်ယောက်က ဆိုငြားအံ့။ ရဟန်းတို့ ဤဆိုတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှု ဖြစ်နိုင်၏၊ ကောင်းစွာ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရန် အခွင့်ရှိနိုင်၏။ (အံ-၃-၁၀၁၊ လောဏကပလ္လသုတ်)
Monday, January 3, 2011
ကမ္မဿကတ (၄) - ကံနှင့် အကျိုးပေး
“တူသော အကျိုးပေးသည်” (ဇနေတိ သဒိသံ ပါကံ) ဟူသော စကားရှိသည်။ ကောင်းသောကံကို ပြုက ကောင်းသော အကျိုးပေး၍၊ မကောင်းသောကံကို ပြုက မကောင်းသော အကျိုးပေးသည်။ ဤသည်ကိုပင် အချို့က “သက်ရောက်မှုတိုင်းတွင် တူညီသော တန်ပြန်သက်ရောက်မှု ရှိသည်” ဟူသော ရူပဗေဒနိယာမနှင့် နှိုင်းယှဉ် ဥပမာပြုလေ့ရှိကြသည်။ သို့သော် ကံနှင့် အကျိုးတရားတို့သည် အဖြောင့်အားဖြင့် (linearly) ဆက်စပ်နေကြခြင်းမျိုးကား မဟုတ်ပေ။ လောကတွင် မကောင်းမှုတို့ဖြင့် အသက်မွေး၍ ကြီးပွားနေသူများ ရှိသည်။ ကိုယ်ကျင့်တရား ကောင်းမွန်ပါလျှက် ဆင်းရဲဒုက္ခ ရောက်နေကြရသူများလည်း ရှိသည်။ အကျိုးပေးသည့် အချိန်ကာလ ကွာခြားခြင်း, အကျိုးပေးသည့် ပမာဏ ကွာခြားခြင်းတို့ကြောင့် ကံတရား၏ အကျိုးပေးပုံသည် ဆန်းကြယ်ရှုပ်ထွေးလှသည်။ ထို့အပြင် ဘဝတွင် ကြုံတွေ့ခံစားနေရသော အကျိုးတရားများသည် ကံအကြောင်း သက်သက်မျှမဟုတ်ဘဲ၊ အခြားသောအကြောင်းတရားများလည်း ပါဝင်ပတ်သက်နေလေသည်။ ထို့ကြောင့် “ကံပြုခဲ့သည့်အတိုင်း အကျိုး ခံစားမည်” ဟု ယူဆခြင်းအား “ကံ-ကံ၏ အကျိုး” ကို မှန်ကန်စွာ သိမြင်သဘောပေါက်သည်ဟု မဆိုနိုင်ချေ။ ကံ၏ အကျိုးကို ပြုပြင် တားဆီးမရနိုင်, မလွှဲရှောင်နိုင်တော့ပါက ဝဋ်ဆင်းရဲချုပ်ငြိမ်းခြင်းဟူသည် မဖြစ်နိုင်တော့။
“ကံပြုခဲ့သည့်အတိုင်း အကျိုး ခံစားခြင်း” မဟုတ်ကြောင်းကို အင်္ဂုတ္တရနိကာယ် တိကနိပါတ်တွင် ဆားခွက်နှင့် ဥပမာပြု၍ ဆက်လက် ဟောကြားထား၏။ ရေအနည်းငယ်ရှိသော ခွက်အတွင်း ဆားခပ်လိုက်ပါက သောက်၍ မရနိုင်သော ဆားငန်ရည် ဖြစ်သွားသော်လည်း၊ ထိုပမာဏရှိသော ဆားအား ရေထုများပြားသော ဂင်္ဂါမြစ်တွင်းသို့ ထည့်လိုက်ပါက ဆားငန်ရည် ဖြစ်မသွားနိုင်ပါ။ ထို့အတူပင် အချို့ပုဂ္ဂိုလ်တို့သည် အနည်းငယ်မျှသော မကောင်းမှုကို ပြုရုံဖြင့် ငရဲသို့ကျရောက်ရ၏။ အချို့ပုဂ္ဂိုလ်တို့ကား ထိုအနည်းငယ်မျှသော မကောင်းမှု၏ ဆိုးကျိုးကို မျက်မှောက်ဘဝ၌ ခံစားရသော်လည်း၊ ငရဲသို့ ကျရောက်ခြင်းကဲ့သို့ ကြီးလေးသော အကျိုးဆက်ကို မခံစားရပါ။
ပထမပုဂ္ဂိုလ်သည် သီလ, သမာဓိ, ပညာပွားများထားခြင်း မရှိသူဖြစ်သည်။ ထိုသူသည် ရေအနည်းငယ်သာရှိသော ခွက်တွင် ဆားထည့်သောအခါ သောက်မရအောင် ငန်သကဲ့သို့၊ မကောင်းမှုအနည်းငယ်သည် အပယ်ငရဲသို့ ဆွဲချကာ ကြီးစွာသော ဆင်းရဲကို ခံစားရ၏။ သီလ, သမာဓိ, ပညာပွားများထားသော ဒုတိယပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌သာ အနည်းငယ်သော မကောင်းကျိုးကို ခံစားရသော်လည်း နောင်တမလွန်တွင် အကျိုးမခံစားရတော့ပါ။ အကယ်၍ အင်္ဂုလိမာလမထေရ်ကဲ့သို့ အရဟတ္တဖိုလ်ပေါက်တိုင် သီလ, သမာဓိ, ပညာတို့ကို ပွားများပါက အလုံးစုံသော ကံတို့သည် နောင်ဘဝတဖန် အကျိုးပေးခွင့် မသာတော့ဘဲ၊ ဝဋ်ဆင်းရဲမှ ချုပ်ငြိမ်းနိုင်၏။
မျိုးစေ့ချင်း တူသော်လည်း စိုက်ပျိုးရာ မြေ, ရာသီဥတု, ရေရရှိမှု စသော အခြားအကြောင်း တရားများပေါ်မှီ၍ သီးနှံဖြစ်ထွန်းမှု ကွာခြား၏။ ကံတစ်ခု၏ အကျိုးပေးသည် ယင်းကံကို ခိုင်မာ အားကောင်းစေရန် ထောက်ပံ့ပေးနေသော ဥပထမ္ဘကကံ၊ အားနည်းစေရန် ဆန့်ကျင်ဖိနှိပ်သည့် ဥပပီဠကကံ၊ အကျိုး မပေးနိုင်စေရန် ဖြတ်တောက်ဖျက်ဆီးသည့် ဥပဃာတကကံများပေါ် မူတည်၍ အကျိုးပေး ပမာဏကွာခြားသည်။ ထို့အပြင် အကြောင်းတရားများစွာပေါ် မူတည်၍ မျက်မှောက်ဘဝ၌ အကျိုးပေးခြင်း (ဒိဋ္ဌဓမ္မ ဝေဒနီယ)၊ နောက်အခြားမဲ့ဘဝ၌ အကျိုးပေးခြင်း (ဥပပဇ္ဇ ဝေဒနီယ)၊ နောင်ဘဝအဆက်ဆက်၌ အကျိုးပေးခြင်း (အပရာပရိယ ဝေဒနီယ) ဟု ကံ၏ အကျိုးပေးခွင့်အလှည့် (လဒ္ဓဝိပါကဝါရ) ကွာခြားနိုင်သည်။
ထို့ကြောင့် “ဇနေတိ သဒိသံ ပါကံ” ဟူသော စကားသည် ကံနှင့် အကျိုးတရားတို့၏ အကောင်း, အဆိုး အမျိုးဇာတ် တူခြင်းကိုသာ ဆိုလို၏။ ထို ကံပြုစဉ်ကအတိုင်း တူညီသော အကျိုး ခံစားရသည်ဟု မဆိုလို။ ဗုဒ္ဓ၏ ကမ္မဝါဒသည် “ကံ၏ စီမံပြဋ္ဌာန်းချက်ကို မလွှဲမရှောင်သာ, မပြုမပြင်သာ ခံစားရမည်” ဟုယူဆသော နိယတိဝါဒမျိုး (Determinism) မဟုတ်။ သီလ, သမာဓိ, ပညာတို့ကို ပွားများ အားထုတ်ခြင်းဖြင့် မကောင်းသော ကံတို့၏ အကျိုးပေးကို အားနည်း ပျက်ပြယ်စေ၍၊ ဘဝသစ်ကို တဖန်ဖြစ်စေတတ်သော ကံတရားဟူသမျှအား ပယ်သတ်သည့် အဆုံးအမဖြစ်သည်။
စာညွှန်း။
၁။ အံ-၃-၁၀၁၊ အင်္ဂုတ္တရနိကာယ်-တိကနိပါတ်-စူဠဝဂ်-လောဏကပလ္လဝဂ်-လောဏကပလ္လသုတ်
၂။ အဘိဓမ္မတ္ထသင်္ဂဟ
၃။ Kamma and its fruit by Nyanaponika Thera
(http://www.accesstoinsight.org/lib/authors/nyanaponika/kammafruit.html)
Subscribe to:
Post Comments (Atom)
8 comments:
သဘောကျတယ် အကိုဧရာ...ဗုဒ္ဓရဲ့ ကမ္မ၀ါဒ၊ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ၊ အဆုံးအမတွေဟာ သိမ်မွေ့နက်နဲလွန်းတာမို့ သိသလိုလိုနဲ့ ဘေးကပ်ချော်နေတာတွေ အများကြီးပဲ။ ကံ ပြုလုပ်တဲ့ အချိန်မှာ ဘယ်လိုဇောမျိုးနဲ့ လုပ်မိရင် အကျိုးပေးက ဒိဌဓမ္မလား၊ နောင် အခွင့်ကြုံလာမဲ့ ဘဝမှာလား ဆိုတာ ရှိသေးတယ်နော်။ ပြီးတော့ လူတွေက ဒီဘဝမှာ ကောင်းတာတွေ လုပ်နေတာပဲ ဆိုပြီး ရောင့်ရဲနေတတ်ကြတယ်။ လွန်လေပြီးသော ဘဝတခုခုက အကုသိုလ်တွေဟာ စုတိစိတ်ကျခါနီးမှာ အာရုံစွဲပြီး အကျိုးပေးခွင့် ရှိနေသေးတာ မမေ့ကြသင့်ဘူး...။ နောက်မှာ အရိပ်လို ကပ်ပါနေတယ်ဆိုတာ သတိချပ်သင့်တယ်။ ဆက်ရေးပါဦး အကိုဧရာ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေမို့ပါ...။
ကိုဧရာ.မသီတာ
တစ်ကယ်ကို တန်ဘိုးရှိတဲ့ စာကို
ဖတ်ခွင့်၊ဆင်ခြင်ခွင့်၊ရသွားတဲ့ အတွက်
အထူးကျေးဇူးတင်ပါတယ်။
တန်ဘိုးရှိတဲ့ စာပေအတွေးအခေးများကိုလဲ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်.။
၂၀၁၁မှာ မိသားစုအားလုံးပျော်ရွှင်နိုင်ပါစေ
ကြိုက်ပါတယ်ဗျာ ဒီလိုပို့စ်လေးတွေ ဆက်ရေးပေးပါအုံး
ခင်မင်တဲ့
seesein
ကံ၊ကံ၏အကျိုးနဲ့ပတ်သက်ပြီး သိချင်တာတွေ အများကြီး
ပဲ...။ခုလိုသိခွင့်ရတာ ကျေးဇူးအရမ်းတင်တယ်...။
ကံ၊ကံ၏အကျိုးနဲ့ ပတ်သက်ရင် ကျွန်တော်တို့အနေနဲ့
နောင်တမလွန်ဘဝကို၊ရှေးဘဝကို မယုံလို့မရဘူးနော်...။
ကျွန်တော့်မှာက ရှေးဘဝ၊နောက်ဘဝနဲ့ပတ်သက်ပြီး
နဲနဲ ဝိစိကိစ္စလေးတွေ ရှိနေတယ်ခင်ဗျ..။ကြုံရင် ရေးပေး
ပါလားခင်ဗျာ..။
တန်ဖိုးရှိတဲ့ စာတွေပါပဲ..။
နှစ်သစ်မှာ ဖတ်ရသမျှ ပို့စ်တွေထဲမှာ တန်ဖိုးအရှိဆုံး ပို့စ်တခုပါပဲ။ ကိုဧရာကို ကျေးဇူးတင်ပါတယ်။
ကံအကြောင်း သေချာရှင်းပြပေးထားတာ ရှင်းရှင်းလင်းလင်း ရှိပါတယ်..
မသိသေးတာလည်း သိသွားရတယ်.. ကျေးဇူးပါ။
တန်ဖိုးရှိတဲ့ စာတွေပါပဲ..
Post a Comment