နံပါတ်ခေါ်သံအဆုံး ထောင့်တထောင့်မှ ထော့နင်းထော့နင်းနှင့် ထလာသူတယောက်သည် တံခါးပေါက်တခုကို ကြိုးစားဖြတ်ကျော်နေသည်။
မိဘနှစ်ပါးက သူ့ကို ရပ်နိုင်ပေ့ဟု အားပေးနေသည်။ ညီအကို မောင်နှမဆွေမျိုးများ၊ ခင်ပွန်းနှင့် ရင်သွေးတို့က သူ့ကို လက်ကမ်းပေးကြသည်။ မိတ်ဆွေသူငယ်ချင်းများက သူ့အားဝန်းရံထားသည်။
လွှဲရှောင်၍ မရသော ဤ “လေး” ဆိုသော ဂဏန်းသည် သူမုန်းသော တစ်ခုတည်းသော သင်္ကေတဖြစ်သည်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသော ဆိုရိုးနှင့် အညီ၊ အနှီ နံပါတ်ပါ လေးဆယ့်လေး၏ လှုပ်ရှားမှုများသည် အလွန်လေး၍ အလွန်နှေးနေလေသည်။ သူ၏ ရုပ်ပိုင်း၊ နာမ်ပိုင်းဆိုင်ရာ ရွေ့လျားမှုများ သိသိသာသာ တုန့်ဆိုင်းနေသည်ကို ဖွာလန်ကျဲနေသော မီးခိုးဖျော့ရောင် ဆံပင်များအောက်က မျက်နှာငယ်လေးနှင့် လက်ခံနေရသည်။
မိခင်တပ်ဆင်ပေးလိုက်သော မာန်မာန၊ ဖခင်သင်ကြားပေးလိုက်သော ဥပက္ခာတရားတို့သည် သူ့ဘဝ၏ ကြီးစွာသော မောင်းနှင်အားများ ဖြစ်ကြောင်း ကောင်းစွာသဘောပေါက်နေပြီဖြစ်သည်။
ငယ်စဉ်အခါကပင် ခွန်အားဗလ ချိနဲ့လွန်းသူမို့ သေတပန် သက်တဆုံး ညီအကို မောင်နှမဆွေမျိုးများ၏ ပုခုံးကို မှီရအုံးရပေဦးမည်။ တယောက်တမျိုး သူ့အား အမောပြေစေနိုင်ကြကြောင်း ယုံကြည်မှုသည် အခြေမဲ့ မဟုတ်။
အပေးအယူ ဆိုသော ဝေါဟာရ ကို နှလုံးသား၍ စွဲထင်စေခြင်း သည် ခင်ပွန်းသည်ကြောင့် ဖြစ်သည်။ အချစ်ပေး၍ အချစ်ယူကြရာတွင် ပေါက်ဈေး စုံစမ်းရန်မလိုသလို၊ အချင်အတွယ်လည်း မရှိ။ ရင်သွေးတို့သည် ရှင်သန်ခြင်း၏ လားရာများ ဖြစ်ကြသည့် အားလျော်စွာ သူတို့နှင့် ဦးတည်ဘက် တဖက်တည်းဖြင့်သာ နံနက်ခင်းတိုင်းကို နိုးထပါ၏။
အလှတရားကို မြတ်နိုးတန်ဖိုးထားသော သူ့အတွက် မရှိမဖြစ် လိုအပ်သော အရာများထဲတွင် မှန်များလည်း ပါဝင်ပေသည်။ သူမျက်နှာမူရာ အရပ်တိုင်းတွင် ကြေးမုံပြင် မှန်သားများထက်က ပြုံး၍ ပြနေကြသူများသည် သူ၏ မိတ်ဆွေသူငယ်ချင်းများပင် ဖြစ်ကြသည်။ မကြာခဏဆိုသလိုလည်း ပြိုင်တူကြည့်၍ ပြုံးကြလေသေး၏။
လေးဂဏန်းကို အကြောင်းမဲ့ မုန်းသော အနှီ နံပါတ်ပါ လေးဆယ့်လေးသည် ဝင်ပေါက်လည်းဖြစ်၍၊ ထွက်ပေါက်လည်းဟုတ်သော ထိုဝင်ထွက်ပေါက်ကို ဖြတ်ကျော်ရန် ခွန်အားမျှသူတို့အား ဦးညွတ်လိုက်ပါ၏။
9 comments:
မွေးနေ့ရှင် ကျန်းမာပျော်ရွှင်ပါစေ။
မနက်ဖြန်ဆို ၄၅ ၀င်ပြီပေါ့နော် ။
အဲဒီ စာကြောင်းလေးကို အရမ်းသဘောကျတာပဲ ။ ချစ်သောသူများ နဲ့ နေ့သစ်မနက်တိုင်း ကို ကျန်းမာပျော်ရွှင်စွာနဲ့ အတူနိုးထကြပါစေ လို့ ဆုတောင်းပေးပါတယ် မမသီတာ ။
ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မွေးနေ့ရက်မြတ်ဖြစ်ပါစေ မမသီတာ။း)
လေးဂဏန်း မကြိုက်သူသော်လည်း ရှောင်လွှဲ၍ မရ... ကိုယ်တိုင် လေးဂဏန်းထဲ ရောက်နေသူတစ်ယောက်...ကိုယ့်ကိုယ်ကိုယ်ရော စာရေးသူကိုပါ အားပေးရင်း လာဖတ်သွားပါတယ်...
ကျန်းမာ ချမ်းသာ ပြီး ပျော်ရွှင်ဖွယ် လေးဆယ့်လေး ဖြစ်ပါစေ သီတာ...
ချစ်ခြင်းများစွာဖြင့်
သက်ဝေ
လေး ကတည်းက.. လေး နေတာတွေ... ငါး ကျရင်...ပြန်လွမ်းနေရလိမ့်မယ် ဆိုတဲ့ အတွေးနဲ့.. အဲ့ဒီ လေး ဂဏန်းကြီးကို ပွေ့ဖက်ကြရပြီလေ...
ကံကောင်းခြင်းတွေသယ်ဆောင်လာသော မွေးနေ့ ဖြစ်ပါစေ မ ရေ. မနက်ဖြန် ဆို ၄၄ ကျော်သွားပြီလေ မ.
ရေးထားတာ ကြိုက်တယ်ဗျာ...စာလုံးတစ်လုံးချင်းစီမှာ ခွန်အားအပြည့် အနက်အပြည့်...
အေးဗျာ...တဖြည်းဖြည်းနဲ့ ကျွန်တော်တို့လည်း နီးတော့ နီးလာတာပါပဲ...ဘယ်နားနီးမှန်းသာ မသဲကွဲတာရယ်...
ငြိမ်းချမ်းသော မွေးနေ့ဖြစ်ပါစေဗျား...
wow! very good post.
MN
မမ happy birthday!
လေးဂဏန်းများအကြောင်းကို လေးစားစွာ လေးလေးနက်နက် ဖတ်သွားပါကြောင်း။ ညီမတို့လည်း မကြာခင် လေးဂဏန်း တွေနား ရောက်တော့မှာ ဖြစ်တာမို့ လက်တွဲခေါ်ပါဦး :D
အောက်တိုဘာလထဲမှာ ဘယ်နေ့မှန်းမမှတ်မိပေမယ့် မမသီတာမွေးနေ့ ရှိတာတော့ မှတ်မိတယ်
နောက်ထပ်မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်စွာဖြတ်သန်း နိုင်ပါစေ မမ :)
Post a Comment