ဤခရီး၏ အစသည် လွန်ခဲ့သော ၁၅ နှစ်ကဟု ဆိုကောင်းဆိုနိုင်သည်။ ထို့ထက်လည်း ပိုကောင်းပိုနိုင်သည်။
လွန်ခဲ့သော ၁၅ နှစ် အမျိုးသား စင်္ကာပူကုမ္ပဏီရုံးခွဲမှာ အလုပ် စ ဝင်ဝင်ချင်းမှာပဲ၊ Project ကို လက်ခံယူဖို့ US ရုံးကို လာပြီး Oklahoma ပြည်နယ်မှာ နှစ်လကြာ နေထိုင်ခဲ့ရပါတယ်။ ရုံးပိတ်ရက်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူဝါသနာပါတဲ့ ဒေသန္တရ ဗဟုသုတ ခရီးတွေ သွားရင်း၊ ရောက်ခဲ့တဲ့ Arizona ပြည်နယ်က Grand Canyon ဆိုတဲ့ တောင်ဇောက်ထိုးကြီးတွေအကြောင်း ပုံပြင်တစ်ပုဒ်လို နားထောင်ခဲ့ရပါတယ်။
ခရီးသွား ဘတ်စ်ကားကြီးနဲ့ ပျင်းရိခြောက်သွေ့ဖွယ် မြင်ကွင်းတွေကို ဖြတ်ပြီး ငိုက်တစ်ဝက် နိုးတစ်ဝက် သွားခဲ့ရတာက စလို့၊ Hoover Dam နား အရောက်မှာတော့ ရဲက ကားပေါ်တက်လာပြီး စစ်ဆေးမှုတွေ ပြုသေးတယ် ဆိုတာ အလယ်၊ ဌာနေ Native American တို့က တောင်ဇောက်ထိုးကြီးလို့ ခေါ်ကြတဲ့ Grand Canyon National Park ချိုင့်ဝှမ်းကြီးကို ရောက်တဲ့ အခါမှာတော့... ဆိုတာတွေ အခွင့်သင့်တိုင်း စီကာစဉ်ကာ ပြောပြတတ်ပါတယ်။
Martin Luther King Jr. Day နှင့် ပေါင်းပြီး ရုံးပိတ်ရက် (၃) ရက်ရတဲ့အခါ မှာတော့ ကျွန်မတို့နေထိုင်ရာ Colorado ပြည်နယ် ကနေ ကား ၁၂ နာရီ မောင်းရမည့် တောင်ဇောက်ထိုးကြီးတွေဆီသို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သားကြီးနှင့် သားငယ် တစ်လှည့်စီ မောင်းကြမယ်ပေါ့။ နှင်း မုန်တိုင်းကလည်း ကျအပြီး Ski စီးရန်သွားကြသည့် ရာသီမို့ တောင်ပေါ်လမ်းမှာ ကားတွေ တစ်ပြီး၊ ခရီးဖင့် နှောင့်နှေးခဲ့ပါတယ်။ ဆောင်းအခါ နေ့တာ ကလည်း တိုလေသမို့ လိုရာခရီးကို သတ်မှတ်ချိန်မှာ မရောက်နိုင်ပဲ မှောင်ထဲ မီးထိုးရင်း မောင်းလာရပါတော့တယ်။ အရာဝတ္ထုတစ်ခုက ကားရှေ့ဘယ်ဘက်ဒေါင့် ကို ဒိုင်းကနဲ လာရိုက်လိုက်တဲ့ အသံနဲ့အတူ တစ်ခုခုကို ကျိတ်နင်းမိပြီး ကားလေးဟာ လူးခါရမ်းသွားပါတယ်။ ကားမောင်းသူ သားကြီးနောက်မှာ ထိုင်နေတဲ့ ကျွန်မက “ဟဲ့ သား သတိထား” လို့ ပြောလိုက်မိတော့၊ သားကြီးက “တောကောင်လေး တစ်ကောင်ကောင်ထင်တယ် အညိုရောင်လေး ရိပ်ကနဲ တွေ့လိုက်တယ်” တဲ့။ ဘာဖြစ်တာလဲ စစ်ဆေးဖို့ အန္တရာယ်ကင်းသည့် လမ်းဘေးချရပ်လို့ ရသည့်နေရာထိ မောင်းလာပြီးကားရပ်တော့ ကားတစ်စီးကလည်း ကျွန်မတို့ ကားနောက်ကနေ လိုက်လာရပ်ပြီး မီးထိုးပေးထားပါတယ်။ ကားရှေ့ bumper ကျိုးပြီး သားမွေးလေး ညှပ်နေတာလောက်သာ တွေ့ရပြီး ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပါဘူး။ နောက်က ရပ်စောင့်ပေးနေတဲ့ကားလည်း ဂငယ်ကွေ့ ကွေ့ပြီး ထွက်သွားပါတော့တယ်။ အမှန်တော့ ဒီကားဟာ ကျွန်မတို့နဲ့ မျက်နှာချင်းဆိုင်မှ လာနေသော ကားဖြစ်ပြီး၊ ကျွန်မတို့ကို ကူညီရန် သက်သက်အတွက် ဂငယ်ကွေ့ နှစ်ပြန် ကွေ့ရတာရယ်ပါ။
ဒီ အဖြစ်အပျက် အပြီးမှာတော့ ကျွန်မခေါင်းထဲ ရောက်လာတာက ဂငယ်ကွေ့တွေ အကြောင်းပါပဲ။ ဘဝခရီး သွားကြတဲ့အခါ ရှေ့သို့ကိုသာ လိုလားတတ်ကြပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ ဂငယ်ကွေ့တွေ ကွေ့ဖို့ ကြုံလာရတတ်ပါတယ်။ ဂငယ်ကွေ့ ကွေ့ကြရတဲ့အခါ အချည်းနှီး ဆိုတဲ့ ဆုတ်နစ်စိတ်နဲ့ ညစ်ညူးကာ မသာမယာဖြစ်ကြရပါတယ်။ ကိုယ်ရည်ရွယ်ထားတဲ့ လမ်းကြောင်းက သွေဖီသွားတိုင်း ကားထဲက GPS ရဲ့ “If possible, make a U turn.” လို့ သတိပေးသံကတောင် လူ့သဘောကို သိပြီး သာယာညှင်းပျောင်း ချော့မော့နေသံလိုလို၊ တစ်ခါတရံလည်း အမိန့်ပေးသံလေးစွက်နေသလိုလို ထင်မိတဲ့ အထိပါပဲ။ ကိုယ်သွားတဲ့ ခရီးက တောင်တွေကို ဖြတ်ရတော့မယ် ဆိုရင် သေချာပေါက် ဂငယ်ကွေ့တွေ တွေ့ရတော့မယ်။ တောင်တွေကို ဥမင်လိုဏ်ဖောက် အတည့်ဖြတ်ဖို့ထက်၊ ကွေ့ကာ ပတ်ကာ သွားရတာ ပိုများပါတယ်။ တောင်တွေကို ဖြတ်ကျော်သွားရတဲ့ ခရီးမှာ ဂငယ်ကွေ့ ကွေ့ရပြီဆိုရင်၊ ကွေ့ပြီး ကြုံမှာက အဖြောင့်လည်း ဖြစ်နိုင်၊ အတက်လည်း ဖြစ်နိုင်၊ အဆင်းလည်း ဖြစ်နိုင်ပါတယ်။ ယာဉ်ရဲ့ ကြံ့ခိုင်မှု၊ တွေ့ကြုံလာတာကို ရင်ဆိုင်မယ်လို့ အသင့် ပြင်ထားတဲ့ သမာဓိစိတ်ဓာတ်၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်အမြဲတင်ထားရမည့် အသိဉာဏ်တို့ ဦးစီးပြီး ခရီးတွေကို သွားရပါတယ်။
ကျွန်မတို့နိုင်ငံလည်း ကြီးမားတဲ့ ဂငယ်ကွေ့ကြီးကို အသက် သွေး ချွေး ဉာဏ်ပညာတွေ ရင်းပြီး ကွေ့နေရချိန်ပါ။ မလိုလားပါဘူး ဆိုပြီး ဆုတ်နစ်နေလို့ မဖြစ်ဘူး။ ဒါသည်ပင် ကျွန်မတို့ရဲ့ ခရီးလေ...
ထိုခရီး၏ အစသည် လွန်ခဲ့သော ၆၅ နှစ်ကဟု ဆိုကောင်းဆိုနိုင်သလို၊ ထို့ထက်လည်း ပိုကောင်းပိုနိုင်လေသည်။