Thursday, March 6, 2008

ဆရာ့ စကား


စက်မှုတက္ကသိုလ် ကျောင်းသားဘဝကို ပြန်ပြောင်း စဉ်းစားမိသည်။ ကျွန်တော်က Lecture ကောင်းကောင်းလိုက်တတ်သူ မဟုတ်။ ကျွန်တော့် Lecture စာအုပ်များက သိမ်းဆည်းထားစရာ မကောင်းလှ။ ဆရာတို့၏ ပို့ချချက်များထက၊် စိတ်ကူးပေါက်ရာ ရေးခြစ်ထားသော စာသားများ၊ ရုပ်ပုံများ၊ သင်ကြားသော သင်ခန်းစာအပေါ် မိမိထင်မြင်ချက်များနှင့်သာ ပြည့်နှက်နေတတ်သည်။ စာသင်နှစ် တစ်နှစ်စာ ကုန်ဆုံးသောအခါ မိမိ၏ Lecture စာအုပ်ဟောင်းများကို ပိသာချိန်ဖြင့် ရောင်းချပစ်လေ့ ရှိသော်လည်း၊ ထိုစာအုပ် တစ်အုပ်ကိုမူ မရောင်းရက်ပဲ သိမ်းထားခဲ့သည်။ ထိုစာအုပ်လေးသည် ယခုချိန်တွင် ကျွန်တော်နှင့်အတူ ရှိမနေခဲ့ပါ။ သို့တိုင် ထို Lecture စာအုပ်၏ နောက်ဆုံးစာမျက်နှာပေါ်မှ မင်သားထူထူ စာလုံးကြီးကြီးဖြင့် ရေးချထားဖြစ်ခဲ့သော ဆရာ၏ စကားတစ်ခွန်းကို စိတ်မျက်စိဖြင့် ပြန်လည် မြင်ယောင်နေဆဲပင်...။

ဆရာတို့သည် အတတ်ပညာဆိုင်ရာ စာပေများကို သင်ကြားပို့ချခဲ့သည် မှန်သော်လည်း၊ ထိုမျှမက စောင့်ထိန်းခြင်း၊ တည်ကြည်ခြင်းနှင့် အသိပညာဟူသော လူ့ဘဝ၏ ကောင်းမြတ်သော တရား (၃)ပါးကို သွန်သင် ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ တဖြေးဖြေးနှင့် ပို၍ သဘောပေါက်လာခဲ့ပါသည်။

တခါက ဆရာကန်တော့ပွဲ တစ်ခုတွင် လျှပ်စစ်ဌာနမှ ဆရာ ဦးစိန်ဝင်းက ဤသို့ဆို၏။ ကျောင်းသား တစ်ယောက်က ပြောတယ်။ “ဆရာရယ်.. ဆရာကတော့ ကျောင်းမှာ Circuit တွေကို ဟိုကလှည့်တွက်လိုက်၊ ဒီကလှည့်တွက်လိုက် Laplace transform တွေသုံးလိုက်၊ Fourier transform တွေသုံးလိုက်နဲ့၊ ကျွန်တော်ဖြင့် ခေါင်းကိုချာချာလည်လို့၊ ဒါပေမဲ့ အလုပ်ထဲလည်းရောက်ရော V=IR လောက်ကလွဲလို့၊ ပိုပြီး အသုံးချစရာ သိပ်မရှိပါဘူး” တဲ့။ ဒီတော့ဆရာက ပြန်ဖြေလိုက်တယ်။ “အေးဟုတ်တယ်။ မင်းတို့ကို အဘက်ဘက်က ကြည့်တတ်အောင်၊ IQ ကောင်းအောင် သင်ပေးလိုက်တာ။ သမိုင်းဆရာတွေကလည်း သမိုင်းတွေ လျှောက်ပြောပြီး၊ ကျောင်းသားတွေ IQ ကောင်းအောင် လုပ်ပေးတာ။ ငါကလည်း Circuit တွေ တွက်ပြပြီး IQ ကောင်းအောင် လုပ်ပေးတာ။”

အတွေးအခေါ် ရင့်ကျက်ဖို့၊ လှေနံဓါးထစ် တရားသေဝါဒ မဖြစ်ဖို့၊ ပတ်ဝန်းကျင် အခြေအနေနှင့်အညီ အရာရာကို ရှုမြင်သုံးသပ်တတ်ဖို့၊ လေ့ကျင့်သင်ကြားပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း အဓိပ္ပါယ် ကောက်ယူနိုင်မည် ထင်ပါသည်။

မိမိနားနှင့် ကိုယ်တိုင် နာယူခွင့် မရခဲ့သည့်တိုင်၊ အလွန်နှစ်သက်ခဲ့မိသည့် စကားလက်ဆောင် ပုံပြင်လေး တစ်ပုဒ်ကိုလည်း သတိရနေဆဲပင်။ မိမိနဲ့ ဘာသာရပ် မတူတဲ့ အတန်းတစ်ခု၏ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ် နောက်ဆုံး Lecture တစ်ခုမှာ ဆရာကကျောင်းသားတွေကို ဤပုံပြင်လေး ပြောခဲ့ခြင်းဖြစ်၏။

ရှေးခေတ်က ပြင်သစ်ပြည်မှာ သေဒဏ်ကျခံရမဲ့ ရာဇဝတ်သားတွေကို ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်လေ့ရှိသတဲ့။ အဲ့ဒီမှာ အခွင့်အရေး တစ်ရပ်အနေနဲ့ ရာဇဝတ်သားတွေကို နောက်ဆုံးဆန္ဒတစ်ခု ဖေါ်ထုတ်ခွင့်ပေးပါတယ်။ အကယ်၍ တစ်ချက်တည်းနှင့် မသေခဲ့ရင်လည်း အပြစ်က လွတ်ကင်းခွင့်ရပါတယ်။ တစ်ရက်မှာတော့ ဘုန်းတော်ကြီး တစ်ပါးရယ်၊ အင်ဂျင်နီယာ တစ်ဦးရယ်ဟာ ရာဇဝတ်သားအဖြစ ်ရှိနေခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ အလှည့်မှာတော့ နောက်ဆုံးဆန္ဒအဖြစ် ဘုရားသခင်ထံမှာ ဝတ်ပြုဆုတောင်းခွင့်ကို ယူပြီး၊ ရဲရင့် တည်ငြိမ်စွာနဲ့ပဲ ခေါင်းဖြတ်စက်အောက်မှာ သေမင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်း ထောက်မလို့ပဲလား။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲလား မသိ။ ခေါင်းဖြတ်စက်ဟာ jammed ဖြစ်နေပြီး၊ ဘုန်းတော်ကြီးလည်း သေဒဏ်က လွတ်ငြိမ်းခွင့် ရသွားပါတယ်။ အင်ဂျင်နီယာ အလှည့်ရောက်တော့ သက်ဆိုင်ရာတွေက သူရဲ့ နောက်ဆုံးဆန္ဒကို မေးပြန်ပါတယ်။ အင်ဂျင်နီယာဟာ ခေါင်းဖြတ်စက်ကို လေးနက်ငြိမ်သက်စွာ ကြည့်ပြီး၊ ‘ဒီစက်မှာ ချို့ယွင်းချက် ရှိနေပါတယ်။ သူ ပြင်ပါရစေ။’ လို့ ခွင့်တောင်းခဲ့တယ်။ သူဟာ စက်ကို အောင်မြင်စွာ ပြင်နိုင်ခဲ့ပြီး၊ အဲ့ဒီ စက်အောက်မှာ ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီး သေပွဲဝင်ခဲ့ရပါတယ်။

ဆရာဟာ ကျောင်းသားတွေကို မိမိယုံကြည်ချက် အတွက်၊ မိမိတန်ဖိုးထားတဲ့ အရာအတွက်၊ အသက်ကိုပင် စွန့်ရဲတဲ့သူတွေ ဖြစ်စေလိုဟန်တူပါသည်။ မိမိတို့မှာ ပြတ်သားသည့် Clear-cut value ရှိပြီလားဟုလည်း ဆန်းစစ်စေလိုဟန် တူပါသည်။ နောက် ဆရာက ဆက်၍ ပြောပါသေးသည်။ Theory သင်ပြီး၍ Assignment ပေးခြင်းလားတော့မသိ။ ‘သူ့ကို နိုင်ငံခြား ကုမဏီတစ်ခုက ဆက်သွယ်တယ်။ ကျောင်းသားတွေထဲက သူတို့ ကုမဏီမှာ အလုပ်လုပ်ချင်တဲ့သူ ရှာပေးဖို့ပါ။ လခက အစိမ်း တစ်ထောင်ပေးမယ်။ အဲ ဒါပေမဲ့ interview မဲ့နေ့ကတော့ စာမေးပွဲဖြေမဲ့နေ့နဲ့ တိုက်နေပါတယ်။ စိတ်ဝင်စားတဲ့သူ ဆရာ့ဆီမှာ စာရင်းပေးနိုင်ပါတယ်။’ ဟု...။

ဘဝမှာ ဆုံးဖြတ်ရ၊ ရွေးချယ်ရ တာတွေ ကြုံတိုင်း ဆရာ့ရဲ့ ပုံပြင်လေးကို သတိရမိပါသည်။ “လူတွေဟာ လွတ်လပ်တဲ့ လူသားတွေဖြစ်တယ်။ လွတ်လပ်စွာ ရွေးချယ်၊ ဆုံးဖြတ်နိုင်ခွင့် ရှိတယ်။ ထို့အတူ အဲဒီ ရွေးချယ်မှုက ရလာတဲ့ ရလဒ်ကိုလည်း တာဝန်ယူရမယ်” ဟုလည်း တွေးယူမိပါသည်။

ဆရာတို့သည် စက်မှုအတတ်၊ ပညာရပ် သက်သက်မျှကို သင်ကြားပေးခဲ့ကြခြင်း မဟုတ်ပါ။ ထို့အတွက်လည်း၊ ဆရာတို့ အပေါ် အထူးကျေးဇူးတင်မိပါသည်။ ကျောင်းပြီး၍ ဆယ်စုနှစ် တစ်ခုကို ဖြတ်သန်းပြီးသော အချိန် ဆရာ ကန်တော့ပွဲ တစ်ခုတွင် ရူပဗေဒဌာနမှ ဆရာဦးသာလှိုင်ကို ပြန်လည်တွေ့သောအခါ မိမိ မစွန့်ပစ်ရက်ပဲ၊ သိမ်းဆည်းထားဖြစ်ခဲ့သော Lecture စာအုပ်လေး အကြောင်းကို ပြန်လည် ပြောပြလိုစိတ် အလွန်ဖြစ်ခဲ့သည်။ သို့သော် အကြောင်းမသင့်၍ မပြောခဲ့ရ။

ဒုတိယနှစ် စာသင်နှစ်၏ နောက်ဆုံး ရူပဗေဒ စာသင်ချိန်ဖြစ်သည်။ ဆရာက ဤသို့ ဆိုခဲ့၏။
“...သက်ကယ်တဲလေး တစ်လုံးရှိတယ်ကွာ။ အဲဒါ လူတစ်ယောက်ကနေ လာပြီး၊ သက်ကယ်တစ်မျှင်ထဲပါ ဆိုပြီး နှုတ်ယူလိုက်တယ်။ နောက်တစ်ယောက်ကလည်း၊ သူလည်းတစ်မျှင်ထဲပါဆိုပြီး ယူပြန်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်သာ၊ ယူလိုက်ကြရင်...။” ဆရာက သူ့ထုံးစံအတိုင်း အသံကို ခပ်လေးလေး ခပ်တိုးတိုးပြောရင်း နားထား၏။
နောက်မှ “...မြန်မာပြည်ဟာ သက်ကယ် တဲလေး တစ်လုံးပါကွာ။ အဲဒါကို မင်းတို့က တစ်မျှင်ထဲပါဆိုပြီး မနှုတ်လိုက်ကြပါနဲ့...။” ဆရာက ဤသို့ပင် နောက်ဆုံး သြဝါဒကို ချွေပြီး၊ ‘ L’ ဆောင် Stage ပေါ်က ဆင်း၍သွားသည်။ ကျွန်တော်၏ ရူပဗေဒ Lecture စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် "သက်ကယ်တစ်မျှင်တည်း..." ဟု မင်သားထူထူ စာလုံးကြီးကြီးဖြင့် ရေးခြစ်မိခဲ့ပါသည်။ ထိုစာအုပ်ဟောင်းလေးကို ယနေ့တိုင် မစွန့်ပစ်ရက်ခဲ့ပါ။

မိမိကိုယ်မိမိ ဆရာ့စကားကို လိုက်နာသူဖြစ်ပါ၏လော ဟုဆန်းစစ်မိတိုင်းလည်း၊ စဉ့်ကူဆောင် အဆောင်မှုး နိုင်ငံရေးသိပ္ပံဆရာ ဦးသာဒင်၏ “စောင့်ထိန်းနိုင်သည်၊ ဆိုစေကာမူ။ အခွင့်သာက၊ ရှောင်နိုင်ခဲ၏။” ဟူသော၊ အာစရိယ ပူဇော်ပွဲ လက်ကမ်းစာစောင် တစ်ခုမှ သြဝါဒကိုသာ သတိရမိနေပါတော့သည်။

ဧရာ (မန္တလေး)
၀၈-၀၄-၂၀၀၃



1 comments:

တန္ခူး said...

အရမ်းကောင်းတဲ့ စကားပြေလေးပါ။ ဆရာတွေအားလုံးကို ပြန်သတိရသွားပြီး ဆပ်မကုန်တဲ့ဆရာတွေရဲ့ကျေးဇူးပါ ဦးညွှတ်မိပါတယ်။ ဆရာ့Postလေးတွေလဲ ထပ်တင်ပါဦး။ ဘာသာရေးကိုင်းရှိုင်းတာ၊ အကျိုးရှိစာပေလေးတွေကို ပြောင်မြောက်အောင်ရေးနိုင်စွမ်းတာ၊ တည်ငြိမ်အေးချမ်းတာ အကုန်တူတဲ့ ဆရာနဲ့'မ'တို့ဘဝက အားကျစရာပါ။