Wednesday, September 24, 2008

ဤလူ့ ဘောင်



“ဖေဖေ … ကမ္ဘာကြီးက အလုံးကြီး မဟုတ်လား။” “အေး… ”
“သားတို့က အခု နေ့ဆိုရင် U.S. မှာ ညပေါ့။” “အင်း…”
“ဒါပေမဲ့ … ဘာလို့ သူတို့တွေက ဇောက်ထိုးကြီး ဖြစ်မနေတာလဲ။”
“သား… ဘာကို အောက်, ဘာကို အပေါ်လို့ ခေါ်တာလဲ”
သားက အောက်ကို လက်ညှိုးထိုးပြီး … “ဒါက အောက်ပေါ့”။
“ဟုတ်တယ်လေ။ ဒါပေမဲ့… ဘာလို့ အောက်လို့ ခေါ်တာလဲ။”
ခဏစဉ်းစားပြီး “သား သိပြီ။ သားသားတို့ ခြေထောက်နဲ့ ရပ်ထားတာက အောက်..။”
“အေးပေါ့… ဖေဖေတို့ ခြေထောက်နဲ့ ရပ်ထားတဲ့ ဒီမြေကြီးက အောက်အရပ်ပေါ့။ အောက်တို့ အထက်တို့ဆိုတာ ဖေဖေတို့ သတ်မှတ်ထားတာ။”
“သား သိပြီ။ ဒါပေမဲ့… ဘာလို့ သူတို့က ပြုတ်မကြတာလဲ။”
“သား မသိဘူးလား။”
“သိတယ် … Gravity ကြောင့် ပေါ့။”

အရှိန်အားကောင်းသော ဒုန်းပျံယာဉ် တစ်စီးဖြင့် ကမ္ဘာ့ဆွဲငင်အားကို လွန်မြောက်၍ သွားနိုင်သည်။ အာကာသထဲတွင် ပေါလောမျောပြီး spacewalk လုပ်နိုင်သည်။ သို့သော် ထိုအာကာသယဉ်မှူးတို့သည် ကမ္ဘာမြေသို့ ပြန်လာကြရသည်။ သူ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော လေ, ရေနှင့် အစာအာဟာရတွေက ကမ္ဘာမြေတွင်သာရှိသည်။ သူ့ မိသားစု, သူ့အသိုင်းအဝိုင်း, သူ့နိုင်ငံက ဤကမ္ဘာမြေ၌သာ ရှိသည်။ ရူပဗေဒ ဆွဲငင်အားများကို သိပ္ပံနည်းပညာများဖြင့် ကျော်လွှားနိုင်သော်လည်း၊ ဘဝရပ်တည်မှုနှင့် သံယောဇဉ်အနှောင်အဖွဲ့များကိုတော့ လွန်မြောက်ရန် ခဲယဉ်းသည်။ ‘ဘောင်’သည် သတ်မှတ်ချက်သာ ဖြစ်သည်ဆိုလျှင်၊ အနှောင်အဖွဲ့များသည်လည်း သတ်မှတ်ချက်ပင် ဖြစ်ပေမည်။ ထိုအနှောင်အဖွဲ့များမှ လွတ်မြောက်ခြင်းသည် မိမိတို့ ကိုယ်တိုင်က ထိုသတ်မှတ်ချက်များကို ရိုက်ချိုးပစ်လိုက်ခြင်းသာ ဖြစ်သည်။

“သားရေ… ဖေဖေ..ဒီအသိုင်းအဝိုင်းကို မစွန့်လွတ်နိုင်သေးဘူး။
လောကီဘောင်ကို မစွန့်နိုင်သေးဘူး။”
ဧရာ (မန္တလေး)

3 comments:

လင်းလက်ကြယ်စင် said...

အမှန်ပါပဲ မမရေ။ စိတ်တွေတအားညစ်ပြီး စိတ်ကုန်လာရင်တောင်မှ လူ့ဘောင်က ဆိုးသည်ဖြစ်စေ ၊ ကောင်းသည်ဖြစ်စေ လက်ရှိဘ၀လေးရယ် ၊ သမုဒယသံယောဇဉ်အနှောင်အဖွဲ့တွေက ဖြတ်တောက်ဖို့ အင်မတန်မှ ခက်ခဲလွန်းပါတယ်။

sonata-cantata said...

ကြယ်စင် ညီမလေး ဤလူ့ ဘောင်က မမရေးတာ မဟုတ်။ ကိုကို ဧရာ ရေးတာ။ ဘောင်ကမှ မမရေးတာ။

Ko Paw said...

(ရွှေမန်းတင်မောင်)
တောထွက်မယ် ကြံပေမယ့်လို့
ချောအညက်ကလေးတွေနဲ့
သူ့တို့ မျက်ခွက်ကလေးတွေက
မျက်စိထဲ ကွက်ကနဲ ကွက်ကနဲမြင်
မောင်တင်… ကိုယ့်ကိုယ်ကိုပင် သနားလှချည်ရဲ့အစဉ်….။

(လူရွှင်တော်) ဟေ့…ဟေ့…. ငါတို့ ဇာတ်ဆရာက ကုက္ကိုပင်ကို သနားလှချည်ရဲ့ ဆိုပါလား။

(မင်းသမီးများ) တရားကို ချစ်ရင် ချစ်ရင်
တကယ်သာ အကြံပေးချင်
တောထွက်ပါလား တောထွက်ပါလား
ရွှေမန်း ကိုတင်…။
စုံနံ့သာမြိုင် ရိပ်ကြီးထဲသို့
စိတ်ပုတီးဆွဲလို့ ၀င်ပါရင်
ပါရမီဖြည့်ကာသာပင်..
ကျမတို့တတွေလည်း လိုက်ပါရစေလားရှင်။

ကြည့်ရတာ ကိုဧရာတောထွက်ရင်လည်း မသီတာနဲ့ ကလေးတွေက ပါရမီဖြည့်မယ်ဆိုပြီး နောက်က ကောက်ကောက်ပါအောင် လိုက်တော့မယ် ထင်ပါရဲ့ဗျာ။