တက္ကသိုလ် ကျောင်းသားဘဝက သူငယ်ချင်းတွေစုပြီး စာကြည့်ကြ, ဂီတာတီး သီချင်းဆိုကြ, ဝေဖန်ရေး လေကန်ရေးတွေ လုပ်လေ့ရှိကြသည်။ တစ်ခါတော့ သူငယ်ချင်း သီချင်းရေးဆရာ တစ်ဦး (အခုတော့ ဆုံးသွားပါပြီ) ၏ ကဗျာကို ကျွန်တော်တို့တစ်တွေ စကားပြေဝိုင်းပြန်ကြသည် (၁၀-တန်းမြန်မာစာ စာမေးပွဲအတွက် ကဗျာ စကားပြေပြန်သလို) ။ ကျွန်တော်တို့တွေ အားရပါးရ သမပြီးမှ၊ ကဗျာပိုင်ရှင်က “မင်းတို့ကလည်းကွာ … ဒီလိုပြောချင်ရင်တော့ ဘာလို့ ကဗျာ ရေးနေဦးမလဲ” လို့ စိတ်ပျက်လက်ပျက် လေသံနဲ့ ညည်းရှာ၏။ အခုကျွန်တော်က “ရင့်ကျက်မှု ဆယ်စုနှစ်ခရီး အစ” အကြောင်းပြန်ပြောမယ်လုပ်တော့ “သြော်… သူသာရှိသေးရင် မင်းကလည်း လုပ်ပြန်ပြီကော” လို့ ပြောဦးမလား မသိ။ ကိုယ်ရေးသည့် ကဗျာ (ကာရန်, နရီတွေမပါ၍ မဝံ့မရဲသာ ကဗျာလို့ ခေါ်ရပါသည်) ကို ကိုယ်တိုင် ပြန်ပြောတာဆိုတော့ ခွင့်တောင်းနေစရာတော့ မလိုတော့ပါ။ခွင့်တောင်းစရာ မလိုသော်လည်း၊ အသိပေးစရာတစ်ခု ကျန်သွား၍ ဖြစ်သည်။ စင်စစ် ကျွန်တော်ရေးသော စာအတော်များများမှာ ကိုယ်တိုင်ရေးသည်ဟု ပြော၍ မရပါ။ ထို့ကြောင့် အမြဲတမ်းလိုလို အောက်တွင် စာညွှန်းလေး ထည့်ပေးလေ့ရှိသည်။ မိမိကိုယ်ပိုင် ဉာဏ်ဖြင့် ရေးခြင်းမဟုတ်ကြောင်း ဝန်ခံလို၍ ဖြစ်သည်။ ထို့အပြင် အကယ်၍ ပို၍ အရင်းမြစ်ကျကျ ဖတ်ရှုလိုပါက ထိုစာညွှန်းများအား ရှာ၍ ဖတ်ကြရန် တိုက်တွန်းလို၍လည်း ဖြစ်သည်။ ဤကဗျာလေး ရေးစဉ်ကတော့ ‘ကဗျာပဲလေ’ ဟုဆို၍ စာညွှန်း မထည့်လိုက်မိ။
မွေးနေ့ ရောက်လာတော့ မိမိကိုယ် မိမိပြန်၍ သုံးသပ်ကြည့်ရင်း “ငါဟာအတော်လေး မရင့်ကျက်သေးပါလား”ဟု တွေးမိသည်။ ‘ဗာလ’ ဟူသော ပါဠိဝေါဟာရ၏ အဓိပ္ပါယ်ကို စဉ်းစားမိသည်။ ‘လူမိုက်’ ဟူသော အနက်ကို လူအများ နားလည်ထားကြပြီးဖြစ်သည်။ ထို့အပြင် ‘ကလေးသူငယ်’ ဟုလည်း အဓိပ္ပါယ်ရပါသေး၏။ အဓိပ္ပါယ် နှစ်မျိုးစလုံး အကျုံးဝင်အောင် ဘာသာပြန်ကြည့်ရလျှင် ‘ကလေးဆန်သောသူ, မရင့်ကျက်သေးသောသူ’ ဟုဆိုနိုင်မည်။ ကလေးဘဝတွင် ကလေးဆန်ခြင်းသည် ဖြူစင်ရိုးသား အပြစ်ကင်းသည်ဟု ဆိုရသော်လည်း၊ ကြီးကောင်ကြီးမားတိုင် ကလေးဆန်နေလျှင်တော့ ‘ဖြူစင်သည်’ဟူသော ဝေါဟာရနှင့် ထိုက်တန်မည် မဟုတ်။
ရင့်ကျက်မှုကို ကလေးဘဝမှ စ၍ တဖြည်းဖြည်း လေ့ကျင့် သင်ယူရသည်။ ထိုသို့ ‘သင်ယူခြင်း၊ တပည့်ခံခြင်း’ ကိုပင် discipline ဟုခေါ်နိုင်သည်။ discipline သည် disciple (တပည့်သာဝက) ဟူသောဝေါဟာရမှ ဆင်းသက်လာသည် မဟုတ်ပါလား။ စည်းကမ်းဟူသည် လူကြီးမိဘ ခိုင်းသည်ကို ကြောက်၍ တသွေမတိမ်း လိုက်နာရသည်မျိုးထက်၊ မိမိကိုယ်မိမိ ထိမ်းထိမ်း သိမ်းသိမ်း နေတတ်ရန်၊ စည်းစနစ်ကျရန် လူကြီးမိဘများထံမှ နည်းယူ လေ့ကျင့်သင်ကြားသော ဖြစ်စဉ်တစ်ခုဟု ယူဆနိုင်သည်။
ဤသဘောအား M. Scott Peck ၏ Road Less Traveled ဟူသော စာအုပ်တွင်တွေ့ရသည်။ တိုးတက်ကြီးပွားရေး စာအုပ်မျိုးများအား သိပ်ဖတ်လေ့ မရှိသော်လည်း၊ ဤစာအုပ်ကို စိတ်ဝင်တစား ဖတ်ဖြစ်ခဲ့ပါသည်။ Discipline, Love, Growth and Religion, Grace ဟူ၍ အပိုင်း လေးပိုင်းခွဲ၍ ရေးထားသည်။ အနှစ် သုံးဆယ်ကာလအတွင်း အကြိမ်ကြိမ် ရိုက်နှိပ် ထုတ်ဝေရသော စာအုပ်ဖြစ်သည်။ ဘာသာရေးနွှယ်သော နောက်ပိုင်းအခန်းများအား ဝေဖန်သူ (ခရစ်ယာန်ရော, ခရစ်ယာန် မဟုတ်သူရော) အချို့က မနှစ်သက်ကြသော်လည်း၊ Discipline အပိုင်းကိုတော့ လူအတော်များများ နှစ်သက်ကြသည်။ (လက်တွေ့မဆန်, စာအုပ်ကြီး ဆန်လွန်းသည်ဟု ဝေဖန်သူ အနည်းငယ်လည်း ရှိပါသည်။)
ဘဝပြဿနာများကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းသည် ရင်ဆိုင်ဖြေရှင်းခြင်းပင်သည်။ ထိုသို့ ဖြေရှင်းနိုင်ရန်အတွက် ခွန်အားမွေးကြရသည်။ အနာခံမှ အသာစံရမည်ဟူသောထုံးအတိုင်း အောက်ပါ စည်းမျဉ်း လေးခုကို ကြိုတင်ပြင်ဆင် လေ့ကျင့်သင်ကြားထားသင့်သည်။ (1) Delay Gratification, (2) acceptance of responsibility, (3) dedication to truth, (4) balancing တို့ဖြစ်သည်ဟု Discipline အခန်းတွင် ရေးသားထားသည်။ ဤစည်းမျဉ်း လေးခုထဲမှ ပထမသုံးခုအား ယူ၍ “ရင့်ကျက်မှု ဆယ်စုနှစ် ခရီး အစ”ကို ဖန်တီးထားခြင်း ဖြစ်သည်။
ဗုဒ္ဓစာပေများ၌ လူဘဝသက်တမ်းကို ‘ဒသက’ ခေါ် ‘ဆယ်စုနှစ်' ဆယ်ခုနှင့် အသက်တစ်ရာတမ်းထိ ပိုင်းခြားပြလေ့ ရှိသည်။ အသက် လေးဆယ်နှင့် ငါးဆယ်ကြားကာလအား ‘ပညာဒသက’ ဟုခေါ်သည်။ အသိပညာ ဖွံ့ဖြိုးသော အရွယ်ဟု ဆိုနိုင်သည်။ အသိပညာ ဖွံ့ဖြိုးမှု၏ အတိုင်းအတာသည် ရင့်ကျက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပညာဒသကကို “ရင့်ကျက်မှု ဆယ်စုနှစ်” ဟု ဘာသာပြန်ခဲ့သည်။
ကဗျာအဖွင့် ရေးသားလို၍ မဟုတ်ပါ။ စာညွှန်းမထည့်မိခဲ့သော်လည်း မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသည်မဟုတ်ကြောင်း ဖွင့်ဟဝန်ခံလို၍ ဖြစ်သည်။ ထို့အပြင် စိတ်ဝင်စားမည်ဆိုပါက “Road Less Traveled” ကို ဖတ်ကြည့်ကြရန် တိုက်တွန်းလို၍ ဖြစ်ပါသည်။
ဧရာ (မန္တလေး)
6 comments:
ဆိုတာကို နာယူသွားပါတယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com
ဖတ်မှတ်သွားပါတယ်ရှင်။ အချိန်မရလို့ နောက်မှ ထပ်လာပါဦးမယ်
ဘယ်လို ကျင့်ရပါ့။ ရင့်ကျက်အောင်လို့...
ဖတ်သွားပါတယ်ခင်မျာ..
စာအုပ်နာမည် မှတ်သွားပါတယ် ကိုဧရာ။ တကယ်ဝယ်ပြီး ဖတ်ဖြစ်ခဲ့ရင် comment လာပြန်ရေးပါမယ်။
ဖော်ပြထားတာလေးကို ဖတ်ရရုံနဲ့ ကောင်းမှာပဲ။ အဲဒီလို စိတ်ဓာတ်အားမြှင့် စာအုပ်မျိုးကို ဖတ်ရတာ ၀ါသနာပါတယ်။ ဖတ်ကြည့်ပါဦးမယ်။
Post a Comment