လက်ဝါးကပ်တိုင်ထက်က ခရစ်တော်ရဲ့ နောက်ဆုံးအချိန်ကို သာဝကတစ်ဦးဖြစ်တဲ့ John မှတ်တမ်း တင်ထားခဲ့တာကို ဖတ်ရင်း၊ ယုဝရီရဲ့
Michel Foucault မှာ မှတ်ချက်ရေးခဲ့ဖူးတာကို သတိရမိလို့ပါ။
“Foucault ဂိုဏ်းသားတော့ မဟုတ်ပါဘူး။ “ပညတ်”ဆိုတာကိုက ပညတ်ထားတာလို့ လက်ခံရင် သေခြင်းတရားဟာ ပညတ်ဖြစ်နိုင်ပါတယ်။ လူတွေနားလည် (အထူးသဖြင့် ခံစားတဲ့) “သေခြင်း” နဲ့ ဆေးပညာအရသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အင်္ဂါတွေက အသက်ရှင်နေတဲ့ သူတစ်ယောက်လို အလုပ်မလုပ်တော့ပဲ ရပ်ဆိုင်းပျက်စီးသွားတာဟာ မတူပါဘူး။ ပါဠိစာပေတွေမှာတော့ ပထမသေခြင်းကို “မရဏ” လို့သုံးပြီး၊ ဒုတိယအမျိုးအစား သေခြင်းကို “ကာယဿ ဘေဒါ” ကိုယ်ပျက်စီးခြင်းလို့ သုံးထားပါတယ်။”ပညတ်လို့ဆိုရင် လူတွေသတ်မှတ်ထားတဲ့ အရာလို့ နားလည်ကြပါတယ်။ အများညီရင် ‘ဤ’ကို ‘ကျွဲ’ဖတ်လို့ရတဲ့ အရာမျိုးလို့ သိကြပါတယ်။ အများညီလို့ ‘ကျွဲ’ လို့အသံကြားတိုင်း ‘ဤ’မှန်းသိရင် ပြီးတာပဲ၊ ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုဘူးလို့ အဓိပ္ပါယ်ရပါတယ်။
‘လူ’ ပဲခေါ်ခေါ်၊ ‘human’ ပဲခေါ်ခေါ် လူကိုဆိုလိုမှန်း သိကြပါတယ်။ ဒီနေရာမှာ ‘လူ, human’ စသဖြင့် ဘာသာစကား ဝေါဟာရတွေ, အမည်နာမတွေကို ပညတ်လို့ခေါ်ပါတယ်။ ဒီဝေါဟာရ နာမပညတ်တွေပေါ်မှာ ရေးကြီးခွင်ကျယ်နေစရာ မလိုဘူးပေါ့။ ‘လူ, human’ စသဖြင့် ဖတ်ရရင်, အသံကြားရရင် စိတ်ကူးထဲမှာ ‘လူ’ဆိုတာကို သိပါတယ်။ အဲဒီ စိတ်ကူးထဲမှာ သိလိုက်တဲ့ ‘လူ’ဆိုတာကလည်း ပညတ်ပါပဲ။ “မတ်တပ်ရပ်ပြီး လမ်းသွားတတ်တယ်, တိရစ္ဆာန်တွေထက် အသိဉာဏ်ပိုရှိတယ်, လှုပ်ရှားနိုင်ပေမဲ့ စက်ရုပ်တစ်ရုပ်လို မဟုတ်ဘူး ခံစားနိုင်တယ်။” စသဖြင့် အဓိပ္ပါယ်တွေပေးထားတဲ့ အရာအဖြစ် စိတ်ထဲမှာ သိသွားတယ်။ ဒီပညတ်တွေနဲ့ အပြင်ကအရာတွေကို ကိုယ့်စိတ်ထဲ ကူးယူနိုင်သလို၊ ကိုယ်စိတ်ထဲက အရာတွေကိုလည်း အခြားတစ်ယောက်ရဲ့ စိတ်ထဲကို ကူးပေးနိုင်ပါတယ်။ စိတ်ကူးခြင်းကို ဝိတက်ဝိစာရ (thinking and pondering) လို့ခေါ်ပါတယ်။ ဒီစိတ်ကူးတွေက ဘာသာစကားရဲ့ အခြေခံ၊ စကားပြောဆိုခြင်းရဲ့ အခြေခံဖြစ်လို့ ဝိတက်ဝိစာရကိုပဲ ‘၀စီသင်္ခါရ’ (formations of verbal actions) လို့ အဓိပ္ပါယ်သတ်မှတ်ပါတယ်။ စိတ်ကူးဟာ ဘာသာစကားရဲ့ အခြေခံပါ။ စကားဆိုတာဟာလည်း လေတိုက်သံ, လှိုင်းခတ်သံတွေလို အသံသက်သက်မဟုတ်ပဲ စိတ်ကူးကနေ အဓိပ္ပါယ် သတ်မှတ်ချက်တွေ ထည့်ပေးထားတဲ့ အသံတွေပါ။ ‘လူ, human’ စတဲ့ ဘာသာစကား ဝေါဟာရပညတ်တွေပေါ်မှာ ရေးကြီးခွင်ကျယ် မလုပ်ပဲ နေကောင်း နေနိုင်ပေမယ့်၊ အဲဒီဘာသာစကား နောက်က အဓိပ္ပါယ် သတ်မှတ်ချက်တွေ ထည့်ပေးထားတဲ့ အတ္ထပညတ်တွေပေါ်မှာတော့ ရေးကြီးခွင်ကျယ် မလုပ်ပဲ မနေနိုင် ကြတော့ ပါဘူး။ ဒီအတ္ထပညတ်တွေကြောင့်ပဲ ကြည်နူးရ, လွမ်းမောရ, ချစ်ရ, မုန်းရ, စစ်တွေဖြစ်ကြရ မဟုတ်လား။
“ပညတ်သွားရာ ဓာတ်သက်ပါတယ်”ဆိုတဲ့ စကားရှိပါတယ်။ ဒီစကားအဓိပ္ပါယ်က “ကံ့ကော်ပန်းကို ကံကော်ပန်းလို့ ပြောဝယ်ပြီး ဘုရားကပ်တာနဲ့ ကံကောင်းလာလိမ့်မယ်” ဆိုတဲ့ ဗေဒင်ဆရာနဲ့ ဘုရားဈေးပန်းသည်တွေရဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။ ဒီနေရာမှာ ‘ဓာတ်’ ဆိုတာက ဘာသာဗေဒ အသုံးအနှုံးပါ။ စကားလုံးဝေါဟာရတွေရဲ့ အနက်ဇစ်မြစ် (Root) ကိုပြောတာပါ။ စကားလုံး ဝေါဟာရ နာမပညတ်တွေရဲ့ နောက်မှာ အနက်အဓိပ္ပါယ် အတ္ထပညတ်တွေရဲ့ အငွေ့အသက်တွေ ပါနေတယ်လို့ ဆိုလိုတာ မျိုးပါ။
ဝေါဟာရအသုံးအနှုံးအရ သေတယ် ပြောပြော, အသက်ထွက်တယ် ပြောပြော “သေခြင်း” ဆိုတဲ့ အနက်အဓိပ္ပါယ်ကို သိကြပါတယ်။ ဘာအဓိပ္ပါယ်လည်းဆိုရင်တော့ လူတွေကိုယ်တိုင် သတ်မှတ်ပေးထားတဲ့ အဓိပ္ပါယ်လို့ပဲ ဆိုရမှာပါ။ အချို့လူများဆို သေစကားပြောသံကြားရရင် “ဟဲ့ နိမိတ်မရှိ မနာမရှိ” လို့ပြောတတ် ကြပါတယ်။ ဝေါဟာရပညတ်တွေကို “သေခြင်း” လို့ စိတ်ထဲ ကူးယူပြီး သိလိုက်ယုံတင် မကပါဘူး၊ သေခြင်းရဲ့ အဓိပ္ပါယ်တွေကို ခံစားယူလိုက်ကြပါတယ်။ သေခြင်းရဲ့ နောက်ကွယ်မှာ “ငါ မသေချင်သေးဘူး” ဆိုတဲ့ စိတ်ကူးတွေ ဆင့်ပွားပြီးယူပါတယ်။ ဒီနေရာမှာ “ငါ” ဆိုတာဟာလည်း လူတွေ အဓိပ္ပါယ်သတ်မှတ်ချက်တွေ ထည့်ပေးထားတဲ့ အတ္ထပညတ်နောက်တစ်မျိုး ပါပဲ။ (related post: သံဝေဂ)
“ငါ” ဆိုတဲ့ မာနကိုပယ်သတ်ထားတဲ့ ဘုရားရဟန္တာတွေမှာတော့ “ငါ သေရမယ်” ဆိုတဲ့ သေခြင်းမျိုး မရှိတော့ပါဘူး။ လူအများစု သိရှိနားလည်ခံစားတဲ့ “ငါ သေရမယ်” ဆိုတဲ့ အနက်အဓိပ္ပါယ်ပွားတွေရှိတဲ့ “သေခြင်း”ဆိုတဲ့ ဝေါဟာရဟာ အာသဝေါကင်းကွာပြီးတဲ့ ရဟန္တာများနဲ့ မသက်ဆိုင်တော့ပါဘူး။
“မွေးဖွားလာပြီး အိုခြင်းသေခြင်းကင်းတဲ့ သူတစ်စုံတစ်ဦး ရှိပါသလား”ဆိုတဲ့ မေးခွန်းကို ကောသလမင်းကြီးက မြတ်စွာဘုရားထံ မေးလျောက်ခဲ့ဖူးပါတယ်။
“မင်းကြီး… အိုခြင်းသေခြင်း (ဇရာမရဏ) ကင်းလွတ်သော မွေးဖွားသူဟူ၍ မရှိ။ ပစ္စည်းဥစ္စာ အလွန်ကြွယ်၀ ချမ်းသာသော မင်းမျိုးသည်လည်း မွေးဖွားလာပြီးနောက် အိုခြင်းသေခြင်းမှ ကင်းသည်မရှိ။ … ဘဝသံယောဇဉ် ကုန်ပြီးသော ရဟန္တာသော်မှလည်း ကိုယ်သည် ပျက်စီးခြင်းသဘောရှိ၏။ ပစ်ချခြင်းသဘောရှိ၏” လို့ မြတ်စွာဘုရားက ဖြေကြားခဲ့ပါတယ်။
ဝေါဟာရဆိုတာ ပညတ်တွေပါလို့ဆိုပေမဲ့ သေခြင်းကို လွန်မြောက်ပြီးတဲ့ ရဟန္တာအတွက်
‘မရဏ’ လို့မသုံးပဲ
“ကာယော ဘေဒနဓမ္မော နိက္ခေပနဓမ္မော - ကိုယ်သည် ပျက်စီးခြင်းသဘောရှိ၏၊ ပစ်ချခြင်းသဘောရှိ၏” လို့ သုံးစွဲသွားတာကို တွေ့ရပါတယ်။
ဧရာ (မန္တလေး)
စာညွှန်း။
၁။ သံ-၁-၁၁၄၊ ကောသလသံယုတ်- ပဌမဝဂ်- ဇရာမရဏသုတ်
၂။ မ-၁-၄၆၃၊ မူလပဏ္ဏာသပါဠိတော်-စူဠယမကဝဂ်-စူလဝေဒလ္လသုတ်
4 comments:
ကျေးဇူးတင်ပါတယ် ကိုဧရာ။ နားလည်ရ ခက်ခဲတဲ့ ဝေါဟာရတွေ၊ အဓိပ္ပါယ်တွေကို နားလည်လွယ်အောင် ရှင်းပြထားတာ သိပ်ကောင်းတာပဲ။
ဆေးပညာမှာလည်း ခုနောက်ပိုင်း ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးခြင်း (organ transplant) တွေ လုပ်လာတော့ အလှူရှင်တွေဆီက အစိတ်အပိုင်းတွေကို brain dead ဖြစ်သွားချိန်မှာ ထုတ်ယူကြတယ်။ စက်တွေကြောင့် ခန္ဓာကိုယ်ကြီး မရပ်သေးပေမယ့် ဘာမှ မသိ၊ မခံစားနိုင်တော့တဲ့ Intensive Care Unit ထဲက machine-dependent, permanently vegetative လူနာမျိုးမှာပေါ့။ ဒါကိုလည်း မရဏလို့ပဲ သတ်မှတ်လို့ ရမလား။
ခက်ခဲ နက်နဲ တဲ့.. အကြောင်းအရာ တွေပဲ ကိုဧရာ-
သေခြင်းမှာတောင် ပညတ် တွေ အဆင့်ဆင့် ကွဲပြားနေသေးလား။ Jhon the Baptist ရုပ်ရှင်ကို ပြောတာလား မသိ။ အဲဒါ နဲ့ ဆက်စပ်ပြီး တော့လဲ ကြိုးစားတွေးကြည့်သေးတယ်။း)
ဆံပင်တချောင်းတော့ ပိုဖြူသွားပြီ။း)
မှတ်သားဖတ်ရှုသွားပါတယ်ဆရာ… ဝေမျှပေးတာကျေးဇူးပါ…
John the Baptist ဇာတ်လမ်းကိုတော့ မကြည့် ဖူးသေးပါဘူး။ ဖတ်မိတယ်ဆိုတဲ့ စာက John 19:30 ပါ။ သိပ်တော့ ဆက်စပ်မှုမရှိပါဘူး။ အဆက်အစပ်မရှိ တွေးမိတွေးရာ, ပြောမိပြောရာ ပြောတတ်လွန်းလို့ မသီတာရဲ့ အဝေဖန် မကြာခဏ ခံရတတ်ပါတယ်။ ဒါပေမဲ့ ဒီလို out-of-context တွေးတတ်, ပြောတတ်တာကိုပဲ အလုပ်ထဲမှာတော့ out-of-box thinking ဆိုပြီး မဆီ, မဆိုင် အသုံးဝင် နေပါသေးတယ်။
မြတ်စွာဘုရားဟာ ဝေဠုဝရွာမှာ နောက်ဆုံး ၀ါကပ်ပြီးချိန်မျာ အသည်းအသန်ရောဂါရပါတယ်။ ရဟန်းသံဃာတို့ကို အသိမပေးရသေးပဲ ပရိနိဗ္ဗာန်ပြုဖို့ မသင့်သေးလို့၊ ဝေဒနာကို သည်းခံပြီး ဆယ်လလောက် အသက်ဆက်ရှင်နိုင်အောင် ဖလသမာပတ်အစွမ်းနဲ့ အားထုတ်ခဲ့ပါတယ်။ ဒီလို အသက်ဆက်ရှင်သန်အောင် အားထုတ်တာကို ‘အာယုသင်္ခါရ’ လို့ ခေါ်ပါတယ်။ machine တွေနဲ့ အသက်ဆက်ရှင်အောင် ထိန်းထားတာကိုလည်း ခေတ်သစ် အာယုသင်္ခါရတစ်မျိုးလို့ ခေါ်ကောင်း ခေါ်နိုင်မယ် ထင်ပါတယ်။
ဗုဒ္ဓဘာသာအရ အာယု (အသက်)+ ဥသ္မာ (ကိုယ်ငွေ့) + ၀ိညာဏ (အသိစိတ်) သုံးပါး ပေါင်းဆုံနေမှ functioning လုပ်တယ်လို့ ယူဆပါတယ်။ permenant vegetative state (PVS) မှာ အသိစိတ် Consciousness မဖြစ်တော့ဘူးဆိုရင် အသက် မရှင်တော့ဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ Consciousness ရှိမရှိကို သိပ္ပံနည်းအရ တိုင်းထွာလို့ ရမယ် မထင်ပါဘူး။ ဦးနှောက် အလုပ်လုပ်နေလို့ အသိစိတ်ဖြစ်တာလား၊ အသိစိတ်ရှိလို့ ဦးနှောက် အလုပ်နေတာလားဆိုတာက သိပ္ပံပညာမှာ အခုထိ အဖြေအတိအကျ မသိသေး ပြဿနာပါ။ Neural Correlates of Consciousness (NCC) နဲ့ ဆိုင် ပါလိမ့်မယ်။ Brain death နဲ့ PVS တူ,မတူဆိုတာကလည်း အငြင်းပွားစရာ နောက်ထပ် ပြဿနာ တစ်ခုပါပဲ။ ဒီအဖြေတွေကိုတော့ ဆေးပညာရှင်တွေက ပိုပြီး သိလိမ့်မယ်လို့ ထင်ပါတယ်။
Post a Comment