Tuesday, May 25, 2010

မရေးဖြစ်သော ပို့စ်များနှင့် မွေးနေ့ဆုတောင်း

ဒီလထဲမှာ ပို့စ်တပုဒ်မှ မရေးရသေးဘူး။
မရေးချင်လို့ မဟုတ်ပါပဲ မရေးဖြစ်ခဲ့တာ…

မသီတာအတွက် ဘဘော့ဂ်ပေါ်ကနေ သူငယ်ချင်းတွေကို စကားလှမ်းလှမ်းပြောရတာမို့ ပို့စ်မရေးတော့ စကားမပြောပဲ သွေးကြီးနေသလိုလို… မဟုတ်ရပါဘူး။ မသီတာမှာ တိုင်တည်စရာဆိုလို့ ဒီသူငယ်ချင်းတွေပဲ ရှိတာ… ယုန်ရုပ်လေး ရေးမပြတော့ဘူးနော် ယုံပါ။

အမေများနေ့တုန်းကလည်း မရေးလိုက်ရဘူး။
အမေ့ပုံ… မသီတာကို မမွေးခင် ၁၉၆၈ က ရိုက်ထားတဲ့ ပုံလေး (မသီတာရဲ့ အခု အသက်အရွယ်လောက်မှာ ရိုက်ထားတဲ့ပုံပေါ့) တင်ချင်မိခဲ့တယ်။ နောက်မှ အမေ့ပုံမြင်ပြီး သမီးကို အထင်ကြီးသွားမှာစိုးလို့ မတင်တော့ပါဘူး… သက်ပြင်းချ လက်လျော့လိုက်တယ်။ (ပို့စ်ရေးတယ်ဆိုတာ အဲ့လို ပိုပိုသာသာလေးတွေနဲ့မှ ဖတ်ကောင်းမှာပေါ့နော့)

မေလ ၁ရက်နေ့ (မေဒေးနေ့)က မကြီးတို့ရဲ့ နှစ်လေးဆယ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့…
အောင်ဇေယျတု သဗ္ဗမင်္ဂလာ ဘာညာကွိကွ မရေးဖြစ်လိုက်ပါဘူး။

မန္တလေးက အာဂန္တု ကိုယ်တော်တွေ ကြွလာလို့ အိမ်မှာ ဘုန်းကြီး ဆွမ်းကပ်ဖြစ်လိုက်သေးတယ်။ လင်မယားနှစ်ယောက် လှူရေး တန်းရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်လိုက်ကြပုံများ ပို့စ်အဖြစ် မှတ်တမ်းတင်ထားစရာပေါ့။ ဒါလည်း မရေးဖြစ်လိုက်ပြန်ဘူး။

မေလ ၂၁ ရက်နေ့က ကိုလေးရဲ့ ရွှေရတုမွေးနေ့ပါ။ အကိုသုံးယောက်အနက် အကြီးနှစ်ယောက်က မဟာယောက်ျားသားဝါဒကို ကိုင်ဆွဲပြီး ညီမတွေအပေါ် ဖိနှိပ်ချုပ်ချယ်ခဲ့မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးနောက် ညှာတာထောက်ထား သနားငဲ့ညှာမှုတွေနဲ့ တလျှောက်လုံး ဆက်ဆံခဲ့တဲ့ သူ့အကြောင်းတွေကလည်း ပို့စ်တခု ရေးလောက်ပါတယ်။ (ချစ်သော ဇနီး၊ သား၊ သမီး တို့နဲ့ အတူ အဖေနဲ့အမေကို ဆတက်ထမ်းပိုး တိုးပြီး ကျေးဇူးဆပ် စောင့်ရှောက်နိုင်ပါစေ။ )

ဒီနေ့ကတော့ သူငယ်ချင်း သိင်္ဂီရဲ့ မွေးနေ့…
သူ့ဘလော့ဂ်မှာ ကျေးဇူးတင်ထိုက်တဲ့သူတွေကို သူကျေးဇူးတင်ထားတယ်။
မသီတာအတွက်တော့ သိင်္ဂီက ကျေးဇူးတင်ထိုက်သူထဲမှာ ပါနေတယ်…။
“စင်္ကာပူမြို့ကြီးကိုတဲ့ ယောင်လည်လည်ရောက်လာခဲ့တယ်” ဆိုတဲ့ ပို့စ်ရဲ့ အဆက်အဖြစ် မျဉ်းကြားမကူးလို့ ရုတ်တရက်ဖမ်းကာ ဒဏ်ရိုက်ခံရတယ် ဆိုတဲ့ ပို့စ် ဆက်ရေးရင် မသီတာကို သိင်္ဂီ ဘယ်လို ကယ်တင်ခဲ့ရပုံတွေ ပါလာမှာပါ။ ဒါလည်း မရေးဖြစ်သေးပါ။ သူငယ်ချင်း သိင်္ဂီကတော့ မသီတာရဲ့ မွေးနေ့မှာ “ပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေ… သူငယ်ချင်း” လို့ ပို့စ်တစ်ခု ရေးပေးဖူးပါတယ်။ အဲ့ဒီ ပို့စ်ထဲမှာ သူရေးခဲ့သလိုပဲ … သူငယ်ချင်းရဲ့ မွေးနေ့အတွက် ပြန်လည် ဆုတောင်းပေးလိုက်ပါတယ်။

သူငယ်ချင်းရဲ့ မွေးနေ့မှသည်... ချစ်သော မိသားစုနဲ့ အတူ... အေးအတူ ပူအမျှ ပျော်ရွှင်စွာ နေထိုင်ရင်း... နောက်ဆုံး အန္တိမပန်းတိုင်ကို မိတ်ကောင်းဆွေကောင်းနဲ့ အတူ အဆုံးတိုင် လျှောက်လှမ်းနိုင်ပါစေလို့.... ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်....။

8 comments:

shwezinu said...

မသီတာရဲ့ သူငယ်ချင်းကောင်း မသိဂ္ဂီ လေး ရဲ့ မွေးနေ့ အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နော်
Happy Birthday ပါ

အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ

ခင်တဲ့
ရွှေစင်ဦး

မြတ်နိုး said...

ခွိ.. ဖေဖေနဲ့မေမေက ၁၉၆၈ နှစ်ကုန်ခါနီးလောက်မှ မင်္ဂလာဆောင်တုန်း..


အမကလဲ သိပ်အပျင်းမတက်ပါနဲ့အေ့..
ရေးပါအေ့..အမရေးရင်ပေါ့ပေါ့လေးနဲ့ ဖတ်လို့ကောင်းတယ်အေ့

အမသိင်္ဂအတွက်ပါ မွေးနေ့ဆုတောင်းသွားပါတယ်..ယနေ့မှစ၍
မွေးနေ့မှသည်.. စိတ်ချမ်းသာကိုယ်ကျန်းမာ၍ အေးချမ်းသာယာသောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ..။

သက်ဝေ said...

ယုံ ဆိုတော့လဲ ယုံရမှာပေါ့လေ...
ဘာတွေ အလုပ်များနေသလဲ သီတာရေ....
ပျောက်နေတာကြာလို့ သတိရနေတာပါ...

သိင်္ဂီ မွေးနေ့ မျက်နှာစာအုပ်မှာ သွားဆုတောင်းပေးပြီးပြီ.... ခဏနေရင် နောက်တခေါက်ထပ်သွားပြီး မုန့်ကျွေးခိုင်းရအုံးမယ်... စာတွေရေးပါအုံးသီတာ... ခပ်သွက်သွက် ခပ်မြူးမြူး လက်ရာလေးတွေကို လွမ်းနေတယ်...

tg.nwai said...

အဟဲ.. ဒီမှာလည်း မွေးနေ့ဆုတောင်းတွေ လာသိမ်းသွားပါတယ်..သူငယ်ချင်းသီတာရော.. မရွှေစင်၊ မြတ်နိုးနဲ့ သက်ဝေတို့ရော.. မုန့်ကျွေးပါ့မယ်...နောင်မှပဲ

မရေးဖြစ်သော ပို့စ်များက နှမြောစရာပါ သီတာရယ်... တို့များလည်း ပို့စ်ရေးရတာ ကြယ်ကြွေကောက်ရသလိုပဲ.. မကောက်မိတဲ့ ကြယ်တွေ အများကြီး...ဒါပေမယ့်..တတ်နိုင်ဘူးလေ..ဘ၀က ဒီလိုပဲ ဖြစ်လာပြီကိုး..ဟဲဟဲ..

sonata-cantata said...

မရွှေစင်ရေ
ခေါ်လိုက်ပုံလေးက မသိင်္ဂီလေးတဲ့
ဒီကကိုလည်း မသီတာလေးလို့ ခေါ်နော့
(ဘလော့ဂ်ပေါ်မှာ ကိုယ်ချွဲရမည့်သူက မရှိသလောက်မို့
တို့ လာလာချွဲရင် ရုပ်တည်ကြီးနဲ့ အချွဲခံနေရတာ...)

မြတ်နိုးရေ
ဟုတ်ပါတယ်ရှင့် အပျင်းတက်နေတာပါရှင့်

သက်ဝေရေ
စာနဲ့လူ ဘယ်လိုမှ ဟပ်မရတာကို ကြိုက်နေတယ်ပေါ့လေး)
ဒီလိုမြှောက်ပေးလို့ကတော့ ဘလော့ဂ်ကုန်ကျယ်သရွေ့ ရေးပစ်လိုက်ဦးမှာ...

Kay said...

စာမရေးဖြစ်တုန်း..မသီတာ ကောင်းမူ ကုသိုလ်တွေ ..လူမူရေး တွေ အများကြီးလုပ်နေတာ ဆိုတာ..သိတယ်လေ...။
သွေးမကြီးမှန်းသိပါတယ်။
မသိဂီ င်္လေးဆီလဲ ဆုတောင်းခဲ့တယ်။

သင်းနွယ်ဇင် said...

မရေးဖြစ်တဲ့ပိုစ်တွေကိုမျှော်နေအုံးမယ်နော်။ ကိုယ်သာမရးတတ်တာ။ သူမျာရေးတာလေးတွေကိုတော့ ဖတ်ချင်တာအလွန်ပါပဲ။း)

အင်ကြင်းသန့် said...

မွေးနေ့ရှင်ကို မသိပါဘူး....ဆုတောင်းလည်း နောက်ကျနေပါပြီ....ဒါပေမယ့် ဆုတောင်းပေးသွားပါသေးတယ် HAPPY BIRTHDAY ပါနော်....

ဂျင်ဂျင်း