မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်တွင် ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူ၍ သီတင်းကျွတ် လပြည့် ပဝါရဏာနေ့သို့ ရောက်သော် သိကြားမင်း ဖန်ဆင်းသည့် ရွှေ၊ ပတ္တမြား၊ ငွေတို့ဖြင့် ပြီးသော စောင်းတန်းသုံးသွယ် အနက် အလယ် ပတ္တမြား စောင်းတန်းဖြင့် နတ်ဗြဟ္မာတို့ ခြံရံကာ သင်္ကဿနဂိုရ်ပြည် တံခါးဝသို့ ဆင်းသက်ခဲ့ကြောင်းကို ဓမ္မပဒအဋ္ဌကထာ ဒေဝေါရောဟဏဝတ္ထုတွင် အကျယ်တဝင့် ရေးသား ဖော်ပြထားသည်။ မြတ်စွာဘုရားအား ဦးစွာပထမ အရှင်သာရိပုတ္တ၊ ထို့နောက် အရှင်မ ဥပ္ပလဝဏ္ဏထေရီ တို့က ခရီးဦး ကြိုဆိုကြပြီးနောက် အခြားပရိသတ်အပေါင်းတို့က ဖူးမြှော် ကြိုဆိုကြကြောင်း သုတ္တနိပါတ် အဋ္ဌကထာ (အဋ္ဌကဝဂ် သာရိပုတ္တသုတ်အဖွင့်) တွင် ဖော်ပြထား၏။
ဗုဒ္ဓဝင်အဋ္ဌကထာ စသည်တို့၌
(၁) ဘုရားပွင့်တော်မူရာ ဗောဓိပလ္လင်၊
(၂) ဓမ္မစကြာတရားဦး ဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တော၊
(၃) နတ်ပြည်မှ ဆင်းသက်စဉ် ခြေဦးချတော်မူရာ သင်္ကဿမြို့တံခါး၊
(၄) ဇေတဝန်ကျောင်း ဂန္ဓကုဋိရှိ ကုတင် ခြေထောက် လေးချောင်းချရာ၊ ဤလေးနေရာတို့သည် ဘုရားရှင်တိုင်း မစွန့်သော
အဝိဇဟိတဋ္ဌာန လေးနေရာ အဖြစ် အထူး ဖော်ပြထားသည်။ မဇ္ဈိမနိကာယ် ပါသရာသိသုတ်အဖွင့် အဋ္ဌကထာ၌ ဤနေရာလေးပါးအား
အစလစေတိယ ဋ္ဌာန (မရွှေ့ပြောင်းသော အထိမ်းအမှတ် နေရာ) လေးပါးဟု ဖော်ပြထားသည်။
အရေးပါသည့် ဗုဒ္ဓဝင်နေရာအဖြစ် သတ်မှတ်ကြသည့် အားလျှော်စွာ သင်္ကဿသို့ အသောကမင်းကြီး (204 BCE ဝန်းကျင်) ၊ တရုတ်ရဟန်းတော် ဖာရှန် (Faxian ဖာဟီယန်ဟု အသိများ 404 CE ဝန်းကျင်)၊ ရွှန်ကျန် (Xuanzang 636 CE ဝန်းကျင်) တို့ လာရောက် ဖူးမြော်ခဲ့ကြ ဖူးသည်။ နောင်တွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓသာသနာ တိမ်ကော သွားသောအခါ၊ သင်္ကဿသည်လည်း အခြား ဗုဒ္ဓဝင်နေရာများ နည်းတူ မေ့လျော့ ပျောက်ကွယ် နေခဲ့၏။ ၁၈၄၂-ခုနှစ်သို့ရောက်မှ ဗြိတိသျှလူမျိုး ကျောက်စာဝန် Alexander Cunningham က တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းများအား အမှီပြုကာ သင်္ကဿမြို့ဟောင်းနေရာအား ပြန်လည် ထုတ်ဖော်နိုင်ခဲ့သည်။
 |
Relief
showing the Descent of the Buddha, grey schist, 3rd century AD, Gandhara. ©
Victoria and Albert Museum, London |
သင်္ကဿမြို့တည်နေရာ
တရုတ် ရဟန်းတော် ဖာရှန်၏ မှတ်တမ်းအရ သင်္ကဿမြို့ (Seng-Kia-She) သည် မထုရာမြို့မှ အရှေ့ဖက် ၁၈-ယူဇနာ အကွာတွင်ရှိ၍၊ သင်္ကဿမှ အရှေ့တောင်ဖက် ၇-ယူဇနာတွင် ကဏ္ဏကုဇ္ဇမြို့ (ယနေ့ခေတ် Kannauj) ရှိသည်။ တရုတ် ရဟန်းတော် ရွှန်ကျန်က သင်္ကဿမြို့အမည်ကို ကပိထ (Kie-Pi-Tha) ဟု ဖော်ပြခဲ့သည်။ ဗုဒ္ဓစာပေများအရ သင်္ကဿမြို့သည် သာဝတ္ထိမှ ယူဇနာ-၃၀ ကွာဝေးပြီး (ဓမ္မပဒ အဋ္ဌကထာ ဒေဝရောဟဏဝတ္ထု)၊ သောရေယျမြို့ (ယနေ့ Soron) နှင့် ကဏ္ဏကုဇ္ဇမြို့အကြား ခရီးလမ်းပေါ်တွင် တည်ရှိသည် (ဝိနည်းပါရာဇိကဏ်-၂၃ ။ဝိနည်းစူဠဝါ-၄၅၁)။ Alexander Cunningham က သင်္ကဿမြို့သည် ယနေ့ခေတ် Farukkhabad မြို့၏ အနောက်ဖက် ၃၇-ကီလိုမီတာ အကွာရှိ သံကိသ-ဝသန္တပုရ (Sankisa-Basantpur) အမည်ရှိသော ရွာလေး (27.338°N 79.271°E) ဖြစ်ကြောင်း သတ်မှတ်ဖော်ထုတ်ခဲ့သည်။ ထိုရွာလေးသည် ကာလီမြစ်၏ နံဘေးတွင် တည်ရှိ၍ Agra မှ ၁၆၀ ကီလိုမီတာ၊ Kannuj မှ ၈၀-ကီလိုမီတာ၊ Lucknow မှ ၁၈၀-ကီလိုမီတာ ကွာဝေးသည်။
ထင်ရှားသည့် နေရာဌာနများ
တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ သင်္ကဿမြို့ရှိ ထင်ရှားခဲ့သော နေရာဌာနများမှာ -
(၁) စောင်းတန်း လှေကားရင်းတွင် တည်ထားသော စေတီ နှင့် အသောကမင်း ကျောက်စာတိုင်
(၂) ဘုရားလေးဆူတို့ သီတင်းသုံး နေထိုင် စင်္ကြံလျှောက်ရာ အရပ်တွင် တည်ထားသော စေတီ
(၃) မြတ်စွာဘုရား ရေသပ္ပါယ်ရာ နေရာ ရေချိုးအိမ်
(၄) သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ မြေပြင်သို့လိုက်ပါ ဆင်းသက်ခဲ့သော နေရာတွင် တည်ထားသော စေတီငယ် နှစ်ဆူ
(၅) နတ်ပြည်မှ ဆင်းသက်လာသော မြတ်စွာဘုရားအား အရှင်မ ဥပ္ပလဝဏ္ဏထေရီ ခရီးဦးကြိုပြုခဲ့သော နေရာ၌ တည်ထားသော စေတီ
(၆) မြတ်စွာဘုရား ဆံတော် ခြေသည်း လက်သည်းတော်တို့ကို ပယ်ဖြတ်သည့်နေရာ၌ တည်ထားသည့် စေတီ
(၇) နဂါးနတ်ကွန်းနှင့် နဂါးအိုင် တို့ဖြစ်သည်။
စောင်းတန်း လှေကားရင်းတွင် တည်ထားကိုးကွယ်သော အစလစေတီအား တရုတ်ရဟန်းတော်များက ဤသို့ မှတ်တမ်း တင်ခဲ့ကြသည်။
“… မြတ်စွာဘုရား မြေပြင်သို့ရောက်သည်နှင့် စောင်းတန်း သုံးသွယ်တို့သည် မြေသို့ ငုတ်လျှိုး၍ ကွယ်ရာ၊ လှေကား ခုနှစ်ထစ်သာ မြေပြင်တွင် ပေါ်လေသည်။ နောင်သော် အသောကမင်းသည် စောင်းတန်း၏ အခြေတည်ရာကို သိလိုသဖြင့် တူးဖော်စေရာ ရေအဝါ ထွက်သည့်တိုင် (ငရဲပြည်စပ်ကို ဆိုလို) ရောက်သော်လည်း စောင်းတန်း၏ အခြေကို မတွေ့ရပေ။ အသောကမင်းသည် အလွန်ပင် အံ့သြ ကြည်ညိုတော်မူသဖြင့် လှေကားခုနှစ်ထစ်ပေါ်တွင် ကျောင်းဆောက်လုပ်ကာ၊ အလယ်စောင်းတန်းထိပ်၌ ဉာဏ်တော် ၁၆-ပေရှိသော ရုပ်ပွားဆင်းတုတော်ကို တည်ထား ကိုးကွယ်၏။ ကျောင်းတော်၏ အနောက်ဖက်တွင်လည်း အတောင် ၃၀-ခန့်မြင့်၍ ထိပ်တွင် ခြင်္သေ့ရုပ်ပါရှိသော ကျောက်စာတိုင်ကို ထူထားလေသည်။ ကျောက်စာတိုင်၏ လေးမျက်နှာတွင် ဖန်သားသဖွယ် ကြည်လင်လှသော ရုပ်ပွားဆင်းတုတော် လေးဆူကို တည်ထား၏။” (Faxian – Records of Buddhistic Kingdom)
 |
Amaravati ရှိ ထုံးကျောက်ပြားတွင် ထွင်းထုထားသော အစလစေတီ ပုံစံတူ ©
British Museum |
“ထိုစောင်းတန်း လှေကား သုံးသွယ်သည် ရှေးရာစုနှစ်များစွာက မူလအတိုင်းရှိခဲ့သော်လည်း၊ ယခုအခါတွင် မြေသို့ ငုတ်လျိုးပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုအခါတွင် အနီးအပါးရှိ တိုင်းနိုင်ငံတို့မှ မင်းသားတို့သည် ဝမ်းနည်းတသဖြစ်ကြ၍ ထိုနေရာတွင် အုတ်ကျောက်တို့ဖြင့် ရတနာများစီချယ်ကာ အလားသဏ္ဍာန်တူ စောင်းတန်းသုံးသွယ်ကို ဆောက်လုပ်ခဲ့ကြသည်။ အမြင့်ပေ ၇၀-ရှိ၏။ စောင်းတန်းထိပ်တွင် ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ကာ၊ ဘေးတဖက်တချက်တွင် သိကြားမင်း၊ ဗြဟ္မာမင်းတို့ ခြံရံထားသည့်ဟန် ရုပ်ပွားဆင်းတုတော်အား ကျောက်ဖြင့် ထုလုပ်ကိုးကွယ် ခဲ့ကြသည်။”
“ကျောင်းတိုက်၏ အပြင်ဖက် အနီးအနားတွင် ပေ ၇၀-မြင့်သော ကျောက်တိုင်တစ်ခုကို အသောကမင်းက တည်ထားခဲ့သည်။ ကျောက်တိုင်မှာ ခရမ်းရောင်ရှိ၍ စိုစွတ်လျှင် အရောင်တောက်ပ၍နေသည်။ ကျောက်တိုင်၏ ထိပ်ဖျားတွင် စောင်းတန်းလှေကားဖက်သို့ မျက်နှာမူ၍ ထိုင်နေသော ခြင်္သေ့ရုပ် ထုလုပ်ထားသည်။ ကျောက်စာတိုင် ပတ်လည် လေးဖက်လေးတန်တွင် အလွန်အံ့ချီးဖွယ်ကောင်းသော ရုပ်ပုံများထုလုပ်ထား၍ ဖူးမြင်သူတို့၏ ကောင်းဆိုး စရိုက်အလိုက် ထိုရုပ်ပုံများ ပေါ်လေသည်။” (Xuanzang – Records of Western Countries)
ဒဏ္ဍရီဆန်ဆန် အသေးစိတ် အချက်အလက် အချို့ကွဲလွဲနေသော်လည်း ထိုဘုရားဖူးရဟန်းတော်များ ရောက်ခဲ့စဉ်က အစလစေတီနှင့် ခြင်္သေ့ရုပ်ပါသော အသောက ကျောက်စာတိုင်ရှိကြောင်း သိရသည်။
တရုတ်ရဟန်းတော် ဖာရှန် ရောက်ရှိခဲ့ချိန်တွင် ဘိက္ခု ဘိက္ခုနီသံဃာ တစ်ထောင်ခန့်ရှိကြောင်း အချို့မှာ မဟာယာနဖြစ်ပြီး၊ အချို့မှာ ဟိနယာနဖြစ်ကြောင်း ဖော်ပြထားသည်။ ရဟန်းတော် ရွှန်ကျန်၏ မှတ်တမ်းအရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း လေးကျောင်းရှိ၍ သံဃာအပါး တစ်ထောင်ခန့် ရှိ၍၊ ဟိနာယာန ဂိုဏ်းခွဲဖြစ်သော သမ္မိတိယဂိုဏ်းဝင် ရဟန်းတော်များ ဖြစ်ကြောင်း၊ နတ်ကွန်း ဆယ်ခုရှိပြီး မဟေသွရ (သီဝနတ်) ကို ကိုးကွယ်ပူဇော်သူများလည်း ရှိကြောင်း သိရသည်။
တရုတ် ရဟန်းတော် နှစ်ပါးလုံးက သင်္ကဿမှ နဂါးအိုင်နှင့် နတ်ကွန်း အကြောင်းကို ဖော်ပြထား၏။ ရဟန်းတော် ရွှန်ကျန်က အစလစေတီ၏ အရှေ့တောင်ဖက် အရပ်တွင် နဂါးအိုင် ရှိကြောင်းသာမာန်မျှ ဖော်ပြခဲ့၍ ရဟန်းတော် ဖာရှန်က ထိုနဂါးသည် မိုးလေဝသ မှန်ကန်၍ စိုက်ပျိုးရေး ကောင်းမွန်စေရန် စောင့်ရှောက် ပေးနေသောကြောင့် သာသနာ့ဒါယကာ နဂါးမင်းအဖြစ် ဖော်ပြထားသည်။ ထို့ကြောင့် ရဟန်းတော်တို့ကပင် နဂါးနတ်ကွန်းကို ဆောက်လုပ်ပေးထား၏။ မိုးလရာသီကုန်သော် ထိုနဂါးသည် မြွေအသွင်သို့ ပြောင်းသွားလေ့ရှိ၍ ရဟန်းတော်တို့က ကြေးဖလားတွင် ထည့်ကာ လှည့်လည် အပူဇော်ခံလေ့ရှိကြောင်း ဖော်ပြထားသည်။
ရှေးဟောင်းသုသန ရှာဖွေ တူးဖော်မှု
ဗြိတိသျှလူမျိုး ကျောက်စာဝန် Alexander Cunningham သည် သင်္ကဿမြို့ဟောင်း နေရာအား ၁၈၄၂-ခုနှစ်ကတည်း သတ်မှတ်နိုင်ခဲ့သော်လည်း၊ ၁၈၆၂-ခု နှစ်ကုန်ပိုင်း ရောက်မှ တူးဖော် လေ့လာနိုင်ခဲ့သည်။ သင်္ကဿမြို့ဟောင်းအဖြစ် အတည်ပြုခဲ့သော သံကိသရွာသည် အနီးဝန်းကျင်ရှိ လယ်ကွင်း မြေပြင်အထက် ၄၁-ပေခန့်မြင့်သော တောင်ကုန်းမြင့်လေးပေါ်တွင် တည်ရှိသည်။ ဒေသခံတို့က ထိုကုန်းမြင့်လေးအား Kilah (ခံတပ်) ဟုခေါ်သည်။ အရှေ့အနောက် အလျား ပေ-၁၅၀၀ ရှိ၍ အနံမှ ပေ-၁၀၀၀ ကျယ်သည်။ မြောက်ဖက်နှင့် အနောက်ဖက်တွင် ကုန်းသည် မတ်စောက်၍ အခြားဖက်တွင် ပြေ၏။
 |
(from Reports – Indian Archeological Survey, Alexander Cunningham) |
ဤ ခံတပ်ဟောင်း၏ အလယ်မှ တောင်ဖက်တည့်တည့် ပေ ၁၆၀၀ အကွာတွင် အုတ်ပုံတစ်ခုရှိ၍ ထိုအုတ်ပုံ၏ အထက်တွင် ဗာသရီ နတ်သမီး (Basari Devi) အတွက် ဆောက်လုပ်ထားသော ခေတ်သစ်လက်ရာ နတ်ကွန်းတစ်ခု ရှိသည်။ နတ်ကွန်းမှ မြောက်ဖက် ပေ ၄၀၀ တွင် ဆင်ရုပ် ထုထားသော ရှေးကျောက်စာတိုင်၏ ထိပ်ပိုင်းကို ရှာဖွေတွေ့ရှိရသည်။ ထို့အပြင် ကျောက်စာတိုင်၏ အရင်းကို ရှာဖွေ၍ မတွေ့ရသေးပေ။ တရုတ်ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ အသောက ကျောက်စာတိုင်၏ ထိပ်ပိုင်းသည် ခြင်္သေ့ရုပ် ဖြစ်ရမည် ဖြစ်သော်လည်း ယခုတွေ့ရှိရသော ကျောက်စာတိုင်ထိပ်မှာ ဆင်ရုပ် ဖြစ်နေ၏။ ကျောက်စာတိုင်ထိပ်မှ ဆင်ရုပ်တွင် နှာမောင်းနှင့် အမြီးတို့ မရှိတော့သဖြင့် အကယ်၍ အတောင် ၃၀-အမြင့်တွင် ရှိသော ဆင်ရုပ်အား အောက်မှ မော့ကြည့်လျှင် ခြင်္သေ့ရုပ်အဖြစ် အမှတ် မှားကောင်း မှားနိုင်သည်ဟုသာ Cunningham က မှတ်ချက်ပြုခဲ့သည်။ (မှတ်ချက်။ ဆရာ မောင်အံ့ (မဟာဝိဇ္ဇာဘုံဘေ) ၏ “မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ” စာအုပ်တွင် နွားရုပ်အဖြစ် မှားယွင်း ဖော်ပြထားသည်)။
  |
Capital of Asoka Pillar from Reports – Indian Archeological Survey, Alexander Cunningham |
ဗာသရီနတ်ကွန်း၏ တောင်ဖက် ပေ ၂၀၀ တွင် စေတီပျက် တခုရှိသည်။ နတ်ကွန်းမှ အရှေ့ဖက် ပေ ၆၀၀ အကွာတွင် အလျား ပေ-၆၀၀ အနံ ပေ-၅၀၀ ရှိ ကုန်းမြင့် တခုရှိသည်။ ဒေသခံတို့က Navi-ka-kot ခေါ်သည်။ ဘုန်းကြီးကျောင်းပျက် တစ်ခု ဖြစ်နိုင်လေသည်။ ထိုမှ အရှေ့မြောက်နှင့် အရှေ့တောင်ဖက်တို့တို့တွင် စေတီပျက် ဖြစ်ဟန်တူသော အဝန်းအဝိုင်းပုံ ကုန်းမို့များ ရှိသည်။ အပြင်မြို့ရိုးဟောင်းသည် ၃-မိုင်ခွဲခန့် ကျယ်၏။ မြို့ရိုးဟောင်းသည် အရှေ့ဖက်၊ အရှေ့တောင်နှင့် အရှေ့မြောက် သုံးနေရာတွင် ပွင့်ပေါက်နေ၍ ဒေသခံတို့က မြို့တံခါးဟု ဆိုကြသည်။ အရှေ့တောင်ဖက် အပေါက်တွင် တံခါးပေါက်ရွာဟု အဓိပ္ပါယ်ရသော Paori-Kheria အမည်ရှိသည့် ရွာတရွာ ရှိသည်။ ဟိန္ဒူဘာသာစကားဖြင့် Paur ဟု ရေးပါက တံခါးပေါက်ဟု အဓိပ္ပါယ် ရမည်ဖြစ်သော်လည်း Paor ဟု ရေးထားသဖြင့် “လှေကားထစ်” ဟုလည်း အဓိပ္ပါယ် ရနိုင်လေသည်။
ထို့ကြောင့် ယနေ့ ဆင်ရုပ် ကျောက်စာတိုင် တည်ရာနေရာသည် တရုတ်ရဟန်းတော်များ၏ မှတ်တမ်းတွင်ပါသော အသောက ကျောက်စာတိုင်၏ မူလနေရာဖြစ်ပါက ဗာသရီနတ်ကွန်းတည်ရာ ကုန်းမြင့်သည် အစလစေတီတည်ရာ ဖြစ်မည်ဖြစ်၍၊ ကျောက်စာတိုင် အကျိုး ထိပ်ပိုင်းအား အခြားတနေရာမှ ပြောင်းရွှေ့ထားခြင်း ဖြစ်ပါက Paori-Kheria ရွာနေရာသည် အစလစေတီတည်ရာ ဖြစ်ပေလိမ့်မည်။ အများစုမှာ ဗာသရီနတ်ကွန်းနေရာအား အစလစေတီတည်ရာ အဖြစ်လည်းကောင်း၊ Navi-ka-kot မှ အရှေ့ဖက် အုတ်ပုံကုန်းမြေ သုံးခုသည် အခြား စေတီသုံးဆူတို့၏ နေရာအဖြစ်လည်းကောင်း လက်ခံယုံကြည် ထားကြလေသည်။
ယနေ့ခေတ်တွင် အခိုင်အမာ သတ်မှတ်နိုင်သော နေရာမှာ နဂါးအိုင်သာ ဖြစ်၍ (တရုတ်ရဟန်းတော် ရွှန်ကျန် ဖော်ပြခဲ့သည့်အတိုင်း) ကျောင်းတော်ရာ အုတ်ပုံများ၏ အရှေ့တောင်ဖက် အရပ်၌ ရှိကြောင်း Cunningham ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒေသခံတို့က ထိုနဂါးအား ကာရေဝါနတ်နဂါး (Kārewar Nāg Devatā) ဟုခေါ်၍ နဂါးအိုင်အား Kāndaiya Tāl ဟုခေါ်သည်။ ယနေ့ထက်တိုင် နှစ်စဉ် ကဆုန်လပြည့်နေ့ (ဝိသာခနေ့) နှင့် မိုးခေါ်လိုသည့်အခါတိုင်း နဂါးနတ်ကွန်းတွင် နွားနို့ရည်များ သွန်းလောင်း၍ ပူဇော်ပသကြသည်။ ထို နဂါးပူဇော်ပွဲသည် ဟိန္ဒူဘာသာမှ နာဂပဉ္စမီ (Nāg Panchamī)နှင့် မသက်ဆိုင်ဘဲ၊ သင်္ကဿ ဒေသခံတို့၏ သီးခြား ယုံကြည်ကိုးကွယ်မှု ဖြစ်လေသည်။
သင်္ကဿနဂိုရ်နှင့် ဘာသာရေးပဋိပက္ခ
တခါက ဘာသာခြား တတ္ထိယဂိုဏ်းဆရာတို့နှင့် ရဟန်းတော်တို့ နေရာပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုဖြစ်ရာ၊ ရဟန်းတော်တို့သည် အမှုရှုံး၏။ ထိုအခါတွင် ရဟန်းတော်က “ဤနေရာသည် ဗုဒ္ဓဘာသာ ရဟန်းတော်တို့၏ နေရာအမှန်ဖြစ်ပါက အံ့ဖွယ်ရာ တန်ခိုး ပြပါစေသား” ဟု သစ္စာဆိုကြသော်၊ ကျောက်စာတိုင်ထိပ်မှ ခြင်္သေ့ရုပ်သည် ကျယ်လောင်စွာ ဟိန်းဟောက် သက်သေထူသဖြင့် တတ္ထိဂိုဏ်းဆရာတို့ ကြောက်လန့်ကာ ထွက်ပြေးကြဖူး၏။” (Faxian – Records of Buddhistic Kingdoms)
သင်္ကဿတွင် နေရာပိုင်ဆိုင်မှုနှင့် စပ်လျှင်း၍ ဘာသာရေး ပဋိပက္ခ ဖြစ်လေ့ရှိခဲ့ကြောင်းကို တရုတ် ရဟန်းတော် ဖာရှန်က ဒဏ္ဍာရီဆန်ဆန် မှတ်တမ်း တင်ထား၏။ ယနေ့တိုင်လည်း ဗုဒ္ဓသာသနိက မြေများပေါ်တွင် နတ်ကွန်းများ တည်ရှိနေသဖြင့် မကြာခဏ ဘာသာရေးပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်။ နှစ်စဉ် ပဝါရဏာနေ့တိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့က ဓမ္မယတြာ ခေါ် စီတန်းလှည့်လည် ပူဇော်ပွဲကျင်းပလေ့ရှိရာ ၂၀၀၁ - ခုနှစ်က အဓိကရုဏ်းဖြစ် ပွားခဲ့သည်။ ထိုမှစတင်၍ ပဝါရဏာနေ့ စီတန်းလှည့်လည်ပွဲကို ကျင်းပခွင့် မပြုတော့ကြောင်း သိရသည်။